GMC Acadiaဆိုတာ Ford Explorer ကိုအိပ်မက်ဆိုးမက်စေနိုင်မှာလား

Thursday, August 20, 2015


www.edmunds.com

လက်ရှိမှာတော့ ကျွန်တော်တို့ ပြည်တွင်းမှာ အမေရိကန်အခြေစိုက် Ford ရဲ့ မော်ဒယ် Explorer က ၀ယ်ယူလို့ ရနိုင်နေတဲ့အနေအထား ဖြစ်ပေမယ့် အခုသူနဲ့ ပြိုင်ဖက်လို့ ထားပြောမယ့် Acadia ကတော့ မရသေးပါဘူး။ GMC မော်ဒယ်အနေနဲ့ ဆိုရင်တော့ ပြည်တွင်းမှာ Yukon နဲ့ Terrain တွေ အစီးများတာတွေ့ရပြီး    ဈေးလည်း နည်းနည်းများတယ်၊ ဇိမ်ခံအနေနဲ့လည်း ထုတ်လုပ်ထားတဲ့ Acadia က ပြည်တွင်းမှာအတွေ့ရ  တော်တော်ကို နည်းနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းဈေးကွက်လိုအနေအထားကိုထည့်မတွက်ပဲ ကားဝယ်လိုအား မြင့်မားတဲ့နေရာမှာတော့ နောက်မှ နာမည်ရလာတဲ့ Acadia မော်ဒယ်က Explorer ကို အနီးစပ်ဆုံးလိုက်ပြီး ဖိအားပေးနိုင်နေတာတစ်ချက်ကတော့ Expolrer အတွက် စိတ်မအေးချင်စရာပါ။ ဒါဆိုဟုတ်ပါပြီ၊ ကျွန်တော်တို့ အနေနဲ့လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းမော်ဒယ်စုံ ဈေးကွက်ဝင်နေပြီ ဆိုတော့ တကယ်လို့ အခုမော်ဒယ် နှစ်ခုထဲကနေ တစ်ခုကိုရွေးမယ်ဆိုရင် ဘယ်မော်ဒယ်က အားသာတယ်၊ ရွေးသင့်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာထားဖို့ သင့်တာကြောင့် အခု ကျွန်တော်ကမော်ဒယ်နှစ်ခုကို နှိုင်းစာပြပါရစေနော်။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။

အားသာချက် …

Explorer မော်ဒယ်က အကြမ်းခံမော်ဒယ်အနေနဲ့ ဖန်တီးထားတာကြောင့် ကိုယ်ထည်ပိုင်း အထူးမာကျောသလို အတွင်းခန်းတည်ဆောက်မှုကလည်း လုံခြုံရေးပိုင်း ဦးစားပေးပုံစံနဲ့ တည်ဆောက်ထားတာ တွေ့ရပါတယ်။ နည်းပညာမြင့် အသုံးပြု Featureတွေ ထည့်သွင်းထားတာ တွေ့ရပြီး ထိုင်ခုံပိုင်းချိန်ညှိနိုင်မှုနဲ့ ကြည့်မှန်တွေ ချိန်ညှိနိုင်မှုတွေက အဆင့်မြင့်တာ တွေ့ရပါတယ်။ သက်တောင့်သက်သာမောင်းနှင်နိုင်ပြီးတော့ Turbocharged စနစ်ပါတဲ့ လေးလုံးထိုးအင်ဂျင်တပ်မော်ဒယ်တွေမှာဆိုရင် ဆီစားနှုန်း ပိုမိုသက်သာ ကောင်းမွန်တာလည်း တွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေမှာဆိုရင် အင်ဂျင်ရဲ့ စွမ်းဆောင်ရည် အထူးမြင့်မားကောင်းမွန်တာ တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်ပါလိမ့်မယ်။

Acadia ရဲ့ အားသာချက် အပိုင်းမှာအရင်ဆုံးပြောချင်တဲ့ တစ်ချက်ကတော့ မောင်းနှင်ရမှု အပိုင်း ဖြစ်ပြီးတော့ တန်ကြေးတူ ပြိုင်ဖက် မော်ဒယ်တွေနဲ့စာရင် မောင်းနှင်ရမှု အပိုင်းမှာ အထူးကောင်းမွန်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးအကြီးစားတန်းဝင်မော်ဒယ် ဖြစ်တာကြောင့် ကိုယ်ထည်လည်း ကြီးမားတာ တွေ့နိုင်သလို အတွင်းခန်း လည်း အထူးကျယ်ဝန်းလှပါတယ်။ ပြီးတော့ တတိယထိုင်ခုံတန်းလည်း ထည့်သွင်း တည်ဆောက် ထားတာကြောင့် ခရီးသည်လိုက်ပါနိုင်မှု ကောင်းမွန်လာတာပါ။ နောက်ဆုံးပြောချင်တဲ့ အားသာချက်ကတော့ ယုံကြည်စိတ်ချရမှု ကောင်းမွန်တာဖြစ်ပြီး ကားရဲ့ အပျက်အစီးနဲ့ စိတ်ချရမှု ဆိုင်ရာ စစ်ဆေးချက်မှာ အမှတ် အကောင်းဆုံးရရှိထားတာပဲ ဖြစ်ပါတယ်။


အားနည်းချက် …

Explorer ကနောက်ဖက်ခရီးသည်ခန်းအနည်းငယ် ကျဉ်းတယ်လို့ဆိုချင်ပြီးတော့ အဆိုပါ အခန်းရဲ့ အကျယ် အ၀န်း အနေအထားက ပြိုင်ဖက်မော်ဒယ်တွေထက်စာရင် ကျဉ်းနေချင်တာ ဖြစ်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ နောက်ဖက်ဆုံး ၀န်တင်ခန်း အနေအထားနဲ့ အကျယ်အ၀န်းက ပုံမှန်ပဲ ဖြစ်ပေမယ့် အပြင်ကနေ ကြည့်မယ်ဆိုရင် နောက်ဘီးကနေစပြီး နေက်ဖက်ဆုံးထိအောင် ကိုယ်ထည်က ရှည်နေတယ်လို့ ခံစားမိစေတာ ဖြစ်ပါတယ်။

Acadia ကတော့ ကိုယ်ထည်ပိုင်းအလျားရှည်လွန်းနေတဲ့ တစ်ချက်က မြို့တွင်းလမ်းကြောင်းလိုနေရာတွေမှာ မောင်းနှင်ဖို့ အနည်းငယ်ခက်ခဲစေနိုင်တာဖြစ်ပြီး အတွင်းခန်း ပြင်ဆင်မှုမှာလည်း တန်ကြေးသင့်အနေအထား ဖြစ်တာကြောင့် အသံပိုင်းစနစ်မှာ အားနည်းချက်တွေ့ရသလိုတစ်ဖက်က အသုံးပြုခလုတ်တွေ အပိုင်းမှာ Touch စနစ်တွေမဟုတ်ပဲ အားနည်းသလိုခေတ်နည်းနည်းကျန်နေချင်တာပါ။ နောက်ဆုံးတစ်ချက်က သတင်း အချက်အလက်ပြ Display စနစ်မှာအားနည်းတာဖြစ်ပြီးတော့ တခါတလေမှာ Hang ချင်နေတတ်ပါတယ်။

ကိုယ်ထည်ပိုင်း …

Explorerရဲ့ ကိုယ်ထည် အရောင်အနေနဲ့ဆိုရင် ရွေးချယ်နိုင်စရာအရောင် အများကြီးထုတ်လုပ်ထားခြင်း မရှိတာတွေ့ရပြီး နောက်ဆုံးထုတ်မော်ဒယ်အနေနဲ့ ဆိုရင် ၅ရောင်ပဲရမှာ ဖြစ်ကာ အနက်၊ အပြာ၊ ငွေ၊ အဖြူနဲ့ အနီရောင်တွေပဲ ဖြစ်ပါတယ်၊ အတွင်းခန်းကတော့ ခဲအိုရောင် တစ်မျိုးတည်းကို အထည်ဦးစားပေးပုံစံနဲ့ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်က အလျား ၁၆ပေ နဲ့ ၅.၁လက်မ၊ မျက်နှာစာအကျယ် ၆ ပေနဲ့ ၆.၉လက်မရှိမှာ ဖြစ်ပြီးအမြင့်က ၅ပေနဲ့ ၁၀.၄လက်မပဲ ရှိမှာဖြစ်သလို မြေပြင်နဲ့ ကိုယ်ထည်ကတော့ ၇.၆ လက်မထိအောင် ကွာဟမယ့်အချက်ကတော့ လမ်းကြမ်းမောင်းနိုင်ဖို့ ဖြစ်ပါတယ်။

Acadia က အကြီးစားတန်းဝင် SUV မော်ဒယ် ဖြစ်ပြီးတော့ အလျားမှာ ၁၆ ပေနဲ့ ၈.၈ လက်မထိအောင် ရှိနေတာတစ်ချက်က လမ်းကျပ်ရင် အဆင်မပြေနိုင်ပါဘူး။ မျက်နှာစာအကျယ်က ၆ပေနဲ့ ၆.၉လက်မထိအောင် ရှိနေတာ ဖြစ်ပြီးအမြင့်က ၆ပေနဲ့ ၀.၆ လက်မ ရှိမှာ ဖြစ်ပါတယ်။ အတွင်းခန်းအနေအထားကို ကြည့်မယ် ဆိုရင်လည်း ရှေ့ဖက်ခန်းက ၆၁.၆ လက်မနဲ့ နောက်ဖက်ခန်းက ၅၈ လက်မအကျယ်တွေက တွေ့ရခဲတဲ့ အ တွင်းခန်း ကျယ်ဝန်းမှုတွေလည်း ဖြစ်ပါတယ်။

အင်ဂျင် …

Explorer ရဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် မော်ဒယ်က ၃.၅လီတာသုံး V6 အင်ဂျင်ကို တပ်ဆင် ထားတာတွေ့ရပြီး အင်ဂျင်အနေနဲ့ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၀၀၀မှာ ရုန်းအား ၂၅၅ပေါင်-ပေရှိမှာ    ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၉၀အားထိအောင် ဖြစ်တာကြောင့် စွမ်းအင် အ ထွက်များပြီး မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီးလမ်းကြမ်းစစ်စစ် အနေအထားအတွက်တော့ ရုန်းအားနည်းတာကြောင့် အားနည်းနိုင်ပါတယ်။

Acadia ရဲ့ တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၃.၆လီတာသုံး V6 အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တွေ့ရတာကြောင့် မော်ဒယ်ရဲ့ကိုယ်ထည်နဲ့ ပြန်တွက်ရင် အနေတော်လောက်ပါပဲ။ အင်ဂျင်က အနိမ့်ဆုံး လည်ပတ်အား တစ်မိနစ် အပတ်ရေ ၃၄၀၀ မှာ ရုန်းအားက ၂၆၆ပေါင်-ပေရှိနေမှာဖြစ်ပြီး စွမ်းအင်ထုတ်လုပ် နိုင်မှုနှုန်းကတော့ မြင်းကောင်ရေ ၂၈၁ ကောင်အား ထိအောင်ရှိမှာပါ။ အင်ဂျင်ရဲ့  အခြေခံ လည်ပတ်အားက နည်းနည်းများနေတာတစ်ချက်ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ အားနည်းမှု ဖြစ်စေ နေပါတယ်။

မောင်းနှင်နိုင်မှု …

Explorer ရဲ့ မော်ဒယ်က SUV ဖြစ်ပေမယ့် ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ တစ်ချက်ကတော့ ဆီစားကို သက်သာအောင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဂီယာချက် ၆ ချက်ကို သုံးပြီးတော့ Auto စနစ်နဲ့ သွားမှာ ဖြစ်တာ ကြောင့် မောင်းနှင်ရမှုအပိုင်းမှာတော့ လွယ်ကူမှာ ဖြစ်ပေမယ့် ဂီယာချက် အနေအထားကနည်းနေတာက ကျွန်တော်တို့ ပြည်တွင်းအနေအထားမှာတော့ ဒီလောက်ကြီး ပြဿနာမရှိပေမယ့် ဥရောပလို ဈေးကွက် တွေမှာတော့ အခုနောက်ပိုင်း ဂီယာ ၇ ချက် ၈ ချက် ကားတွေကိုပဲ နောက်ပိုင်း လူကြိုက်များနေတာ တွေ့နိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကတော့ တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အချိန် ၈.၄ စက္ကန့်ပါ။

Acadia မော်ဒယ်ကတစ်စီးလုံးအလေးချိန် အပိုင်းမှာ ပေါင် ၄၆၅၆ ထိအောင် ရှိနေတာ တစ်ချက်က ကိုယ်ထည်ပိုင်းကြံ့ခိုင်မှုကို အလေးထားထုတ်လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ နောက်ပြီး မော်ဒယ်က SUV ဖြစ်နေပါရက်နဲ့ ရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ်ထားတာက ဆီစားသက်သာအောင် ဖန်တီးထားတာ သိသာနေစေပြီး Auto စနစ်နဲ့ ဂီယာချက် ၆ ချက်ထိအောင်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တစ်နာရီမိုင် ၆၀နှုန်းကို အချိန် ၈.၆ စက္ကန့်ထိအောင်ပဲယူမှာ ဖြစ်တဲ့အတွက် မဆိုးလှပါဘူး။

သုံးသပ်ချက် …

ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျွန်တော်တို့ မော်ဒယ် နှစ်ခုလုံးကို နှိုင်းစာလို့ ရပါပြီ၊ အင်ဂျင်အရွယ်တွေက အတူတူလောက်ပဲ၊ ဒါပေမယ့် Explorer က ကိုယ်ထည်ပိုင်း နည်းနည်းသေးချင်တယ်၊ အတွင်းခန်း ကျဉ်းချင်တယ်၊ Acadia ကတော့ ကိုယ်ထည်ကြီးလွန်းတယ်၊ အတွင်းခန်းကျယ်လွန်းတယ်၊ အတွင်းခန်း အသုံးပြုနိုင်မှုမှာက Explorer ကပိုပြီးအားကောင်းတယ်၊ ဆီစားမှာ Explorer ကပျမ်းမျှမိုင် ၂၀ စီးနိုင်မယ်၊ Acadia က ၁၉မိုင်လောက်ပဲဆိုတော့ သိပ်တော့ မကွာလှဘူး၊ အကြမ်းခံနိုင်မှုမှာ Acadia ကပိုကောင်းတယ်၊ လုံခြုံစိတ်ချရမှုအပိုင်းကတော့ အတူတူလောက်ပဲ၊ ဟုတ်ပြီ၊ ဒါဆိုရင်တော့ ကျွန်တော် သုံးသပ်မိသလောက် ဆိုရင် အခုမော်ဒယ်နှစ်ခုက တော်တော်ကို ရွေးချယ်ရခက်တဲ့ မော်ဒယ်တွေပါ၊ ဒီတော့ ဆုံးဖြတ်စရာ တစ်ချက်ပဲကျန်ပါတော့တယ်၊ သူကတော့ ဈေးနှုန်းပါ။ အရည်အသွေးပိုင်းအတူတူ ဖြစ်တာကြောင့် ဈေးသက်သာတဲ့ မော်  ဒယ်ကရွေးချယ်ဖို့ သင့်တယ်လို့ ဆိုလိုက်ပါရစေဗျာ။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved