မြို့ပြမှာ တွင်ကျယ်လာတဲ့ Gym ခန်းမများ

Thursday, July 16, 2015




ဒီနေ့ခေတ်လို အိုင်တီခေတ်၊နည်းပညာခေတ်မှာ လူတွေက ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Tablet စတဲ့ Electronic Device တွေ အသုံးပြုပြီး အလုပ်လုပ်လာကြလို့ အရင်ကထက်စာရင် ပိုပြီး အထိုင်များလာကြပါတယ်။ ဒါ့အပြင် နေ့စဉ် ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်လည်း ရုံးသွား၊ ကျောင်းသွား လမ်းခရီးမှာ အကြာကြီး ကားစီးရပြီး အထိုင်များ ရပြန်ပါတယ်။

အထိုင်များခြင်းကြောင့် အဝလွန်တာ၊ ဗိုက်ပူလာတာ စတဲ့ ခန္ဓာကိုယ်ရဲ့အလှအပ ယိုယွင်းလာနိုင်သလို   ကျန်းမာရေးကိုပါ ရေရှည်မှာ ထိခိုက်လာစေနိုင်ပါတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ အလှအပ၊ Body Weight ကို ပုံမှန်ထိန်းသိမ်းဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ Gym ဆော့တဲ့ အလေ့အထကမြို့ပြမှာ အလုပ်လုပ်၊ ကျောင်းတက်နေတဲ့ လူငယ်လူရွယ်တွေကြားမှာ Trend တခု ဖြစ်လာ ပါတယ်။

မြို့ပြမှာ အလုပ်လုပ်၊ ကျောင်းတက်ရတဲ့သူ အများစုက နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးဖို့ အချိန်မရကြပါဘူး။ ဘဝအတွက် ပညာရှာတဲ့သူ၊ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့သူ အများစုက ကျန်းမာရေးလိုက်စားမှုနဲ့ ခန္ဓာကိုယ် အလှအပ ဂရုစိုက် ထိန်းသိမ်းမှုတွေကို အချိန်ပေးပြီး မလုပ်ဖြစ်ကြတဲ့သူက များပါ တယ်။

ရုပ်ရည်ချောမောပြေပြစ်မှုကို အရေးပေး ဂရုတစိုက် ပြုလုပ်လာကြတဲ့ ဒီနေ့ခေတ်မှာခေတ်ရေစီးကြောင်းအရ မျက်နှာ အလှအပသာမက ခန္ဓာကိုယ် ကျန်းမာရေးနဲ့ တောင့်တင်းကြံ့ခိုင်မှုကလည်း အရေးပါလာပြန်ပါတယ်။

ဒီနေ့ခေတ် လူငယ်တွေအတွက် Gym ဆော့ခြင်း အလေ့အထက မစိမ်းပါဘူး။ လူငယ်တိုင်းနီးပါး ဝတဲ့သူပဲဖြစ်ဖြစ်၊ ပိန်တဲ့သူပဲဖြစ်ဖြစ် ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းသန်းစွမ်း လှပတဲ့ Body Structure ရရှိအောင် Gym ကစားတဲ့ အလေ့အထကို ပြုလုပ်လာကြသလို ခန္ဓာကိုယ်လှပြီးသားအမျိုးသား၊ အမျိုးသမီးများကလည်း ရှိရင်းစွဲ ခန္ဓာကိုယ်အလှကို အစဉ်အမြဲ ထိန်းသိမ်းပေးတဲ့အနေနဲ့ Gym ကစားခြင်းကို ပြုလုပ်   ကြပါတယ်။

Gym ကစားခြင်း ပုံမှန် တပတ်ကိုအနည်းဆုံး ၃၊ ၄ ရက် အချိန်ပေးပြီး ဆော့သင့်ပါတယ်။ အစပိုင်းမှာ Gym စပြီး ကစားမယ်ဆိုရင် ကစားတဲ့သူက ကိုယ့်ခန္ဓာကိုယ် အလေးချိန် အချိုးအစားပေါ် မူတည်ပြီး သင်ကြားပြသပေးမယ့် Gym Trainer ရဲ့ ကစားနည်း ရက်တွက်ချက်ပေးတဲ့အတိုင်း သေချာ လိုက်ကစားပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်က ဝနေလို့ ဝိတ်လျှော့ချင်တဲ့မမတွေအနေနဲ့ Gym ကစားရုံသာမက အစား အသောက်ကိုပါ ဆင်ခြင် ပေးရပါတယ်။ ဝိတ်တက်စေတဲ့အဆီအဆိမ့်၊ အချိုတွေထက် အသီးအနှံကို များများစားပေးရပါမယ်။ ခန္ဓာကိုယ် ထွားချင်လို့ Gym ကစားတဲ့ ကိုကိုတွေကတော့ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်ထက်ပိုပြီးများများစားပေးဖို့ လိုအပ်ပါတယ်။

အခုဆိုရင် Body Beauty ကို လူတော်တော်များများက အရင်ကထက်စာရင် ပိုပြီး ဂရုစိုက်လာကြလို့ Gym ကစားနိုင်တဲ့ Fitness Center တွေ၊ Gym အားကစားခန်းမတွေ နေရာတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် ဖွင့်လှစ်လာတာတွေ့ရပါတယ်။

အဆင့်မြင့်မြင့် ဈေးကြီးကြီးနဲ့ member ပေးဝင်ရတဲ့ Gym ခန်းမတွေဆိုရင် Gym ဆော့တာအပြင် ရေကူး၊ ယောဂ၊ အေရိုးဗစ်နဲ့ Jacuzzi စိမ်ခန်း၊ ချွေးထုတ်ခန်း စတဲ့ ဝန်ဆောင်မှုတွေပါ ရရှိနိုင်တာကို တွေ့ရပါတယ်။ အဲဒီလိုဝန်ဆောင်မှုတွေ ရနိုင်တဲ့ Gym အားကစားခန်းမ Fitness Center တွေ အများစုက ဟိုတယ်တွေ၊ အိမ်ယာတွေနဲ့ အဆင့်မြင့်ကွန်ဒိုတွေမှာဖွင့်လှစ်ထားပြီး ဈေးနှုန်းက Member ဝင်ကြေး တလကို ၈သောင်း၊ တသိန်းကနေ နှစ်သိန်းလောက်အထိ အစားစားရှိပါတယ်။

ဝန်ဆောင်မှုတွေ မပါဝင်ဘဲ သာမန် Gym Trainer နဲ့ပဲ Gym ကစားဖို့ သတ်သတ်ပဲ ဆိုရင်တော့ ဈေးနှုန်း ကျပ် တသောင်းခွဲကနေ၊ နှစ်သောင်း၊နှစ်သောင်းခွဲ၊ သုံးသောင်း၊ သုံးသောင်းခွဲ အားကစားခန်းမ ပေါ်မူတည် ပြီး အစားစားရှိပါတယ်တဲ့။

ကဲ ဒါဆိုရင်တော့ ခန္ဓာကိုယ်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့ ကိုယ့်ရဲ့ တနေ့တာ လုပ်ငန်း ခွင်မှာအချိန်အကြာကြီး ထိုင်ထားသမျှကို တနေ့ တနာရီလောက် အချိန်ပေးပြီး Gym သွားကစားလို့ကျန်းမာရေး လိုက်စားကြပါစို့။

ပုံမှာပြထားတဲ့ Gym ကစားခန်းမပုံကိုတော့ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊ မလိခ အိမ်ရာ ဝင်းအတွင်းမှာတည်ရှိတဲ့ “FX Fitness Xpress”မှာသွားရောက်ရိုက်ယူထားတာ ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved