ရွှေမန်းသဘင်မျိုးဆက်ဖြစ်တဲ့ အနော်မာသုခုမရဲ့ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း က လူငယ်ထု အကြား မြန်မာ့ရိုးရာဇာတ်သဘင်ကို စိတ်ဝင်စားမှုပိုမိုကျယ်ပြန့်လာစေဖို့ရည်ရွယ်ပြီး မိုးရာသီအပတ်စဉ် အထူးဖျော်ဖြေပွဲကို ပြုလုပ်သွားတော့မှာပါ။
မိုးရာသီအပတ်စဉ် အထူးဖျော်ဖြေပွဲကို ဇူလိုင်၂၄ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာ၊ စနေ နေ့တိုင်း တပတ်ကို နှစ်ရက် ညနေ ၆ နာရီကနေ ည ၉နာရီအထိ ရန်ကုန်မြို့ ကရ၀ိတ်နန်းတော် မြက်ခင်းပြင် မှာ ဇာတ်ရုံတည်ဆောက်ပြီး ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဖျော်ဖြေတင်ဆက်မှုပြုလုပ်မယ့် ဇာတ်ရုံကိုလည်း တည်ဆောက်တဲ့အခါမှာ မြန်မာ့ရိုးရာ ဇာတ်သဘင်ပွဲကို ကြည့်ရှုရမယ့် အရသာပုံစံအတိုင်း ၀ါး၊ ဓနိ၊ များနဲ့ ရှေးမြန်မာ့ဇာတ်သဘင် ဇာတ်ရုံအတိုင်း လေ၀င်လေထွက် ကောင်းအောင် ဆောက်လုပ်သွားမှာ ဖြစ်ပြီး ဒီလိုဇာတ်ရုံမျိုးဟာ မြန်မာဇာတ်သဘင်လောကမှာ ပျောက်ကွယ် တော့မယ့် ဇာတ်ရုံလည်းဖြစ်တယ်လို့လည်း သိရပါတယ်။
![]() |
တင်မောင်ဆန်းမင်းဝင်း (ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy) |
ဖျော်ဖြေတင်ဆက်မှုပေးမယ့် ဇာတ်မင်းသားတင်မောင်ဆန်းမင်းဝင်းက “ကျနော်တို့နိုင်ငံကို တခြားနိုင်ငံက အထင်ကြီး လေးစားတဲ့သူတွေလာတဲ့အခါမှာ၊ နိုင်ငံခြားသားတွေလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံရဲ့ဂုဏ်ဆောင်မယ့် ဇာတ်ပွဲ ကို ကြည့်မယ်ဆိုရင် ကျနော်တို့နောက်ကို လိုက်ပြီးကြည့်မယ်ဆိုရင် ရွံ့ပေပါလိမ့်မယ်။ အဲလိုရည်ရွယ်ချက်လဲ ရှိသလို ကျနော်တို့နိုင်ငံက ဇာတ်ပွဲကို ကြည့်တဲ့သူတွေအနေနဲ့ ပွဲကို live ကြည့်ရတာနဲ့ TV က ထိုင်ကြည့်ရတဲ့ အရသာကလည်း မတူပါဘူး။ ကျနော်တို့ နောက်ကို လိုက်ကြည့်ဖို့ဆိုတာကလည်း သူတို့အတွက် အဆင်မပြေပါဘူး" လို့ ပြောပြပါတယ်။
ဒါ့အပြင် ကရ၀ိတ်ဥယျာဉ်မှာ ကဖြစ်ပုံနဲ့ ပတ်သတ်လို့လည်း “ကျနော်တို့ဆီမှာ စတိတ်ရှိုးဆိုဖို့ နေရာရှိပါတယ်။ ရုပ်ရှင်ရိုက်ဖို့ နေရာရှိပါတယ်။ သဘင်ကဖို့ နေရာသီးသန့်မရှိပါဘူး။ အမျိုးသားကဇာတ်ရုံတော့ ရှိပါတယ်။ ဒါပေမယ့် အဲ့မှာပဲ ဇာတ်တွေအကုန်ကနေရရင် တယောက်နဲ့တယောက်က ရက်တွေ၊အချိန်တွေလုနေရမှာလေ။ ဒါကြောင့် ကိုယ်ကမယ့်သောကြာ၊စနေလည်းရဖို့ ကျနော်အင်အားနဲ့ အတတ်နိုင်ဆုံးနေရာလုပ်ထားပါတယ် ၊ အခုဆို IC Show ကလည်း မိနစ်၉၀စာ Live ဖျော်ဖြေတင်ဆက်မှုတွေလုပ်နေပါတယ်၊ ကျနော်တို့ကလည်း ၃နာရီ စာ ဇာတ်သဘင် Live ရောက်ရှိလို့လာပါပြီ၊ ၊ အဲဒီအခါ မိနစ် ၉၀ စာ ခံစားသလိုပဲ ကျနော်တို့ သုံးနာရီစာလေးကိုလည်း သဘင်တွေ အားမငယ်အောင် ခံစားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ပြောပြပါတယ်။
အချိန်ကာလအားဖြင့် မိုးတွင်းကာလသုံးလသတ်မှတ်ထားပြီး အပတ်စဉ် သောကြာ၊စနေ နေ့တွေတိုင်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကာ ၀င်ကြေးအနေနဲ့ တယောက်ကို ၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်းသိရပါတယ်။
ယုမွန်ကျော်
0 comments :
Post a Comment