Showing posts with label Letter. Show all posts
Showing posts with label Letter. Show all posts

နော်ဝေ ဘုရင်မင်းမြတ်ထံ နော်ဝေရောက် မြန်မာများရဲ့ အိတ်ဖွင့် ပေးစာ

Wednesday, November 26, 2014 0 comments


နော်ဝေရောက် မြန်မာ ၁၀၀ ကျော်က မကြာခင် မြန်မာနိုင်ငံကို အလည်အပတ်သွားမယ့် နော်ဝေ ဘုရင် မင်းမြတ်ထံ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေတာကို သတိရှိစေဖို့ အိတ်ဖွင့် ပေးစာ တစောင်ကို မနေ့က ပေးခဲ့ပါတယ်။ 

 နော်ဝေဘုရင်နှင့် မိဖုရား၊ ဓာတ်ပုံ- mademoisellemiel

အဲဒီ အိတ်ဖွင့် ပေးစာ မြန်မာဘာသာပြန် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 


နော်ဝေဘုရင်မင်းမြတ်နှင့်ကြင်ယာတော်တို့၏ မြန်မာပြည်သို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်အား ကျွန်ုပ်တို့ နော်ဝေ နိုင်ငံရောက် မြန်မာတိုင်းရင်းသားအသီးသီးမှ ကြိုဆိုပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။

မြန်မာ့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွင် နော်ဝေနိုင်ငံသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါဝင် နေဆဲဖြစ်သည်ကို ကျွန်ုပ်တို့မှ အလေးအနက် အသိမှတ်ပြု ဖော်ပြလိုပါသည်။

မြန်မာကျောင်းသားများ ဦးဆောင်ခဲ့သော ၁၉၈၈ မြန်မာ့ ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသည့်နောက် ဒီမိုကရေစီ အရေး တော်ပုံကြီးမှ ထွက်ပေါ်လာသော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဗဲလ် ငြိမ်းချမ်းရေး ဆုပေးခြင်းဖြင့် ကမ္ဘာပြည်သူများ၏ အားပေးထောက်ခံမှုကို မြှင့်တင်ပေးခဲ့ခြင်း၊  Democratic Voice of Burma (DVB) ရေဒီယို အသံလွှင့် ဌာနထူထောင်ပေးပြီး မြန်မာ့ ဒီမိုကရေစီရေးကို အားပေး ကူညီခဲ့ခြင်းတို့အား  မြန်မာပြည်သူများအနေဖြင့် ထာဝရ အမှတ်ရနေကြပါသည်။

သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အပါအ၀င် နယ်စပ်ဒေသမှ မြန်မာဒုက္ခသည်များအား ကူညီပေးခဲ့မှု များမှာလည်း  တန်ဘိုးထား လေးစားအပ်သော လူသားဆန်သည့် အကူအညီများပင်ဖြစ်သည်။

ယနေ့ မြန်မာပြည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင်လည်း ငွေအားလူအား စိုက်ထုတ်ပြီး အရေးပါသော အခန်းမှ ပါဝင်နေသည်ကို ကျွန်ုပ်တို့ကောင်းစွာ သတိပြုမိပါသည်။ 

ဦးသိန်းစိန် ဦးဆောင်သော အမည်ခံ အရပ်သားအစိုးရအား အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍  ပြည်သူနှင့် ကမ္ဘာကယုံကြည်လေးစားမှု ရှိသော ဒေါ်အောင်ဆန်းစုကြည်မှ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့နိုင်ငံများမှ တစုံတရာ အသိအမှတ်ပြုခဲ့ကြပါသည်။

အထူးသဖြင့်နော်ဝေနှင့် အခြားနိုင်ငံများမှ ဒေါ်လာ ဘီလျံနှင့် ချီသောအကြွေးများကို လျော်ပစ်ခြင်း၊ ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခြင်းများသည် မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအတွက် အထောက်အကူပြုခဲ့ ပါသည်။ 

သို့သော်လည်း ဦးသိန်းစိန်အစိုးရသည် ဒီမိုကရက်တစ် အမည်ခံထားသော်လည်း သက်တမ်း(၄) နှစ်အတွင်း ပြည်သူအများ ယုံကြည်နိုင်လောက်သော ပြုပြင်ပြောင်းလဲရေး ပြုလုပ်ခဲ့ခြင်းမရှိပါ။ 

မိမိတို့ အနေဖြင့် အောက်ပါအကြောင်းအချက်များကြောင့်မြန်မာနိုင်ငံ၏ အနာဂတ်အား အထူးစိုးရိမ် ပူပန် မိကြောင်းဖော်ပြ လိုပါသည်။ 

            (၁) တရား ဥဒေစိုးမိုးမှု လုံးဝမရှိဖြင်း

            (၂) နော်ဝေနိုင်ငံ၏ အဓိက ထောက်ပံ့မှုဖြင့် လက်ရှိ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဆောင်ရွက် လျက်ရှိသော တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးမှာ ဖယ်ဒရယ်စနစ်အပေါ်  စစ်တပ် ၏ မယုံကြည်မှုကြောင့် ရေ ရှည်အာမခံချက် မရှိပဲ ပြည်တွင်းစစ် အရှိန်အဟုန်ပြင်းစွာ ထပ်မံဖြစ်ပေါ်လာ မည့် အရိပ် အယောင်များ တွေ့မြင်နေရခြင်း( ကချင်နှင့်အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေ စဉ်အတွင်း ကချင်ဋ္ဌာနချုပ် လိုင်ဇာအား လက်နက်ကြီးဖြင့် (၁၉.၁၁.၂၀၁၄)တွင် ပစ်ခတ်ခဲ့မှုကြောင့် တိုင်း ရင်းသား လူငယ် (၂၃) ဦး သေဆုံးပြီး အများအပြား ဒါဏ်ရာရရှိခဲ့ခြင်း)

            (၃) စစ်ပြေးရှောင် ဒုက္ခသည်များ တိုးပွားလာနေခြင်းနှင့် စစ်ပွဲဖြစ်နေသော ဒေသများတွင် စစ်တပ်မှ လူ့အခွင့် အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်း

            (၄) ဘာသာရေးပဠိပက္ခများကို ဖြစ်ပေါ်စေရန် လှုံ့ဆော်နေသူများနှင့် ကျူးလွန်နေသူများကို အစိုးရမှ ထိရောက် စွာ အရေးမယူပဲ အားပေးအားမြှောက်ပြုနေခြင်း

           (၅) နိုင်ငံအ၀ှမ်း  စစ်တပ်နှင့် ခရိုနီများမှ လယ်သမားတို့၏မြေဧက သန်းနှင့်ချီ၍ မတရား သိမ်းယူနေခြင်း
            (၆) မြေယာသိမ်းခံလယ်သမားများ လယ်ယာမြေပြန်လည်ရလိုမှုအတွက် ဆန္ဒပြတောင်း ဆိုနေမှုများကို ဥပဒေနှင့် အညီဖြေရှင်းခြင်းမပြုပဲ လယ်သမားများကို ထောင်သွင်းအကျဉ်းချနေခြင်း

            (၇) အလုပ်သမားများလုပ်အားခ နည်းပါးမှုနှင့်လုပ်ငန်းခွင်အတွင်းလုံခြုံမှု မရှိခြင်းကြောင့် ဆန္ဒပြနေကြခြင်း

            (၈) ဒီမိုကရေစီစနစ်နှင့် မလျော်ညီသော  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်ပေးရန် ပြည်သူ ၅ သန်းမှ လက်မှတ်ထိုးတောင်းဆိုထားသော်လည်း လုံးဝ ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း (၁၈.၁၁.၂၀၁၄) တွင် လွှတ်တော် ဥက္ကဋ္ဌမှ အသိပေးပြောဆိုခဲ့ခြင်း

            (၉) မီဒီယာ လွတ်လပ်ခွင့်များကို အကြောင်းအမျိုးမျိုးပြ၍ အကြမ်းဖက်ဖိနှိပ်နေခြင်း      
 
           (၁၀) ကျောင်းသားတို့၏မူလအခြေခံရပိုင်ခွင့်ဖြစ်သော လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် မပေး ခြင်း အပါအ၀င် ဖိနှိပ်ချုပ်ချယ်သော ပညာရေး ဥပဒေသစ်ကြောင့် သပိတ်မှောက် ဆန္ဒပြနေကြခြင်း
            စသောအခြေနေအရပ်ရပ်တို့ ဖြစ်ပေါ်နေပါသည်။
           
မိမိတို့ အနေဖြင့် နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှပ်နှံမည်ကို နိုင်ငံတကာ ကျင့်ဝတ်နှင့် အညီပြုလုပ် လိမ့် မည်ဟု မျှော်လင့်ပါသည်။ 

သို့သော် စီးပွားရေးတခုလုံးကို စစ်တပ်နှင့် ခရိုနီများ လက်ဝါးကြီးအုပ်ထားပြီး အထက်ပါအခြေနေများကို တစုံတရာ တိုး တက် အောင် ဆောင်ရွက်ခြင်းမရှိသော မြန်မာနိုင်ငံတွင် နော်ဝေ၏ ရင်းနှီးမြှပ်နှံမှုမှာ ပြည်သူများအားပိုမို ဖိနှိပ်သည့် အစိုးရတရပ် ဆက်လက်တည်မြဲအောင် အားပေးရာရောက်မည်ကို အသိပေးလိုပါသည်။

သို့ဖြစ်ပါ၍   စီးပွားရေးရင်းနှီးမြှပ်နှံမှုနှင့်အတူ အထက်ဖော်ပြပါအခြေနေများ တိုးတက်ကောင်းမွန်လာရန် အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား တန်ဘိုးထားလေးစားသည့်  နော်ဝေနိုင်ငံအနေဖြင့်

(၁) ဦးသိန်းစိန်အစိုးရနှင့်မြန်မာ့ တပ်မတော်မှ ကျူးလွန်နေသော လူအခွင့်အရေးချိုးဖောက်မှုများကို အထူး စိုးရိမ် ပူပန်မှုရှိ ကြောင်းထုတ်ဖော်ပြောကြားပေးပါရန်

(၂) နော်ဝေနိုင်ငံမှ လူသားခြင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပြည်သူ့ လက်ဝယ်သို့ အမှန် အကန်ရောက်ရှိစေရန်
(၃) ၂၀၁၅ တွင်ကျင်းပမည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတမှုရှိစေရန်နှင့်  ရွေးကာက်ပွဲတွင် အနိုင်ရခဲ့သောပါတီအား ရွေးကောက်ပွဲရလဒ်များကြေညာပြီးရက်ပေါင်း(၆၀) အတွင်း ရိုးသားစွာ အာဏာလွှဲပြောင်းပေးရန် တို့ကို အထူးအလေးထား တိုက်တွန်းပေးပါရန် တောင်းဆိုအပ်ပါသည်။




နော်ဝေနိုင်ငံရောက် မြန်မာများ 



"မတတ်နိုင်သောကလေးများ မျက်နာငယ်ရပါသည်"

Tuesday, July 22, 2014 0 comments

 ~




  ယခုနှစ်တွင် အစိုးရက အလယ်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ် လုပ်ဆောင်ပေးသည့်တွက် မိဘများက ၀မ်းသာလျက်ရှိပါသည်။

သို့သော်လည်းရှမ်းပြည်နယ်လွိုင်လင်မြို့နယ် ပင်လုံမြို့ အလက (၃) မှ ကျောင်း ကော်မတီဝင်များသည် ကျောင်းသား ကျောင်းသူ များအား တစ်ဦးလျင် ခုံဖိုး အလှူငွေအဖြစ်
ကျပ် ၃ဝ,ဝဝဝ၊ ကျပ် ၁၅,ဝဝဝ၊ ကျပ် ၅,ဝဝဝ  စသည်ဖြင့် ကောက်ခံနေကြပါသည်။

ဆရာမအချို့ကလည်း ကလေးများအား နင်တို့မိဘတွေ မလာထည့်ရင် ကျောင်းထွက်ပါ ဟုလည်းပြောပါသည်။

ငွေကြေးတတ်နိုင်သူများက ထည့်ဝင်ပြီး သော်လည်း မတတ်နိုင်သောကလေးများ မျက်နာငယ်ရပါသည်။

ထို့ကြောင့်ဖြေရှင်းဆောင်ရွက်ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။

  • မတတ်နိုင်သောကျောင်းသားမိဘများ
 
 



.

ထိုင်း ရောက် မြန်မာအလုပ်သမားတွေကို ပစ်မထားပါနဲ့ သမ္မတကြီး ( ပေးစာ)

Monday, June 16, 2014 1 comments

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြမည့် သူတဦးက ဧရာဝတီကို ပေးစာ တစောင် ပို့ထားပါတယ်။ သူ ဆန္ဒပြမယ့်အကြောင်းက ထိုင်းနိုင်ငံမှာ ပါ့စ်ပို့ ( နိုင်ငံကူး)လက်မှတ် ရှိပေမယ့် ထိုင်း ရဲတွေရဲ့ ဖမ်းဆီးမှု ဆက်တိုက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကိုယ်စား မြန်မာသံရုံးက တာဝန် ကင်းမဲ့နေမှုကို ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


"ယခု ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေနေများနှင့်အတူ ပါ့စပို့(စ်) အပါဝင် သက်သေ အထောက်အထားခိုင်လုံ စွာရှိနေသော မြန်မာအလုပ်သမားများသည် ယခင်ရောယခုပါ မတရားသဖြင့် ဖမ်းဆီးခံနေရမှုများကို ဘန်ကောက်မြန်မာသံရုံးမှ သိနေပါသောလည် မိမိတို့နှင့် မသက်ဆိုင်သလို တာဝန် ကင်းမဲ့စွာ နေသောကြောင့် ကျနော်များမှ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်ချက်မပါပဲ မည်သည့် ပါတီ မည်သည့်အဖွဲ့ကိုမှ ကိုယ်စာပြုခြင်း မဟုတ်ပဲ မိမိနှင့်ဘ၀တူ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား၏ ခံစားတွေ့ကြုံနေ ရသော ပြဿနာများအတွက် မိမိတစ်ဦးတည် လာမည့်အင်္ဂါနေ့ နံနက် ၁၀ နာရီ၌ ထိုင်း
နိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြမည်ဖြစ်ပါ၍ ဖြစ်ပေါ်လာမည် အကျိုးဆက် များ သည် မိမိတစ်ဦးတစ်ယောက်တည်၏ တာဝန်ဖြစ်ပါသည်။ "

လို့ ဆန္ဒပြမည့်သူက ပေးပို့တဲ့ ဓာတ်ပုံ ၂ ပုံနဲ့ စာမှာ ဖော်ပြထားပါတယ်။ 

 

ထိုင်း နိုင်ငံမှာ အခုတလော ဆက်တိုက်ဆိုသလို တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတာမှာ 
မြန်မာနိုင်ငံသားအများစုဖြစ်ပြီး တရားဝင် အထောက်အထားတွေ ရှိပေမယ့် ဖမ်းဆီး အနိုင်ကျင့်ခံရမှု တွေ ရှိနေတယ်လို့ ရွှေ့ပြောင်း မြန်မာအလုပ်သမား အသိုင်းအဝိုင်းတွေက ပြောနေပါတယ်။ 




အိမ့်သံစဉ် ~ 












ဧရာဝတီတိုင်းက ဝန်ကြီးချုပ်နဲ့ ရဲတွေ ဖတ်ဖို့ ပေးစာ

Saturday, June 14, 2014 0 comments

ဧရာဝတီတိုင်းမှာ လူကို ရိုက်နှက်ကာ ဆိုင်ကယ် လုယူထွက်ပြေးသွားမှု နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့အကြောင်း တိုင်းဒေသကြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ကို ရည်ညွှန်း တဲ့ ပေးစာ တစောင် လက်ခံရရှိထားပါတယ်။ 



ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့သိရှိစေရန် တင်ပြခြင်း 

ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် နှင့် မြန်အောင်မြို့နယ် အစပ် ကညင်ဂူရထားလမ်းကုန်းအနီးတွင် (28-5-2014)ရက်နေ့က ဖြစ်ပွားခဲံသော ဆိုင်ကယ်ကယ်ရီသမားအား ရိုက်နက်ပြီး ပစ္စည်းလုယူထွက်ပြေး သွားသော အမှုကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့အား အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

ဖြစ်စဉ်မှာ - (28-5-2014) ရက်နေ့တွက် ထူကြီးအသင်း ဦးတင်းဝင်း၏သမက်ဖြစ်သူ မြင့်ဇော်နှင့် သူနှင့်ပါလာသူ (အမည်မသိ) တစ်ဦးတို့ က ကျနော် ဦးမြင့်သိန်း ၏ သားဖြစ်သူ မောင်သက်စိုးဦး (ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ) အား ထူးကြီးမြို့ အောင်ကျော်မိုး ကားဂိတ်တွင် ဆိုင်ကယ်ငှားပြီး 
မြန်အောင် မြို့နယ် ကညင်ဂူ ရွာမဘက်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ 

ထိုမှပြန်လာပြီး ည(၁၀း၃၀)နာရီအချိန် တွင် ကညင်ဂူရထားလမ်းကုန်းအနီှးဆိုင်ကယ်ရပ်ပြီး အပေါ့သွားစဉ် ကယ်ရီငှားလာသူ မြင့်ဇော် နှင့် သူနှင့်ပါသာသူ တို့က ဆိုင်ကယ်မောင်းသူ သက်စိုးဦးအား အုတ်ခဲကျိုးဖြင့် ထုပြီး ရထားကုန်းအောက်သို့ ပစ်ချခဲ့ပါပြီး ဆိုင်ကယ်အား မောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ပါသည်။ 

သက်စိုးဦး မှာ အသက်မသေသော်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ ထိုည တွင် မြန်အောင်မြို့နယ် အင်ပင် ရဲစခန်းသို့သွားရောက်ပြီး အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ 

အင်ပင်ရဲစခန်းမှ ပ/၃၈၂/၃၂၅ ပုဒ်မဖြင့် လက်ခံ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။ 

တရားခံ နှစ်ဦး မောင်း၍ယူဆောင်သွားသောဆိုင်ကယ်အား မြန်အောင်မြို့နယ် ဒေါင်းကျရှိ ဆိုင်ကယ်ပြင် ဆိုင်တွင် ဖမ်းဆီးမိပြီး၊ တရားခံ (၂)ဦး က ထွက်ပြေးသွားခဲ့ပါသည်။ 

ရဲတပ်ဖွဲ့မှ ဆိုင်ကယ်ကို ဒေါင်းကျကျေးရွာအုပ်ချုပ်ရေးမှူး အိမ်တွင် အပ်ထားခဲ့ပါသည်။ 

ရဲတပ်ဖွဲ့မှ သက်သေခံ ပစ္စည်းထိုဆိုက်ကယ်အား ရဲစခန်းတွင် သိမ်းဆည်းခြင်းမရှိခြင်း၊ ပိုင်ရှင်ထံသို့ လည်း ပြန်လည် အပ်နှံမပေးခြင်း၊ တရားခံများအားလည်း ယနေ့ထိတိုင်အောင် ဖမ်းဆီးအရေးယူခြင်း မရှိသေးသည့် အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။ 

ဆက်သွယ်ရန် 

ဦးမြင့်သိန်း ဖုန်း - 09 250739106 











ရဲချုပ်နဲ့ တိုင်းရဲမှူးဖတ်ဖို့ ပေးစာ

Sunday, May 18, 2014 0 comments

ဓားထောက် အဓမ္မ ပြုကျင့်တဲ့ အမှုတခုကို အခုထိ ထိထိရောက်ရောက် အရေးမယူသေးတဲ့ အတွက် ရဲချုပ်နဲ့ တိုင်းရဲမှူး တွေကို တာဝန်သိပြည်သူတဦးက ပေးပို့ထားတဲ့ ပေးစာတစောင် ဧရာဝတီ က လက်ခံရရှိ ထားပါတယ်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့သိရှိစေရန် 

အကြောင်းအရာ။ ။ ဓါးထောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သည့်အမှုအား ရဲတပ်ဖွဲ့မှ စစ်ဆေးအရေး ယူဆောင်ရွက်ခြင်းမရှိသည့် အပေါ် အထက်လူကြီးမင်းများ သိရှိအောင်တင်ပြခြင်း။ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ကြက်သွန်းခင်း အုပ်စု-ကျေးရွာနေ အမျိုးသမီးတဦးကို ၁၃၇၅ ခုနှစ် သီတင်းကျွတ်လ တွင် မိဘများခရီးသွားစဉ် နေအိမ်တွင် တစ်ယောက်တည်းရှိသည့်အချိန် ည (၁၁)နာရီ အချိန်တွင် တစ်ရွာ တည်းနေသူတဦးက ဓါးထောက်ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ပါသည်။ 

၎င်းအဓမ္မပြုကျင့်သည့်ကိစ္စအား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းသို့ တိုင်တန်းခဲ့သော်လည်း ယနေ့(၁၇-၅-၂၀၁၄)အထိ အမှုအား ဥပဒေနှင့်အညီ လက်ခံဖွင့်လှစ် အရေးယူ
ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအကာကွယ်မဲ့မှုများ အခက်ခဲများနှင့်ရင်ဆိုင်ကြုံတွေနေရ သည့်အကြောင်း လူကြီးမင်းများ သိရှိအောင် တင်ပြအပ်ပါသည်။ 

တာဝန်သိပြည်သူတစ်ဦး 

ဆက်သွယ်ရန် - 

ကိုထွန်းထွန်း ၀၉ ၄၂၂၅၄၂၁၆၅ 












ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ

Saturday, May 10, 2014 1 comments

ဧရာဝတီ စာဖတ်ပရိသတ် တဦးဆီက ရောက်လာတဲ့ အယ်ဒီတာ့ထံ ပေးစာတစောင်ဖြစ်ပါတယ်။ ဧရာဝတီ ကို ရောက်ရှိလာတဲ့ ပေးစာတွေထဲက ဒီ တစောင်ကို ဒီတပတ်အတွက် ပေးစာကဏ္ဍမှာ ပြန်လည် ဖော်ပြ 
ပေးလိုက်ပါတယ်။


>>>>>
နိုးကြတော့
မြန်မာမျိုးချစ် နိုင်ငံချစ်များ
အောင်ဆန်းအကြောက်ဆုံးအရာ ဖြစ်လို့လာပြီလေ
စပါးတွေ စေတီက ခေါင်းလောင်းသံတွေနဲ့ ကျုပ်တို့ရဲ့ ရွှေနိုင်ငံ
ဟိုနိုင်ငံအဖြစ် ပြောင်းနေပါပေကော။

ဟုတ်တယ် ခင်ဗျားတို့ ခင်ဗျားတို့ ခင်ဗျားတို့
ဗုဒ္ဓဘာသာမဟုတ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ကြတာကို ဂုဏ်ယူတဲ့သူတွေ
မေတ္တာနဲ့ သစ္စာမရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ
အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး၊ “တီထွင်ထားတဲ့ အကြောက်နောက်မှာ စုဝေးကြသူတွေ”

ခင်ဗျားတို့ရဲ့ မြေတွေ အသိမ်းခံရ
ခင်ဗျားတို့ရဲ့မြစ်တွေ ဆည်ဆောက်ခံရလို့
ခင်ဗျားတို့ရဲ့ ကျန်းမာရေးပြိုကွဲ
ခင်ဗျားတို့ရဲ့ ဦးနှောက်ဆဲလ်မှာ အမုန်းတွေ လျှံနေ၊
ခင်ဗျားတို့ရဲ့ သစ်တောတွေကုန်ပြီ
မိန်းမတွေ အရောင်းခံရပြီး
သားတွေက နိုင်ငံရပ်ခြားမှာ ကျွန်တွေ …
ခင်ဗျားတို့ရဲ့ ကျောက်သံ ပတ္တမြားတွေကို  သူခိုးတွေခိုး
ဓာတ်ငွေ့နဲ့ ရေနံက ၀င်ငွေလည်း ခင်ဗျားတို့နဲ့မဆိုင်
ပြည်သူပိုင်တွေက ခရိုနီ-အရင်းရှင်-မာဖီးယား-စစ်တပ် လက်ထဲရောက်
ခင်ဗျားတို့ရဲ့ သီလ အဖျက်ဆီးခံရပြီး
ခင်ဗျားတို့ရဲ့ အနာဂတ်ကို ငြင်းပယ်
ခင်ဗျားတို့ရဲ့ အတိတ်ကတော့ ပျောက်ကွယ်ပြီ။

ခင်ဗျားတို့ ပြန်တိုက်ရမှာက
အိမ်ထဲက ရန်သူ ဗိုလ်ချုပ်တွေနဲ့ ခရိုနီအစု
ပြင်ပကရန်သူ ကော်ပိုရိတ်လဒတွေကို။
အဲဒီအတွင်းအပြင် ရန်သူတော်တွေဟာ
တချိန်တခါက ရွှေမြေကို “သယံဇာတ ဖါအိမ်”
ဈေးပေါတဲ့ အလုပ်သမားတွေ ထုတ်လုပ်တဲ့ ကြေးစားနိုင်ငံ
မဟာဗျူဟာ ပစ္စည်းတခုသာ
ပထ၀ီနိုင်ငံရေး ကိုယ်စားလှယ်ဖြစ်အောင် လုပ်သူတွေ။

ခင်ဗျားတို့မှာ မာနတက်စရာ ဘာမှမရှိ
ခင်ဗျားတို့ရဲ့ ဒေါင်းဆိုတဲ့ ဂုဏ်သရေဟာကလိုင်ကြီး
ခင်ဗျားတို့မှာ ကိုယ်ပိုင်တန်ဖိုးမဲ့နေပြီလေ
အသိမရရှိတဲ့ ကြေစားမယ်တွေနဲ့ ရွှေမြေ
သို့မဟုတ် လွန်ခဲ့တဲ့ နှစ် ၇၀ က ကွယ်လွန်သွားတဲ့ အောင်ဆန်းပြောခဲ့တဲ့ ဟိုနိုင်ငံ။
ကုမ္ပဏီကြီးတွေနဲ့ ကမ္ဘာ့ကိုယ်ကျိုးရှာ ဂိုဏ်းတွေက
သယံဇာတ ကြွယ်ဝတဲ့မြေကို ပစ်ခတ်နေတာ
ဘာမှမတတ်နိုင် ထိုင်ကြည့်နေဆဲ
ခင်ဗျားတို့ရဲ့ ကြေးစားတွေက မရှိတဲ့ ရန်သူကို တိုက်နေကြသလေ။
                                                ----------------------------------
နိုင်ငံရပ်ခြားနေ ဗမာတယောက်က (အင်္ဂလိပ်လို) ကဗျာတပုဒ်ပို့တယ်။ မချိတင်ကဲနဲ့ ရေးတာပဲ။ ကျုပ်တို့ရဲ့ ရွှေနိုင်ငံဟာ ဟိုနိုင်ငံဖြစ်နေပါပြီ။ ကျုပ်တို့ထဲက အချို့လူတွေဟာ ရန်သူအစစ်ကိုတော့မတိုက်ဘဲ တီထွင်ဖန်တီးထားတဲ့ ရန်သူကိုပဲ တိုက်နေတယ်။ 

အဲဒီရန်သူက မရှိဘူး။ 

တကယ့်ရန်သူတော်က “ခရိုနီ-အရင်းရှင်-မာဖီးယား-စစ် အစုအဖွဲ့”တဲ့။

ကျုပ်တို့ လမ်းမလွဲစေချင်လို့ တည့်စေချင်တဲ့ စေတနာနဲ့ ရေးဖွဲ့လိုက်တဲ့ ကဗျာလို့ထင်တာပါပဲ။ 

ဒါကြောင့် ကျုပ်လည်း ဘာသာပြန်ကြည့်လိုက်ပါတယ်။ 

လူတွေတလွဲတွေးနေတာကို စိတ်ပညာရှင်က “focusing illusion” လို့ဆိုတယ်။ 

တလွဲအာရုံရောက်နေခြင်းတဲ့။ ခင်ဗျားတို့ ဖတ်ဖူးမှာပါပဲ။ 

ဒင်နီရယ်ခန်နာမင် (Daniel Kahneman) ရဲ့ မြန်မြန်တွေးခြင်း၊ ဖြေးဖြေးတွေးခြင်း စာအုပ်ကို။
 
ဒင်နီရယ်ဟာ သိခြင်းစိတ်ပညာရှင်၊ နိုဘဲလ်ဆုရတယ်။ သူနဲ့ သူ့ဇနီးဟာ ကာလီဖိုးနီးယား၊ ဘာကလေ ကနေ နယူးဂျာစီ၊ ပရင်စတန်ကို ပြောင်းဖို့၊ မပြောင်းဖို့ ငြင်းခုန်ကြတယ်။ 

သူ့ဇနီးက အရှေ့ပိုင်း နယူးဂျာစီက လူတွေ ဟာ ကာလီဖိုးနီးယားက လူတွေလောက် မပျော်ရွှင်ကြဘူး လို့ဆိုတယ်။ 

ဒင်နီက အဲသလိုမဟုတ်တန်ဘူးလို့ တွေးတယ်။ 

ဒါပေမယ့် ဇနီးနဲ့ ပြန်ငြင်းမနေဘဲ ဒင်နီရယ်ဟာ သုတေသနလုပ်တယ်။ 

ကာလီဖိုးနီးယားမှာ နေထိုင်သူတွေဟာ ပိုပြီးပျော်ရွှင်ကြတယ်လို့ လူတွေက ယုံနေကြသော်လည်းပဲ၊ တကယ်ကျတော့ ကာလီဖိုးနီးယားမှာ နေသူတွေဟာ အိုဟိုင်ယို၊ မီချီဂန်မှာ နေတဲ့သူတွေနဲ့နှိုင်းရင် ဘ၀ကိုပိုကျေနပ်နေသူတွေ မဟုတ်ပါဘူးလို့ သုတေသနက တွေ့တယ်။


ဒါဖြင့် ဘာဖြစ်လို့ ကာလီဖိုးနီးယားတွေဟာ ပိုပြီးပျော်ရွှင်ကြတယ် လို့ လူတွေက ထင်ရတာတုန်း။ 

ဒေသနှစ်ခုကြားက သိသာတဲ့ ခြားနားချက်တခုဖြစ်တဲ့ ရာသီဥတုကိုပဲ လူတွေက ပိုပြီးအာရုံစိုက်ကြလို့တဲ့။ တလွဲအာရုံရောက်မှု (focusing illusion) တဲ့။ 

အာရုံရောက်မှုအလွဲဟာ ကိစ္စတခုခု အတွေ့အကြုံတခုခုဟာ ထူးထူးခြားခြား ထင်သာမြင်သာ ကွဲပြားနေရင်ဖြစ်တတ်တယ်။ 

လူဟာ ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားတော့ဘဲ ထင်သာမြင်သာတဲ့ အချက်အပေါ်ပဲတည်ပြီး ဆုံးဖြတ်တော့တာပဲ။

နိုင်ငံခြားမှာနေတဲ့ ကိုရွှေမိတ်ဆွေက ကျုပ်တို့ဟာ တလွဲမှာအာရုံရောက်နေကြတယ်လို့ စဉ်းစားတယ်။ ကျုပ်တို့ အနေနဲ့ ကျုပ်တို့ရဲ့ အာရုံကို ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ကြဦးစို့။ လောလောဆယ်မှာ အရေးကြီးတာတွေကိုလည်း အာရုံစိုက်ကြဦးစို့။



အယ်ဒီတာ့ထံ ပေးစာ

ဧရာဝတီ စာဖတ်ပရိသတ်တဦး







သံလျင် ရဲစခန်း ဖုန်းကိစ္စ ???

Tuesday, April 29, 2014 0 comments

ရဲစခန်းက ဖုန်းတွေနဲ့ပတ်သက်ပြီး သံလျင်သား တဦးက ဧရာဝတီကို ပေးစာတစောင် ပေးပို့ထားပါတယ်။ စိတ်ဝင်စားစရာ ပေးစာအပြည့်အစုံကို မူရင်း အတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 




ဒီနေ့မှ သိခဲ့တာက ကျွန်တော်တို့နိုင်ငံက ရဲစခန်းဖုန်းတွေက 21504...မြို့နယ်အလိုက် တိုင်းအလိုက် 
ရှေ့က ကုတ်အမည်တွေသာပြောင်းသွားတယ်။ ရဲစခန်းဖုန်းနံပါတ်တွေက အားလုံး အတူတူပါပဲ...။ 

ဒီတော့ အရေးအကြောင်းရှိလို့ ရဲစခန်းကို ဖုန်းဆက်မယ်ဆို 21504 ကိုဆက်ကြရပါတယ်..။ 

199 ကတော့ အရေးပေါ်ဖုန်းဆိုတာတော့ လူတိုင်းနီးပါးသိကြမှာပါ..။

ဖြစ်ချင်တော့ ကျွန်တော်တို့မြို့လေးမှာ အရေးအကြောင်းရှိလို့ အဲ့ဒီဖုန်းကို ဆက်တော့ လူကြီးမင်းနဲ့တွေ့ 
တွေ့နေတယ်..။ 

သေသေချာချာစုံစမ်းကြည့်တော့ အဲ့ဒီ ရဲစခန်းကဖုန်းက ဖုန်းဘေလ် မဆောင်လို့ ပိတ်ထားတာတဲ့ဗျာ..။ 

 ဒါနဲ့ ဆက်သွယ်ရေးကို ဟုတ်မဟုတ် စုံစမ်းကြည့်တော့ 2013 ကတည်းက ဖုန်းဘေလ်မဆောင်လို့ ပိတ်ထားတာပါတဲ့....ဘယ်လောက်လဲဆိုတော့ ၆ သိန်း နီးပါးလောက်ရှိတယ်..။ 

တစ်နှစ်အတွင်း ဖုန်းဘေလ် ၆ သိန်းနီးပါး (အတိအကျဆိုလျှင် ၅၉၄၃၃၈ ကျပ်) ဆိုတော့ မများလွန်းဘူး လားဗျာ...။

မြို့သူမြို့သားတွေ အကြောင်းကြီးငယ်ရှိလို့ ရဲစခန်းကို ဖုန်းဆက်မယ်ဆို ဘယ်လို ဆက်ကြမလဲ????? 

မြို့သူမြို့သားတွေကတော့ ဒီဖုန်းအတွက် ပိုက်ဆံစုပြီး ဖုန်းဘေလ်ဆောင်ပေးကြဖို့ ကြိုးစားနေကြလေရဲ့...။ 

ဒါမှ ကူညီပါရစေ ကို အလွယ်တကူခေါ်လို့ရမှာလေ...။ 

ကဲ ကူညီပါရစေကို အရင် ကူညီပေးလိုက်ကြပါဦး ဗျာ...။ 


ဧရာဝတီရဲ့ ပေးစာကဏ္ဍက ပြန်လည်ဖော်ပြပေးတဲ့ စာတစောင်ဖြစ်ပါတယ်။ 



 

ဦးဝီရသူသို့ အရှင် ဇဝနရဲ့ ပြန်ကြားစာ

Friday, April 18, 2014 2 comments

အခု တလော အွန်လိုင်း လောကမှာ အပြန်အလှန် ရေးသား ပြောဆိုမှုတွေနဲ့ စိတ်ဝင်စားစရာ အကြောင်းကတော့ ဗုဒ္ဓအဆုံး အမ၊ ဗုဒ္ဓသာသနာဟာ ဘယ်လို ဖြစ်သင့်သလဲ၊ ဘယ်လိုဖြစ်နေသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး လတ်တလော အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဇဝနက နာမည်ကြီး မစိုးရိမ်ကျောင်းက ဦးဝီရသူကို ပြန်လှန်ရေးသားထားတဲ့ စာက စိတ်ဝင်စားစရာ ကောင်းတာမို့ ဧရာဝတီက မူရင်း အတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 


ညီမောင် ဦးဇင်းဝီရသူ ထံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) မှ မေတ္တာဖြင့် ပြန်ကြားခြင်း  

ဝေဘန်တာလား အပြစ်ပြောတာလားဆိုတာ လက်ခံရယူသူရဲ့ ဓာတ်ခံနဲ့သာဆိုင်တဲ့ကိစ္စမို့ ဒီစာကို ညီမောင် ရှိပြီးသားဓာတ်ခံပေါ်ကနေပဲ လက်ခံရယူပါ။ ညီမောင့်မှာ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိတယ်ဆိုတာ သိသာ ထင်ရှားနေတဲ့ကိစ္စ အထွေအထူး မပြောတော့ပါဘူး။ 

ညီမောင့်သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ အချိန်နှောင်းသော်လည်း အချိန်မှီလောက်မယ်ထင်လို့ ဒီစာကိုပြန်ပါတယ်။ 

မြန်မာပြည်သားတွေက အာဏာရှင် လက်အောက်နေလာခဲ့ရတာ ကြာတော့ အတိုက်အခံ ဆိုတာနဲ့ မယှဉ်ပါးကြချိန်မှာ တခုခုပြောရင် ဝေဘန်တယ်လို့မထင်၊ အပြစ်ပြောတယ်ထင်ပြီး တုန့်ပြန်တတ်ကြအထဲ ညီမောင် မပါဝင်တာ ဝမ်းသာတယ်။ 
နိုင်ငံတကာမှာတော့ အတိုက်အခံက ပြောတာကို ပြန်ငြင်းချင်ငြင်းမယ်၊ သူတို့ပြောတဲ့ စကားက ဒီအတိုင်း အတာအထိ ငါ့ကိုပြောနေတာ ဘယ်လို ချွတ်ယွင်းချက်ကြောင့်ဆိုတာပြန်ရှာကြ မှန်နေရင် လမ်းကြောင်း အသစ်ရွေးကြနဲ့ -အခုလဲညီမောင် ပြန်ငြင်းပါ -ပြီးတော့ဟုတ် မဟုတ်စဉ်းစားတာလောက်လေး ညီမောင် လုပ်မိတယ်ဆိုရင်တောင် ဒီစာရေးရကျိုးနပ်ပါပြီ။ 

အခု စာကို ရေးရတာဟာလည်း အမုန်းခံပြီး ရေးတာပါ။ ကိုယ်ကျိုးအတွက် တခုမှမပါပါ။ မြန်မာလူထု အားလုံး စစ်တပ် ထိန်းချုပ်ထားမှုအောက်က အမြန်လွတ်ဖို့ တခုပဲ ရည်ရွယ်ပါတယ်။ 

ကိုယ်ထောင်ကထွက်လာပြီးချင်းချင်းမှာ နွေးနွေးထွေးထွေး ကြိုဆိုတာဆိုလို့ မဟန ဆရာတော်တွေထဲက ဆရာတော် ဦးတိလောက တပါးတည်းသာ ရှိပါတယ်။ ဆရာတော်ဦးတိလောကကို ဆရာတော်ရဲ့ အမျိုးချစ် စိတ်ကို သံသယမရှိဘူးလို့ ဆိုခဲ့ပြီးသားပါ။ ဆရာတော်ရဲ့ကျေးဇူးတွေကို အမြဲအမှတ်ရနေပါတယ်။ 

ဆရာတော်ကို ကြည်ညိုလေးစားလို့ အရာအားလုံး သဘောတူရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ ဆရာတော်ရဲ့သီလသမာဓိ ဆရာတော်ရဲ့ အမျိုးချစ်စိတ်ကို အားယူပြီး အမုန်းတွေ ဟောပြော
နေ တဲ့ နောက်ပါ တချို့ရဲ့ဟောပြောနေမှုကြောင့် အားလုံးသဘောမတူသင့်ဘူးဆိုတာ ထင်ရှားလာတယ်။ (တချို့သံဃာတော် တွေဟာ ထိမ်းသိမ်းရခက်တယ်လို့ ဆရာတော်ကိုယ်တိုင်ညည်းတွားတာ အတွင်း စကားကြားရပါတယ်)။ 

သာသနာရေးဆိုင်ရာကိစ္စမှာ တသွေမတိမ်းလိုက်နာဖို့ အဆင်သင့်ရှိပေမယ့် ဆရာတော် မကျွမ်းကျင်တဲ့ နယ်ပယ်အလုပ်ကို အားလုံး သဘောတူလို့တော့ ရမယ်မထင်ပါဘူး။ 

အခုဖြစ်နေတာက ဥပမာ ပုံစံတခုပြရရင် အင်မတန်ကြီးမားတဲ့ နဂါးမင်းဟာ သူ့ ဦးခေါင်းလေးရွှေ့လိုက်တာ မသိသာလှပေမယ့်၊ နောက်ပိုင်းက သူ့တကိုယ်လုံးရဲ့ အရွေ့က ဦးခေါင်းရွေ့တာထက် အများကြီး အရှိန်ပိုပြင်းတယ်ဆိုတာ သိမှာပါ။ 

ဆရာတော်တပါးတည်း ကိစ္စက ပြောစရာမရှိပါ။ နောက်ပါ အချို့ကြောင် လူအမြင်စောင်းတဲ့ ဖက် ပိုပိုရောက်တာပါ၊ ရိုးရိုးသားသားအမျိုးချစ်သူများကို လေးစားပြီးသားပါ။ အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင်အတွက် စည်းရုံးရေးမှူးတွေအဖြစ် ပါဝင်နေသူတချို့ကိုသာ ရည်ရွယ်ပါတယ်။ 

ဒါပေမယ့် အမျိုးချစ်စိတ် တခုတည်းနဲ့ အမှန် တရားကို တည်ဆောက်လို့မရတာကတော့ လူ့သမိုင်းတွေက သက်သေခံနေပြီးသားပါ။ အမျိုးသားရေး အမြင်တခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးတောင် 
ဖြစ်ခဲ့ဘူးပါတယ်။ 

သတ္တလောက တခုလုံးအတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်ရှောက်မှုဆိုတာ ဆန့်ကျင်ဘက် အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာ မလိုပါဘူး။ 

တဦးချင်းလွတ်မြောက်ရေးမှာ အတ္တပေါ် အခြေခံတဲ့အမြင်ရှိလျှင်တောင် ဗုဒ္ဓက ဖယ်ရှားခိုင်းနေတာမို့၊ အမျိုးဘာသာကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တအားကြီးသူတွေကို အားပေးမယ် မထင်ပါဘူး။ 

တချို့လူတွေက သိင်္ဂါလသတိုးသားကို ဟောကြားခဲ့တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို အကိုးအကားလုပ်ပြီး ငါ့အမျိုးမှငါ့အမျိုး လုပ်ချင်ကြတယ်။ 

သိင်္ဂါလကိုဟောခဲ့သလို သာကီဝင် ဆွေတော် မျိုးတော်တွေ အမျိုးဂုဏ်ထောင်လွှားလို့ တန်ခိုးပြဋိဟာ 
ပြပြီးဆုံးမခဲ့တာကိုတော့ လျှစ်လျှူရှုထားကြတယ်။ အမုန်းစကားတွေနဲ့ ဟောပြောပြီး တဖန် ငြိမ်းချမ်းရေး ပါလို့ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်။ 

ညီမောင်ရေ..၊ တပည့်တော်တို့ သံဃာထုအနေနဲ့ မကြာခင်က ထွက်ပေါ်လာတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ခြေလှမ်းများကို သတိထားစောင့်ကြည့်ပြီး ကန့်ကွတ်သွားရမှာသာ ဖြစ်ပါတယ်။ 

ဒီဥပဒေကြမ်းတင်သွင်းမှုတွေက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဘာသာရေးနဲ့နိုင်ငံရေးကို ရောသမမွှေပြီး ပိုမိုရှုတ်ထွေးအောင်လုပ်ဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ 

ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးမှုက တိုင်းပြည်ကို ချောက်ထဲ ဆွဲချဖို့သာ ဖြစ်တယ်။ မြန်မာပြည် မှာရော ကမ္ဘာမှာပါ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုကြောင့်ကောင်းကျိုးဖြစ်ခဲ့တဲ့ အရာ မရှိခဲ့ဖူးဘူး။ ခါးသီးမှုတွေသာ ကြုံခဲ့ကြရတယ်။ 

တပည့်တော်တို့ သံဃာတွေအနေနဲ့ သာသနာကို စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ သာသနာ့ ၀န်ထမ်းတွေ ဖြစ်တယ်။ သာသနာ့ဝန်ထမ်းတွေဟာ အစိုးရရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး အသုံးချမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် သွားရမှာပဲ ဖြစ်တယ်။ 

ညီမောင်ဘုရား.. ၊ မစိုးရိမ်ကျောင်းတိုက်ကြီးဆိုတာ မြန်မာ့ သာသနာ သမိုင်းမှာကော ခေတ်သစ် သမိုင်းမှာပါ အံမခန်း တောက်ပြောင်ခဲ့ တောက်ပြောင်နေတယ် ဆိုတာ အထင်အရှားပါ။ 

ဆန့်ကျင်ဘက်ကို ရန်လို အမုန်းစကားတွေကြောင့် ရန်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတဲ့အခါ၊ ဒီမစိုးရိမ် နာမည် ကာဗာခုတုံးလုပ်ပြီး ဟောသမျှ ပြောသမျှ လုပ်နေတာဆိုလျှင် လူတွေက မစိုးရိမ် သံဃာအားလုံးရဲ့သဘောထားလို့ ထင်နေတော့မှာ သေချာပါပဲ။ 

ကိုယ်က တသီးတခြားစီဆိုတာ ထင်ရှားအောင် မပြလျှင်တော့ လူတွေဆိုတာ ၀ီရသူနဲ့ မစိုးရိမ် ရောထွေး
မြင်မှာ တွေးမှာပါပဲ။ မစိုးရိမ်တိုက်ဟာ မြန်မာသာသနာ့ သမိုင်းမှာ အရေးပါတဲ့ တိုက်ဖြစ်လို့ ညီမောင်ရဲ့ အစွန်းရောက်တရားတွေ ပြောဆိုပြုမူမှုတွေ၊ အစိုးရအားရအောင် လုပ်မှုတွေဟာ တိုက်ကြီး သိက္ခာကို ထည့်တွက်သင့်တယ်။ ညီမောင်လုပ်သမျှကို မစိုးရိမ် တတိုက်လုံးက သဘောတူနေပြီလား ။ 

တခြားအကောင့်တွေ ကြေငြာချက်တွေမှာ ညီမောင်နဲ့ သဘောထားကွဲလွဲသော အမြင်များကိုတွေ့နေရလို့ မေးတာပါ။ 

ပိုထင်ရှားတာက မကြာခင်က မောင်သွေးချွန်ဟောပြောပွဲကို တိုက်မှ ဘယ်အတိုင်းအတာ နဲ့ ခွင့်ပြုခဲ့သလဲ ဆိုတာ ကအဖြေပါ။ (မောင်သွေးချွန်ဆိုတာလည်း စာပေနယ်မှာ သိက္ခာမရှိ လူရာမသွင်းတဲ့သူကို တကယ့်ပညာရှိကြီး ထင်ပြီး ကိုးကွယ်နေကြတယ်လို့ ပြောဆိုစကားတွေ ၊ ကိုယ်ရထားတဲ့ဘွဲ့ကိုမှ အားမနာ လို့ ရှင်လူတွေက ပြောနေကြတာ ညီမောင်ကြားမိပါစ။) 

ဘာပဲဖြစ်ဖြစ် အမှန်မသိကြသူတိုင်းက ညီမောင်ပြောသမျှ ဟောသမျှ အားလုံးဟာ မစိုးရိမ် သံဃာ အားလုံးရဲ့ အမြင်သဘောထားလို့ပဲ ထင်နေဦးမှာပါပဲ။ 

ညီမောင်က “ချစ်သူကို အားမကိုးရရင် အားကိုးရသူကိုပဲ ချစ်မှာပါဘုရား”- ဆြို့ပီးပြောလာတော့ စစ်တပ်ကို လော်ဘီလုပ်နေတာ အထွေးအထူးရှာစရာ မလိုတော့သလိုဖြစ်သွားပါပြီ။ 

အခု ချစ်သူကကော တကယ်အားကိုးရသူ အစစ်လား၊ အမျိုး ဘာသာ သာသနာ အတွက်ကိုပြောတာပါ။ သံဃာတွေ ဝရမ်းထုတ်ထောင်ချ ဘုရားဖြိုကျောင်းဖျက် တာလီဘန်နဲ့ တတန်းထဲ ရှိတဲ့ သူတွေကို မဘသတွေ က အားကိုးရုံတင်မဟုတ် တာလီဘန်တွေက အမျိုးသမီးတွေကို ကန့်သန့်ချုပ်ချယ်တဲ့ အမှုမျိုးလို ဦးသိန်းစိန် တာလီဘန်အစိုးရလက်ထဲ ဥပဒေပြုဖို့ ဝကွက် အပ် လိုက်တာကတော့ တာလီဘန်နိုင်ငံအဖြစ် အတင်း တည်ဆောက်ခိုင်းတာနဲ့ မတူနေဘူးလား ဘုရား၊ တကယ့်မျောက်လက်ထဲ မီးဒုတ်အပ်လိုက်တာပါပဲ။ 

ဒါပေမယ့် စစ်တပိုင်း အစိုးရကတော့ ၂၀၁၅ အတွက် အရှင်ဘုရားများကို အားကိုးမှာပါ။ နိုင်ငံရေး သမားတွေ က ရည်ရွယ်ချက်မပျောက်ကြပါ။ 

သူတို့လုပ်ရမည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရေးကိစ္စကနေ တဆံချည်မရွေ့ ဦးတည်ချက်မပြောင်းကြပါဘူး။ အမျိုးသားရေး ပြောလိုက်၊ တမျိုးသားလုံးကို ဒုက္ခပေးခဲ့တဲ့ စစ်တပ်ကိုပဲ အားကိုးရမယ်လို့ ဟောပြော လိုက်လုပ်နေတဲ့ ညီမောင်တို့သာ လမ်းပျောက်နေတာပါ - ကိုယ်တွေကတော့ ရိုဟင်ဂျာဆို တာ 
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်ရေး ဆန့်ကျင်တာကို တသဘောထဲ မကွဲမပြား သဘောတူပြီးသားပါ။ 

ကျူးကျော်သူတွေကို တိုင်းရင်းသားအဖြစ် အတင်းလက်ခံခိုင်းသူမှန်သမျှကိုလည်း အများနဲ့နည်းတူ တက်တက်ကြွကြွကို ဆန့်ကျင်ခဲ့ကြတာပါ- ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး ဆန့်ကျင်တာနဲ့ တပြည်လုံးရှိ မွတ်စလင်တွေကို ဆန့်ကျင်ဖို့ဆိုတာကတော့ သဘောမတူနှိုင်ပါဘူး။ 

ဒီပွဲတွေ စ ရာကနေ ဒီဇာတ်ရှုပ်ကြီးကဖြစ်လာတာပါ။ ကုလားမုန်းတာ တခုတည်းနဲ့ ကုလားကို ဆန့်ကျင်တာ တခုတည်းနဲ့တော့ အမျိုးသားရေးဆိုတာကြီးကို မအော်ပါနဲ့။ တမျိုးသားလုံး ငတ်ပြတ် သေ ကျ- ဘာသာ-သာသနာဖျက်ခံနေရ တာတွေဟာလည်း အမျိုးသားရေးပါ။ 

လက်ပံတောင်းတောင်က လယ်တီသိမ်၊ ပျဉ်းမနားက ကျောင်းအဖျက်ခံ ထောင်ချခံ ဝရမ်းအထုတ်ခံ သံဃာတွေ ရဲ့အရေးဟာလည်း အမျိုးသားအရေးပါပဲ။ နိုင်ငံခြားထွက် မြန်မာအမျိုးသမီးတွေ ကျွန်ခံနေရတာလည်း အမျိုးသားရေးပါပဲ။ 

နောက်ပြီး စစ်တပ်က အဓမ္မမုဒိမ်းကျင့်နေတဲ့အမှုနဲ့ ကုလားမုဒိမ်းအမှု ဘယ်က ပိုများတယ်လို့ကော စစ်တမ်းကောက်ကြည့်ဖူးလား။ ဒီကိစ္စ အားလုံးရဲ့တရားခံက စစ်တပ်ပါ။ 

ဒီတော့ စစ်အာဏာရှင် တည်တန့်ရေး-လုပ်တာဟာ - အာဏာရှင် ဖယ်ရှား ဖယ်ရှားလိုသူတွေက်ို အဟန့်အတားလုပ်တာနဲ့ အတူတူပါပဲ၊ အကုသိုလ်ဒုစရိုက် အမှုကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့ စစ်အာဏာရှင်ကို အားပေး အားမြှောက် ပြုသူဟာ အလိုတူအလိုပါ ပါပဲ။ 

တပည့်တော်ကတော့ ရာစုဝက်ကျော် စစ်အာဏာရှင်တွေရဲ့တလျှောက်လုံး လိမ်ညာကောက်ကျစ်ခဲ့တဲ့ အမှုတွေကြောင့် တိုင်းပြည်အတွက်ကော အမျိုးဘာသာ သာသနာအတွက်ကော စစ်တပ်ကိုယုံကြည်လို့ မရသေးတာကတော့ ခွင့်လွတ်ပါ။ 

စစ်တပ်မှတပါး စစ်သားအသွင်ပြောင်းမဟုတ်တဲ့ အရပ်သား ဒေါ်စု မကလို့ဘယ်သူဖြစ်ဖြစ် ထောက်ခံပါတယ်။ သူတို့က ဥပဒေအရ ဖြစ်စေ လူထုမကြိုက်ရင်ဖြစ်စေ ဆင်းပေးကြမယ်ဆိုတာ ယုံလို့ပါပဲ။ 

မဘသတို့ရဲ့ မျိုးစောင့်ဥပဒေကြောင့် တိုင်းရင်းသား စည်းလုံးမှု ရ-မရ ဆိုတာကတော့ တိုင်းရင်းသားတွေ အသံနားသာထောင်ကြည့်ပါ။ ဒီစာရေးတာ အမုန်းနဲ့ရေးတာမဟုတ်ပါ။ အမုန်းခံဖို့ ရေးတာပါ။ 

ဒီအမြင်ကြောင့် ဒီလိုကန့်ကွက် ရတယ်ဆိုတာ သိရအောင်ပါ။ ပူးတွဲပါလင့် များ ထဲကတော့ စစ်တပ် 
လော်ဘီနဲ့ စစ်တပ်ဆန့်ကျင်သူကို ရှုတ်ချထားတဲ့လင့်တွေပါ- 

မေတ္တာဖြင့် 

အရှင်ဇဝန(နိုင်ငံရေး အကျဉ်းသားဟောင်း) 

https://www.facebook.com/photo.php?v=585229831559489&set=vb.100002174332567&type=3&theater 

https://www.facebook.com/photo.php?v=585210584894747&set=vb.100002174332567&type=3&theater

https://www.youtube.com/watch?v=4RPTE8LtBCo



ဦးဝီရသူ ရဲ့ အရှင် ဇဝနကို ရေးသားထားတဲ့ စာကိုတော့ ဦးဝီရသူရဲ့ ဘလော့ဂ်စာမျက်နှာ လိပ်စာမှာ ဖတ်နိုင်ပါတယ်။ 
ဝက်ဘ်ဆိုဒ် -မှ စာ http://www.virathu.com/2014/04/blog-post_14.html



အိမ့်သံစဉ် ~. 









သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင်

Wednesday, April 16, 2014 0 comments

~

အကျဉ်းစံ တေးရေးဆရာ “ဖုန်းမြတ်မင်း”၏
“မျှော်လင့်သော မနက်ဖြန်” တေးသီချင်းအား နားဆင်ခံစားခြင်း
 .
“မျှော်လင့်ချက်ဆိုတဲ့ စကားဟာ စာလုံး ၃ လုံးပဲရှိပေမယ့် လူတယောက်ရဲ့ စိတ်နဲ့ဘ၀ကို အများကြီး အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

မျှော်လင့်ချက်ကြောင့် စိတ်ဓာတ်အင်အားတွေပြည့်ဝပြီး အနာဂတ်တွေ ပီပြင်လာရတယ်။ မျှော်လင့်ချက်မဲ့သွားလို့ စိတ်ဓာတ်တွေကျဆင်းပြီး အနာဂတ်မဲ့သွားရလို့ မကြံစည်သင်တာတွေ ကြံစည်ပြီး ပျက်သုန်းသွားရတဲ့ ဘ၀တွေလည်း ကြုံဖူး၊ ကြားဖူးကြမှာပါ။

မျှော်လင့်ချက်ကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေဟာ အဓိပ္ပါယ်ရှိလာရသလို မျှော်လင့်ချက်မဲ့သော အခြေအနေကြောင့် ဘ၀တွေ၊ အသက်ရှင်ခြင်းတွေ အဓိပ္ပါယ်မဲ့သွားတာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် ဘာပဲပြောပြော လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်ဆိုတာတော့ အားလုံးသိကြတဲ့ အမှန်တရားတခုပါ။

လွတ်လပ်စွာ ရှင်သန်ခွင့်ရတဲ့ ဘ၀အနေအထားမျိုးမှာ ရုတ်တရက်မျှော်လင့်ချက်မဲ့တဲ့အနေအထားမျိုး ကြုံတွေ့ခဲ့ရင် မိမိရဲ့ ကာယအား၊ ဥာဏအားနဲ့ ဘ၀ကို ပြန်လည်ပြီးကြိုးစားတည်ဆောက်ပြီး မျှော်လင့်ချက် တွေ ပြန်တောက်ပလာအောင် လွတ်လပ်စွာ ကြိုးစားနိုင်စွမ်းရှိနိုင်ပါတယ်။ တကယ်လို့ မျှော်လင့်သလို လုံးဝဖြစ်မလာ ဘူးဆိုရင်တောင် မိမိရဲ့ အစွမ်းရှိသလောက် ကြိုးစားပြီးမှ ဖြစ်ရတဲ့အတွက်ဘာပဲဖြစ်ဖြစ် ဖြေနိုင်တယ်လို့ ဆိုရပါမယ်။

အကျဉ်းစံဘ၀နဲ့ ရှင်သန်နေထိုင်ရသူများအတွက်ကတော့ မျှော်လင့်ချက်တွေပျက်ပြယ်သွားတိုင်း ဘယ်လို ကြိုးစားခွင့်မရှိဘဲ၊ ဘယ်ကိုမှ တင်ပြတိုင်တည်ခွင့်မရှိဘဲ ကံကြမ္မာကိုရင်စီးခံပြီး မျှော်လင့်သလို ခံစားခွင့်မရတဲ့  ဘ၀အတွက် ၀မ်းနည်းကြေကွဲစွာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး အသက်ရှင်ချင်စိတ်ကင်းမဲ့လောက်အောင် စိတ်ဓာတ်တွေကျခဲ့ရပါတယ်။

ဒါဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားပါတယ်ဆိုတဲ့ လွတ်ငြိမ်းခွင့်တွေလာတိုင်း အကျဉ်းစံ တွေဖြစ်တဲ့ ထောင်တသက်နဲ့ နှစ်ကြီးပြစ်ဒဏ်ကျနေသူများရဲ့ ခံစားချက်တွေဖြစ်ပါတယ်။

အဲဒီခံစားချက်တွေကို (၂၆-၂-၂၀၁၄) မှာ ကျရောက်တဲ့ အကျဉ်းဦးစီးဌာနရဲ့ နှစ်ပတ်လည်နေ့ မိသားစု ပဒေသာကပွဲမှာ တေးရေး-အကျဉ်းစံဘုန်းမြတ်မင်းက ဘ၀တူ အကျဉ်းစံတွေရဲ့ တူညီသော ခံစားချက်ကို သီချင်းအဖြစ် အသက်သွင်းထားတဲ့ “မျှော်လင့်သော မနက်ဖြန်” ဆိုတဲ့ တေးသီချင်းကို ရင်နှင့်ခံစားရေးဖွဲ့ပြီး ထူးခြားသော Performance တွေနဲ့ တင်ဆက်ခဲ့ပါတယ်။

အကျဉ်းစံတွေအားလုံးဟာ သီချင်း သီဆိုတင်ဆက်နေချိန်မှာ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သံတိုင်တွေနဲ့ အုတ်ရိုးပုံ အပြင်အဆင်တွေရဲ့ကြားမှာ ခေါင်းငိုက်စိုက်ချပြီး မျက်ရည်များဖြင့်သီဆိုနေသော ဘ၀တူ အကျဉ်းစံအဆိုတော်များကို မြင်ယုံနဲ့တင် သီချင်းမသီဆိုခင်ထဲက စတင်ပြီး ငိုကုန်ကြပြီဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ “ယုံကြည်ချက်မဲ့ အကျဉ်းသား”လို့ ကိုယ့်ကိုကိုယ်ကင်ပွန်းတပ်ထားတဲ့ အကျဉ်းစံများအားလုံးရဲ့ ရင်တွင်းခံစားချက်အစစ်အမှန်ပါ။ ဒါတွေကို သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အကြီး အကဲများကို သိစေချင်ပါတယ်။ အကျဉ်းစံများရဲ့ ရင်တွင်းကို ၀င်ရောက်ခံစားကြည့်စေချင်ပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ပြီး အာဏာရှင်စနစ်ကို တော်လှန်ရင်း ထောင်နန်းစံရသူတွေကို “ယုံကြည်ချက် အကျဉ်းသား”လို့ သုံးနှုန်းခေါ်ဝေါ်တာ အားလုံးအသိဖြစ်ပါတယ်။

ဒါကြောင့် “ယုံကြည်ချက်အကျဉ်းသား” ခေါင်းစဉ်အောက်မှာ အကျုံးမ၀င်တဲ့ အကျဉ်းစံတွေကို “ယုံကြည်ချက်မဲ့ အကျဉ်းသား” လို့ ကင်ပွန်းတပ်တာမှားမည်မထင်ပါ။ အဲဒီ အမည်နာမအပေါ်မှာ စာရေးသူရဲ့ ခံစားချက်နဲ့ အဓိပ္ပါယ်ဖွင့်ရှင်းပြချက်ပါတယ်။

ထောင်ထဲမှာ ပြစ်မှုမျိုးစုံနဲ့ ရောက်ရှိနေကြသူတွေကို ထောင်တွင်းတရား စခန်းများ၊  တရားပွဲများ၊ စာကြည့်တိုက်များ ဂီတပွဲများဖြင့် စိတ်နှလုံး နုညံ့လာအောင် အကျဉ်းဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့်လည်း “အကျဉ်းထောင်” ဆိုတဲ့ စကားရပ်အစား Correctional Depertment ပြုပြင်ထိန်းသိမ်းရေးဌာနလို့ ပြောင်းလည်း ခေါ်ဝေါ်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုဆို နရသိန်စံများဟာ အရင်တခတ်ထက်ကို ပိုပြီး ပြောင်းလဲလာပြီး ယဉ်ကျေးလာပါတယ်။ နယူတန်ရဲ့ တူညီသော သက်ရောက်မှုအတွက် တူညီသော တုန့်ပြန်မှုဆိုတဲ့ သီအိုရီ အတိုင်း နုညံ့ညင်သာသော ပြုပြင်မှုအတွက် နုညံ့ သိမ်မွေ့ယဉ်ကျေးသော တုန့်ပြန်ပြောင်းလဲလာမှုဟု ဆိုချင်ပါသည်။

ထောင်တွင်းမှာရှိနေတဲ့ အကျဉ်းစံအတိုင်း အမြဲဆိုးမိုက်နေသော လူမိုက်များမဟုတ်ကြပါ။ လူတိုင်းတွင် အမှားရှိပါသည်။ မှားပုံမှားနည်းခြင်းသာကွာပါလိမ့်မည်။ အမှားကို မှားမှန်းသိ၍ ပြုပြင်လာမှုကို လက်ခံ နားလည်ပေးပြီး ကြိုဆိုသင့်ပါသည်။

တချိန်က လူဆိုးလူမိုက်များဖြစ်ခဲ့လျှင်တောင် အကျဉ်းစံတွေရဲ့ နှလုံးသားဟာ တရားဓမ္မရဲ့ အစွမ်းကြောင့် နုညံ့လာပြီး မိမိတို့ ကြုံနေရတဲ့ ဘ၀နဲ့ တိုက်ဆိုင်မှုရှိတဲ့ တေးသီချင်းကို နားဆင်ရတာနဲ့တင် မျက်ရည်မဆည် နိုင်တဲ့ နုညံ့သော နှလုံးသားပိုင်ရှင်များဖြစ်နေကြပါပြီ။ “နှလုံးလှလူမိုက်များ” ဖြစ်နေပါပြီဟု ပြောလိုပါသည်။

အာဏာရှင်စနစ်ကို တော်လှန်ရာမှာ မပါဝင်ခဲ့ပေမယ့် အဲဒီအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကြောင့် ပညာ၊ စီးပွား၊ လူမှုစနစ်တွေယိုင်နဲ့ပြီး အတွေးမှား၊ အသိမှား၊ အတုယူမှားတွေကြောင့် အကျဉ်းစံဘ၀ရောက် ရသူတွေလည်း ဒုနဲ့ဒေးပါ။

ဘာကြောင့်ပဲ နရသိန်စံဘ၀ရောက်ရောက် အခုအချိန်မှာတော့ အားလုံးဟာ ပြောင်းလဲနေပြီဖြစ်ပါသည်။ သို့ပေမယ့်လည်း အကျဉ်းစံတို့ရဲ့ ကောင်းသောပြောင်းလဲလာမှုတွေကို သမ္မတကြီးက အယုံအကြည်မရှိသေး ဘူးလို့ ထင်ပါတယ်။ စာရေးသူတို့အပေါ် သမ္မတကြီး အယုံအကြည်မဲ့နေပါသေးတယ်။ ဒါကြောင့်လည်း  ထောင်တသက်လို့ ပြောင်းလဲပေးထားသော ၃ နှစ် ၃ မိုး ကြာတာတောင် အခြားထောင်တသက်ကို ၄၀ နှစ် သတ်မှတ်လို့မှ ခံစားခွင့်မရသူတွေ။ ခေတ်အဆက်ဆက်မှာ သေဒဏ်တောင် နှစ် ၂၀ နဲ့ ပြောင်းလဲပေးခဲ့ပေမယ့်  အခုတော့ ထောင်တသက်ကို လူ့သတ်တမ်းတ၀က်ရှိတဲ့ နှစ် ၄၀ လို့ သတ်မှတ်တာခံရသူတွေနဲ့ ပေးကားပေး၏ မလွတ်ဟုဆိုရနိုင်သော ထိရောက်သောခံစားခွင့်မရသူတွေဖြစ်ခဲ့နေတာပါ။ စာရေးသူတို့အပေါ် သမ္မတကြီး ယုံကြည်ချက် မရှိသေးတာအသေအချာပါ။

ဒါကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်မဲ့ အကျဉ်းသားလို့ ကင်ပွန်းတပ်ကာ စာရေးသူအနေနဲ့ ကန့်ကွက်ရန်မရှိ လက်ခံပါတယ်။

ယုံကြည်ပေးပါ သမ္မတကြီး --------- တကယ်ကို ပြောင်းလဲနေပါပြီ။

ခေတ်ဆိုးစနစ်ဆိုးတခုကို  ဖြတ်သန်းချိန် အမှောင်ထဲမှ လမ်းမှာဆိုတာ ရောက်နိုင်ပါတယ်။ လူတယောက်ကို လူ့ပတ်ဝန်းကျင်နဲ့ အကြာကြီး အဆက်အသွယ်ဖြတ်ထားခြင်း၊ ထိုသူအတွက်ရော မိသားစုအတွက်ပါ အင်မတန် ကို ဆိုးကျိုးတွေများပါတယ်။ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ စိတ်ဓာတ်သေသွားပါတယ်။ စိတ်ကို သတ်တာ လူကိုသတ်တာထက် ပိုဆိုးပါတယ်။

အကျဉ်းစံတွေထဲမှာ တကြိမ်တခါသာ မိုက်မှားမိတဲ့ ပညာတတ်လူငယ်တွေလည်းအများအပြားပါ။ ဒါကြောင့် ဒီလိုလူတွေကို ငဲ့ညာသောအားဖြင့် စဉ်းစားပေးစေချင်ပါတယ်။ တကြိမ်တခါမှားမိသူတွေအား ခွင့်လွတ်ရင်းနဲ့  ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရာမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။

ထပ်ပေးမယ့် လွတ်ငြိမ်းခွင့်တိုင်းမှာ မည်သည့် ကန့်သတ်ချက်မျိုးမှ မပါဘဲ တကယ့်ကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက်နဲ့ ချွင်းချက်မရှိ အကျဉ်းစံအားလုံးခံစားခွင့် အမှန်တကယ်ရသော လွတ်ငြိမ်းခွင့်မျိုး ဖြစ်စေချင်ပါတယ်။  ချွင်းချက်နဲ့ လူတစုစာကို ကွက်ချန်ပြီး ကြေညာသော လွတ်ငြိမ်းခွင့်များကြောင့် ခံစားရသူတွေရဲ့ ခံစားချက်ကို မျှဝေခံစားကြည့်စေချင်ပါ။

ဘယ်လိုမျိုးဘဲ ကောင်းသောစနစ်တွေ ပြောင်းလဲလာပါစေ ထောင်ထဲမှာ နေချင်သူရယ်လို့မရှိပါဘူး။ မျက်စိဖွင့်တာနဲ့ တမ်းတမိတာ မိသားစုရင်ခွင်ပါ။ ဖြေရှင်းမရတဲ့ခံပြင်းစရာကိစ္စတွေကြောင့် အံကြိတ်ရင်း မျက်ရည်ကျရမှုတွေ၊ သံသယမျက်လုံးတွေကြားမှာ အငွေ့ပျံရတဲ့ သိက္ခတရားတွေ၊ စာနာမှုမဲ့တဲ့ စကားတွေ၊ အပြုအမှုတွေ ခံရတိုင်းမှာ တမ်းတမိတာ အမေရဲ့ မေတ္တာရိပ်ကိုပါ။

တကယ်တော့ စိတ်ဆိုတာ တသတ်မှတ်ထဲ မရှိဘဲ အမြဲပြောင်းလဲနေပါတယ်။ ဒီနေ့လူဆိုးမနက်ဖြန် လူကောင်း ဖြစ်နိုင်ပါတယ်။ အမြဲတမ်း အမှောင်ထဲမှာနေရလိုသူရယ်လို့ မရှိပါဘူး။ အိပ်ရေးဝသည်ဖြစ်စေ၊ မ၀သည်ဖြစ်စေ၊ နေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အမိန့်တခုနဲ့ အိပ်ရာကထ ငုတ်တုတ်တန်းစီ၊ တခါတရံ ကျီးမနိုး ခင်ကွင်းပြင်ထဲ ထွက်တန်းစီပြီးရှိသမျှ အထုပ်တွေ ရှာဖွေခံရတဲ့ သက်မဲ့စက်ရုပ်လို ဘ၀တွေထဲက ရုန်းထွက်ချင လှပါပြီ။

မိမိတို့ကြောင့် နစ်နာခဲ့ရတဲ့ မိသားစုတွေကိုလည်း ပြန်လည်ပေးဆပ်လိုချင်လှပါသည်။ ယိုင်နဲ့သောတရားရေး မဏ္ဍိုင်ကြောင့် မဖြစ်သင့်တဲ့ မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်ရည်တွေကို သမ္မတကြီးရဲ့ မေတ္တာလက်နဲ့ သုတ်ပေးစေချင်ပါတယ်။

အာဏာရှင်စနစ်ရဲ့ ငွေများတရားနိုင်ခေတ်မှာ တကယ်လုပ်သူရော၊ မလုပ်သူရော၊ ခုခံချေပခွင့်မဲ့သူရော၊ သံသယရဲ့ အကျိုးခံစားခွင့်မရှိသူရော၊ သက်သေမခိုင်လုံသူရော၊ ပြစ်မှုပြစ်ဒဏ်မမျှသူတွေရော အစုံပဲ နရသိန်စံ ဘ၀ရောက်ခဲ့ရပါတယ်။

ဒါကြောင့်လည်း မျှော်လင့်သော မနက်ဖြန်တေးသီချင်းရဲ့  Rap စာသားမှာ စာသားအချို့ကို မိမိဘာသာ ထပ်ဖြည့်သီဆိုမိပါတယ်။

တချို့လုပ်လည်း တချို့ ဟုတ်လည်း ဆိုတဲ့ စာသားကို ဖြည့်စွက်လိုက်ချင်ပါတယ်။ ထောင်ထဲက အကျဉ်းစံတွေရဲ့ အဖြစ်တွေစုံလင်သွားမှာပါ။

နရသိန်စံတွေ၊ နှလုံးသားနဲ့ ရေးစပ်သီဆိုပြီး သီဆိုသူရော၊ ရေးဖွဲ့သူအပြင်၊ နားဆင်သူတွေပါ ငိုကြွေးခဲ့ရတဲ့ “မျှော်လင့်သော မနက်ဖြန်”ဆိုတဲ့ တေးသီချင်းကို နိုင်ငံတော်သမ္မတကြီးက နှလုံးသားဖြင့် ခံစားနားဆင်ပြီး အကျဉ်းသားတဦးမကျန် တကယ်ကို ချွင်းချက်မရှိ ခံစားခွင့်ရသော စစ်မှန်သည့် “အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်” အမိန့်အား အမြန်ဆုံးထုတ်ပြန်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

နရသိန်စံများအားလုံးက သမ္မတကြီးကို မေတ္တာရပ်ခံချင်ပါတယ်။

“ယုံကြည်ချက်မဲ့ အကျဉ်းသားများ ထောင်ထဲ၌ ရှိနေပါသည်။”

“ဘင်္ဂလားပင်လယ်အော်ထဲသို့ ပစ်မချပါနဲ့” လို့ မေတ္တာရပ်ခံပါတယ်။

(ဧရာဝတီရုံးကိုရောက်လာတဲ့ စာတစောင် ရှိပါတယ်။ ဒီစာကို ဦးသိန်းစိန် ဖတ်စေချင်တယ်လို့ စာ ယူဆောင်လာသူက ဆန္ဒရှိတဲ့အတွက် - သမ္မတကြီးဦးသိန်းစိန်အတွက် စာတစောင် လို့ ခေါင်းစဉ် တပ်ပေးလိုက်ပါတယ်)



.


ဦးသိန်းစိန်ဖတ်ဖို့ CPJ အိတ်ဖွင့်ပေးစာ

Wednesday, March 19, 2014 2 comments

~


 


 -
CPJ လို့ ခေါ်တဲ့  စာနယ်သမားများ အကာအကွယ်ပေးရေးကော်မတီက သမ္မတဦးသိန်းစိန်ကို တနင်္လာနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ထားပါတယ်။

စာထဲမှာ အဖမ်းခံထားရတဲ့ ယူနတီဂျာနယ်ဝိုင်းတော်သားတွေအကြောင်းလည်း ဖော်ပြထားတာ တွေ့ရမှာပါ။

သူတို့တွေဟာ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို  ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီးပြီ၊ သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေတယ်၊ ဒီဥပဒေကို လက်မှတ်မထိုးဖို့လည်း သမ္မတကို တိုက်တွန်းထားပါတယ်။

Committee to Protect Journalists
https://cpj.org

အစိုးရ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အများရဲ့ ယုံကြည်မှုရဖို့ ဆိုရင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကို အတည်မပြုဖို့ လိုအပ်မယ်လို့ စာရဲ့ အဆုံးသတ်မှာ တိုက်တွန်းထားပါတယ်။
စာနယ်ဇင်းသမားတွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ထောင်ထဲပို့မယ့် ဥပဒေတွေကိုလည်း ဖျက်သိမ်းဖို့ လိုအပ်တယ်လို့လည်း ရေးထားပါတယ်။

နယူးယောက်မြို့အခြေစိုက် CPJ ရဲ့ မူရင်းစာကို http://www.cpj.org/2014/03/passage-of-burma-media-bill-would-reverse-free-pre.php မှာ  ဖတ်ရှုနိုင်ပါတယ်။

  • ဆက်စပ်
UNITY ဂျာနယ်ဝိုင်းတော်သား ၅ ဦးကို ဖမ်းဆီးထားတဲ့ ကိစ္စ အစိုးရ ရှင်းလင်း  http://blog.irrawaddy.org/2014/02/unity_6.html

Unity သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ဖမ်း

http://blog.irrawaddy.org/2014/02/unity.html




.


ပဲခူးက ကြက်ခြံနဲ့ပတ်သက်လို့ ပေးစာ

Sunday, January 12, 2014 0 comments

ကျန်းမာရေးနဲ့ပတ်သက်လို့ ပေးစာတစောင် ဧရာဝတီက လက်ခံရရှိထားပါတယ်။ အပြည့်အစုံကို ပြန်လည် 
ဖော်ပြပေးလိုက်ပါတယ်။ 

ရပ်ကွက်တွင်းက အနံအသက်ဆိုးများဖြစ်နေတဲ့ ကြက်ခြံ

ရပ်ကွက်ထဲရှိ ကြက်ခြံမှ ဆိုးရွားသောအနံ့ကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ ကျန်းမာရေးထိခိုက်မှုဖြစ်နေ ပဲခူးတိုင်း၊ ပခူးမြို့၊ သပြေကုန်း(၁) လမ်းရှိ ဦးကျော်မြင့် (စစ်မှုထမ်းဟောင်း) ပိုင်ဆိုင်သော ကြက်ခြံမှ အနံ့ အသက်ဆိုများထွက်ရှိခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်သူရပ်ကွက်သားများ ကျန်းမားရေးထိခိုက်နေ ရပါသည်။ 

ထိုကြက်ခြံသည် ရပ်ကွက်အလယ်တွင် တည်ရှိ၍ ပတ်ဝန်းကျင်အနီးတွင်လည်း ဘိုးဘွားရိပ်သာတစ်ခုရှိ သည်။ 

၂၀၁၀ ခုနှစ်က ရပ်ကွက်ရုံးသို့တိုင်ကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။ 

(၂-၂-၂၀၁၃) ရက်နေ့တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ တိုင်စာပေးပို့ခဲ့ပါသည်။ (၃)ရက်မြောက်နေ့ တွင် တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးလိမ့်မည်ဟု ထင်ကာ အုပ်ချုပ်ရေးမှူးရုံးသို့ ကျွန်တော်တို့ သွားရောက်ခဲ့ပါသည်။ 

အုပ်ချုပ်ရေးမှူးက ဘယ်တုန်းက စာ တင်ထားတာလည်း ဟု ပြော၍ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ 

ကြက်ခြံပိုင်ရှင်မှလည်း တိုင်ချင်ရာတိုင်၊ နေပြည်တော်အထိတိုင် ဟုပြော၍ ကြက်ခြံကို ဒီအတိုင်း ဆက် လက် လုပ်ကိုင်နေပါသည်။ 

ဦးကျော်မြင့် ၏ သမီးမှာလည်း ရှေ့နေတစ်ယောက်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ သူတို့နဲ့ စကားများ မှာ စိုးသည့်အတွက် သည်းခံလာခဲ့သော်လည်း ကြက်ခြံမှ အနံ့အသက်ဆိုးများကြောင့် ခေါင်းမူး
ဝေဒနာများ မကြာခဏခံစားနေရပါသည်။ 

ကြက်ခြံပတ်ဝန်းကျင်မှလည်း အသက်ကြီး အဘိုးအဖွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အများ အပြားနေထိုင်၍ ကြက်ခြံမှ အနံ့အသက်ဆိုးများကြောင့် ကျန်းမာရေးထိခိုက်နေရပါသည်။ 


(၂၆-၃-၂၀၁၃) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးမှူး နှင့် သက်ဆိုင်ရာ ဌာနများသို့ အကူညီတောင်း တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ 

သက်ဆိုင်ရာဌာနတစ်ခု လာရောက်ပြီး ကြက်ခြံပိုင်ရှင်နှင့်ပြောဆိုပြီး ပြန်သွားခဲ့ပါသည်။ ဘိုးဘွားများ၏ ကျန်းမားရေးနှင့် ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများအား အထက်လူကြီးမင်းများ သိရှိစေ ရန်နှင့် ကူညီဖြေရှင်းဆောင်ရွက်ပေးပါရန် အသိပေးတင်ပြ တိုင်ကြားအပ်ပါသည်။ 

ပေးပို့လာသော စာနဲ့ အတူ အထောက်အထားစာရွက်စာတမ်းများလည်း အခုလို ပူးတွဲ ပေးပို့လာပါတယ်။ 









အိမ့်သံစဉ် ~




.

သိပ္ပံနဲ့ နည်းပညာ၊ ပညာရေး စနစ်နဲ့ အပြောင်းအရွှေ့ အမိန့်များ

Monday, January 6, 2014 0 comments

သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဋ္ဌာန (သပန ) မှာ အခု ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမ ၁ ထောင်ကျော် အတွက်  ပြောင်းရွှေ့မိန့်တွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ 



သပန ဆိုတာ အင်ဂျင်နီယာတွေကို မွေး ထုတ်နေတဲ့ ဝန်ကြီးဌာန တခုဆိုရင် လည်း မမှားပါဘူး။ သပန က အကြောင်း တွေနဲ့ ပတ်သက်လို့ ဧရာဝတီက စာတစောင်လက်ခံ ရရှိထားပါတယ်။ အပြည့်အစုံကို ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။ 


ရာထူးတိုး မညီမျှမှုနဲ့ နစ်နာမှု 

ရာထူး အဆင့်အဆင့်တိုးတဲ့နေရာမှာ သရုပ်ပြ၊ နည်းပြ၊ လ/ထ ကထိက၊ ကထိက၊ ဒုပါမောက္ခ၊ ပါမောက္ခ ဆိုပြီး အစဉ်လိုက်ပေါ့။ သရုပ်ပြရာထူးနဲ့ လုပ်သက် (၅)နှစ်ရှိရင် နည်းပြ။ နည်းပြရာထူးနဲ့ လုပ်သက်(၅)နှစ် ရှိရင် လ/ထ ကထိက ဆိုပြီး ရာထူးတိုး သတ်မှတ်ချက် အဆင့်ဆင့် ရှိတယ်။

ဒီသတ်မှတ်ချက်ကလည်း ၂၀၁၂ ခု ကမှ အတည်တကျ ထွက်လာတာ။ အဲဒီသတ်မှတ်ချက် မထွက်ခင်က ရာထူးတိုး မညီမျှ မှု ကို ပြောပါအုံးမယ်။

အရင်အစိုးရလက်ထက် ဦးသောင်း ဝန်ကြီးလုပ်တုန်းက ပုံမှန် A.G.T.I လက်မှတ်နဲ့၊ B.A/B.Sc စတဲ့ ဘွဲ့ လက်မှတ်တွေနဲ့ ဝင်လာတဲ့သူတွေကို သတ်မှတ် ရာထူးတိုးနှစ်တွေ ပြည့်နေပေမဲ့ မတိုးပေးဘူး။

အရင်တုံးက ဆိုရင် (၇)နှစ်ဆိုရင် လ/ထ ကထိက ရာထူး ရတယ်။ ခု မရတော့ဘူး။ ခုဆိုရင် တစ်ချို့ ဆရာ/ဆရာမကြီးတွေဆိုရင် လုပ်သက် (၂၀)ကျော်ပေမဲ့ နည်းပြ အဆင့်လောက်သာ ရနေကြပါတယ်။

လုပ်သက်တွေအရဆိုရင် လ/ထ ကထိက ရာထူးထိရကြရမှာ။ ပင်စင်နားနီးတဲ့ ဆရာ/ဆရာမကြီးတွေဖြစ် ရင် တော်တော် နစ်နာကြတယ်။ နည်းပြ အဆင့်လောက်သာ ရကြတာကလည်း ရာထူးတိုးသတ်မှတ်ချက် ထွက်ပြီး ၂၀၁၃ နှစ်ကုန်နီးမှ ပေး လို့ ရကြတာပါ။

ဒါ က ပုံမှန် အပြင်တက္ကသိုလ်၊ ကျောင်းတွေက ကိုယ့်စရိတ်နဲ့တက်ပြီး အလွတ် ဝင်လာကြတဲ့ ဆရာ/ ဆရာမ တွေ ရဲ့ ရာထူးတိုးမှုပါ။

ဦးသောင်း မွေးထုတ်ခဲ့ တဲ့ ဆရာဖြစ်သင်တန်းကဆင်းတဲ့ ဆရာ/ဆရာမတွေဆိုတာ အတန်းအစား တစ်ခု ရှိတယ်။ တနည်း အားဖြင့် ပြောရရင် ကျောင်းစတက်ကထည်းက ဝန်ထမ်းလခ ရပြီး ကျောင်းတက်ရတဲ့ သူတွေပေါ့။

ဆယ်တန်းအောင် ကျောင်းဆက်တက်ကထည်းက လခရ ဝန်ထမ်းလို့ သတ်မှတ်ထားတဲ့သူတွေ ပါ။ ကျောင်းတက်ကတည်း ကပင် ရာထူး အတော်အတန်ပေးထားခဲ့တယ်။ ကျောင်းလည်းပြီးရော ဘွဲ့အနိမ့်အမြင့်လိုက် ရာထူး ကို ပေးသွားတာ။ အနည်းဆုံး လ/ထ ကထိက အများဆုံး ဒုပါမောက္ခထိပေါ့။

၈၈ မျိုးဆက်လို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ရှိတဲ့ ဆရာ/ဆရာမတွေကိုဆိုရင် ချောင်ထိုးထားလေ့ရှိ တယ်။ ရာထူး မပေး ဘူး။ ရာထူးတိုး တင်ပေးတဲ့ ကျောင်းအုပ်ဆိုရင် ပြစ်ဒဏ်ပေး နယ်နှင်ခံရတယ်။

ဦးသောင်း မွေးထုတ်ခဲ့တဲ့ ဆရာ အဖြစ် နဲ့ ကျောင်းတက်ခဲ့တဲ့ သူတွေဆိုရင် ရာထူးက ဒု-ပါမောက္ခ ရနေပေမဲ့ အသက်က တစ်ချို့ဆိုရင် ၂၈ နှစ်လောက်ပဲ ရှိသေးတာ။

ရာထူးတိုးသတ်မှတ်ချက်စည်းကမ်းနဲ့ဆိုရင် အဲဒီ ဒု-ပါမောက္ခ တွေက ဒု-ပါမောက္ခ ရဖို့ နေနေသာသာ လ/ထ ကထိက လောက်ပဲ ရနေမဲ့ အခြေအနေပါ။ မွေးထားတဲ့သူတွေမိုလို့ ရာထူးကြီးကြီး တွေ ပေးထား တယ်။

လုပ်သက်များပြီး ရာထူးတိုးမှာ ရသင့်တဲ့ရာထူးကိုမရတဲ့ နစ်နာမှုရှိနေတဲ့ ဆရာ/ဆရာမတွေကို မနစ်နာ ရအောင် ကြည့်သင့် ပေမယ့် မကြည့်ကြပါဘူး။ ရာထူးတိုးပြီး ရာထူးတိုးအခွင့်အရေး မခံစားရသေးခင် ဝန်ခံကတိ ရေးရတယ်။

ကိုယ်ရောက်နေတဲ့ကျောင်းမှာ လုပ်သက် (၅)နှစ်နဲ့ အထက် ကြာနေသူတွေကို နယ်စွန်နယ်ဖျားမှာ ရှိတဲ့ ကျောင်း(၃)ကျောင်း အရွေးခိုင်း ပါတယ်။

တကယ်လို့ အပြောင်းအရွှေ့ပို့ရင် အဲဒီ(၃)ကျောင်းထဲ က ကျောင်း တစ်ကျောင်းကို သွားပါမယ်ဆို တဲ့ ဒေသ မရွေး တာဝန် ထမ်းပါမည်ဆိုတဲ့ ဝန်ခံ ကထိပေါ့။ ရာထူးတိုးတိုးချင်း ကတိဝန်ခံချက် ထိုးထားရ တယ်။

အရွေးခိုင်းတဲ့ နယ်စွန်နယ်ဖျား ဝေးလံ ခေါင် သီ တဲ့နေရာက ကျောင်းတွေကို ဦးစီးဌာနက အဆင် သင့် ဖော်ပြပေးထား တယ်။ အပြောင်းရွှေ့တွေကိုလည်း တင်ခိုင်းတာ ပေါ့။ အပြောင်းအရွှေ့ တင်ခိုင်း တာတော့ ရာထူး တိုးမလာခင်ကထည်းက တင်ခိုင်း ထားတယ်။

ရည်ရွယ်ချက်က ထင်တာတော့ ဝေးတဲ့နေရာမှာ ကြာနေတဲ့ ဆရာ/ဆရာမတွေကို ပြည်မထဲကို ပြန်ပို့ဖို့၊ အဲဒီ နေရာ ကို ပြည်မက ရာထူးတိုးထားတဲ့ အနေကြာ ဆရာ/ဆရာမတွေကို ပြန်ပို့ဖို့ပဲ။

ပြည်မနဲ့ နယ်စွန်နယ်ဖျား၊ နယ်စွန် နယ် ဖျားနဲ့ ပြည်မ ဖလှယ်တဲ့သဘောပေါ့။ တဆက်ထည်း အဲဒီ ဝေးလံ တဲ့နေရာမှာရှိတဲ့ကျောင်းတွေမှာ ကျောင်းဖွင့်ထား ပေမဲ့ တက်တဲ့ကျောင်းသားအရေအတွက်က အင်မတန်နည်း လွန်းတယ်။ ထိရောက်မှုမရှိဘူးပေါ့။

တစ်ချို့ကျောင်းတွေဆိုရင် ဆရာ/ဆရာမအင်အားက ကျောင်းတက်တဲ့ကျောင်းသား/သူတွေထက် ပိုများနေ တယ်။ ကျောင်းသား မရှိဘူးလေ။ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ကျောင်းတွေဖွင့် ကျောင်းသား မရှိ၊ သင်ကြားရေးဝန်ထမ်းတွေ ဒုက္ခရောက်၊ ဝန်ထမ်းတွေ အပြစ်ပေးတဲ့ နေရာလို ဖြစ်နေတယ်။

ဦးသောင်းမွေးထုတ်ထားတဲ့ ဆရာ/ဆရာမတွေဆိုရင် အဲဒီလိုနေရာမျိုးကို မပို့ဘူး။ ပို့ရင်လည်း လပိုင်းလောက်နဲ့ ပြည်မထဲ ကို ပြန်ပြောင်းပေးတယ်။

ဘွဲ့နိမ့်၊ ရာထူးနိမ့်တဲ့ ဆရာ/ဆရာမတွေဆိုရင် အနဲဆုံး ၄ နှစ် ၅ နှစ်လောက် ဒုက္ခခံနေကြရတယ်။ မနေနိုင်၊ ဒုက္ခမခံနိုင်၊ စီးပွားပျက်တဲ့ ဆရာ/ဆရာမတွေက မထွက်ချင်ပေမဲ့ ဝန်ထမ်းကနေ ထွက်သွားကြတယ်။

ဒီရက်ပိုင်း အပြောင်းအရွှေ့ အမိန့်တွေနဲ့ ပတ်သက်လို့ 

ဇန်နဝါရီလ ၁ ရက်နေ့  ည ၇ နာရီကျော်ကနေ  ည ၁၂ နာရီ ထိ အပြောင်းအရွှေ့ အမိန့်တွေ ထွက်လာ တယ်။  ဇန်န၀ါရီလ ၂ ရက်နေ့မှာလည်း နောက်ထပ် ၃ ခု ထပ်ထွက်တယ်။

အပြောင်းအရွှေ့တွေကို ပေါင်းကြည့်လိုက်တော့ ၁၁၄၀ ယောက်ရှိတယ်။ ၇၀၀ လောက် ကျန်သေးတယ်။ တနင်္လာနေ့ ဆက် ထွက်မယ်လို့ သတင်းကြားတယ်။

အရင်ကြားထားတာက စုစုပေါင်း အပြောင်းအရွှေ့ဦးရေ ၁၅၉၃ ယောက်ထွက်မယ်လို့ကြားထားတာ။ ဘယ်လို ဖြစ်မယ် မသိသေးဘူး။

အပြောင်းအရွှေ့တော်တော်များများမှာ ဝေးလံတဲ့ နယ်စွန်နယ်ဖျားက ဆရာ/ဆရာမ၊ ဝန်ထမ်းတွေ ကို ပြည်မထဲ ဝန်ထမ်း တွေ လိုချင်တဲ့ကျောင်းတွေကို ပေးတယ်လို့ သိရတယ်။ တွေ့လည်းတွေ့တယ်။

ပြန်ဝင်လာတဲ့ ဆရာ/ဆရာမတွေနေရာကို ပြန်လွှတ်ဖို့ လိုလာပြီလေ။ ပြန်လွှတ်ဖို့ရွေးတဲ့နေရာမှာ ကျောင်း တကျောင်းမှာ (၅)နှစ်နဲ့အထက် အနေကြာပြီး လောလောလတ်လတ် ရာထူးတိုးထား တဲ့ ဆရာ/ ဆရာမ တွေကို ရာထူးတိုးစဉ်က ဝန်ခံကတိရေးထားတဲ့ စာအတိုင်း ပို့တော့တာပဲ။

တချို့ဆိုရင် ဘဝပျက် မတတ်ဖြစ်သွားတယ်။ မိသားစုစီးပွားရေး၊ ကလေးရဲ့ ပညာရေး၊ ဝန်ထမ်းကိုယ်တိုင် အပါအဝင် မိသားစု ရဲ့ ကျန်းမာရေး အကုန်လုံး ဘဝပျက်သလို ဖြစ်တဲ့သူတွေ အများကြီး ရှိတယ်။

အဝေးကို ပြောင်းရမယ် ဆိုတော့ ရှိတဲ့ ပစ္စည်းတွေကို သယ်သွားလို့ကလည်း မဖြစ်။ ပစ္စည်းတန်ကြေး ရဲ့ ၅ ပုံ ၁ ပုံ တန်ဘိုး လောက်နဲ့ရောင်းပြီး စရိတ်လုပ် သွားကြရတဲ့သူတွေ များပါတယ်။

တချို့ဆိုရင် ခရီးစရိတ်ကြီးလို့ မိသားစုကို မခေါ်နိုင် အဆင်ပြေနိုင်တဲ့ နေရာမှာ ထားသွားကြရတယ်။ မိသားစု တကွဲတပြား၊ စီးပွားရေးကလည်း ဘဝ ပျက်မတတ်ပါပဲ။ ဒီအပြောင်းအရွှေ့မှာပဲ ရာထူးကြီး၊ ဘွဲ့မြင့်တဲ့သူတွေလည်း ပြောင်းကြရတယ်။

ဒါပေမယ့် တစ်ချို့ သူတို့ပြောင်းတာ တစ်မျိုးပဲ။ လာဘ်ငွေ အများအပြားပေးပြီး ပြည်မထဲက ကိုယ်လိုချင် တဲ့ ကျောင်းကို ပြောင်းသွားကြတာ။ အဝေးကို မရောက်ကြဘူး။

ကြားတဲ့သတင်း အရ အထက်လူကြီး တစ်ယောက်ကို ရာထူးကြီး/ဘွဲ့မြင့်အပြောင်းခံ ၄ ယောက်က ကားတစ်စီးဝယ်ပြီး လာဘ် ထိုးကာ လိုချင်တဲ့ကျောင်းကို ပြောင်းသွားတယ်လို့ ကြားသိရတယ်။ ပညာရေးမူဝါဒလို့ ပြောရမလား။

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပြောင်းလဲမှု 

ဒီနှစ် အခေါ်အဝေါ် အသုံးအနှုံး ပြောင်းတာကလွဲလို့ သင်ခန်းစာများ အပြောင်းအလဲ မရှိသလောက်။ တစ်ချို့ ဘာသာရပ် တွေ ကို သင်ခန်းစာ ထပ်တိုးတာ၊ သင်ခန်းစာ ဖြုတ်တာလောက်ပဲ နည်းနည်းရှိတယ်။ အတန်းကြီးတွေက သင်ခန်းစာအားလုံး လုံးဝ မပြောင်းလဲ။ အခေါ်အဝေါ် အသုံးအနှုံးကတော့ ပြောင်း သွားတယ်။

                   ယခင်အခေါ်                                                ယခုအခေါ်
         A.G.T.I Year 1 အဆင့်                                                    1G 1T

         A.G.T.I Year 2 အဆင့်                                                     2G 2T


(ပြီးခဲ့သည့်နှစ်အထိ ဒီအဆင့်မှာ စာမေးပွဲကို (*)ပါခဲ့ရင် အထူးအောင် သတ်မှတ်တယ်။ B.Tech ဆက် တက်ခွင့်ရှိတယ်။ B.Tech ဆိုတာ နိုင်ငံတကာမှာ မရှိဘူးလို့ ကြားသိရပါတယ်။ ဘွဲ့ပေးတဲ့အဆင့်ပါ။ ဘွဲ့ပါ။)

                  ယခင်အခေါ်                                                     ယခုအခေါ်

              B.Tech Year 1 အဆင့်                                              1T 3T
              B.Tech Year 2 အဆင့်                                              2T 4T

(ဒီအဆင့်မှာလည်း အထူးအောင်ခဲ့ရင် B.E ကို ဆက်တက်ခွင့်ရှိခဲ့ပါတယ်။)

မူဝါဒပြောင်းတဲ့ ဒီနှစ်မှာ A.G.T.I ကို ကျောင်းတိုင်းမှာ မထားတော့ ဘဲ ချောက်၊ ရေနံချောင်း၊
ကျောက်ပန်းတောင်း နဲ့ ဝေးလံ တဲ့ ဂန့်ဂေါ စတဲ့ နေရာအပါအဝင် (၁၀) ကျောင်းလောက်မှာပဲ ဖွင့်တော့တယ်။

ပြည်မထဲမှာ ရှိတဲ့ GTU/GTC တွေမှာ ဖော်ပြထားတဲ့အတိုင်း A.G.T.I မရှိ B.Tech သင်တန်းသာ သင်ကြား ပါတော့တယ်။ သင်ခန်းစာတွေကတော့ လုံးဝ မပြောင်းလဲ။ အဟောင်းတွေပါပဲ။

နည်းပညာကျောင်းတွေမှာ မြန်မာလို သင်ကြားသင့် မသင်ကြားသင့်၊ အင်္ဂလိပ်လို သင်ကြားသင့် မသင် ကြား သင့်ဆိုတာကို မြင် သလောက် အမြင်ကို ပြောချင်တယ်။

ဟိုး အရင် RIT ခေတ်ကလို A.G.T.I အဆင့်မှာ လုပ်ငန်းခွင်သုံးဖြစ်တဲ့ အတွက် မြန်မာလိုသင်ကြားသင့် တယ်လို့ ထင်မိပါ တယ်။

နည်းပညာဘာသာရပ်တွေကို နည်းပညာကျောင်းတွေမှာ မြန်မာလိုသင်သင့်တယ်။ အင်္ဂလိပ်လို သင်ကြား ရင် အခက်အခဲ ရှိ ပါတယ်။ နည်းပညာဆရာတွေက နည်းပညာပိုင်းကိုအဓိက ထားတဲ့အတွက် အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့မလိုပါ။

အင်္ဂလိပ် လို သင်ကြားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘာသာပြန်တာ မတူ။ ဘာသာပြန်တာ မတူတော့။ နည်းပညာတမျိုး တည်းကို အဓိပ္ပါယ် အများကြီး ကွဲပြားသွားကြပါတယ်။

ပညာရှင်အဆင့်

အရင်တုံးကလိုဆိုရင် RIT အဆင့် ဆိုရင် ပထမနှစ်ကထည်းက အင်္ဂလိပ်လိုသင်ကြားသင့်ပါတယ်။ သူတို့ က အရာရှိတန်းကို သွားကြမဲ့သူတွေ ပညာရှင်တန်းမှာ နေကြမဲ့သူတွေ လို့ နားလည်ထားပါတယ်။

ဒါမှ နိုင်ငံတကာမှာရှိတဲ့ နည်းပညာတွေကို ဆက်လက် လေ့လာ ဆည်းပူးတဲ့အခါ အဆင်ပြေကြမှာ။ စာမေးပွဲ စနစ်မှာလည်း ဗဟိုဦးစီးစနစ်ကျင့်သုံးတဲ့အတွက် ကျောင်းသားတွေက ဆရာဆရာမတွေ ကို လေးစားမှုနဲလာတယ်။

အရင်တုံးကဆိုရင် နောက်ဆုံးနှစ်မှာတောင် အတန်းတင်စာမေးပွဲကိုပဲ ဦးစီးဌာနမှာစစ်တယ်။ ကျန် စာမေးပွဲတွေကို သင်ကြားတဲ့ဆရာဆရာမကပဲ မေးခွန်းထုတ်ပြီး ကျောင်းမှာပဲစစ်ဆေးတယ်။

အတန်းတင်မေးခွန်းကို ဦးစီးဌာနက ထုတ်ပြီး ကျောင်းမှာပဲစစ်ဆေးစေပါတယ်။ နောက်ဆုံးနှစ် အတန်းတင် တခုကိုပဲ ဦးစီးဌာနမှာ စစ်ဆေးစေပါတယ်။

ခုနောက်ပိုင်းမှာ စာမေးပွဲအားလုံးလိုလို ဦးစီးဌာန က မေးခွန်းထုတ် ဦးစီးဌာနမှာပဲစစ်ဆေး ပါတယ်။ စာစစ်တဲ့နေရာမှာလည်း စာစစ်လိုက်မဲ့ဆရာဆရာမတွေကို မလိုက် မနေရ ခေါ်ထားတဲ့ကျောင်းကဆရာ၊ ဆရာတွေက ငြင်းခွင့်မရှိ စာစစ်လိုက်ကြ ရတယ်။

စာစစ်ခကို တန်ရာတန်ကြေးမပေးတဲ့အပြင် သောက်ရေဖိုးဆိုပြီး ဖြတ်ပါသေးတယ်။ တစ်ခါတစ်လေ စာစစ်ခ တောင် မရတဲ့ နှစ်တွေလည်း ရှိခဲ့တယ်။

နည်းပညာကျောင်းတွေရဲ ပညာရေးအရှေ့တောင်အာရှမှာ ဦးမော့လာဖို့ဆိုရင် ဝန်ထမ်းတွေရဲ့ အပြောင်း  အရွှေ့၊ ရာထူး တိုးမှု၊ သင်ခန်းစာများ၊ ဖွင့်ဖို့ ကျောင်းသားမပြည့်မီတဲ့ကျောင်းတွေပိတ် နီးစပ်ရာ ကျောင်း
တွေ မှာ ပေါင်း၊ အာဏာရှင် ပညာရေးမဖြစ်ဖို့နဲ့ ခရိုနီပညာရေး မဖြစ်ဖို့ အဖက်ဖက်ကပြင်မှ ကျားတော့ မဖြစ်တော့ပေမဲ့ ဦးမော့လာမှာပါ။









 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved