Showing posts with label Kyal Pyar. Show all posts
Showing posts with label Kyal Pyar. Show all posts

ကရင်နီဆိုပြီး ပြောင်းမလား၊ ကယားလို့ပဲ ဆက်ခေါ်မလား

Saturday, July 6, 2013 1 comments


ကယားပြည်နယ်အား မူလအမည်ဖြစ်သော ကရင်နီပြည်နယ် အဖြစ် ပြန်လည်သတ်မှတ်နိုင်ရန် မျိုးနွယ်စုပေါင်းစုံ၏ သဘောထား လက်မှတ်များ စုဆောင်းခြင်း၊ ဆေးဝါးကုသပေးခြင်းများကို ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ အကူအညီနှင့် လူမူရေးအဖွဲ့အစည်းများက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၏ နာမည်ကျော် တောင်ကွဲစေတီတော် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)
ကယားပြည်နယ် ၈၈မျိုးဆက် လူမူအကျိုးပြု ကွန်ယက်၊    ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၊    ကရင်နီလူငယ်များအဖွဲ့၊    ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)လူငယ်အဖွဲ့ နှင့် လွိုက်ကော်တက္ကသိုလ် ကျောင်းသားများ အဖွဲ့တို့က  ယခုလ ၅ နေ့မှ ၁၅ ရက်နေ့အထိ ကယားပြည်နယ် အနှံ့သွားရောက် ကောက်ခံသွားမည် ဖြစ်သည်။

“ကယားပြည်နယ်ဆိုတဲ့ နာမည်ကြောင့် တခြားမျိုးနွယ်စုတွေရဲ့စိတ်ထဲမှာ သူတို့တွေက ဧည့်လူမျိုးတွေလို ဖြစ်နေကြတယ်၊    မူလနာမည်ကို ပြန်ခေါ်နိုင်မယ်ဆိုရင် အားလုံးက ပြည်နယ်တခုထဲမှာ အတူတူရှိနေတယ်ဆိုတဲ့ စိတ်နဲ့စည်းလုံးမှု ပိုရလာမှာပါ” ဟု ကယားပြည်နယ် ၈၈ မျိုးဆက် လူမူအကျိုးပြုကွန်ယက်မှ၊   နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ  ဦးဖိုးခွားက ပြောသည်။

ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် အထိ ကရင်နီပြည်နယ် ဟု ခေါ်ဆိုခဲ့ကြသော်လည်း  ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ရက်နေ့တွင် ကယားပြည်နယ်အဖြစ် ပြောင်းလဲ အမည် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

သို့သော်လည်း ပြည်နယ်တွင် ကယားလူမျိုးများထက် ယကန်းလူမျိုးအများစု နေထိုင်လျက်ရှိသည်။
ထို့ပြင် ကဘော်၊   ဂေခို၊   ကခေါင်း၊   ဇယိမ်း၊    ကယော၊   ပကူး(ကရင်)၊   ယင်းတလဲ၊     ဂေဘား၊    မနူမနော၊    ရှမ်း၊    မအိုဝ်း၊    အင်းသား၊    ဗမာ စသော တိုင်းရင်းသားပေါင်းစုံလည်း ရှိနေပြီး  အစိုးရ သန်းခေါင်းစာရင်းအရ လူဦးရေ ၃သိန်းခွဲခန့်ရှိသည်ဟု သိရသည်။

 ကယားပြည်နယ်ဟု သတ်မှတ်လိုက်ခြင်းကြောင့် ကယားလူမျိုးများသာ အဓိကဖြစ်သွားပြီး အခြားမျိုးနွယ်စု အသေးများမှာ ခွဲခြား ဆက်ဆံခံရကြောင်း၊ မျိုးနွယ်စုများကြား သွေးကွဲမှုများ ယနေ့အထိဖြစ်နေသေးကြောင်း လူမူရေးအဖွဲ့အစည်းများက ဆိုသည်။

အမည်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟု ကယန်းပြည်သစ်ပါတီ၊    တွဲဘက်အတွင်းရေးမှူး ၁ ဦးစောလွင်က ပြောသည်။

“ပဲခူးတိုင်းထဲက သံတောင်မြို့နယ်၊    ရှမ်းဘက်က ဖယ်ခုံ၊   ပင်လောင်း နဲ့ မန္တလေးတိုင်းထဲက ပျဉ်းမနား၊    လယ်ဝေး ဆိုတာတွေက အရင်တုန်းက အနောက်ကရင်နီပြည်နယ်အပိုင်တွေပါ၊    ဒီကရင်နီအပိုင် နယ်မြေတွေကို ပြန်လည် စုစည်းပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သွားနိုင်ဖို့အတွက် ကရင်နီပြည်နယ်အဖြစ်ပြန်လည် ခေါ်ဆိုနိုင်ရေးက ပထမ အဆင့်ပါ” ဟု ဦးစောလွင်က ပြောသည်။

ပြည်နယ်အမည်ကို ပြောင်းလဲပေးရန် တိုင်းရင်းသား လူမျိုးများရေးရာကော်မတီ ထံသို့ ၂ဝ၁၂ ဒီဇင်ဘာလက စာ၂ ကြိမ်တင်ပြီးနောက်တွင် ဒီမောဆိုးမြို့နယ်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံ၍ စည်းရုံးရေးများ ပြုလုပ်ခဲ့ကြောင်း၊     အချို့သော ကယားလူမျိုးက ပြည်နယ်အမည် ပြောင်းလဲရေးနှင့် ပတ်သက်၍ ကျေနပ်မှုမရှိဟန်ပြခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါတွင် လူမျိုးပေါင်းစုံနှင့် လက်နက်ကိုင်အဖွဲ့များ၏ သဘောတူညီချက်များပါ  ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

အမည်ပြောင်းလဲလိုခြင်းနှင့် ပတ်သက်၍ စည်းရုံးရေးများ စတင်ပြုလုပ်စဉ်က ကရင်နီပြည်နယ် သမိုင်းကြောင်းကို သိသော လူကြီးများအနေဖြင့် နားလည်သော်လည်း၊    ကယားပြည်နယ်ဆိုသော အမည်အောက်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး သမိုင်းကြောင်း မသိသော လူငယ်များအား ရှင်းလင်းရာတွင် အခက်အခဲများ ရှိခဲ့သည်ဟု ဆိုသည်။

“ ပြည်နယ် သေးသေးလေးထဲမှာ လူမျိုးစုတွေက အများကြီး ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ကျနော်တို့ပြည်နယ်က လာမဲ့ ၂ဝ၁၅၊    ၂ဝ၁၂ လောက် ဆိုရင် အစိတ်စိတ်အမွှာမွှာကွဲ သွားနိုင်တယ်၊   ဒါကြောင့် အရေးတကြီး ကိစ္စလို လုပ်နေတာပါ” ဟု ဒေသခံတဦးဖြစ်သူ ဦးဖိုးခွားက ရှင်းပြသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ်၉(ဂ)တွင် ပြည်နယ် အမည်ကို ပြောင်းလဲလိုပါက အများပြည်သူ၏ သဘောထား ခံယူ၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်နိုင်ကြောင်း ပါရှိသည်။

ထို့ကြောင့် ဒေသခံများ၏ သဘောထားလက်မှတ်များ စုဆောင်းပြီးစီးပါက လွှတ်တော်တွင် တရားဝင် တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်အနှံ့ သွားရောက်မည့် ခရီးစဉ်တွင် ၎င်းဒေသများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အချက်အလက်များ ကောက်ခံခြင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တွင် ဒေသခံများအနေဖြင့် မသင့်လျော်သော ပါတီများအား မှားယွင်းကာ မဲပေးခြင်းများမဖြစ်စေရန် အသိပညာပေးခြင်း စသည့် အစီအစဉ်များလည်း ရှိကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ မှ အထွေထွေ အတွင်းရေးမှူး ခူးအသန်းက ဆိုသည်။

ပြည်နယ်အမည် ပြောင်းလဲလိုခြင်းအား ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းကြီးကျောင်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့တွေ့ဆုံပြီးနောက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး၊    ယင်းနေ့၌ပင် သဘောတူ လတ်မှတ်ထိုးခဲ့သူပေါင်း ၈ဝ ကျော်ရှိခဲ့သည်။

၁၉၅၁ ခုနှစ်က ပြည်နယ် အမည်ပြောင်းရန် အစိုးရအဖွဲ့က နာမည်ပြောင်းလဲရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းခဲ့သော်လည်း ဒေသခံများ၏  သဘောထားကို ကောက်ယူခဲ့ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

ကြယ်ပြာ ~



.


ကြက်ခြေနီအသင်း စစ်ရိပ်ကင်းပါ့မလား

Friday, May 31, 2013 0 comments


မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ဥပဒေမူကြမ်းကို အသစ် ရေးဆွဲပြီး ရှေ့နေချုပ်ရုံးတွင် တင်ပြထားကြောင်း သိရသည်။

ဥပဒေမူကြမ်းတွင် အစိုးရအနေဖြင့် ကြက်ခြေနီအသင်းအား ကူညီပေးရန် လိုအပ်နေသော အရာများ၊ အသင်းက ပြန်လည်ကူညီပေးနိုင်သော အရာများ၊ အစိုးရ၏ အရံအင်အားများ၊ အသင်း၏ ဥပဒေဆိုင်ရာ အဆင့်အတန်းများအား မြှင့်တင်ရန် နှင့် ထပ်မံ လုပ်ဆောင်သွားမည့် လုပ်ငန်းများ စသည်တို့ ပါဝင်သည်။

ယူနီဖောင်းဝတ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သည့် ကာလတလျှောက်လုံး ကြက်ခြေနီအသင်းသည် စစ်တပ်၏ အရံအင်အားအဖြစ် ရပ်တည်ခဲ့ရသည်။

မီးသတ်အဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များသည် မတ်လ ၂၇  ရက်နေ့တိုင်း ပြုလုပ်သည့် အစိုးရ၏ စစ်ရေးပြ အခန်းအနားတွင် ပါဝင် အင်အားပြခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

မြန်မာပြည်မှ ကြက်ခြေနီအသင်းသည် တခြားနိုင်ငံများနှင့် မတူဘဲ စစ်တပ် အရိပ်မိုးသော ကြက်ခြေနီအသင်းဖြစ်ခဲ့ရသည်။

ဒီမိုကရေစီသို့ အသွင်ပြောင်းနေသော မြန်မာပြည်တွင် ကြက်ခြေနီအသင်းက အစဉ်အလာဟောင်းမှ ရုန်းထွက်ခွင့် ရှိမရှိ ဆိုသည်မှာ အသင်း၏ ဥပဒေသစ်ပေါ်ပေါက်လာမှ သိရမည်ဖြစ်သည်။

ကြက်ခြေခတ် အနီရောင်ကို သုံးခွင့်မပြု


ကြက်ခြေနီအသင်း၏ သင်္ကေတမှာ အောက်ခံအဖြူပေါ်တွင် ရေးဆွဲထားသော အနီရောင် ကြက်ခြေခတ် ဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် တွေ့မြင်နေရသော ထိုသင်္ကေတကို ကြက်ခြေနီအသင်းကသာ တရားဝင် သုံးစွဲခွင့်ရှိသည်ဟု ဆိုသည်။

“ကြက်ခြေနီအသင်းရဲ့ သင်္ကေတကို ခိုးယူသုံးစွဲနေသူတွေကို တားမြစ်နိုင်ဖို့ အစိုးရအနေနဲ့ ဥပဒေတခုပြဌာန်း ပေးဖို့ဆိုတာကို တောင်းဆိုထားတယ်။
ကျနော်တို့ရဲ့ သင်္ကေတကို ဆေးခန်းတွေမှာ သုံးစွဲခွင့် ပေးမထားပါဘူး” ဟု  မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။

ကြက်ခြေနီ နဲ့ ပဋိပက္ခ


 မြန်မာတနိုင်ငံလုံးတွင် ရာသက်ပန်အသင်းဝင် နှစ်သိန်းခန့်ရှိသည်ဟု ဆိုသော ကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကျရောက်သော နေရာများ၊  လူကြောင့်ဖြစ်သော ပဋိပက္ခများတွင် ကယ်ဆယ် ကူညီရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ 

“ကြက်ခြေနီအနေနဲ့ တချို့ကိစ္စတွေမှာ နှစ်ဖက်စလုံးကို ကူညီသင့်လို့ ကူညီလိုက်တဲ့ အခါမှာ လူတွေအနေနဲ့ အထင်မြင် လွဲမှားတာတွေကို ခံရပါတယ်၊ ကျနော်တို့က နှလုံးသားနဲ့ အလုပ်လုပ်ပေမယ့် ဦးနှောက်ပါပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသာလှရွှေက ပြောသည်။

ပဋိပက္ခဖြစ်စဉ်များတွင်  အသင်း၏ လှုပ်ရှားမှု နည်းပါးသည်ဟု ယူဆကြခြင်းမှာ မှန်ကန်မှု မရှိကြောင်း အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ဥပဒေမူကြမ်းကိုသာ အတည်ပြုပြီးပါက ယခင်ကထက် ပို၍ လွတ်လပ်စွာ လှုပ်ရှားလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိသုံးစွဲနေသော ကြက်ခြေနီအသင်း ဥပဒေကို ၁၉၅၉ ခုနှစ်က ရေးဆွဲခဲ့ကြောင်း သိရသည်။

ရန်ပုံငွေ


 ကြက်ခြေနီအသင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တနှစ်လျှင် ဒေါ်လာ ၂ သန်း သုံးစွဲကြောင်း၊ အသင်းကြီး၏ ရန်ပုံငွေကို ပြည်ပအလှူရှင်များထံမှ အများဆုံး ရနေကြောင်း သိရသည်။

 ယခုနှစ်တွင် မြန်မာပြည်အတွင်း လေဆိပ်၊ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းပေါ်ရှိ  ယာဉ်ရပ်နားစခန်းများတွင် အလှူခံပုံးများ စတင်ထားရှိထားကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံက မြန်မာ့ကြက်ခြေနီအသင်းကို   ဒေါ်လာ ၁၄၅,၆၂၄ (ကျပ် သိန်းပေါင်း ၁,၃၇၃ သိန်း)  ပေးလှူခဲ့သည်။ ထိုသတင်းကို http://blog.irrawaddy.org/2013/05/blog-post_702.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်၏ အသက်၈၀ ပြည့်၊   ထိုင်းမြန်မာ နှစ်နိုင်ငံ သံတမန်ထူထောင်မှု ၆၅ နှစ်ပြည့် စသည့် အထိမ်းအမှတ်များအတွက် ပေးလှူခြင်း ဖြစ်ကြောင်း သိရသည်။

 



.


မြန်မာ့ကြက်ခြေနီအတွက် ထိုင်းရဲ့ သိန်းတထောင်ကျော်အလှူ

Thursday, May 30, 2013 0 comments


 မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဗုဒ္ဓဟူးနေ့မှာ အလှူငွေ  ဒေါ်လာ ၁၄၅,၆၄၂ (ကျပ်သိန်းပေါင်း ၁,၃၇၃) ရရှိခဲ့ပါတယ်။ 

ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်ရဲ့ အသက် ၈ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာပါ တဲ့။


(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

အလှူငွေကို  ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata က အသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေကို ပေးအပ်ခဲ့ပါတယ်။

အလှူရဲ့ ရည်ရွယ်ချက်တွေထဲမှာ ထိုင်းမြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ် ပြည့်သွားခြင်း ဆိုတဲ့ အချက်လည်း ပါပါတယ်။ 
 ကြက်ခြေနီအသင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုလုပ်ငန်းတွေကို ထပ်မံတိုးချဲ့သွားနိုင်တော့မှာပါ။

“ ဒီငွေတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ မြင့်တင်ဖို့၊ ကာကွယ်ပေးနိုင်ဖို့ နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးသွားမှာပါ။
ဒေသ သတ်မှတ်ချက်တော့ မရှိပါဘူး” လို့ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ သာလှရွှေက ပြောပါတယ်။

ဒီအတောအတွင်း အခမ်းအနား ၃ ခုကို ထိုင်းနဲ့ မြန်မာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

 ပထမဆုံးအနေနဲ့ မတ်လ ၉ ရက်နေ့မှာ ထိုင်းမြန်မာ ရိုးရာ အထည်ယက်လုပ်ခြင်းလုပ်ငန်းများ(သို့) ဖုံးကွယ်နေသော ရတနာများ  ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ဂျန်းရှင်းစကွဲစင်တာမှာ ဆွေးနွေးပွဲကြီးတခု ပြုလုပ်ခဲ့တယ်။

ဒီပွဲမှာ ထိုင်းမိဖုရားကြီးရဲ့ အထည်အလိပ် ယက်လုပ်ခြင်းဆိုင်ရာ ပြတိုက်ရဲ့ပြတိုက်မှူး မစ္စတာ ဆုတီရတ် ကယ်ဝါပွန်၊   မြန်မာဘက်က သမိုင်းပညာရှင် နဲ့ အထည်အလိပ်ယက်လုပ်ခြင်း ဆိုင်ရာ ကျွမ်းကျင်သူ ဦးတင်ဝင်းတို့က အဓိကဆွေးနွေးခဲ့ကြတာပါ။

နောက် ၉၊ ၁၀ ရက်နေ့မှာပဲ ထိုင်းက နာမည်ကြီး ဒီဇိုင်နာ အာဂျန်ပေါင်ထောင်၊ မြန်မာက မိုးကုတ်ပေါက်ပေါက်၊ ဒေါ်ဂရေ့ဆွေဇင်ထိုက်တို့ ပါဝင်တဲ့ ရှေးခေတ်သုံး အထည်အလိပ် ပြသပွဲ အစီအစဉ်ကိုလည်း တွေ့ခဲ့ရပါတယ်။
 ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်စန္ဒာခင်ကလည်း နှစ်နိုင်ငံပိုးထည်ရက်လုပ်တဲ့ လုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်။

နောက်ဆုံးပွဲကတော့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရိုးရာအ၀တ်အထည်၊ ခေတ်ပြိုင် ပိုးထည် ပြသပွဲပါပဲ။
နာမည်ကြီး ထိုင်းမော်ဒယ် ပန်ကိတ်နဲ့ ဗွီးထရီယို အနုပညာရှင်အဖွဲ့က လာရောက်ဖျော်ဖြေပေးခဲ့ကြတယ်။



.


တောင်ဆိတ်သားရေ၊ နွားသားရေ နဲ့ ပတ်လုံး

Saturday, January 12, 2013 0 comments




 ~


(ဓာတ်ပုံများ - ကြယ်ပြာ/ဧရာဝတီ)
မြန်မာ့ ဆိုင်းဝိုင်းတွေမှာ အသုံးပြုနေတဲ့ ပတ်လုံးလေးတွေကို ဘယ်လို လုပ်ကြတယ် ဆိုတာကို ဒီပုံလေးတွေကနေ မြင်တွေ့ရပါမယ်။

 ပထမဆုံးအနေနဲ့ ပိတောက်သားကို  ထွင်းရမယ်။ သစ်သားအမျိုးအစား တော်တော်များများကို ထွင်းလို့ရပေမယ့် ပိတောက်သားက ပတ်လုံး/ဗုံလုံး လုပ်ဖို့ အကောင်းဆုံးပါ။
ကိုယ်တိုင်ထွင်းယူတဲ့ ပညာရှင်တွေရှိသလို  ထွင်းပြီးသားကို မန္တလေးမှာလည်း ၀ယ်ယူနိုင်ပါတယ်။

ထွင်းပြီးသား အကြမ်းထည်
ဗုံပုံစံရပြီ ဆိုရင် ဗုံကိုအုပ်ဖို့အတွက် တောင်ဆိတ်သားရေ လိုအပ်နေပါပြီ။
ဒီတောင်ဆိတ်တွေက ရှားပါးစပြုလာတော့ အကြီးအသေးပေါ် မူတည်ပြီး အနိမ့်ဆုံးဈေး ကျပ်တသောင်းကနေ စ၀ယ်ရပါတယ်။
 ဒီသားရေတွေကို တောလိုက်နေတဲ့ မုဆိုးတွေဆီကနေ မှာယူနိုင်ပါတယ်။

မျက်နှာပြင်မှာအုပ်ရမယ့် တောင်ဆိတ်သားရေ
သားရေတွေကို ချက်ချင်း သုံးလို့မရနိုင်သေးဘူး။ ၁၀ ရက်လောက် နေလှန်းရပါတယ်။
 ပြီးမှ ရေပြန်ဆွတ်ပေး၊  အပေါက်ဖောက် ရတယ်။ ဒါမှ ဒီအပေါက်လေးတွေကနေ ကြိုးထိုးလို့ ရနိုင်မှာပါ။

ကြိုးထိုးနေပုံ
ဒီဗုံရဲ့ မျက်နှာပြင်နှစ်ဖက်လုံးကို တောင်ဆိတ်သားရေနဲ့ အုပ်ပြီးသွားရင် ပတ်ချာလည်ကို နွားသားရေကြိုးနဲ့ ထိုးပေးရပါတယ်။
နွားသားရေရဲ့ ဈေးကလည် မပေါ့ပါဘူး၊ အနည်းဆုံး ကျပ်တသောင်းအထက် ရှိနေပါတယ်။

ဒီလိုမျိုး တောင်ဆိတ်သားရေအုပ်၊ ဘေးကနေ နွားသားရေကြိုး ထိုးပြီးပြီ ဆိုရင်တော့ ဗုံတလုံး ဖြစ်သွားပါပြီ။ 
အပေါ်ကနေ ဗုံစာ ကပ်လိုက်ရုံပါပဲ။ 


တောင်ဆိတ်သားရေတချပ်ကို အောက်ကပုံလေးတွေပါ အရွယ်အစား ဆိုရင်   ၁၀ လုံးလောက် လုပ်လို့ရပါတယ်။ 
ဒီလိုမျိုး ပြုလုပ်ထားတဲ့ ဗုံတလုံးရဲ့ သက်တမ်းက အများဆုံး ၆ နှစ်လောက်အထိ ခံပါတယ်။

ကြယ်ပြာ ~

တောင်ဆိတ်သားရေ အုပ်ပြီးတော့ နွားသားရေကြိုးထိုးရပါတယ်



 






















--

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved