ပြည်မြို့မှာ ကားမှန်ခွဲသူတွေ သောင်းကျန်းနေပြီး ကားခိုးပြေးသူတဦးကိုလည်း လက်ရဖမ်းမိ

Thursday, July 16, 2015


ပြီးခဲ့တဲ့ ဇွန်လကစပြီး ပြည်မြို့ပေါ်ရှိ အိမ်စီးကားတွေနဲ့ စတိုးဆိုင်၊ မင်္ဂလာခန်းမတွေနဲ့ လူနေအိမ်တွေက    မှန်တွေ အခွဲခံရမှုတွေအဖြစ် များလာပါတယ်။ အနည်းဆုံး ၂ လ အတွင်း ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

တနေ့ကညပိုင်းမှာလည်း ပြည်မြို့စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ရပ်ထားတဲ့ လိုက်ထရပ်အမျိုးအစား ကားတစီးရဲ့ ရှေ့မှန်ကိုလဲ အနီးက အုတ်ခဲ့ကျိုးတွေနဲ့ ထုခွဲခဲ့ပါတယ်။ ကားပိုင်ရှင်ကတော့ ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းက အထွေထွေအတွင်းရေးမှူး ကိုညီညီအောင်ရဲ့ကားဖြစ်ပြီး၊ ပြည်မြို့ပေါ်မှာ ဒီလိုဖြစ်တာတွေနဲ့ပတ်သက်ပြီး သူက အခုလိုပြောပါတယ်။

“ညဘက်ဆို လူငယ်တွေ သောင်းကျန်းတယ်၊ စားသောက်ဆိုင်တွေက ပြန်လာ သောက်စားမူးရူးပြီး ဆိုင်ကယ်တွေကို လီဗားတွေဖြဲ၊ အော်ကြီးဟစ်ကျယ် သီချင်းတွေ အော်ဆိုနဲ့ လူငယ်တွေကို ကျနော်လေ့လာကြည့်နေတာ တနေ့တခြား သူတို့ရဲ့ စရိုက်တွေက ပိုကြမ်းကြမ်းလာတယ်။ ပုဂ္ဂိုလ်ရေးအညှိုးထားလို့ မုန်းလို့လုပ်တာဆိုရင် ကျနော်လက်ခံသေးတယ်။ အခု ပြည်မှာဖြစ်နေတာ ဘယ်သူမှ အကျိုးမရှိတာကို လုပ်နေကြတာ။ ပစ္စည်းကို မနှမျောဘူး လူငယ်တွေရဲ့ စာရိတ္တတွေကို ကျနော် နှမြောတယ်။ ဒါဟာအဓိက ကျနော်တို့နိုင်ငံရဲ့ ပညာရေးမကောင်းလို့ပဲ အားလုံးဝိုင်းပြင်မှရမှာ ပြင်မှဖြစ်တော့မှာ။” လို့ ကိုညီညီအောင်က ဧရာဝတီကို ပြောပါတယ်။


အဲဒီလို ပြဿနာတွေဖြစ်နေတဲ့ တချိန်ထဲမှာပဲ စည်တော်မင်္ဂလာရပ်ကွက်က သုံးဘီးဆိုင်ကယ် ရှေ့လေကာမှန် အခွဲခံရသလို မြကန်သာရပ်ကွက်က အိမ်ရှေ့မှာရပ်ထားတဲ့ Hundai Starex ကားတစီးကိုလဲ အသက် ၂၇ အရွယ် ကိုထွန်းလင်းအောင် ဆိုသူက ခိုးပြီးမောင်းပြေးလို့ မြကန်သာရပ်ကွက်သားတွေ ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ရပါတယ်။



ကားပိုင်ရှင် ကိုဇော်မင်းက “ ကျနော်ကား အိမ်ရှေ့မှာ ရပ်ထားတာ၊ သော့တန်းလန်းနဲ့ ည ၃ နာရီလောက် မောင်းပြေးလို့ နောက်ကနေ ဆိုင်ကယ်နဲ့လိုက် ရပ်ကွက်ထဲအကူအညီတောင်းပြီး ဝိုင်းဖမ်းခဲ့ရတယ်။ ကားကတော့ မြင်တဲ့အတိုင်းပဲ အုတ်တတိုင်းတွေဝင်တိုက် တိုင်တွေဝင်တိုက်နဲ့ တော်တော်ပြင်ယူရတော့မယ်။ ”လို့ပြောပါတယ်။


ကားခိုးပြေးတဲ့ လူငယ်ကို ရဲစခန်းက စစ်ဆေးမေးမြန်းကြည့်တော့ အရက်ကြောင်ကြောင်နေသူဖြစ်ပြီး ပြည်မြို့နယ် မြောက်နဝင်း ရွာသစ်ကြီး ကျေးရွာမှာ နေထိုင်သူဖြစ်ကြောင်းနဲ့ အခုလို ကားခိုးယူလှုပ်ရှားမှုမှာ တကိုယ်တော် လှုပ်ရှားခဲ့ခြင်းဖြစ်တယ်လို့ အမှတ် ၂ ရဲစခန်း စခန်းမှူး ဦးမျိုးမြင့်က ဧရာဝတီကိုပြောပါတယ်။

“မေးမြန်းကြည့်တော့ အရက်ကြောင်ကြောင်နေတာ ဘာလို့ ကားခိုးသလဲမေးတော့ အိမ်ပြန်မလို့ ခြေလျင်ပြန်ရင် ဝေးလို့တဲ့ ကားနဲ့ ပြန်မလို့ ကားယူသွားတာတဲ့၊ တွေ့ကရာလျှောက်ပြောနေတယ်၊ အမူးပြေပုံ မပေါ်သေးဘူး။ ကားပိုင်ရှင်ကလည်း ကားကို အိမ်ရှေ့လမ်းမှာလည်းရပ်တယ်၊ ကားသော့ကလည်း တန်းလန်းနဲ့ဆိုတော့ သူ့ဘက်ကလည်းလိုတာပေါ့။ အဲဒီကလေးကို ကားခိုးမှု ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားတယ်။” လို့ စခန်းမှူးကပြောပါတယ်။




ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved