ဦးဝီရသူသို့ အရှင် ဇဝနရဲ့ ပြန်ကြားစာ

Friday, April 18, 2014

အခု တလော အွန်လိုင်း လောကမှာ အပြန်အလှန် ရေးသား ပြောဆိုမှုတွေနဲ့ စိတ်ဝင်စားစရာ အကြောင်းကတော့ ဗုဒ္ဓအဆုံး အမ၊ ဗုဒ္ဓသာသနာဟာ ဘယ်လို ဖြစ်သင့်သလဲ၊ ဘယ်လိုဖြစ်နေသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး လတ်တလော အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဇဝနက နာမည်ကြီး မစိုးရိမ်ကျောင်းက ဦးဝီရသူကို ပြန်လှန်ရေးသားထားတဲ့ စာက စိတ်ဝင်စားစရာ ကောင်းတာမို့ ဧရာဝတီက မူရင်း အတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 


ညီမောင် ဦးဇင်းဝီရသူ ထံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) မှ မေတ္တာဖြင့် ပြန်ကြားခြင်း  

ဝေဘန်တာလား အပြစ်ပြောတာလားဆိုတာ လက်ခံရယူသူရဲ့ ဓာတ်ခံနဲ့သာဆိုင်တဲ့ကိစ္စမို့ ဒီစာကို ညီမောင် ရှိပြီးသားဓာတ်ခံပေါ်ကနေပဲ လက်ခံရယူပါ။ ညီမောင့်မှာ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိတယ်ဆိုတာ သိသာ ထင်ရှားနေတဲ့ကိစ္စ အထွေအထူး မပြောတော့ပါဘူး။ 

ညီမောင့်သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ အချိန်နှောင်းသော်လည်း အချိန်မှီလောက်မယ်ထင်လို့ ဒီစာကိုပြန်ပါတယ်။ 

မြန်မာပြည်သားတွေက အာဏာရှင် လက်အောက်နေလာခဲ့ရတာ ကြာတော့ အတိုက်အခံ ဆိုတာနဲ့ မယှဉ်ပါးကြချိန်မှာ တခုခုပြောရင် ဝေဘန်တယ်လို့မထင်၊ အပြစ်ပြောတယ်ထင်ပြီး တုန့်ပြန်တတ်ကြအထဲ ညီမောင် မပါဝင်တာ ဝမ်းသာတယ်။ 
နိုင်ငံတကာမှာတော့ အတိုက်အခံက ပြောတာကို ပြန်ငြင်းချင်ငြင်းမယ်၊ သူတို့ပြောတဲ့ စကားက ဒီအတိုင်း အတာအထိ ငါ့ကိုပြောနေတာ ဘယ်လို ချွတ်ယွင်းချက်ကြောင့်ဆိုတာပြန်ရှာကြ မှန်နေရင် လမ်းကြောင်း အသစ်ရွေးကြနဲ့ -အခုလဲညီမောင် ပြန်ငြင်းပါ -ပြီးတော့ဟုတ် မဟုတ်စဉ်းစားတာလောက်လေး ညီမောင် လုပ်မိတယ်ဆိုရင်တောင် ဒီစာရေးရကျိုးနပ်ပါပြီ။ 

အခု စာကို ရေးရတာဟာလည်း အမုန်းခံပြီး ရေးတာပါ။ ကိုယ်ကျိုးအတွက် တခုမှမပါပါ။ မြန်မာလူထု အားလုံး စစ်တပ် ထိန်းချုပ်ထားမှုအောက်က အမြန်လွတ်ဖို့ တခုပဲ ရည်ရွယ်ပါတယ်။ 

ကိုယ်ထောင်ကထွက်လာပြီးချင်းချင်းမှာ နွေးနွေးထွေးထွေး ကြိုဆိုတာဆိုလို့ မဟန ဆရာတော်တွေထဲက ဆရာတော် ဦးတိလောက တပါးတည်းသာ ရှိပါတယ်။ ဆရာတော်ဦးတိလောကကို ဆရာတော်ရဲ့ အမျိုးချစ် စိတ်ကို သံသယမရှိဘူးလို့ ဆိုခဲ့ပြီးသားပါ။ ဆရာတော်ရဲ့ကျေးဇူးတွေကို အမြဲအမှတ်ရနေပါတယ်။ 

ဆရာတော်ကို ကြည်ညိုလေးစားလို့ အရာအားလုံး သဘောတူရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ ဆရာတော်ရဲ့သီလသမာဓိ ဆရာတော်ရဲ့ အမျိုးချစ်စိတ်ကို အားယူပြီး အမုန်းတွေ ဟောပြော
နေ တဲ့ နောက်ပါ တချို့ရဲ့ဟောပြောနေမှုကြောင့် အားလုံးသဘောမတူသင့်ဘူးဆိုတာ ထင်ရှားလာတယ်။ (တချို့သံဃာတော် တွေဟာ ထိမ်းသိမ်းရခက်တယ်လို့ ဆရာတော်ကိုယ်တိုင်ညည်းတွားတာ အတွင်း စကားကြားရပါတယ်)။ 

သာသနာရေးဆိုင်ရာကိစ္စမှာ တသွေမတိမ်းလိုက်နာဖို့ အဆင်သင့်ရှိပေမယ့် ဆရာတော် မကျွမ်းကျင်တဲ့ နယ်ပယ်အလုပ်ကို အားလုံး သဘောတူလို့တော့ ရမယ်မထင်ပါဘူး။ 

အခုဖြစ်နေတာက ဥပမာ ပုံစံတခုပြရရင် အင်မတန်ကြီးမားတဲ့ နဂါးမင်းဟာ သူ့ ဦးခေါင်းလေးရွှေ့လိုက်တာ မသိသာလှပေမယ့်၊ နောက်ပိုင်းက သူ့တကိုယ်လုံးရဲ့ အရွေ့က ဦးခေါင်းရွေ့တာထက် အများကြီး အရှိန်ပိုပြင်းတယ်ဆိုတာ သိမှာပါ။ 

ဆရာတော်တပါးတည်း ကိစ္စက ပြောစရာမရှိပါ။ နောက်ပါ အချို့ကြောင် လူအမြင်စောင်းတဲ့ ဖက် ပိုပိုရောက်တာပါ၊ ရိုးရိုးသားသားအမျိုးချစ်သူများကို လေးစားပြီးသားပါ။ အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင်အတွက် စည်းရုံးရေးမှူးတွေအဖြစ် ပါဝင်နေသူတချို့ကိုသာ ရည်ရွယ်ပါတယ်။ 

ဒါပေမယ့် အမျိုးချစ်စိတ် တခုတည်းနဲ့ အမှန် တရားကို တည်ဆောက်လို့မရတာကတော့ လူ့သမိုင်းတွေက သက်သေခံနေပြီးသားပါ။ အမျိုးသားရေး အမြင်တခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးတောင် 
ဖြစ်ခဲ့ဘူးပါတယ်။ 

သတ္တလောက တခုလုံးအတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်ရှောက်မှုဆိုတာ ဆန့်ကျင်ဘက် အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာ မလိုပါဘူး။ 

တဦးချင်းလွတ်မြောက်ရေးမှာ အတ္တပေါ် အခြေခံတဲ့အမြင်ရှိလျှင်တောင် ဗုဒ္ဓက ဖယ်ရှားခိုင်းနေတာမို့၊ အမျိုးဘာသာကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တအားကြီးသူတွေကို အားပေးမယ် မထင်ပါဘူး။ 

တချို့လူတွေက သိင်္ဂါလသတိုးသားကို ဟောကြားခဲ့တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို အကိုးအကားလုပ်ပြီး ငါ့အမျိုးမှငါ့အမျိုး လုပ်ချင်ကြတယ်။ 

သိင်္ဂါလကိုဟောခဲ့သလို သာကီဝင် ဆွေတော် မျိုးတော်တွေ အမျိုးဂုဏ်ထောင်လွှားလို့ တန်ခိုးပြဋိဟာ 
ပြပြီးဆုံးမခဲ့တာကိုတော့ လျှစ်လျှူရှုထားကြတယ်။ အမုန်းစကားတွေနဲ့ ဟောပြောပြီး တဖန် ငြိမ်းချမ်းရေး ပါလို့ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်။ 

ညီမောင်ရေ..၊ တပည့်တော်တို့ သံဃာထုအနေနဲ့ မကြာခင်က ထွက်ပေါ်လာတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ခြေလှမ်းများကို သတိထားစောင့်ကြည့်ပြီး ကန့်ကွတ်သွားရမှာသာ ဖြစ်ပါတယ်။ 

ဒီဥပဒေကြမ်းတင်သွင်းမှုတွေက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဘာသာရေးနဲ့နိုင်ငံရေးကို ရောသမမွှေပြီး ပိုမိုရှုတ်ထွေးအောင်လုပ်ဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ 

ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးမှုက တိုင်းပြည်ကို ချောက်ထဲ ဆွဲချဖို့သာ ဖြစ်တယ်။ မြန်မာပြည် မှာရော ကမ္ဘာမှာပါ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုကြောင့်ကောင်းကျိုးဖြစ်ခဲ့တဲ့ အရာ မရှိခဲ့ဖူးဘူး။ ခါးသီးမှုတွေသာ ကြုံခဲ့ကြရတယ်။ 

တပည့်တော်တို့ သံဃာတွေအနေနဲ့ သာသနာကို စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ သာသနာ့ ၀န်ထမ်းတွေ ဖြစ်တယ်။ သာသနာ့ဝန်ထမ်းတွေဟာ အစိုးရရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး အသုံးချမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် သွားရမှာပဲ ဖြစ်တယ်။ 

ညီမောင်ဘုရား.. ၊ မစိုးရိမ်ကျောင်းတိုက်ကြီးဆိုတာ မြန်မာ့ သာသနာ သမိုင်းမှာကော ခေတ်သစ် သမိုင်းမှာပါ အံမခန်း တောက်ပြောင်ခဲ့ တောက်ပြောင်နေတယ် ဆိုတာ အထင်အရှားပါ။ 

ဆန့်ကျင်ဘက်ကို ရန်လို အမုန်းစကားတွေကြောင့် ရန်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတဲ့အခါ၊ ဒီမစိုးရိမ် နာမည် ကာဗာခုတုံးလုပ်ပြီး ဟောသမျှ ပြောသမျှ လုပ်နေတာဆိုလျှင် လူတွေက မစိုးရိမ် သံဃာအားလုံးရဲ့သဘောထားလို့ ထင်နေတော့မှာ သေချာပါပဲ။ 

ကိုယ်က တသီးတခြားစီဆိုတာ ထင်ရှားအောင် မပြလျှင်တော့ လူတွေဆိုတာ ၀ီရသူနဲ့ မစိုးရိမ် ရောထွေး
မြင်မှာ တွေးမှာပါပဲ။ မစိုးရိမ်တိုက်ဟာ မြန်မာသာသနာ့ သမိုင်းမှာ အရေးပါတဲ့ တိုက်ဖြစ်လို့ ညီမောင်ရဲ့ အစွန်းရောက်တရားတွေ ပြောဆိုပြုမူမှုတွေ၊ အစိုးရအားရအောင် လုပ်မှုတွေဟာ တိုက်ကြီး သိက္ခာကို ထည့်တွက်သင့်တယ်။ ညီမောင်လုပ်သမျှကို မစိုးရိမ် တတိုက်လုံးက သဘောတူနေပြီလား ။ 

တခြားအကောင့်တွေ ကြေငြာချက်တွေမှာ ညီမောင်နဲ့ သဘောထားကွဲလွဲသော အမြင်များကိုတွေ့နေရလို့ မေးတာပါ။ 

ပိုထင်ရှားတာက မကြာခင်က မောင်သွေးချွန်ဟောပြောပွဲကို တိုက်မှ ဘယ်အတိုင်းအတာ နဲ့ ခွင့်ပြုခဲ့သလဲ ဆိုတာ ကအဖြေပါ။ (မောင်သွေးချွန်ဆိုတာလည်း စာပေနယ်မှာ သိက္ခာမရှိ လူရာမသွင်းတဲ့သူကို တကယ့်ပညာရှိကြီး ထင်ပြီး ကိုးကွယ်နေကြတယ်လို့ ပြောဆိုစကားတွေ ၊ ကိုယ်ရထားတဲ့ဘွဲ့ကိုမှ အားမနာ လို့ ရှင်လူတွေက ပြောနေကြတာ ညီမောင်ကြားမိပါစ။) 

ဘာပဲဖြစ်ဖြစ် အမှန်မသိကြသူတိုင်းက ညီမောင်ပြောသမျှ ဟောသမျှ အားလုံးဟာ မစိုးရိမ် သံဃာ အားလုံးရဲ့ အမြင်သဘောထားလို့ပဲ ထင်နေဦးမှာပါပဲ။ 

ညီမောင်က “ချစ်သူကို အားမကိုးရရင် အားကိုးရသူကိုပဲ ချစ်မှာပါဘုရား”- ဆြို့ပီးပြောလာတော့ စစ်တပ်ကို လော်ဘီလုပ်နေတာ အထွေးအထူးရှာစရာ မလိုတော့သလိုဖြစ်သွားပါပြီ။ 

အခု ချစ်သူကကော တကယ်အားကိုးရသူ အစစ်လား၊ အမျိုး ဘာသာ သာသနာ အတွက်ကိုပြောတာပါ။ သံဃာတွေ ဝရမ်းထုတ်ထောင်ချ ဘုရားဖြိုကျောင်းဖျက် တာလီဘန်နဲ့ တတန်းထဲ ရှိတဲ့ သူတွေကို မဘသတွေ က အားကိုးရုံတင်မဟုတ် တာလီဘန်တွေက အမျိုးသမီးတွေကို ကန့်သန့်ချုပ်ချယ်တဲ့ အမှုမျိုးလို ဦးသိန်းစိန် တာလီဘန်အစိုးရလက်ထဲ ဥပဒေပြုဖို့ ဝကွက် အပ် လိုက်တာကတော့ တာလီဘန်နိုင်ငံအဖြစ် အတင်း တည်ဆောက်ခိုင်းတာနဲ့ မတူနေဘူးလား ဘုရား၊ တကယ့်မျောက်လက်ထဲ မီးဒုတ်အပ်လိုက်တာပါပဲ။ 

ဒါပေမယ့် စစ်တပိုင်း အစိုးရကတော့ ၂၀၁၅ အတွက် အရှင်ဘုရားများကို အားကိုးမှာပါ။ နိုင်ငံရေး သမားတွေ က ရည်ရွယ်ချက်မပျောက်ကြပါ။ 

သူတို့လုပ်ရမည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရေးကိစ္စကနေ တဆံချည်မရွေ့ ဦးတည်ချက်မပြောင်းကြပါဘူး။ အမျိုးသားရေး ပြောလိုက်၊ တမျိုးသားလုံးကို ဒုက္ခပေးခဲ့တဲ့ စစ်တပ်ကိုပဲ အားကိုးရမယ်လို့ ဟောပြော လိုက်လုပ်နေတဲ့ ညီမောင်တို့သာ လမ်းပျောက်နေတာပါ - ကိုယ်တွေကတော့ ရိုဟင်ဂျာဆို တာ 
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်ရေး ဆန့်ကျင်တာကို တသဘောထဲ မကွဲမပြား သဘောတူပြီးသားပါ။ 

ကျူးကျော်သူတွေကို တိုင်းရင်းသားအဖြစ် အတင်းလက်ခံခိုင်းသူမှန်သမျှကိုလည်း အများနဲ့နည်းတူ တက်တက်ကြွကြွကို ဆန့်ကျင်ခဲ့ကြတာပါ- ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး ဆန့်ကျင်တာနဲ့ တပြည်လုံးရှိ မွတ်စလင်တွေကို ဆန့်ကျင်ဖို့ဆိုတာကတော့ သဘောမတူနှိုင်ပါဘူး။ 

ဒီပွဲတွေ စ ရာကနေ ဒီဇာတ်ရှုပ်ကြီးကဖြစ်လာတာပါ။ ကုလားမုန်းတာ တခုတည်းနဲ့ ကုလားကို ဆန့်ကျင်တာ တခုတည်းနဲ့တော့ အမျိုးသားရေးဆိုတာကြီးကို မအော်ပါနဲ့။ တမျိုးသားလုံး ငတ်ပြတ် သေ ကျ- ဘာသာ-သာသနာဖျက်ခံနေရ တာတွေဟာလည်း အမျိုးသားရေးပါ။ 

လက်ပံတောင်းတောင်က လယ်တီသိမ်၊ ပျဉ်းမနားက ကျောင်းအဖျက်ခံ ထောင်ချခံ ဝရမ်းအထုတ်ခံ သံဃာတွေ ရဲ့အရေးဟာလည်း အမျိုးသားအရေးပါပဲ။ နိုင်ငံခြားထွက် မြန်မာအမျိုးသမီးတွေ ကျွန်ခံနေရတာလည်း အမျိုးသားရေးပါပဲ။ 

နောက်ပြီး စစ်တပ်က အဓမ္မမုဒိမ်းကျင့်နေတဲ့အမှုနဲ့ ကုလားမုဒိမ်းအမှု ဘယ်က ပိုများတယ်လို့ကော စစ်တမ်းကောက်ကြည့်ဖူးလား။ ဒီကိစ္စ အားလုံးရဲ့တရားခံက စစ်တပ်ပါ။ 

ဒီတော့ စစ်အာဏာရှင် တည်တန့်ရေး-လုပ်တာဟာ - အာဏာရှင် ဖယ်ရှား ဖယ်ရှားလိုသူတွေက်ို အဟန့်အတားလုပ်တာနဲ့ အတူတူပါပဲ၊ အကုသိုလ်ဒုစရိုက် အမှုကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့ စစ်အာဏာရှင်ကို အားပေး အားမြှောက် ပြုသူဟာ အလိုတူအလိုပါ ပါပဲ။ 

တပည့်တော်ကတော့ ရာစုဝက်ကျော် စစ်အာဏာရှင်တွေရဲ့တလျှောက်လုံး လိမ်ညာကောက်ကျစ်ခဲ့တဲ့ အမှုတွေကြောင့် တိုင်းပြည်အတွက်ကော အမျိုးဘာသာ သာသနာအတွက်ကော စစ်တပ်ကိုယုံကြည်လို့ မရသေးတာကတော့ ခွင့်လွတ်ပါ။ 

စစ်တပ်မှတပါး စစ်သားအသွင်ပြောင်းမဟုတ်တဲ့ အရပ်သား ဒေါ်စု မကလို့ဘယ်သူဖြစ်ဖြစ် ထောက်ခံပါတယ်။ သူတို့က ဥပဒေအရ ဖြစ်စေ လူထုမကြိုက်ရင်ဖြစ်စေ ဆင်းပေးကြမယ်ဆိုတာ ယုံလို့ပါပဲ။ 

မဘသတို့ရဲ့ မျိုးစောင့်ဥပဒေကြောင့် တိုင်းရင်းသား စည်းလုံးမှု ရ-မရ ဆိုတာကတော့ တိုင်းရင်းသားတွေ အသံနားသာထောင်ကြည့်ပါ။ ဒီစာရေးတာ အမုန်းနဲ့ရေးတာမဟုတ်ပါ။ အမုန်းခံဖို့ ရေးတာပါ။ 

ဒီအမြင်ကြောင့် ဒီလိုကန့်ကွက် ရတယ်ဆိုတာ သိရအောင်ပါ။ ပူးတွဲပါလင့် များ ထဲကတော့ စစ်တပ် 
လော်ဘီနဲ့ စစ်တပ်ဆန့်ကျင်သူကို ရှုတ်ချထားတဲ့လင့်တွေပါ- 

မေတ္တာဖြင့် 

အရှင်ဇဝန(နိုင်ငံရေး အကျဉ်းသားဟောင်း) 

https://www.facebook.com/photo.php?v=585229831559489&set=vb.100002174332567&type=3&theater 

https://www.facebook.com/photo.php?v=585210584894747&set=vb.100002174332567&type=3&theater

https://www.youtube.com/watch?v=4RPTE8LtBCo



ဦးဝီရသူ ရဲ့ အရှင် ဇဝနကို ရေးသားထားတဲ့ စာကိုတော့ ဦးဝီရသူရဲ့ ဘလော့ဂ်စာမျက်နှာ လိပ်စာမှာ ဖတ်နိုင်ပါတယ်။ 
ဝက်ဘ်ဆိုဒ် -မှ စာ http://www.virathu.com/2014/04/blog-post_14.html



အိမ့်သံစဉ် ~. 








2 comments :

  1. Sorcerer said... :

    တပြည်လုံးရှိ မွတ်ဆလင်တွေကို ဘယ်သူတွေကဆန်.ကျင်နေကြတာလည်းသိချင်ပါတယ် အရှင်ဘုရား။မုဒိန်းမှု.စစ်တမ်းကောက်တာတော.မကြားမိပါဘုရား ဘယ်သင်းကပိုများလည်းသိလျှင် ဖြေကြားပေးတော်မူပါဘုရား။တပည်.တော်တို.မှာသံဃာတော် တွေ ပြော တဲ. နောက် ကို လိုက် ရ မှာ လား။ ကာကွယ် ရေး ဦးစီးချုပ် ပြော တာ နောက် ကို လိုက် ရ မှာ လား သမ္မတ ပြော တဲ.နောက် ကို လိုက် ရ မှာ လား ၊ ဦး ရွှေမန်း ပြော တဲ.နောက် ကို လိုက် ရ မှာ လား ၊ ဒေါ် စု နောက် လိုက် ရ မှာ လား ၊ စာ ရေး ဆရာ တွေ နောက် လိုက် ရ မှာလား ၊ ၈၈ ကျောင်းသား တွေ နောက် လိုက် ရ မှာ လား၊ ဦး ဇင်း ဦး ဇ၀န နောက် လိုက် ရ မှာလား ၊ ဗိုလ် မှုး ကြီး စော ဆန်းအောင် နောက် လိုက် ရ မှာ လား။
    အား လုံး က ဟော ကြ ပြော ကြ တာ ဆရာ တွေ ချည်း ပဲ ဆို တော. တပည်. တော် တို. မှာ လည်း ဘာ လုပ် ရ မှန်း မသိ တော. ဘူး။

  1. Unknown said... :

    ဆရာတော်ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့ သုံးဦးအနက်မှာဦးသိန်းစိန်နဲ့ဦးရွှေမန်းတို့ ကိုသာရွေးချယ်မယ်လို့ ပြောနေတာကို၊ဆရာတော်ရဲ့ ပုဂ္ဂိုလ်ရေးရပ်တည်ချက်နဲ့ လူ့ အခွင့်အရေးမို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
    ဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးဟာနှစ်ပေါင်း(၂၀)ကျော်ထုနဲ့ထေးကျုးလွန်ခဲ့တဲ့အမှားတွေကိုတောင်ဝန်ချတောင်းပန်မှု့၊တာဝန်ယူမှု့မပြုသေးဘဲ၊တိုင်းပြည်ရဲ့အထွတ်အမြတ်ရာထူးနေရာတွေကိုဇွတ်အဓ္ဓမရယူထားယုံမက ၂၀၁၅ ရွေးကောက်ပွဲကိုပါမျှော်မှန်းနေကြသူတွေမဟုတ်လါး။
    သူတို့ နှစ်ဦးစလုံးထိပ်ဆုံးရာထူးကနေပါဝင်ခဲ့တဲ့စစ်အာဏာရှင်အစိုးရဟာ၊ဘုစုခရုပြစ်မူတွေကစလို့ပဥ္စာနန္တိယကံကြီးတွေအထိရာဇ၀တ်မူကုဋေကုဋာကျူးလွန်ခဲ့လို့ သမိုင်းအညစ်အကြေးအထပ်ထပ်ပေကျံခဲ့ပြီး၊ပြည်သူလူထုကြီးရဲ့ဆန္ဒကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ခဲ့တယ်။အာဏာကိုလွှဲမပေးယုံတင်သာမကစစ်တန်းလျှားပြန်ပါ့မယ်လို့ပေးထားခဲ့တဲ့ကတိက၀တ်ကိုချိုးဖေါက်ခဲ့တာလည်းကမ္ဘာသိဖြစ်တယ်။
    န၀တ၊နအဖခေတ်တစ်လျှောက်လုံးပြည်သူတွေအပေါ်ကျုးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊အမှားတွေအတွက်တာဝန်ရှိခဲ့သူတွေပီပီ၊မိဘပြည်သူတွေကိုတရားဝင်ကျေနပ်အောင်တောင်းပန်မှု့၊ရိုးသားစွာအမှားကိုဝန်ခံမှု့၊တာဝန်ယူမှု့တွေပြုဖို့လိုပါတယ်။မိမိမှာပေကျံနေတဲ့သမိုင်းအညစ်အကြေးတွေရှင်းလင်းသန့်စင်ပြီးမှ၊ပြည်သူ့သမ္မတအဖြစ်အရွေးခံသင့်ပါတယ်။စိတ်ပုတီးမကိုင်ခင်၊တရားမထိုင်ခင်ကိုယ်ခန္ဓာနဲ့ညစ်ပေတူးနေတဲ့လက်၊ခြေထောက်တွေဆေးကြောသန့်စင်အပ်တဲ့သဘောပါဘဲ။ဘုန်းကြီးကိုထိပ်ခေါက်ယုံတင်မက၊ဖနှောင့်နဲ့ အကြိမ်ကြိမ်ပေါက်ပြီးတာတောင်၊အပြစ်တွေမဆေးကျောသေးဘဲသံဃာစင်ပေါ်တက်ထိုင်ပြီးသူတော်ကောင်းယောင်ဆောင်နေသလိုဖြစ်မနေပေဘူးလါးဘုရား။
    ကိုယ်ကျုးလွန်ခဲ့တဲ့အမှားကို၊ကိုယ်ကိုတိုင်ရဲရဲရင့်ရင့်ကိုယ်တိုင်ဝန်ခံရဲ၊တာဝန်ယူရဲတာကိုသတ္တိလို့ခေါ်နိုင်ပါတယ်။အဲ့ဒီလိုမှမဟုတ်ဘဲဘာမှမဖြစ်ခဲ့သလိုရေငုံနှုတ်ပိတ်ဟန်ဆောင်နေတာဟာ၊သူရဲဘောကြောင်ခြင်းပါဘဲ။။တာဝန်ယူမှု့၊တာဝန်ခံမှု့မရှိတဲ့သူတွေဟာ၊တိုင်းပြည်တစ်ပြည်မှမဟုတ်ဘူး၊ဘယ်လူ့ အဖွဲ့ စည်းမှာမဆို၊ခေါင်းဆောင်တာဝန်မယူထိုက်ပါဘူး။
    အခု တပည့်တော်လျှောက်ထားနေတာတွေဟာစစ်အာဏာရှင်တွေရဲ့အတိတ်ကအမှားတွေကိုအာဃာတ တရားနဲ့ လက်စားချေဖို့ အကြောင်းတစ်လုံးတစ်ပါဒမှမပါတာသတိပြုမိမှာပါ။ အဓိကပြောခြင်တာက နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ယဉ်ကျေးမှု့နဲ့ အစဉ်အလာကို လက်ဆင့်ကမ်းအမွေမထားရစ်စေလိုတဲ့ဆန္ဒနဲ့ စေတနာပါဘုရား။
    တပ်မတော်ဟာစစ်တန်းလျားမပြန်သရွေ့ ၊ပြည်သူ့ အစိုးရတစ်ရပ်ရဲ့အမိန့် မနာခံသရွေ့ (၈၈၈၈)ပြည်သူ့ အရေးတော်ပုံကြီးဖြိုခွဲခဲ့စဉ်ကအဖြစ်ဆိုးမျိုး၊(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးဖြိုခွဲခဲ့စဉ်ကအဖြစ်ဆိုးမျိုး၊တိပိဋကဆရာတော်ကြီးလိုဓမ္မစေတီထိုက်တဲ့သံဃာတော်အရှင်သူမြတ်တွေကိုဖမ်းဆီးထောင်ချ၊ညင်းဆဲသတ်ဖြတ်မှု့ စတဲ့အပြစ်ကြီးတွေထပ်မံကျုးလွန်အုန်းမဲ့အလားအလာတွေရှိနေတော့မှာပါ ။ဘယ်လိုမှအမျိုးဘာသာ၊သာသနာကို (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  စောင့်ရှောက် နိုင်စရာလမ်းမမြင်မိပါဘူး။
    စစ်အာဏာရှင်စနစ်ကိုအသွင်သဏ္ဍန်တစ်မျိုးနဲ့အသက်ဆက်ပေးမဲ့(၂၀၀၈)ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလူကြားကောင်းယုံ၊စတိသဘောလေးလောက်ပြင်ခြင်သူတွေဖြစ်တဲ့ဦးသိန်းစိန်နဲ့ဦးရွှေမန်းတို့ ကိုသာလက်ခံတယ်၊သမ္မတအဖြစ်မြင်လိုတဲ့ဆရာတော်ဦးဝီရသူကဘယ်လိုများအမျိုးဘာသာ၊သာသနာကိုစောင့်ရှောက်နိုင်မလဲဆိုတာတပည့်တော်သိလိုလှပါတယ်ဘုရား။
    လေးစားစွာဖြင့်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved