Nissan March လို့ခေါ်တဲ့ Micra

Thursday, October 8, 2015


photo- autoworld.com

ပြည်တွင်းမှာတော့ Nissan March တွေဆိုတာ တန်ကြေးနည်း City တန်းဝင် မော်ဒယ်တွေထဲမှာ လူစီးများတဲ့ မော်ဒယ်တစ်ခုပါပဲ။ မော်ဒယ်အနေနဲ့က Toyota Passo, Mazda Demio နဲ့ Suzuki Swift တွေနဲ့ ဈေးကွက်မှာ ယှဉ်နေရပေမယ့် ဈေးနှုန်းပိုင်းချိုသာမှုဆိုတဲ့ တစ်ချက်ပဲအားကောင်းတာ တွေ့ရပြီး အရည်အသွေးနဲ့ စွမ်းဆောင်ရည်လိုအပိုင်းမှာ ပြိုင်ဖက်မော်ဒယ်တွေထက် လူကြိုက်နည်းတာပါ။ ဒါပေမယ့် တကယ်တမ်းသက်တမ်းပိုင်းအနေအထားကို ကြည့်မယ်ဆိုရင် March အနေနဲ့ တော်တော်ကို ကြာနေပြီဖြစ်တဲ့ အပြင် အဆင့်မြှင့်တင် မျိုးဆက်ပြောင်းလဲထုတ်လုပ်မှုတွေလည်း များနေပြီဖြစ်လို့ နောက်ပိုင်းမှာထွက်ရှိလာတဲ့ မော်ဒယ်တွေကတော့ တော်တော်လေးကောင်းမွန်လာတာတွေ့ရပါတယ်။ ပြီးတော့ အခုမော်ဒယ် March ကို ကျနော်တို့ဆီမှာသာ March အနေနဲ့ လူသိများပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာမှာတော့ Micra ဆိုပြီး တင်သွင်းတာတွေ့ရပါတယ်။ ထားပါတော့၊ မော်ဒယ်ကဘယ်လိုပဲနာမည်ခေါ်ခေါ် ဒီမော်ဒယ်က ဒီ မော်ဒယ်ပါ ပဲနော်၊ ဒီတော့ ကျနော်တို့ သိနေပြီးဖြစ်တဲ့ March အနေနဲ့ပဲ သူ့ အကြောင်းကို ဆက်ကြည့် ရအောင်ပါနော်။

March အစ

မော်ဒယ်ကို ဂျပန်အခြေစိုက် Nissan ကထုတ်လုပ်ရောင်းချတာဖြစ်ပြီးတော့ Micra ဆိုတဲ့ နာမည်ကွဲအပြင် Mitsuoka Viewt လို့လည်းခေါ်ပါသေးတယ်။ ဒါပေမယ့် ဒီမော်ဒယ်ကတော့ တော်တော်လေးကို လူသိနည်းတာလည်း ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်ကတည်းကနေစတင် ထုတ်လုပ်ရောင်းချလာတာဖြစ်ပြီးတော့ အခုချိန်ထိအောင် ထုတ်လုပ်နေဆဲပါ။ Supermini တန်းဝင်အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ရှေ့ဘက် အင်ဂျင်ထိုင်စနစ်၊ ရှေ့ဘီးယက်စနစ်နဲ့ အခြေခံထုတ်လုပ်တာ ဖြစ်ပါတယ်။ သူနဲ့ တည်ဆောက်ပုံချင်းဆင်တူတဲ့ မော်ဒယ်ကတော့ ဂျပန်မှာပဲ ထုတ်လုပ်ရောင်းချတဲ့ Nissan Cherry မော်ဒယ်ပဲဖြစ်ပါတယ်။ လက်တင် အမေရိက ဈေးကွက်အတွက် အဓိကရည်ရွယ်ပြီး မော်ဒယ်ကိုထုတ်လုပ်တာဖြစ်သလိုအဆိုပါ ဈေးကွက်မှာ Micra လို့ လူသိများတာဖြစ်ပြီး အာရှတ၀ှမ်းမှာတော့ March ပါပဲ။ ဒီနေရာမှာ Marchရဲ့ မှတ်တမ်းဝင်      အချက်တစ်ချက်ကတော့ Nissan ကနေထုတ်လုပ်တဲ့ မော်ဒယ်တွေထဲမှာ ကိုယ်ထည်ပိုင်း အသေး      ဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။



ပထမမျိုးဆက် …

မော်ဒယ်ရဲ့ ပထမမျိုးဆက်ကတော့ Datsunနဲ့ Nissanနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးတဲ့ အချိန်ဖြစ်တာကြောင့် Datsun Micra လို့လည်းလူသိများကြပါတယ်။ ဒါပေမယ့် အဆိုပါ နာမည်ကတော့ ၁၉၈၃ခုနှစ်နဲ့ ၁၉၈၄   ခုနှစ်တွေမှာပဲလူသိလိုက်တာပါ။ ၁၉၈၂ခုနှစ် အောက်တိုဘာလကနေစတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာလထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေပါ။ ကနေဒါ ဈေးကွက်မှာစတင်ရောင်းချခဲ့ပြီးမော်ဒယ်နှစ်  အနေနဲ့ကတော့ ၁၉၈၄ခုနှစ် မော်ဒယ်ကနေစတင် ထုတ်လုပ်ခဲ့သလို ၁၉၉၂ခုနှစ် မော်ဒယ်ထိအောင်       ပထမမျိုးဆက်ဝင် ဖြစ်လာပါတယ်။ ပြည်ပဈေးကွက်ကိုအဓိကရောင်းချတာ ဖြစ်ပေမယ့် မော်ဒယ်ကိုတော့   ဂျပန်မှာပဲတပ်ဆင်ထုတ်လုပ်ပြီးဒီဇိုင်နာNaganoriItoကရေးဆွဲပေးတဲ့ အတိုင်းထုတ်လုပ်ခဲ့တာပါ။ ပထမမျိုးဆက်မှာ March က တံခါးသုံးပေါက်၊ ငါးပေါက်စနစ် Hatchbackအနေနဲ့ရောတံခါးသုံးပေါက်စနစ် Van  အနေနဲ့ပါ ရနိုင်ခဲ့ပြီးအဆိုပါ အချိန်ကNissanရဲ့ တခြားမော်ဒယ်တွေ ဖြစ်တဲ့ Nissan Figaro, Be-1နဲ့  Paoမော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်းဆင်တူပါတယ်။ တပ်ဆင် အင်ဂျင်အပိုင်းမှာဝ.၉လီတာသုံး၊ ၁.၀လီတာသုံးနဲ့ ၁.၂လီတာသုံး အင်ဂျင်စနစ်တွေကိုထည့်သွင်းတပ်ဆင်ခဲ့ပြီးTransmissionပိုင်းကတော့ ၄ချက်၊ ၅ချက် Manualစနစ်နဲ့ ၃ချက် Autoတွေကိုရွေးချယ်နိုင်တာပါ။ အဆိုပါ အချိန်က VW ရဲ့ မော်ဒယ်တွေကို အသေးစားဈေးကွက်မှာကောင်းကောင်းယှဉ်နိုင်ခဲ့ပြီးကားရဲ့ အလေးချိန်က ၆၃၅ ကီလိုပဲရှိတာကြောင့် လူ   ကြိုက်များခဲ့ပါတယ်။



ဒုတိယမျိုးဆက် …

မော်ဒယ်ရဲ့ ဒုတိယမျိုးဆက်ကတော့ ရွေးချယ်နိုင်စရာတော်တော်များလာတဲ့ မျိုးဆက်ပါ။ ဆီဒင်၊ အမိုးဖွင့်နဲ့ Wagonတန်းဝင် မော်ဒယ်တွေပါ ထွက်ရှိလာပြီးတော့ ဆီဒင် အနေနဲ့ ဆိုရင် Boleroအနေနဲ့၊ ဖိလစ်ပိုင်မှာဆိုရင် Veritaအနေနဲ့၊ တချို့ဈေးကွက်တွေမှာMuji Car 1000အမည်နဲ့ လူသိများလာပါတယ်။ ၁၉၉၂ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေ ဖြစ်ပြီးတော့ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် ဈေးကွက်အတွက်ကတော့ ၂၀၀၇ခုနှစ်ထိအောင် ဒုတိယမျိုးဆက်ကိုဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်မှာတော့ ၂၀၀၃ခုနှစ် မော်ဒယ် အနေနဲ့ပဲထုတ်လုပ်ခဲ့တာတွေ့ရပြီးအဲဒီနောက်ပိုင်းမော်ဒယ်တွေကတော့ တတိယမျိုးဆက်ထဲပါသွားတာပါ။ ဂျပန် အပြင် ဥရောပဈေးကွက်အတွက် အင်္ဂလန်မှာပါ တပ်ဆင် ထုတ်လုပ်မှုတွေ လုပ်ဆောင်လာခဲ့သလိုကိုယ်ထည်ပိုင်းကတံခါးသုံးပေါက်၊ ငါးပေါက် Hatchback၊ တံခါးနှစ်ပေါက်စနစ် အမိုးဖွင့်၊ တံခါးလေးပေါက်စနစ် ဆီဒင်နဲ့ တံခါးငါးပေါက်စနစ် Wagonမော်ဒယ်တွေ ထုတ်လုပ်ပါတယ်။ Nissan Cubeလို့ လူသိများတဲ့ Z10မော်ဒယ်နဲ့ တည်ဆောက်ပုံချင်းတူလာပြီးအင်ဂျင်ပိုင်းမှာဆိုရင် ၁.၀လီတာသုံး၊ ၁.၃လီတာသုံး၊ ၁.၄လီတာသုံးနဲ့ ၁.၅လီတာသုံး အင်ဂျင်စနစ်တွေထိအောင် ထုတ်လုပ်လာခဲ့ပါတယ်။ ဂီယာချက် ပိုင်းကတော့ ၅ချက် Manualစနစ်၊ ၄ချက် Autoနဲ့ CVTစနစ်တွေထိအောင်ပါ ရွေးချယ်လာနိုင်ခဲ့တာပါ။



တတိယမျိုးဆက် …

၂၀၀၃ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထွက်ရှိလာတဲ့ မော်ဒယ်တွေကိုတော့ တတိယမျိုးဆက်လို့ စခေါ်ပါပြီ။ သူကတော့ ၂၀၁၀ခုနှစ်ထိအောင် ထုတ်လုပ်တာတွေ့ရပြီးကျနော်တို့ ပြည်တွင်းမှာတော့ ဒုတိယမျိုးဆက်နဲ့ တတိယမျိုးဆက်တွေ အများဆုံးရှိနေတာပါနော်။ ဂျပန်နဲ့ အင်္ဂလန်မှာပဲဆက်လက်ထုတ်လုပ်တာတွေ့ရသလိုဆီဒင်နဲ့ Wagonတွေကအောင်မြင်မှု မရတာကြောင့် ကိုယ်ထည်ပိုင်းရွေးချယ်နိုင်မှု ပြန်လည် လျော့ချပြီးတံခါးသုံးပေါက်၊ ငါးပေါက် Hatchbackနဲ့ တံခါးနှစ်ပေါက်စနစ် နှစ်ယောက်စီးအမိုးဖွင့် မော်ဒယ်တွေကိုပဲထုတ်လုပ်ပါတော့တယ်။ တည်ဆောက်ပုံချင်းဆင်တူတဲ့ မော်ဒယ်တွေ များလာခဲ့ပြီးအဆိုပါ အချိန်ကNissanရဲ့    အောင်မြင်တဲ့ Platformဖြစ်တဲ့ Bကိုသုံးထားတာပါ။ ကျနော်တို့ ပြည်တွင်းမှာကိုပဲတွေ့နိုင်နေတဲ့ Nissan Tiida(Versa), Note, Cube, Juke, NV200, Renault Clio III, Renault Modus နဲ့ DuesenMayernRitzမော်ဒယ်တွေနဲ့ ဆင်တူလာပါတယ်။ အဆိုပါ PlatformကိုNissanနဲ့ နည်းပညာမိတ် ဆက် ကုမဏီတွေကိုပေးသုံးခဲ့တာကြောင့် အခုလိုဆင်တူမော်ဒယ်တွေ များလာတာလည်း ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာက ၁.၀လီတာသုံး၊ ၁.၂လီတာသုံး၊ ၁.၄လီတာသုံး၊ ၁.၅လီတာသုံးနဲ့ ၁.၆လီတာသုံး ဓါတ်ဆီအင်ဂျင်တွေ အပြင် ၁.၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ် တစ်ခုလည်းရနိုင်ပါသေးတယ်။ ဂီယာပိုင်းက ၅ချက် Manualစနစ်နဲ့ ၄ချက် Autoစနစ်တွေကိုသုံးနိုင်တာတွေ့ရပြီးAutoတွေမှာဂီယာချက် နည်းလွန်းတယ်ဆိုတဲ့ အားနည်းချက် တွေ့ခဲ့ရပါတယ်။


စတုတ္ထ မျိုးဆက် …

Renault Pulseအနေနဲ့ပါ လူသိများလာတဲ့ အခုနောက်ဆုံးမျိုးဆက်ကိုတော့ ၂၀၁၀ခုနှစ်ကနေစတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးမော်ဒယ်နှစ်ကတော့ ၂၀၁၁ခုနှစ်မှာစပါတယ်။ ဂျပန်အပြင် အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ မက္က ဆီကိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ ထုတ်လုပ်မှုတွေ များလာပြီးတော့ တံခါးငါးပေါက်စနစ် Hatchback တန်းဝင် မော်ဒယ် အနေနဲ့ပဲထုတ်လုပ်တော့တာပါ။ Nissan V Platformကိုပြောင်းလဲအသုံးပြု ထုတ်လုပ်လာသလို Nissan Tiida, Sunny, Mitsuoka Viewt, Datsun GoနဲပVenucia R30မော်ဒယ်တွေနဲ့ တည်ဆောက်ပုံ  ချင်းဆင်တူပါတယ်။ အင်ဂျင်စနစ်က ၁.၂လီတာသုံး၊ ၁.၅လီတာသုံးနဲ့ ၁.၆လီတာသုံး ဓါတ်ဆီ အင်   ဂျင်တွေအပြင် ၁.၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ်နဲ့ ရနိုင်သလိုAutoစနစ်ကဂီယာချက် နည်းတာကြောင့် CVT  ကိုပြောင်းလဲထုတ်လုပ်လာသလိုဒီစနစ်ကအသေးစားမော်ဒယ်တွေအနေနဲ့ မောင်းနှင်ရအထူးလွယ်ကူတာကြောင့် လူကြိုက်များလာတာလည်းတွေ့ရပါတယ်။ Manual စနစ်ကိုလည်း ဆက်လက် ထုတ်လုပ်သေး ပြီးဂီယာချက် ၅ချက်ကို သုံးစွဲမောင်းနှင်နိုင်တာပါ။ ဈေးကွက် အနေအထားနဲ့ မော်ဒယ်ရဲ့ အရည်အသွေးပိုင်း မြင့်မားကောင်းမွန်လာမှုကတော့ အခုနောက်ဆုံးထုတ် မော်ဒယ်မှာ တွေ့ရပြီးတတိယမျိုးဆက်ထိအောင် အားနည်းချက်တွေ ရှိနေသေးတဲ့ မော်ဒယ်က အခုနောက်ဆုံး မော်ဒယ်မှာတော့ ဥရောပဈေးကွက်ထိအောင်ပါ နေရာရလာတာတွေ့ရပါတယ်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved