Showing posts with label သဘာဝဘေးဒဏ်. Show all posts
Showing posts with label သဘာဝဘေးဒဏ်. Show all posts

စာသင်ကျောင်းကို မိုးကြိုးပစ်လို့ ကျောင်းသူ ၂ ဦး သတိလစ်

Wednesday, October 29, 2014 0 comments

-




ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲက ကျေးလက် စာသင်ကျောင်းတခုမှာကို တနင်္လာ ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးကြိုးပစ်ခဲ့တဲ့အတွက်  ကျောင်းသူ ၂ ဦး သတိလစ်သွားကြောင်း  သတင်းရရှိပါတယ်။

 

  စလူဆိပ်ကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာမှာ တည်ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံမှာ ဖွင့်ထားတဲ့ အလယ်တန်းကျောင်းခွဲမှာ ဖြစ်ခဲ့ခြင်းပါ။

“မိုးကြိုးပစ်လို့ ကျောင်းသူလေး ၂ ယောက် သတိလစ်သွားတယ်။ ကျောင်းလာကြိုတဲ့ အမျိုးသမီး တယောက်လည်း (လက်မောင်းမှာ) ဒဏ်ရာရသွားတယ်လို့ သိရပါတယ်” လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာ ရသွားတာကတော့ ကျောင်းလာကြိုသူ အသက် ၅၂ နှစ်အရွယ် ဒေါ်မိမိကျော်ဖြစ်ကြောင်း သိရပါတယ်။

 မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောသွားတဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ၂ ဦးကို တာဝန်ရှိသူတွေက စလူဆိပ် ကျေးလက်ကျန်းမာရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်၊
အခုတော့  ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ တဲ့။

 ဧရာဝတီတိုင်းမှာ ယခုနှစ် မိုးဦးကာလနဲ့ မိုးနှောင်းပိုင်းကာလတွေမှာ မိုးကြိုးပစ်မှုတွေ ဖြစ်ပွားနေခဲ့ပြီး ဒီလတတိယပတ်အတွင်းကလည်း ၀ါးခယ်မမြို့နယ်က တံငါသည်တဦးကို မိုးကြိုးပစ်ချခဲ့လို့ နေရာမှာတင်  ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ယခုနှစ်အတွင်း မိုးကြိုးပစ်လို့ လူ ၆ ဦးထက်မနည်း အသက်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

 ဆလိုင်းသန့်စင်


http://blog.irrawaddy.org/2014/10/blog-post_213.html



 -

ပြည်မြို့အနီးတဝိုက်မှာ ချောင်းရေလျှံပြီးနောက်...

Tuesday, August 5, 2014 0 comments

 ~





ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ မြွေရိုးအုပ်စု အတွင်းရှိ ဆသမချောင်း ရေလျှံမှုကြောင့် လယ်မြေဧက ၁၀၀ နီးပါးနှင့် လူနေအိမ် ၂၀ခန့် ရေနစ်မြှပ်သွားပါတယ်။ 


ယူနန်ငလျင်ကြောင့် အနည်းဆုံး ၃၈၁ ဦး သေဆုံး

Monday, August 4, 2014 0 comments

 ~



တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တနင်္ဂနွေနေ့ခင်းပိုင်းက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် အနည်းဆုံး ၃၈၁ ဦး သေဆုံးပြီး ၁,၈ဝဝ ထက် မနည်း ဒဏ်ရာရရှိသွားပါတယ်။

တောင်ကျရေကြောင့် တာချီလိတ် ကားတချို့ ရေထဲရောက်

Wednesday, July 30, 2014 0 comments

 ~




ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ  တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ချောင်းရေလျှံတဲ့အတွက်  ချောင်းဘေးတလျှောက် ရေကြီးပြီး
မော်တော်ယာဉ်တချို့ ရေတောထဲရောက်သွားပုံတွေကို  တာချီလိတ်အွန်လိုင်းမှာ တွေ့ရပါတယ်။

လူသေဆုံး ထိခိုက်ဒဏ်ရာရမှု သတင်း ထွက်လာပေမယ့် မော်တော်ကားတချို့ကတော့ အင်ဂျင်ထဲ ရေ၀င်တဲ့ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။

မြေနိမ့်ပိုင်းမှာရှိတဲ့ကားတွေထဲ ရေဝင်ခြင်းပါ။

ချောင်းရေလျှံရခြင်း အကြောင်းရင်းက မိုးများတဲ့ ချောင်းအထက်ပိုင်း တောင်ကျချောင်းရေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။


တာချီလိတ်အွန်လိုင်း  www.tachileik.net ရဲ့ အယ်ဒီတာကို ဆက်သွယ် မေးမြန်းရာမှာတော့ ရေက သိပ်မကြာခင်မှာပဲ ပြန်ကျသွားတယ်လို့ ပြောပါတယ်။

အင်ဂျင်ထဲရေဝင်တဲ့ကားအရေအတွက်ကလည်း ပုံမှာတွေ့ရတဲ့အတိုင်းပဲ သိပ်အများကြီးမဟုတ်ဘူးလို့ ဆိုပါတယ်။

တာ
ချီလိတ်က ထိုင်းမြန်မာနယ်စပ်မြို့ပါ။ တဘက်ကမ်းမှာ မယ်ဆိုင်မြို့ တည်ရှိပါတယ်။
နယ်စပ်က တခြားမြို့တမြို့ဖြစ်တဲ့ မဲဆောက်မှာလည်း ချောင်းရေလျှံပြီး ကားတွေ ရေထဲရောက်ခဲ့ဖူးပါတယ်။ ပုံတွေကို http://blog.irrawaddy.org/2011/09/blog-post_1627.html မှာ ကြည့်နိုင်ပါတယ်။



.

တရုတ်မြန်မာနယ်စပ် မူဆယ်ရေကြီးမှုမှာ တဦးသေ၊ ငါးဦး ပျောက်ဆုံး

Thursday, July 24, 2014 0 comments

 ~





  .
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်တွင် နမ့်ပေါ့ချောင်းရေလျှံမှုကြောင့်  လူ ၁ဦးသေဆုံးကာ ၅ဦးခန့်ပျောက်ဆုံးနေကြောင်း သိရသည်။

 ဇူလိုင် ၂၀ ရက်နေ့မှ စပြီး မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ပေါ့ချောင်း ရေလျှံကာ ဒေသခံများ ရေဘေးသင့်နေကြောင်း၊ ရေဘေးဒဏ်ကြောင့် လယ်ပျက်စီးမှုများဖြစ်နေကြောင်း ကိုလည်း  ဒေသခံ စိုင်းအောင်က ဧရာဝတီသို့ပြောသည်။


“နမ့်ပေါချောင်းရေတွေတက်လာတော့ ရွာတွေရေလျှံသွားတယ်။ ရေအားပြင်းတဲ့အတွက် ရွာသားတဦးကတော့ သေသွားတယ်။ ၅ဦးကတော့ ပျောက်နေတယ်” ဟု စိုင်းအောင်က ဆိုသည်။

  ပန်ခမ်း ကျေးရွာအုပ်စု ကျေးရွာများဖြစ်သည့်
 စွမ်စော် ၊
မန့်ဝိန်း၊
နောင်ယန်း၊
ဋ္ဌတင်းလုံ၊
နောင်ခို၊
စယ်လန့်တို့တွင် ရေဘေးဒဏ် အများဆုံး ခံရကြောင်း၊  သွားရေးလာရေးခက်ခဲနေကြောင်း၊ လယ်ဧက ၃၀၀ ခန့် ရေလွှမ်းမိုးမှုခံနေရကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို နှင့် နမ့်ခမ်းမြို့ ကားလမ်းကို ယာယီပိတ်ထားကြောင်းလည်း သိရသည်။
 






.

မိုးသည်းထန်ရွာသွန်းမှုကြောင့် တာချီလိတ်တွင်မြေပြိုပြီး ၇ ဦး သေဆုံး

Tuesday, July 15, 2014 0 comments

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝမ်ကောင်း ရပ်ကွက်တွင် ဇူလိုင် ၁၂ ရက် ညသန်းခေါင်ကျော်ချိန်၌ မြေပြိုမှု ဖြစ်ပွားပြီး အိမ် ၂ လုံး ပျက်စီးကာ လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 



ရွှေတောင်မြို့ လေဆင်နှာမောင်းတိုက်ခတ်မှု နောက်ဆက်တွဲ

Tuesday, May 20, 2014 0 comments

 ~

 
    ပဲခူးတိုင်း    ရွှေတောင်မြို့နယ်၊ ညောင်ကုန်းရွာဟောင်းကျေးရွာဟာ မေ ၇ ရက်နေ့မှာ လေဆင်နှာမောင်းဒဏ် ခံရတဲ့အတွက်  အိမ် (၃၃) လုံး ပျက်စီးသွားပြီး ဒေသခံ အများအပြား အကူအညီ လိုအပ်နေပါတယ်။
  

  .
 လေဆင်နှာမောင်း တိုက်ခတ်အပြီး တွေ့ရတဲ့ မြင်ကွင်းတခု  (ဓာတ်ပုံ နဲ့ သတင်း – ကောင်းမြတ်မင်း / ဧရာဝတီ)
 
  .
အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ တရာဝန်းကျင် ရှိတယ်၊ ပျက်သွားတဲ့အိမ်တွေကို ပြန်မဆောက်နိုင်သေးဘူးလို့ ညောင်းကုန်းရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်က ဧရာဝတီကို ပြောပါတယ်။

     “စားဖို့သောက်ဖို့အတွက် ရွာအနီးအနားကတော့ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်တွေ လာလှူတယ်။ အစားအသောက်တွေက နှစ်ပတ်စာတော့ လောက်မယ်ထင်တယ်”

ပြီးခဲ့တဲ့ သောကြာနေ့အထိ ရွာကို ရောက်လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တချို့ရှိတဲ့အကြောင်းလည်း သူက ရှင်းပြပါတယ်။

“အဖွဲ့အစည်းထဲကဆို ပြည်ခိုင်းဖြိုးပါတီက တအိမ်ကို ဆန်(၂)ပြည်နဲ့ ဆီ ၁ ဘူး လှူတယ်။
ကျန်တာ တခြားရွာက အလှူရှင်တယောက်က အလုံးလိုက်ပျက်သွားတဲ့ အိမ်တအိမ်ကို ၈,၀၀၀ ကျပ် နဲ့ အမိုးလန်တဲ့အိမ်ကို ကျပ် ၄,၀၀၀ လှူတယ်။
အိမ်ကတော့ တလုံးပဲပြင်နိုင်သေးတယ်။ ကျန်တာက ယာယီတဲနဲ့ပဲ နေရတာ”

ယာယီတဲဖြစ်တဲ့အတွက် အကူအညီ အထောက်အပံ့ ဆက်လက် လိုအပ်နေမှာပါ။

“ယာယီတဲတွေက မလုံခြုံဘူး၊ ညနေဘက် မိုးရွာတော့ နေရေးထိုင်ရေး တော်တော်ခက်ခဲပါတယ်။
လောလောဆယ် စားဖို့တောင်သိပ်အဆင်မပြေတော့ အိမ်ပြန်ပြင်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
 အကုန်းလုံးက ကိုင်းသမားတွေ ဆိုတော့ သီးနှံပေါ်(ဆောင်းကုန်)မှ  တချို့ပြန်ဆောက်နိုင်လိမ့်မယ်။ အကူအညီတွေကတော့ လိုအပ်နေပါတယ်။ မနက်ဖြန်တော့ တိုင်းဒေသကြီးအစိုးရက လာလှူမယ်ပြောပါတယ်။
ဘာတွေလှူမယ်တော့ မသိဘူး။ တခြားအလှူရှင်တွေ နဲ့ အဖွဲ့အစည်းတွေက လာလှူရင်တော့ ကျနော်တို့ဘက်က အမြဲကြိုဆိုနေမှာပါ”

 ရွှေဟင်္သာအုပ်စု၊ ညောင်ကုန်းရွာဟောင်း       လေဆင်နှာမောင်တိုက်ခိုက်ချိန်ဟာ ၂ မိနစ်ခန့်သာ ကြာမြင့်ပေမယ့်  ဆိုခဲ့သလိုပဲ အိမ်ပေါင်း ၃၃ လုံး ပျက်သွားတာပါ။
  တချို့နေအိမ်များကို လယ်ကွင်းတွေထဲမှာ ပြန်တွေ့တယ်၊    ၁၁ လုံးကတော့ အမိုး၊အကာတွေ လန်ထွက်ကုန်တယ်လို့ သူက ဆက်ပြောပါတယ်။ 

 ဆုံးရှုံးမှုစာရင်းမှာ ကျပ်သိန်း (၁၀၀) ခန့်ရှိကြောင်း၊  ကိုင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရသူ တောင်သူများဖြစ်သည့်အတွက် သီးနှံပေါ်ချိန် လာမည့်ဆောင်းတွင်းမှသာ အိမ်ပြန်လည်ဆောက်လုပ်နိုင်မှာဖြစ်ကြောင်း  အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

 
  • ကောင်းမြတ်မင်း


   နွေရာသီ၊ ရွှေနတ်တောင်စေတီ နဲ့ ထော်လာဂျီ

 

.

ဒီရေကာတောတွေ ဒေးဒရဲ ပြန်လာမယ်

Friday, May 16, 2014 0 comments

 ~





(သတင်းနဲ့ ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ပင်လယ်ဒီရေကာတောများ ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေကြသည်။

ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်အုပ်စုအတွင်းရှိ ကျုံကနပ်စားကျက်မြေ အတွင်း၌ တနင်္လာနေ့မှ စတင်ကာ ဒီရေကာတောအတွက် အပင်ပေါင်းသုံးသောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊  ဒီရေကာတောစိုက်ပျိုးပွဲ ဦးဆောင်ကျင်းပသူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးက  ပြောသည်။

အပင် ခြောက်သောင်းအထိ စိုက်ပျိုးသွားရန်စီစဉ်ထားသည်ဟု ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

“ဒီဒေသမှာ ဒီရေကာတောက မဖြစ်မနေ လိုအပ်တဲ့အတွက် အခုလို စီစဉ်တာ ဖြစ်ပါတယ်။
 ဒီဒေသမှာ ဆိုင်ကလုန်း shelter အရေအတွက်လည်း နည်းတယ်။ ရှိတဲ့လူအင်အားနဲ့ ဘယ်လိုမှ မလောက်ငှဘူး။ အဲတော့ မုန်တိုင်းတို့ ဆူနာမီရေလှိုင်းတို့လိုမျိုး သဘာဝဘေးဒဏ်တွေကာကွယ်ဖို့က ဒီရေကာတောပဲ ရှိတယ်”

ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှုလည်း ရရှိထားသည်ဟု သူက ပြောသည်။

“ဒေသခံတွေကလည်း ဒီရေကာတောရှိမှ သူတို့ရေရှည် အသက်ရှင်ရပ်တည်လို့ရမယ် ဆိုတာကို သဘောပေါက်နေကြတော့ အားရ၀မ်းသာ ပါဝင် စိုက်ပျိုးကြတယ်”

 တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်သော ဒီရေကာတောစိုက်ပျိုးပွဲကို  တော်ကနိ-ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက်၊ မရမ်း၊ တော်ပေါင်စိန်၊ တော်ပိ၊ သြဥလမ်းစသည့်  ရွာပေါင်း ၂၀ ကျော်မှ ဒေသခံပေါင်း ၃၀၀ ကျော် ပါဝင်  ခဲ့ကြကြောင်း သိရသည်။

  • ကိုလိုနီအစိုးရက စိုက်တယ်၊ ဗိုလ်ချုပ်ကြီးတွေက ရှင်းထုတ်တယ် ~
ယင်းဒေသတွင် အင်္ဂလိပ်အစိုးရလက်ထက်က ၀ိတိုရိယဘုရင်မကြီးအမည်ဖြင့်  ကျောက်တိုင်စိုက်ထူပြီး စိုက်ပျိုးခဲ့သော ဒီရေကာတောစားကျက်မြေ   ဧက နှစ်ထောင်ကျော်က သဘာဝဘေးဒဏ်ကို ခုခံ ကာကွယ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါစားကျက်မြေများကို ၁၉၉၆ ခုနှစ်တွင် ယခင်အစိုးရ ကျေးရွာအေးချမ်းဖြိုးကောင်စီဥက္ကဋ္ဌ ဦးမြတ်စိုးက ၁ ဧက ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းစားခဲ့ရာ ဒေသခံနှင့် စီးပွားရေးသမားတချို့က ၀ယ်ယူပြီး  ခုတ်ထွင်ရှင်းလင်းကာ လယ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြကြောင်း၊ 
ဒီရေကာတောများ ပြုန်းတီးခဲ့ခြင်းကြောင့်  နာဂစ်မုန်တိုင်း ကျချိန်တွင်   သေကြေပျက်စီးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း တော်ကနိ - ညောင်လိန်ကုန်းကျေးရွာမှ ကိုမြင့်လွင်က ပြောသည်။


  • ဒေသခံတွေ ကာကွယ်ရေး လုပ်ဆောင်ပြီ  ~

လယ်ယာမြေဖြစ်ကုန်သည့် နေရာများကို   မူလအတိုင်း ဒီရေကာတောစားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ဒေသခံတို့က စုပေါင်းတောင်းဆိုခဲ့ရာ   ၀န်ကြီးချုပ် ဦးသိန်းအောင်က နှုတ်မိန့်ဖြင့် ခွင့်ပြုပေးခဲ့ပြီး ဒီရေကာတောစိုက်ပျိုးကြရန် တိုက်တွန်းအားပေးခဲ့ကြောင်း ဒေသခံဒေါ်စိုးစိုးက ပြောသည်။

“ကျမတို့ ၀န်ကြီးချုပ်နဲ့ သွားတွေ့တုန်းက ဒီရေကာတောတွေကို အဘတို့လည်းစိုက်မယ်။ သမီးတို့လည်း စိုက်ကြပါဆိုပြီး အားပေးခဲ့တယ်။
ဝန်ကြီးချုပ်ကြီးက အဲ့ဒီလိုတိုက်တွန်းအားပေးခဲ့တော့ ကျမတို့ဒေသခံတွေက အရမ်းဝမ်းသာသလို ကျေးဇူးလည်းတင်ကြတယ်”

နာဂစ်ကြောင့် ဒီရေကာတော ရှိသင့်ကြောင်း သဘောပေါက်ခဲ့ပြီဟု  သူက ဆက်ပြောသည်။

“အခုလည်း ကျမတို့နားတ၀ိုက်မှာရှိတဲ့ ဒီရေကာတောအပင်တွေကို ရသလောက်နှုတ်ပြီး စားကျက်မြေထဲမှာ ပြန်လည် စိုက်ပျိုးကြတာ။ နာဂစ်မုန်တိုင်းပြီးတဲ့နောက်ပိုင်း ဒီရေကာတောတန်ဖိုးကို ကျမတို့နားလည် သွားပြီ”

 ကျေးရွာပေါင်း ၄၀ ကျော်၊  လူပေါင်း ၄ သောင်းကျော် ရှိသည့် ဤပင်လယ်ကမ်းစပ်ဒေသတွင်  နာဂစ်မုန်တိုင်းကာလက  လူပေါင်းသောင်းနှင့်ချီ၍ သေကြေပျောက်ဆုံးခဲ့သည်။

 ဒီရေကာတောများ ပျက်စီးပြုန်းတီးမှုကြောင့်  တော်ပေါင်စိန်၊ ချောင်းသစ်ပေါက်၊ ရေတွင်းကုန်း၊ သံဒိပ်၊ တော်ကရင်၊ လေးရွာစသည့် ကျေးရွာများတွင် ပင်လယ်ရေတိုက်စားမှုများ ဆိုးဝါးစွာဖြစ်ပေါ်နေသည်။

 



.

ငလျင်ဒဏ်ခံရသူများကို ကူညီမယ့် မန္တလေးဂီတပွဲတော်

Saturday, January 5, 2013 0 comments

 ~



မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံရသူများ ကူညီထောက်ပံ့ပေးရန် ရန်ပုံငွေဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းက မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် စည်ကားစွာ စတင် ကျင်းပခဲ့သည်။


(ဓာတ်ပုံများ - မန်းသားလေး / ဧရာဝတီ)
ရန်ပုံငွေ ကျပ်သိန်း ၂၀၀ကျော် ရရှိပြီး ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများကို သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ကျပ် သိန်းနှစ်ရာအပြင် ဆန်အိတ် ၂၀၀ ကိုလည်း လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူများက ပြောသည်။
 
ရန်ပုံငွေပွဲတွင် မန္တလေးမြို့ရှိ အနုပညာရှင်များ၊ မြို့မအပျော်တမ်း တူရိယာအသင်း၊ ဧရာဝတီကဇာတ်၊ သတင်းသမားများ၏ တစ်ခန်းရပ် ပြဇာတ်နှင့် လူရွှင်တော် ချစ်စရာဦးဆောင်သော အငြိမ့် ပါဝင် ကပြမည် ဖြစ်သည်။
 
အနုပညာရှင်များ  မေတ္တာဖြင့် ပါဝင် ကူညီကြသော ဤပွဲတော်ကို မန္တလေးမြို့ စာပေအနုပညာရှင်များနှင့် သတင်းသမားများ စီစဉ်ခဲ့ခြင်းဖြစ်သည်။ 
 
 
























-

ငလျင် နှင့် မန္တလေးဒေသ အခြေအနေ

Sunday, November 11, 2012 0 comments


  ~



မန်းသားလေး ~


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျင်တခု ယနေ့နံနက် ၇နာရီ ၄၂ မိနစ် ၃၇ စက္ကန့် တွင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။

ငလျင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။

သေဆုံးမှု -

 ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့  ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ တွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

စဥ့်ကူး -
 ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁ နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။

 ငလျင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ် MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး) သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ ၅ ဦး ပျောက်ဆုံးလျက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးမှ ဦးလှဦး ပြောကြားသည်။

 “ငလျင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေက အခိုင်မာ မရှိသေး ဘူးလေ။ တယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေ တာ။ နောက် တယောက် ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟု ဦးလှဦးကပြောသည်။

 ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်း လည်း ရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

 စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။ စဥ့်ကူးတွင် ဗလီတခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။

 စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။

 ထို့ပြင် ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တလုံးပြိုကျပြီး လူ ၃ ဦး ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

 မန္တလေး
-
 မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများ အက်ကွဲခဲ့သည်။ ၂၅ လမ်း၊ ၃၅ လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်း သိရသည်။  သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသော အသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့် သေဆုံးသွားကြောင်း သိရသည်။

 “ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။

 အဆောက်အအုံတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစ ဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။

 မြေငလျင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊  မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရ သည်။

 အမရပူရ -

 အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈  ရှိ လေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ ခဲ့ရသည်။ 


ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ (မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။

 ရွှေဘို -


 ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက် ရှိ လောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။

 မိုးကုတ် -

 မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။





















-

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

0 comments

~




မန်းသားလေး ~




စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျင်တခု ယနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်က လှုပ်ခတ် မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။

သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူး ဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွင် သေဆုံးသူ ၂ ဦး၊ 

စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ ဦး နှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦး စုစုပေါင်း ၆ ဦး ဖြစ်သည်။ 

ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။

မြေငင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။


















-


ရေကြီးတဲ့ တောင်ငူက ရွာတရွာ

Saturday, July 28, 2012 0 comments

တနင်္ဂနွေနေ့က မိုးအသည်းအသန်ရွာပြီးနောက် တောင်ငူမြို့ မိုးကောင်းကျေးရွာမှာ ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။


ရေကြီးမှု အခြေအနေနဲ့ ဒေသခံတို့ရဲ့ ပြောဆိုချက်တွေကို တမိနစ်ကျော်ကြာ ဧရာဝတီရုပ်သံမှာ ကြည့်နိုင်ပါပြီ။

ငလျင် အကြို လေ့ကျင့်ရေး

Wednesday, February 15, 2012 0 comments




ဒီနေ့မနက် ၁၁ နာရီခွဲမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တ၀ှမ်းက လူစည်ကားရာနေရာတွေ၊ ဘူတာရုံ၊ ဆေးရုံ၊ ကျောင်း စတာတွေမှာ သဘာဝ ဘေးအန္တရာယ်တွေကျလာရင် ဘယ်လို လုပ်မလဲဆိုတဲ့ လေ့ကျင့်ရေးတခုကို လုပ်ခဲ့ကြပါတယ်။

ဒီလို လေ့ကျင့်ရေးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ၁၁ နာရီခွဲမှာ လုပ်မယ်ဆိုတာကို လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက တယ်လီဖုန်းတွေဆို SMS တွေပို့ပြီး အတူပါဝင်ဖို့ အကြောင်းကြား သတိပေးတာတွေရှိပေမယ့် အများစုကတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတာကြောင့် တကယ်တန်း ဥသြသံတွေ၊ မီးသတ်ကားတွေ၊ ဆေးရုံကားတွေ ရောက်လာချိန်မှာ အံ့အားသင့် ထိတ်လန့်နေသူတွေ တော်တော်များများကို တွေ့ရပါတယ်။ အကြောင်းရင်း သိထားသူတွေကလည်း ရယ်ပြုံးပြုံးနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။

တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေက ငလျင်လှုပ်တဲ့အခါ ထိခိုက်မှုမရှိအောင် ဘယ်လိုပုံစံနေရမယ်၊ ဘယ်လိုပြုမူရမယ် ဆိုတာတွေ ပြောပြ စေခိုင်းတဲ့အခါ ရီရီမောမောလိုက်လုပ်နေသူတွေလည်း ရှိသလို အလုပ်နောက်ကျမှာစိုးလို့ မပြီးနိုင်သေးဘူးလားဆိုပြီး စိုးရိမ်တကြီး ဖြစ်နေသူတွေကလည်း ရှိပြန်ပါတယ်။ မြို့ပြထဲမှာ ဒီလို လေ့ကျင့်မှု ဥသြသံတွေ ညံနေချိန်မှာ ဆင်ခြေဖုံးဒေသက လူအများစုကတော့ အမှုမဲ့အမှတ်မဲ့နဲ့ပဲ သွားလာလှုပ်ရှားမပြတ်ရှိနေတာကိုလည်း တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဒီလေ့ကျင့်ခန်းကြောင့် ဒေလီက လူတွေကတော့ ကိုယ်တိုင်ကိုယ်ကျပဲ ဖြစ်ဖြစ်၊ ရုပ်မြင်သံကြားကနေပဲ တဆင့် ငလျင်ဒဏ်ခံရရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့ အနည်းနဲ့အများ သင်ခန်းစာရယူနိုင်လိုက်ကြပါတယ်။



ငလျင်ကြောကျနေတဲ့ ဒေလီမြို့အနေနဲ့ ငလျင်ဒဏ်ခံရတဲ့အခါ ဘယ်လို တုံ့ပြန်ကြမလဲ၊ ထိခိုက်ဒဏ်ရာရသူတွေကို ဘယ်လိုကူညီကြမလဲ၊ ငလျင်ဒဏ်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရဲ့လားဆိုတာတွေကို စမ်းသပ်ဖို့ လုပ်တာလို့ ဒေလီမြို့တော် စည်ပင်အဖွဲ့က ပြောပါတယ်။

နိုင်ငံရဲ့ လူနေအထူထပ်ဆုံးဖြစ်တဲ့ နယူးဒေလီမြို့မှာ လူနေအိမ်၊ အဆောက်အဦးတွေဟာ စံနှုန်းထားကိုက်ညီအောင် ဆောက်ထားတာ နည်းပါးလွန်းလို့ တကယ်တန်း ငလျင်သာ လှုပ်ခဲ့မယ်ဆိုရင် ၉၉ ရာခိုင်နှုန်းဟာ ပြိုကျပျက်စီးမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။


ထိုင်းရေဘေး အတွက် မဲဆောက် မြန်မာအလုပ်သမားတွေလည်း လှူ

Friday, December 2, 2011 1 comments


မဲဆောက်မြို့ပိုင်ရုံးတွင်သွားရောက် လှူဒါန်းသည်။(ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံဘန်ကောက်ရှိ ရေဘေးဒုက္ခသည်များအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှ မြန်မာ အလုပ်သမားများက စားသောက်ကုန်များနှင့်ငွေသားများအပါအ၀င် ထိုင်းဘတ်ငွေ ၄၅၀၀၀ ခန့်ရှိအလှူပစ္စည်းများကို မဲဆောက်မြို့ပိုင်မှတဆင့် ယနေ့ ပေးအပ်လှူဒါန်း သည်။

စားသောက်ကုန်၊ ဆေးဝါးအပါအ၀င် ထိုင်းဘတ်ငွေ ၂၅၇၀၀ အနက် ငွေသားများကို မဲဆောက်မြို့ပိုင် နိုင်ပရီချာကျိုင်ဖက်နှင့် ဘန်ကောက် မဟာချိုင်းဒေသတွင် ရေဘေးကူညီမှုများပြုလုပ်နေသည့် ရွှေတွံတေးဝ ဆရာတော် ဦးဝါယမထံသို့ ထက်ဝက် စီပေးအပ်လှူဒန်း ခြင်းဖြစ်သည်။

အလှူပစ္စည်းနှင့်ငွေသားများကို မဲဆောက်မြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း များက မဲဆောက်ဈေး အပါအ၀င် စက်ရုံအလုပ်ရုံများမှ ကောက်ခံရရှိခြင်းဖြစ်သည်။

ပခုက္ကူရေကြီး နောက်ဆက်တွဲနဲ့ မြစ်သာမြစ်အခြေအနေ

Saturday, October 22, 2011 5 comments



ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား (Photo - Eleven Media Group)

ပခုက္ကူမှာ ရေကြီးလို့ သေဆုံးသူတွေကို ဆယ်ယူနေတာမှာ ဒီနေ့မနက်ပိုင်းမှာ ၈၃ လောင်း ဆယ်ယူရရှိပြီလို့ သိရပါတယ်။ တချို့ရုပ်အလောင်းတွေဟာ သဲတွေထဲ မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပြပါတယ်။ ပျောက်ဆုံးနေတဲ့သူ ၁၀၀ ကျော်ရှိနေသေးလို့ သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့မျောပါသွားတဲ့ အိမ်တွေအများစုဟာ ကျူးကျော်ရပ်ကွက်က အိမ်တွေဖြစ်နေလို့ အိမ်ထောင်စု ဘယ်နှခုလဲ၊ ဘယ်နှယောက် မျောပါသွားလည်းဆိုတာ အတိအကျသိဖို့ ခက်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြစ်သာမြစ်နဲ့ နေရဉ္စရ မြစ်ရေတက်လို့ ကလေးမြို့၊ ကလေးဝ၊ ဂန့်ဂေါမြို့တွေမှာ ရေလျှံပြီး လူနေအိမ်ခြေတွေ ရေမြုပ်ပျက်စီးကုန်လို့ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ အဲ့ဒီဒေသတွေက ရွာ ၈ ရွာကျော် ရေမြုပ်တယ်လို့ သိရပါတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ပြီး တောင်ပေါ်လမ်းတွေ ပြိုသလို မြစ်သာ မြစ်ကူးတံတားလည်း ရေကျော်လို့ တခြားပြည်နယ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်သွားသလို ကလေးမြို့ကနေ တမူးမြို့ကို ဆက်သွယ်တဲ့လမ်းလည်း ရေမြုပ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ရေနည်းနည်းချင်း ပြန်ကျနေပြီဖြစ်လို့ သိပ်မကြာခင်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာနိုင်မယ်လို့ သိရပါတယ်။






 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved