တချိန်ကသန်းကြွယ်သူဌေးဖြစ်ခဲ့ဖူးသူ ထောင်နှင့်ချီသောလေလွင့်ခွေးများကိုကယ်တင်မှုကြောင့်အကြွေးတင်

Wednesday, December 2, 2015



အကောင်ရေ ရာနဲ့ချီသော လေလွင့်ခွေးများကို သားသတ်ရုံမှ ကယ်တင်ကာ တိရိစ္ဆာန်ကယ်တင် စောင့်ရှောက်ရေး ဂေဟာ တည်ထောင်ခဲ့တာကြောင့် တရုတ်သန်းကြွယ်သူဌေးတစ်ဦးမှာ ကြွေးမြီ တင်ခဲ့ရပါတယ်။ အသက် (၂၉)နှစ်အရွယ် ၀မ်ယမ် ဆိုသူဟာ တစ်ချိန်က ယွမ် (၇)သန်း ပိုင်ဆိုင်ခဲ့တဲ့ သူဌေးတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် (၂၀၁၂)ခုနှစ်၊ သူချစ်ရတဲ့ ခွေးကလေး ပျောက်ဆုံးခဲ့တဲ့ အချိန်က စတင်လို့ ပိုင်ဆိုင်ခဲ့သမျှကို     စွန့်လွှတ်ကာ ခွေးကလေးများကို ကယ်ဆယ်ရေးအစီအစဉ်ကို စတင်ခဲ့ပါတယ်။


“ကျွန်တော့်ခွေးကလေးကို နေရာအနှံ့လိုက်ရှာခဲ့ပါတယ်။ ဒါပေမယ့် အစအနတောင် မတွေ့ခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ကို လူတစ်ယောက်က ကျွန်တော့်ခွေးကလေးကို ရှာဖို့ သားသတ်ရုံထဲ ၀င်ခွင့်ပေးခဲ့ပါတယ်။” အဲဒီအချိန်က အဖြစ်အပျက်ကို ၀မ်ယမ်က သတိတရပြောဆိုခဲ့ပါတယ်။


သူဟာ သားသတ်ရုံနားမှာ ရက်သတ္တပတ် တစ်ပတ်ကြာခန့် စောင့်ကြည့်နေခဲ့ပေမယ့် သူပျောက်သွားတဲ့ ခွေးကလေးကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ ထိုအစား သွေးတွေအလိန်းလိန်း ပေးနေတဲ့ သားသတ်ရုံမြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပြီး အဲဒီမြင်ကွင်းတွေကို သူ့ဦးနှောက်ထဲက ထုတ်ပစ်လို့ မရခဲ့ပါဘူး။


အဲဒီအဖြစ်အပျက်တွေကို တွေ့ကြုံခံစားရပြီးနောက်မှာတော့ ၀မ်ယမ်ဟာ စတီးစက်ရုံဟောင်းကြီးထဲက သားသတ်ရုံတည်ရှိရာနေရာအား ၀ယ်ယူပြီး တိရိစ္ဆာန်များအတွက် ခိုလှုံရာရိပ်မြုံကို စတင် တည်ထောင်ခဲ့ပါတယ်။ အဲဒီဂေဟာရိပ်မြုံကို တဖြည်းဖြည်းနဲ့ တည်ဆောက်ယူပြီး လေလွင့် ခွေးကလေး များကိုလည်း လိုက်လံရှာဖွေ စုစည်းခဲ့ပါတယ်။

“အခုလောလောဆယ်မှာတော့ ခွေးအကောင်ရေ (၂၁၅)ကောင်ပဲ ရှိပါတော့တယ်။ တချိန်တုန်းက ခွေးအကောင် (၁၀၀၀)လောက်ရှိခဲ့ပေမယ့် အတော်များများဟာ ခုချိန်မှာ ခေါ်ယူမွေးစားခံခဲ့ရပါပြီ။” လို့ ၀မ်ယမ်က ဆိုပါတယ်။



တိရိစ္ဆာန်များနားခိုရာဂေဟာကို အဆက်မပြတ်လည်ပတ်နိုင်ဖို့ အတွက် ထောက်ပံ့မှုတွေ ပြုလုပ် ပေးနေရတာကြောင့် ၀မ်ယမ်အနေနဲ့ ကြွေးမြီတင်လျက်ရှိပါတယ်။ လာမယ့် ဆောင်းရာသီမှာ ဖြစ်လာမယ့် အခြေအနေတွေအတွက်ကိုလည်း စိုးရိမ်မိတယ် လို့ ၀မ်ယမ်က ဆိုပါတယ်။



“ကျွန်တော့်အနေနဲ့ အလှူလှူတဲ့အခါ ငွေကြေးကို လက်ခံလေ့မရှိပါဘူး။ ဒီကျန်ရှိတဲ့ ခွေးအကောင် (၂၀၀)ကျော် ဆက်လက်ရှင်သန်နေထိုင်ဖို့ အတွက် သနားကြင်နာတတ်တဲ့ လူတွေဆီကပစ္စည်းစားနပ်ရိက္ခာ         ထောက်ပံ့မှုကိုသာ လက်ခံပါတယ်” လို့ ၀မ်ယမ်ကဆိုပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။  http://9gag.com/gag/aEzmBve?ref=fbp

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved