"မြစ်အိုကြီး" ဓီရာမိုရ်

Thursday, August 20, 2015


ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy

ဂီတပညာရှင် ဓီရာမိုရ်ရဲ့ “မြစ်အိုကြီး”လို့ အမည်ပေးထားတဲ့ တေးစီးရီးခွေနဲ့ “ရိုးရာအလှ”လို့နာမည်ပေးထားတဲ့ မြန်မာဂီတကို ကမ္ဘာကိုချပြမယ့် 1st project 100 myanmar Traditinal and Classical Songs  တေးစီးရီးများကို စီစဉ်နေပြီဖြစ်ကြောင်း အသိပေးတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ ဓီရာမိုရ်ရဲ့ “မြစ်အို     ကြီး”လို့ နာမည်ပေးထားတဲ့ တေးစီးရီးဟာဆိုရင် လေးခွေမြောက် ဖန်တီးထားတဲ့ တေးစီးရီးဖြစ်ပြီး     ဒီတေးစီးရီးမှာ Pop ၊Rock ၊ Orchestra ၊Choir ၊ Tradition Music များ ပေါင်းစပ်ထားတဲ့ ဂီတပုံစံများကို တွေ့ရမှာ    ဖြစ်ပြီး တေးရေးဆရာများအနေနဲ့ အကိုဖြစ်သူ အကြည်တော်၊ အရိုး၊ ဂျပန်လူမျိုး Takeharu Ishizuka ၊ နေထွန်း၊ တီလုံးနဲ့ ဓိရာမိုရ် ကိုယ်တိုင်ရေးစပ်ထားပါတယ်။

စီးရီးခွေ “မြစ်အိုကြီး”နဲ့ ပတ်သက်လို့ ဓီရာမိုရ်က “မြစ်အိုကြီးဆိုတဲ့ သီချင်းက ကျနော်ပထမအခွေမှာထဲက ပါတဲ့သီချင်းပေါ့၊ စာသားက သူငယ်ချင်းနေထွန်းကရေးထားတယ်။ သံစဉ်က ကျနော်ပေါ့။ သူ့အဓိပ္ပာယ်က လူတယောက်က မွေးဖွားလာကတည်းက သူ့မှာ ဗီဇသွေးဆိုတာ ပါလာတယ်။ နှစ်ပေါင်းများစွာ သူ့ရဲ့သွေးက ကိုယ်ထဲမှာ ရှိနေတာ။ အခုမှ စပြီးဖြစ်လာတာ မဟုတ်ဘူးပေါ့။ အဲဒါကို ရည်ရွယ်ပြီး ကျနော်က မြစ်အို    ကြီးလို့ ပေးထားတယ်။ ဒီလိုပဲ လူ့အသိုင်းအ၀ိုင်းတခုမှာ အချိန်ကာလတွေ ဘယ်လိုပဲကျော်လွန်ဖြတ်သန်းရပေမယ့် အမြဲသစ်လွင်ကောင်းမွန်နေအောင် ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အရာတွေရှိတယ်။ အဲဒါတွေက အခု ကျနော်တေးစီးရီးထဲမှာပါလာတဲ့ အကြောင်းအရာတွေ ဖြစ်လာတယ်ပေါ့၊ အခုအခွေမှာလည်း   ကျနော်က ပြင်းပြင်းပျပျ ပြချင်တာ ကျနော်ဘယ်သူလဲဆိုတာပြချင်လို့ အဲလိုဂီတတွေ ထည့်ထားတယ်။    ဒါကြောင့် ဒီအခွေက ကျနော်ရဲ့ Identity Album လည်းဖြစ်တယ်၊ ကျနော်သီချင်းတွေ နားထောင်ရင်   ကျနော်က ဘယ်လိုရှင်သန်နေတာလဲ ဘယ်လို သွားနေတာလဲ ဘယ်လိုလူလဲဆိုတာ ပေါ်လွင်တဲ့တေးစီးရီးပါ” လို့ ပြောပြခဲ့ပါတယ်။

ဒီ “မြစ်အိုကြီး” စီးရီးကိုတော့ စက်တင်ဘာ ၁ ရက်နေ့မှာ အွန်လိုင်းမှ အရင် စတင်ဖြန့်ချိမှာဖြစ်ပြီး ဒီဇင်ဘာလကျမှ Audio CD ထွက်ရှိမှာဖြစ်ပါတယ်။ ဒီအခွေမှာ ဂျပန်လူမျိုး Audio Enginer Takeharu Ishizuka ကလည်း ပါဝင်ကူညီပေးထားကြောင်းသိရပါတယ်။

အဆိုတော် ဓီရာမိုရ်

ဒါ့အပြင် “ရိုးရာအလှ”လို့ အမည်ပေးထားတဲ့ Beauty of tradition 1st project 100 myanmar Traditional and Classical Songs တေးစီးရီးတွင် မဟာဂီတများ၊ ဒုံမင်း၊ ပတ်ဝိုင်း၊ နှဲ၊ ပလွေ၊ အိုးစည် ဒိုး ပတ်၊ ရိုးရာနတ်သီချင်းများ၊ ဆိုင်းဝိုင်း၊ ဓမ္မပူဇာတေးများ၊ မြန်မာ့စောင်း၊ မြန်မာပတ္တလား တို့ပါဝင်ပါတယ်။  ဒီတေးစီးရီးခွေဟာ ဂျပန်မှာ ဖြန့်ချိထားပြီး ရောင်းအားကောင်းတဲ့ အခွေလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီအခွေနဲ့ပတ်သက်လို့ ဓိရာမိုရ်က “ကျနော်တို့ ဂျပန်မှာ ဒီအခွေကို ဖြန့်ပြီးပါပြီ၊ ဂျပန်မှာ မြန်မာ့ဂီတဟာ အ ဆင့် ၈ ချိတ်တယ်လို့ Mr. Takeharu Ishizuka ကပြောပါတယ်။ မြန်မာ့ဂီတကို ဂျပန်လူမျိုးတွေ အရမ်းကိုစိတ်ဝင်စားတယ်လို့ ပြောပါတယ်။ အခွေတွေလည်း အရမ်းရောင်းရတယ်လို့ ပြောပါတယ်”လို့ ရိုးရာအလှ အခွေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဒီ တေးစီးရီးကိုတော့ ပြည်တွင်းပြည်ပမှ လေ့လာသူ၊ ခံစားသူ၊ သင်ယူသူ၊ ထိန်းသိမ်းသူ၊ မျှဝေသူ အားလုံးအတွက် အကောင်းဆုံး Collection ဖြစ်စေရန် ရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်။ ဂျပန်မှာဖြန့်ချိထားပြီး ကမ္ဘာကိုလည်း ဆက်လက်ဖြန့်ချိသွားဦးမယ်လို့ သိရပါတယ်။ ဒီအခွေကိုလည်း စက်တင်ဘာလအတွင်းမှာ Online (www.myanmarmusicstore.com) မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved