Showing posts with label Natural Disaster. Show all posts
Showing posts with label Natural Disaster. Show all posts

တောင်ကျရေကြောင့် တာချီလိတ် ကားတချို့ ရေထဲရောက်

Wednesday, July 30, 2014 0 comments

 ~




ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ  တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ချောင်းရေလျှံတဲ့အတွက်  ချောင်းဘေးတလျှောက် ရေကြီးပြီး
မော်တော်ယာဉ်တချို့ ရေတောထဲရောက်သွားပုံတွေကို  တာချီလိတ်အွန်လိုင်းမှာ တွေ့ရပါတယ်။

လူသေဆုံး ထိခိုက်ဒဏ်ရာရမှု သတင်း ထွက်လာပေမယ့် မော်တော်ကားတချို့ကတော့ အင်ဂျင်ထဲ ရေ၀င်တဲ့ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။

မြေနိမ့်ပိုင်းမှာရှိတဲ့ကားတွေထဲ ရေဝင်ခြင်းပါ။

ချောင်းရေလျှံရခြင်း အကြောင်းရင်းက မိုးများတဲ့ ချောင်းအထက်ပိုင်း တောင်ကျချောင်းရေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။


တာချီလိတ်အွန်လိုင်း  www.tachileik.net ရဲ့ အယ်ဒီတာကို ဆက်သွယ် မေးမြန်းရာမှာတော့ ရေက သိပ်မကြာခင်မှာပဲ ပြန်ကျသွားတယ်လို့ ပြောပါတယ်။

အင်ဂျင်ထဲရေဝင်တဲ့ကားအရေအတွက်ကလည်း ပုံမှာတွေ့ရတဲ့အတိုင်းပဲ သိပ်အများကြီးမဟုတ်ဘူးလို့ ဆိုပါတယ်။

တာ
ချီလိတ်က ထိုင်းမြန်မာနယ်စပ်မြို့ပါ။ တဘက်ကမ်းမှာ မယ်ဆိုင်မြို့ တည်ရှိပါတယ်။
နယ်စပ်က တခြားမြို့တမြို့ဖြစ်တဲ့ မဲဆောက်မှာလည်း ချောင်းရေလျှံပြီး ကားတွေ ရေထဲရောက်ခဲ့ဖူးပါတယ်။ ပုံတွေကို http://blog.irrawaddy.org/2011/09/blog-post_1627.html မှာ ကြည့်နိုင်ပါတယ်။



.

ငလျင်ဒဏ်ခံရသူများကို ကူညီမယ့် မန္တလေးဂီတပွဲတော်

Saturday, January 5, 2013 0 comments

 ~



မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံရသူများ ကူညီထောက်ပံ့ပေးရန် ရန်ပုံငွေဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းက မန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင် စည်ကားစွာ စတင် ကျင်းပခဲ့သည်။


(ဓာတ်ပုံများ - မန်းသားလေး / ဧရာဝတီ)
ရန်ပုံငွေ ကျပ်သိန်း ၂၀၀ကျော် ရရှိပြီး ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများကို သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ကျပ် သိန်းနှစ်ရာအပြင် ဆန်အိတ် ၂၀၀ ကိုလည်း လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူများက ပြောသည်။
 
ရန်ပုံငွေပွဲတွင် မန္တလေးမြို့ရှိ အနုပညာရှင်များ၊ မြို့မအပျော်တမ်း တူရိယာအသင်း၊ ဧရာဝတီကဇာတ်၊ သတင်းသမားများ၏ တစ်ခန်းရပ် ပြဇာတ်နှင့် လူရွှင်တော် ချစ်စရာဦးဆောင်သော အငြိမ့် ပါဝင် ကပြမည် ဖြစ်သည်။
 
အနုပညာရှင်များ  မေတ္တာဖြင့် ပါဝင် ကူညီကြသော ဤပွဲတော်ကို မန္တလေးမြို့ စာပေအနုပညာရှင်များနှင့် သတင်းသမားများ စီစဉ်ခဲ့ခြင်းဖြစ်သည်။ 
 
 
























-

ငလျင် နှင့် မန္တလေးဒေသ အခြေအနေ

Sunday, November 11, 2012 0 comments


  ~



မန်းသားလေး ~


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျင်တခု ယနေ့နံနက် ၇နာရီ ၄၂ မိနစ် ၃၇ စက္ကန့် တွင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။

ငလျင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။

သေဆုံးမှု -

 ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့  ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ တွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

စဥ့်ကူး -
 ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁ နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။

 ငလျင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ် MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး) သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ ၅ ဦး ပျောက်ဆုံးလျက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးမှ ဦးလှဦး ပြောကြားသည်။

 “ငလျင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေက အခိုင်မာ မရှိသေး ဘူးလေ။ တယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေ တာ။ နောက် တယောက် ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟု ဦးလှဦးကပြောသည်။

 ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်း လည်း ရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

 စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။ စဥ့်ကူးတွင် ဗလီတခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်း သိရသည်။

 စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။

 ထို့ပြင် ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တလုံးပြိုကျပြီး လူ ၃ ဦး ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

 မန္တလေး
-
 မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများ အက်ကွဲခဲ့သည်။ ၂၅ လမ်း၊ ၃၅ လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်း သိရသည်။  သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသော အသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့် သေဆုံးသွားကြောင်း သိရသည်။

 “ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။

 အဆောက်အအုံတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစ ဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။

 မြေငလျင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊  မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရ သည်။

 အမရပူရ -

 အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈  ရှိ လေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ ခဲ့ရသည်။ 


ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ (မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။

 ရွှေဘို -


 ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက် ရှိ လောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။

 မိုးကုတ် -

 မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။





















-

ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး

0 comments

~




မန်းသားလေး ~




စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျင်တခု ယနေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်က လှုပ်ခတ် မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့သည်။

သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူး ဆက်နွယ်သော မြစ်ကူးတံတား ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွင် သေဆုံးသူ ၂ ဦး၊ 

စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ ဦး နှင့် မန္တလေးမြို့ သွေးလန့် သေဆုံးသူ ၁ ဦး စုစုပေါင်း ၆ ဦး ဖြစ်သည်။ 

ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ ဦး တွင်းထဲတွင် ပိတ်မိလျက်ရှိနေသည်။

မြေငင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။


















-


ရေကြီးတဲ့ တောင်ငူက ရွာတရွာ

Saturday, July 28, 2012 0 comments

တနင်္ဂနွေနေ့က မိုးအသည်းအသန်ရွာပြီးနောက် တောင်ငူမြို့ မိုးကောင်းကျေးရွာမှာ ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။


ရေကြီးမှု အခြေအနေနဲ့ ဒေသခံတို့ရဲ့ ပြောဆိုချက်တွေကို တမိနစ်ကျော်ကြာ ဧရာဝတီရုပ်သံမှာ ကြည့်နိုင်ပါပြီ။

မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲ

Thursday, December 29, 2011 0 comments


(ဓာတ်ပုံ - Eleven Media Group)



ဒီနေ့ မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် အေဘီစီ စက်ဆန်းမှာရှိတဲ့ ဂိုဒေါင်တခုကနေ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး စက်ဆန်းသင်္ဘောကျင်းတ၀ိုက် မီးလောင်နေတာဟာ အခု မြန်မာစံတော်ချိန် ၅ နာရီကျော်တဲ့အထိ မီးညွန့် မကျိုးသေးဘူးလို့ သိရပါတယ်။ မီးလောင်ချိန်မှာ ပေါက်ကွဲသံကြီးတွေ ကြားရပြီး မီးသတ်ကားတွေကို ထိခိုက်မှုလည်း ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေလည်း ရှိတယ်၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကိုရောက်လာတဲ့ လူနာ အနည်းဆုံး ၅၀ ကျော်ရှိနေပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မီးသတ်သမားတွေလည်း ပါတယ်လို့ ရန်ကုန်က သတင်းထောက်တွေက ပြောပါတယ်။ 

စက်စန်းကူးတို့ဆိပ်က စက်လှေတွေလည်း နေရာတွေ ရွှေ့ပြောင်းနေကြသလို ဘေးပတ်ဝန်းကျင်က လူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ပတ်ဝန်းကျင်က တိုက်တာတွေလည်း ပြိုကျပျက်စီးတာကြောင့် ပိတ်မိနေသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူအရေအတွက် များလာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ မီးဘေးဒုက္ခသည်တွေကို မင်္ဂလာတောင်ညွန့်ထဲက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာချထားပေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူရေကြီး နောက်ဆက်တွဲနဲ့ မြစ်သာမြစ်အခြေအနေ

Saturday, October 22, 2011 5 comments



ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတား (Photo - Eleven Media Group)

ပခုက္ကူမှာ ရေကြီးလို့ သေဆုံးသူတွေကို ဆယ်ယူနေတာမှာ ဒီနေ့မနက်ပိုင်းမှာ ၈၃ လောင်း ဆယ်ယူရရှိပြီလို့ သိရပါတယ်။ တချို့ရုပ်အလောင်းတွေဟာ သဲတွေထဲ မြုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပြပါတယ်။ ပျောက်ဆုံးနေတဲ့သူ ၁၀၀ ကျော်ရှိနေသေးလို့ သေဆုံးသူအရေအတွက် များလာနိုင်တယ်လို့ ဆိုပါတယ်။ ရေနဲ့မျောပါသွားတဲ့ အိမ်တွေအများစုဟာ ကျူးကျော်ရပ်ကွက်က အိမ်တွေဖြစ်နေလို့ အိမ်ထောင်စု ဘယ်နှခုလဲ၊ ဘယ်နှယောက် မျောပါသွားလည်းဆိုတာ အတိအကျသိဖို့ ခက်နေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြစ်သာမြစ်နဲ့ နေရဉ္စရ မြစ်ရေတက်လို့ ကလေးမြို့၊ ကလေးဝ၊ ဂန့်ဂေါမြို့တွေမှာ ရေလျှံပြီး လူနေအိမ်ခြေတွေ ရေမြုပ်ပျက်စီးကုန်လို့ ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။ အဲ့ဒီဒေသတွေက ရွာ ၈ ရွာကျော် ရေမြုပ်တယ်လို့ သိရပါတယ်။ လူအသေအပျောက်တော့ မရှိဘူးလို့ ဆိုပါတယ်။

မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းတွေ၊ ရထားလမ်းတွေ ရေမြုပ်ပြီး တောင်ပေါ်လမ်းတွေ ပြိုသလို မြစ်သာ မြစ်ကူးတံတားလည်း ရေကျော်လို့ တခြားပြည်နယ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ရပ်တန့်သွားသလို ကလေးမြို့ကနေ တမူးမြို့ကို ဆက်သွယ်တဲ့လမ်းလည်း ရေမြုပ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်နေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ရေနည်းနည်းချင်း ပြန်ကျနေပြီဖြစ်လို့ သိပ်မကြာခင်မှာတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပွင့်လာနိုင်မယ်လို့ သိရပါတယ်။






Major Aftershock Rattles Northeast Japan

Friday, April 8, 2011 0 comments



-

Slow Aid to Shan State Quake

Wednesday, March 30, 2011 0 comments


ရှမ်းပြည် အရှေ့ပိုင်းငလျင် အကူအညီများ လိုအပ်ဆဲ

Monday, March 28, 2011 2 comments

မိုင်းလင်းတွင် မြေခသွားသော စေတီတဆူကို ရှင်းလင်းနေသော စစ်သားများ (ဓာတ်ပုံ - Reuters)

တာလေမြို့က ငလျင်ကြောင့် သေဆုံးသွားသူတဦးရဲ့ ဈာပနအခမ်းအနားမှာတွေ့ရတဲ့ ကလေးငယ်တဦး။ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေကြောင့် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရသွားတတ်ပါတယ် (ဓာတ်ပုံ - Getty Images)

မိသားစုဝင်များ ဆုံးရှုံးသွားသူ တဦး၏ သောက။ တချို့မိသားစုများတွင် မိသားစုဝင် အားလုံးနီးပါး အသက်ဆုံးရှုံးမှုမျိုးလည်း ရှိသည် (ဓာတ်ပုံ - Reuters)

Earthquake Footage from Tarlay, Shan State

Sunday, March 27, 2011 0 comments


Myanmar quake victims await relief

0 comments



At least 70 people have been killed, and many more injured since an earthquake hit Myanmar on Thursday.

The township of Tarlay in eastern Shan state is where Myanmar, Thailand and Laos meet to form the golden triangle, about 50 kilometres from the epicentre of the quake.

It now lies in ruins. Officials fear the overall number of casualties could be much higher.

Al Jazeera's Aela Callan reports from the border town of Mae Sai.

Source: Al Jazeera

တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ

0 comments

ပေးဝေထားသော အစားအသောက်ထုပ်များနှင့် တွေ့ရသော ကိုရင်များနှင့် ကျောင်းသား (Photo - Getty Images)

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တာချီလိတ်မှာ မိုးရွာပြီး နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ၇ နာရီတို့မှာ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ပါတယ်။ ဒေသခံတွေကတော့ ကျီးလန့်စာစား ဖြစ်နေပြီး မိုးကလည်း ရွာနေတော့ ကွင်းပြင်တွေမှာ ထွက်ပြီးနေရတဲ့ လူတွေ တော်တော် ဒုက္ခရောက်ပါတယ်။ နေစရာမရှိ ဖြစ်နေတယ်။

အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို မေးမြန်းကြည့်ချက်အရ သေဆုံးသူ စုစုပေါင်း ၃၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသကို ရောက်ရှိနေတဲ့ မျက်မြင်များရဲ့ သတင်းပေးပို့ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကိုယ်တိုင် အဲဒီမှာ ရောက်ရှိနေပေမယ့် ဘာကယ်ဆယ်ရေး စခန်းမှ မယ်မယ်ရရ မရှိပါဘူးတဲ့။ အခြေအနေဆိုးတဲ့ တာလေမြို့နယ်ဘက်ကို အရပ်ဖက် အလှူရှင်များက လိုအပ်တာတွေ စုဆောင်း လှူဒါန်းနေတာမျိုးပဲ ရှိပါတယ်တဲ့။

(Photo - Reuters)

တာချီလိတ် ဆေးရုံကို သွားကြည့်တော့ လူနာတွေကို အဲဒီမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၃၁ နဲ့ ၃၅၉ တို့ဆီကို ရွှေ့သွားပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာသမားတွေ ရောက်ရှိလာတဲ့အတွက် အခြေအနေတွေကို မသိစေချင်လို့ အထက်က ညွှန်ကြားတာကြောင့် စစ်တပ်ထဲ ရွှေ့ပြောင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ကတော့ မြန်မာငလျင်အတွက် အလှူငွေ ဒေါ်လာ ၅ သိန်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အိန္ဒိယကတော့ အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ဖို့ အသင့်ပါလို့ အသီးသီး ပြောဆိုထားကြပါတယ်။

တာလေမြို့နယ် ငလျင်ဒဏ်ထိ မြင်ကွင်း

Saturday, March 26, 2011 0 comments

ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တာလေမြို့နယ် ငလျင်ဒဏ်ထိ မြင်ကွင်းတွေကို ဧရာဝတီသတင်းထောက် ကိုခိုင်စိုးက ရိုက်ကူးပေးထားပါတယ်။

သတင်းဓါတ်ပုံတွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

တာချီလိတ်က ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတဦး ပြောပြချက်

2 comments


မတ်လ ၂၄ ရက်နေ့ည ၈ နာရီ ၂၅ မိနစ်မှာ ငလျင်လှုပ်ပါတယ်။ ဒီလိုလှုပ်ပြီး နာရီပိုင်းအကြာမှာ ကျနော်ကို တာ ချီလိတ်က အာဏာပိုင်တွေက ကယ်ဆယ်ရေးအတွက် လုပ်အားပေးဖို့ခေါ်တာနဲ့ လိုက်သွားပါတယ်။ ည သန်း ခေါင်ကြီးမှာ တာလေကို ရောက်သွားတယ်။

တာလေသွားတဲ့လမ်း တော်တော်ကြီးတဲ့ တံတားတခုရှိပါတယ်။ အဲ့ဒီတံတားရောက်တော့ ကျနော်တို့ကားလဲ ရှေ့ဆက် သွားလို့မရတော့ပါဘူး။ ဒါနဲ့ တံတားပေါ်လမ်းလျောက်ဖြတ်ပြီး တာလေမြို့ထဲဆက်သွားရပါတယ်။ တံတားအစပ်က ကား လမ်းက မြေအောက်ကို ၅ ပေလောက်နိမ့်ဝင်နေပါတယ်။ အပျက်အစီးက များတယ်။ တချို့ အိမ်တွေက ခေါင်းမိုးပဲမြေပေါ် မှာကျန်ပြီး အိမ်တခုလုံးမြေကြီးထဲရောက်သွားတယ်။

ကျနော်လုပ်ရတာက အသက်ရှင်ကျန်ရှိတဲ့သူတွေကို တာချီလိတ်ဆေးရုံကို ပို့ပေးရတယ်။ တာလေမှာ ဆေးရုံးရှိ ပါတယ်။ အဲ့ဒီဆေးရုံလည်း ပြိုကျပျက်ဆီးသွားတော့ လူနာတွေကို ပထမ ဆေးရုံရှေ့ကွင်းပြင်မှာပဲထားပြီး ပြုစုရ ပါတယ်။ အဲဒီကမှ လူနာထမ်းစင်နဲ့ သယ်ပြီး တံတားတဖက်မှာ ရပ်ထားတဲ့ ကားဆီကိုသယ်ရပါတယ်။ ၁၅ မိနစ် လောက် လမ်းလျှောက်ရပါ တယ်။

တံတားတဖက်ရောက်တော့လည်း လူနာကိုကားပေါ်တင်ပြီး ချက်ချင်းဆေးရုံမပို့နိုင်သေးပါဘူး။ ထမ်းစင်အလုံ အလောက် မရှိတော့ အဲ့ဒီထမ်းစင်နဲ့ပဲ ဆေးရုံပြန်ပြီး နောက်လူနာတယောက်ကို ပြန်သယ်ရပါတယ်။ ကားအလုံ အလောက်မရှိတော့ လူနာတယောက်ကို ကားတစီးနဲ့တင်ပြီး တာချီလိတ်ဆေးရုံကို မပို့နိုင်ပါဘူး။ အဲ့တော့ ကားပေါ်ပထမရောက်နှင့် နေတဲ့ လူနာက တခြားလူနာတွေကိုစောင့်နေရပါတယ်။

အဲ့ဒါအပြင် လူနာတင်ကားထွက်ခွင့်ရဖို့အတွက် အာဏာပိုင်အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ယူရတာလည်း လူနာသယ်ယူရေးမှာ ကြန့်ကြာစေတဲ့အလုပ်တခုဖြစ်နေ ပါတယ်။ ကျနော်မောင်းလာတဲ့ လူနာတင်ကားထဲမှာ တာချီလိတ်ဆေးရုံရောက်ခါနီးမှာ လူနာ တယောက်သေဆုံးသွားပါ တယ်။ ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်ပေမယ့် ရရှိထားတဲ့ဒဏ်ရာတွေကို အချိန်မီ မကုသနိုင်လို့ မသေသင့်ပဲ သေဆုံးရတဲ့ လူနာတွေရှိပါတယ်။ တော်တော်စိတ်မကောင်းစရာပါပဲ။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved