ရေဘေးကို နိုင်ငံတကာက သိဖို့ Hashtag (#) Function အသုံးပြုရေးသားမှု Facebook မှာ ခေတ်စားလာ

Friday, August 7, 2015



ဒီရက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ရပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့လူမှု ကွန်ရက် Facebook မှာ ရေဘေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ သတင်းတွေ၊ လှူဒါန်းမှုတွေနဲ့ #SaveMyanmar #SupportMyanmar စတဲ့ Hashtag (#) နဲ့ ခံရေးထားတဲ့ ပို့စ်တွေကို Facebook Newsfeed မှာ တွေ့မြင်  ရမှာ ဖြစ်ပါတယ်။

အမ်းရေကြီးမှု၊ ကောလင်းရေကြီးမှုမှ အစပြုပြီး အဆိုးဝါးဆုံးသော ကလေးမြို့ ရေကြီးမှုတို့နဲ့အတူ မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများမှာ ရေကြီးနေတာကြောင့် တနိုင်ငံလုံးနီးပါး ရေဘေးဒုက္ခခံစားနေရတာဖြစ်လို့ အခု အရေးမှာဆိုရင် Facebook အသုံးပြုသူ လူငယ်၊ လူရွယ်တွေနဲ့ လူကြီးတွေပါ     တတ်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက် ပါဝင်လာကြတာကို တွေ့ရပါတယ်။


ပုံမှန်ဆိုရင် ပရဟိတ အလုပ်လုပ်ကြတဲ့ အဖွဲ့အစည်းအသီးသီးက လူငယ်တွေ အလှူခံပြီး ရေဘေးသင့်နေရာတွေကို သွားရောက် လှူဒါန်းကြတာဟာ မဆန်းပေမယ့် အခုလိုမျိုး တနိုင်ငံလုံးနီးပါး နေရာအနှံ့အပြားမှာဖြစ်လာတဲ့အခါမှာတော့ Facebook အသုံးပြုသူ လူငယ်တွေက Facebook ကနေ တဆင့်ချိတ်ဆက်ပြီး   အပြင်မှာတွေ့ဆုံ၊ Volunteer လုပ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး တတ်အားသမျှ ရန်   ကုန်မြို့ရဲ့ နေရာအနှံ့မှာ အလှူငွေ ကောက်ခံမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ကြတာလည်း တွေ့ရပါတယ်။

အဲဒါတွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက အောင်မြင်ကျော်ကြားသူတွေက သိလာအောင် #SaveMyanmar #SupportMyanmar စတဲ့ Hashtag နဲ့ ခံထားတဲ့ ပို့စ်တွေကို Comment တွေ အဖြစ် ရေးသားတာ၊ စာမျက်နှာတွေမှာ သွားရောက် ရေးသားပို့စ်တင်တာမျိုးတွေကို အားတက်သရော လုပ်လာ  ကြပါတယ်။

Save Myanmar, Support Myanmar စတဲ့ စာသားပါဝင်တဲ့ Profile Picture, Cover Picture ပြောင်းတာမျိုးတွေစတဲ့ လှုပ်ရှားမှုမျိုးတွေကိုပါ စိတ်မကောင်းစွာနဲ့ ဆောင်ရွက်လာကြတာလည်း တွေ့ရပါတယ်။ အရေး  ကြီးရင် သွေးနီးတတ်တဲ့ မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ တယောက်နဲ့တယောက် ဒုက္ခရောက်ရင် တယောက်ကိုတယောက် ဖေးမ ကူညီ ပေးတတ်တဲ့ မြန်မာတွေနဲ့ စာနာစိတ်၊ ကြင်နာကူညီစိတ်တွေကိုပါ အတိုင်းသား မြင်တွေ့လာရပါတယ်။

Hashtag (#) ခံပြီးရေးသားတယ်ဆိုတာကို ဒီနေရာမှာ ကြုံလို့ ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။         ကိုယ်ပြောချင်တဲ့ အကြောင်းအရာ၊ စာသားတွေကို Highlight လုပ်ပြီး ရေးသားချင်တာပဲဖြစ်ဖြစ်၊ ဆိုရှယ်   နက်ဝေါ့ခ်အသုံးပြုသူတွေကြားမှာ အဲဒီအကြောင်းအရာကို ကလစ်လိုက်တာနဲ့ အဲဒီအကြောင်းအရာနဲ့ ဆက် စပ်တဲ့သတင်းအကြောင်းအရာတွေကို လျင်လျင်မြန်မြန်၊ လွယ်လွယ်ကူကူနဲ့ တနေရာတည်းမှာ တစုတစည်းတည်း ရှာရလွယ်ကူအောင် လုပ်ပေးထားတဲ့ Function တခုပါ။


Hashtag (#) ကို ဆိုရှယ်နက်ဝေါ့တွေဖြစ်တဲ့ Instagram, Twitter စတာတွေမှာ အသုံးများပြီး အခု နောက်ပိုင်းမှာ ဆိုရင်လည်း Facebook မှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါပြီ။ Facebook မှာ ဒီ Function ကို မိတ်ဆက်ပေးခဲ့တာ ကြာပြီဆိုပေမယ့် အသုံးပြုမှု တွင်ကျယ်လာတာတော့ မကြာသေးပါဘူး။

မကြာသေးခင်က ဖြစ်သွားတဲ့ နီပေါငလျင်ဘေးတုန်းကလည်း Facebook ကနေ တဆင့် #SaveNepal ဆို ပြီး Hashtag နဲ့ ရေးသားထားတဲ့ ပို့စ်တွေ တင်ရာမှာ နိုင်ငံတကာက Facebook အသုံးပြုသူ တော်တော်များများ သတိထားမိသွားကြပြီး Facebook ကနေ နီပေါအတွက် လှူဒါန်းပေးနိုင်တဲ့ Donate Button ထည့်   သွင်းပေးခဲ့ကာ နိုင်ငံတကာက လှူဒါန်း အကူအညီပေးမှုတွေလည်း ရခဲ့ပါတယ်။

ဒါကြောင့်မို့လို့ အခုနောက်ပိုင်း မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေ အကြားမှာလည်း အထူးသဖြင့် ဒီ ရက်ပိုင်းမှာတော့ Facebook ပေါ်မှာ ခါတိုင်းလို Selfie ဓာတ်ပုံတွေ၊ သွားနေ လာနေ၊ စားသောက်နေတဲ့ အကြောင်းအရာ ပို့စ်တွေထက် ရေဘေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ သတင်းတွေ၊ ပို့စ်တွေ၊ လိုအပ်နေတဲ့နေရာဒေသတွေက လက်ရှိအခြေအနေတွေနဲ့ အဖွဲ့အစည်းအသီးသီးက ဆက်သွယ်လှူဒါန်းနိုင်မယ့် ဖုန်းတွေနဲ့ ကိုယ်တိုင်ပါဝင်လှုပ်ရှား ကူညီနိုင်မယ့် အဖွဲ့အစည်းတွေရဲ့ ဆက်သွယ်ရမယ့်အကြောင်းအရာတွေကို ရေးသား၊ ဝေမျှတင်ကြတာ၊ အပြန်အလှန် Comment ပေးကြတာကို တွေ့ရပါတယ်။

သတင်း မီဒီယာစာမျက်နှာတွေမှာဆိုရင် တခြားသော သတင်းအကြောင်းအရာတွေထက် ရေကြီးမှု ဖြစ်ပွားနေတဲ့ နေရာဒေသက လက်ရှိအခြေအနေသတင်းတွေ၊ မိုးလေဝသနဲ့ ပတ်သက်တဲ့ ကြိုတင်သတိပေး  ကြေငြာမှုတွေ၊ သတင်းဓာတ်ပုံတွေ စတဲ့ အကြောင်းအရာသတင်းတွေကိုသာ အဆက်မပြတ် တင်ခဲ့ကြပြီး ဒီအကြောင်းအရာကလည်း လတ်တလောမှာ လူစိတ်ဝင်စားမှု အများဆုံးနဲ့ မြန်မာတပြည်လုံး စိတ်မကောင်းစွာ ထပ်တူထပ်မျှ ခံစားခဲ့ကြပြီး တတ်နိုင်သလောက်လုပ်အား၊ လူအား၊ ငွေအင်အားတွေ အမြောက်အမြားနဲ့ အကူအညီပေးတဲ့ ဖြစ်ရပ်တခုလို့ ဆိုရပါမယ်။

အခုဆိုရင် ဧရာဝတီတိုင်းဒေသကြီးဘက်ကိုပါ ထပ်မံရေကြီးလာနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသခန့်မှန်းပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားထားတာကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နေထိုင်သူတွေ အနေနဲ့ကလည်း အထူးသတိထားရမှာဖြစ်ပြီး ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာနိုင်ငံတဝန်းက ရေကြီးရေလျှံမှု ဒုက္ခတွေ အမြန်ဆုံး ကင်းဝေးပါစေလို့ ဆုတောင်းရင်း လတ်တလော Facebook မှာကော အပြင်မှာပါ လူစိတ်ဝင်စားမှု အများဆုံး၊ စိတ်မကောင်းစရာ နိုင်ငံအဝှမ်း ရေကြီးမှု သတင်းအကြောင်းအရာနဲ့ Facebook ရဲ့ Hashtag (#) Function အသုံးပြုမှု၊ အသုံးဝင်မှုကို                     အနည်းငယ်ဝေမျှ ရေးသားတင်ပြလိုက်ပါတယ်။


သီဟတိုး 



1 comments :

  1. Anonymous said... :

    Hastag မဟုတ်ပါဘူး....ံHashtag" လို့စာလုံးပေါင်းပါသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved