Showing posts with label ZuLu. Show all posts
Showing posts with label ZuLu. Show all posts

သင်္ကြန်တွင်း ဝမ်းအေးစေဖို့ သင်္ကြန်ထမင်း ချက်စားမယ်

Saturday, April 5, 2014 0 comments

~




တူးပို့ တူးပို့ သံတွေတင်မကဘဲ ဒီဂျေသံတွေ၊ ရောသမမွှေသံတွေက မတ်လကုန်ခါနီး အချိန်ကတည်းက ပျံ့လွင့်နေပါပြီ။

 


ဒါကတော့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စတော့မယ်ဆိုတဲ့ အထိမ်းအမှတ် ဆိုတာပြောဖို့တောင် လိုမယ်မထင်ပါဘူး။
ဒီတော့ ဇူးလူးတို့လို အစားသမားတွေအတွက် သင်္ကြန်နဲ့ပတ်သက်တဲ့ အစားအသောက်ကို စဉ်းစားရပါပြီ။ 

ကဲ ဇူးလူးတယောက်တော့ ဒီတခါ သူများအားကိုးနဲ့ သင်္ကြန်ထမင်းလေး ချက်စားကြည့်ရင် ကောင်းမလား။
သင်္ကြန်ထမင်းဆိုတာ မွန်တိုင်းရင်းသားရိုးရာ အစားအသောက်ဆိုပေမယ့် မြန်မာတွေလည်း နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြပါတယ်။
ဇူးလူးတယောက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ခေတ္တအခြေချစဉ်က မြန်မာအဖွဲ့အစည်းတခုရဲ့ သင်္ကြန်တွင်းစတုဒီသာ သင်္ကြန်ထမင်းကို သွားစားသောက်ခဲ့ ဖူးပါတယ်။
ချင်းမိုင်ရောက်နေတဲ့ မြန်မာတွေအားလုံး ဒီသင်္ကြန်ထမင်းကို လာစားကြတာပါ။
ချင်းမိုင်ကျုံးတလျှောက် နံနက်ပိုင်း သင်္ကြန်ရေပက်ခံ ထွက်ကြပြီး ထမင်းစားချိန်မှာ လာစားကြတော့ မြန်မာတွေ စုစုစည်းစည်းနဲ့ စားသောက်ကြ၊ ရေလောင်းကြ၊ စကြ နောက်ကြနဲ့ ပျော်စရာပါပဲ။
 ကျွေးမွေးတဲ့သူတွေကလည်း စားပွဲပေါ်မှာ အစားအသောက်တွေ လျော့တာနဲ့ လာဖြည့်ပေး၊ နောက်ဖေးမှာ အိုးကြီးတွေနဲ့၊ ချွေးတလုံးလုံးကြားမှာ ပျော်ရွှင်ကြည်နူးစရာ နေကြတာကို ဇူးလူးမှတ်မိနေပါသေးတယ်။

သင်္ကြန်ထမင်းဆိုတာက ပူပြင်းတဲ့ ဧပြီနွေ နေအောက်မှာ ဝမ်းကိုအေးစေတဲ့ အစားအစာတမျိုးလို့ မွန်တိုင်းရင်းသားတွေက ဆိုပါတယ်။

“အခုအချိန်ဆိုရင် မွန်ပြည်နယ်မှာ သင်္ကြန်ထမင်း စရောင်းနေပြီ၊ သင်္ကြန်ထမင်းကို ဘုန်းကြီးကျောင်းတွေမှာ အာရုံဆွမ်းကပ်ကြတယ်၊ အိမ်နီးချင်းတွေကိုလည်း ဝေတယ်”
လို့ ဇူးလူးတို့ရုံးက မွန်တိုင်းရင်းသူ ရင်စနိုင်းက ပြောပြတယ်။

သင်္ကြန်ထမင်းနဲ့ တွဲဖက်စားစရာကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ သရက်သီး ငါးခြောက်ထောင်းကြော် တခွက်ရယ်၊ ငရုတ်သီးခြောက်ကြော် တခွက်ရယ်ဆို ရပါပြီ။

သင်္ကြန်ထမင်း မချက်ခင်မှာ သရက်သီးငါး ခြောက်ကြော်ကို အရင် ပြင်ဆင်ထားရအောင်ပါ။ အခုလိုအချိန်က သရက်သီးစိမ်းတွေ လှိုင်လှိုင်ပေါတဲ့ ကာလလည်းဖြစ်တဲ့အတွက် ချိုချဉ်မွှေး အရသာရှိတဲ့ သရက်သီး ငါးခြောက်ထောင်းကြော်အတွက် ကုန်ကြမ်းက သိပ်မခက်ခဲလှပါဘူး။
အသားများတဲ့ ဘယ်ငါးခြောက်ဖြစ်ဖြစ် သုံးလို့ရပါတယ်။ ငါးရံ့ခြောက်ဆိုရင်တော့ ပိုကောင်းတာပေါ့။

အရင်ဆုံး ငါးခြောက်ကို ပြုတ်ပြီး အသားနွှင်ထား၊ ပြီးရင် ဆုံထဲထည့်ထောင်းရပါမယ်။ သရက်သီးစိမ်းကိုတော့ အခွံနွှာပြီး သင်္ဘောခြစ်နဲ့ ခြစ်ထားပေါ့။
 ကြက်သွန်နီကိုတော့ နွှာပြီး လေးစိတ်ကွဲလှီးထားရင် ရပါပြီ။
ဒါတွေကိုတယောက်တည်း မလုပ်ဘဲ အဖော်အပေါင်းနဲ့လုပ်ကြရင် ပျော်ဖို့ကောင်းတယ်၊ ပြီးတော့ အလုပ်လည်း ပိုသက်သာတာပေါ့။

ဆီအိုးကိုဖိုပေါ်တင်ပြီး ဆီကျက်ရင် ငရုတ်သီးခြောက်ကို အရင်ကြော်ပြီး ဖယ်ထားပါ။
အဲဒီ ဆီအိုးထဲမှာပဲ နနွင်းမှုန့် နည်းနည်းထည့်၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ထောင်းထားတဲ့ ငါးခြောက် ထည့်မွှေပေးရပါမယ်၊ သရက်သီး ခြစ်ထားတာကိုပါ ထည့်ပြီးနာနာမွှေပြီးရင် အပေါ့ အငန် ကြိုက်သလို မြည်းထည့်ပေါ့။
ငါးခြောက်နဲ့ သရက်သီး တော်တော်လေး လုံးလာပြီဆိုမှ ကြက် သွန်နီလေးစိပ်ကွဲကို ထပ်ထည့်ရပါမယ်။
 ကြက်သွန်နီက သရက်သီးအချဉ်ဓာတ်နဲ့ တွေ့တဲ့အခါမှာ နူးပြဲ မသွားဘဲဆတ်တောက် ဆတ်တောက် အရသာကလေး ဖြစ်နေမှာကိုတော့ သိထားရပါမယ်။ အနံ့မွှေး လာရင်အိုးကိုချလို့ရပါပြီ။
 ဇူးလူးကိုယ်တိုင် လုပ်တယ် မထင်လိုက်ပါနဲ့။
ဇူးလူးရဲ့သူငယ်ချင်း အချက်တော် မမိုးစီကြော်ပေးတာပါ။ ဇူးလူးကတော့သရက် သီးလေးနွှာပေး၊ ကြက်သွန်နီလေး နွှာပေးရုံလောက်ပါပဲ။

ကဲ သင်္ကြန်ထမင်းချက်ကြစို့။ ဒါကလည်း ဇူးလူး မွန်တိုင်းရင်းသူ မသူဇာကို အကူအညီ တောင်းထားတာပါ။ သင်္ကြန်ထမင်းဆိုတာ ရိုးရိုးထမင်းကို ရေဆမ်းထားတာပါပဲ။
ဒါပေမယ့် ရေမှာဖရောင်းနဲ့ နံ့သာဖြူ နံ့ကလေး သင်းထားပြီးသား ဖြစ်ပါတယ်။ ချင်းမိုင်သင်္ကြန်မှာ ဇူးလူးတို့ စားကြတုန်းကတော့ ထမင်းကို ဖယောင်းရေ ဆမ်းထားတဲ့အပြင် ရေခဲတုံးကလေးတွေပါ ထည့်ပေးထားတော့ အေးမြနေတာပါပဲ။
တချို့ကလည်း အနံ့ပါတာကိုမကြိုက်ကြလို့ ရေရိုးရိုး ဆမ်းစားကြပါတယ်။

ထမင်းချက်တာကတော့ ထုံးစံအတိုင်း ပေါင်းအိုးနဲ့မချက်ဘဲ ရိုးရိုးငှဲ့ချက် ချက်ရပါမယ်။
ထမင်းအိုးဆူရင် သာမန်ထမင်းထက် နည်းနည်းပျော့တဲ့အထိထားပြီး ဝါးဆန်ခါစိပ်စိပ်ထဲ ထမင်းကောရေပါ လောင်းထည့်၊ ပြီးရင် ရေအေးအေးနဲ့ လောင်းချပြီး စစ်ထားရမှာပါ။

 


 
ဖယောင်းနံ့သာဖြူနံ့ သင်းပုံသင်းနည်းကလည်း သိပ်မခက်ခဲလှပါဘူး။ ပထမဆုံး  မီးသွေးမီးကို မီးခဲရတဲ့အထိ မွှေးထားရပါမယ်။
ဆီမီးခွက်ကလေး တခုထဲမှာ  ပျားဖယောင်းတုံးကလေးနဲ့ အတူနံ့သာဖြူတုံးကို ဓားနဲ့ခြစ်ပြီး အစအနလေးတွေ ထည့်ထားရမယ်။
 ပြီးရင် အဲဒီခွက်လေးကို ရေသန့်ထည့်ထားတဲ့ အိုး တလုံးထဲကို ထည့်ရပါမယ်။ ရေပေါ်မှာဆီမီးခွက်လေး မျောနေရမယ်ဆိုပါတော့။
မီးရဲနေတဲ့ မီးသွေးခဲတခဲ ကိုယူပြီး ရေပေါ်မှာမျောနေတဲ့ ဆီမီးခွက်ကလေး ထဲထည့်လိုက်ရင် အငွေ့တွေထွက်လာမယ်၊ ထွက် လာတဲ့အငွေ့တွေကို အပေါ်ကအိုးအဖုံးနဲ့ အုပ်ပြီးဖမ်းလိုက်ရပါမယ်။ ဒါမှ အောက်ကရေသန့်ထဲမှာ ဖယောင်းနံ့သာဖြူနံ့ သင်းနေမှာဖြစ်ပါတယ်။

ကဲ ရေစစ်ထားတဲ့ ထမင်းကို စောက်ပန်းကန်လုံး တလုံးထဲထည့်၊ ဖယောင်းနံ့သာဖြူနံ့ သင်းထားတဲ့ ရေနည်းနည်း လောင်းထည့်ပြီးရင် သင်္ကြန်ထမင်း ဖြစ်ပြီပေါ့။
ချိုချဉ်မွှေး သရက်သီး ငါးခြောက်ထောင်း ကြော်လေးရယ်နဲ့ အလွန်လိုက်ဖက်လှတဲ့ သင်္ကြန် ထမင်းကို တလုတ်ဝါးလိုက်၊ ငရုတ်သီးခြောက်ကြော်လေး တကိုက်ကိုက်လိုက်နဲ့”
 ကဲ ပူပြင်းတဲ့ သင်္ကြန်နေကို အန်တုဖို့ ဝမ်းအေးရအောင် မွန်တိုင်းရင်းသားတွေရဲ့ သင်္ကြန်ထမင်းလေး ချက်စားကြမလား၊ ဒါမှမဟုတ် စတုဒီသာပဲကျွေးမလား။
စတုဒီသာ ကျွေးမယ်ဆိုရင်တော့ ဇူးလူးကိုလက်တို့ဖို့ မမေ့နဲ့နော်။

ဇူးလူး



.


တပို့တွဲလ ထမနဲပွဲ

Sunday, March 2, 2014 2 comments

~



 -
 
“ဇူးလူး ဒီနေ့ အလုပ်မသွားဘူးလား”
“ဒီနေ့ နားတယ် ဦးပီ”

“ဒါဆို အတော်ပဲ ရာသီစာ ထမနဲ ထိုးစားမလို့ လုပ်နေတာ”
“ဟာ ထမနဲများ ဦးပီရယ် ဘယ်ပွဲဈေးသွား ဝယ်ဝယ် ရတာကို၊ အလကား အပင်ပန်းခံလို့”

ဇူးလူးရဲ့  ထုံးစံအတိုင်း  အထွန့်လေးတော့ နည်းနည်းတက်ရမှဆိုပေမယ့် ဦးပီကိုယ်တိုင် ထိုးမယ့် ထမနဲကို စားချင်နေမိတယ်။
ဘာကြောင့်ဆို ပွဲဈေးတန်းတွေမှာ ထမနဲ ဝယ်စားလို့ရတယ် ဆိုပေမယ့် ဖုန်တထောင်း ထောင်းထနေတဲ့ အလယ်မှာ ဒယ်အိုး ပက်လက်ထဲက ထမနဲကို မြင်ရတာနဲ့တင် ဝယ်စားဖို့ တွန့်ဆုတ်ခဲ့ တာအမှန်ပါ။
ဘယ်လောက် ကောင်းတယ်ပဲပြောပြော ကိုယ်တိုင်လုပ်တဲ့ သန့်ရှင်းမှုကိုတော့ ဘယ်မီပါ့မလဲလေ။

တပို့တွဲလဆိုတာ ထမနဲရာသီဖြစ်ကြောင်း ဘယ်မြန်မာကိုမှ ရှင်းပြစရာမလိုဘူးထင်ပါရဲ့။
 ငယ်ငယ်က ၁၂ လရာသီပွဲတော်အကြောင်း စာကျက်တဲ့အခါ ဇူးလူးတို့ “တပို့တွဲလ ထမနဲပွဲ” ဆိုပြီး အော်ကျက်ခဲ့ တာတောင် မှတ်မိသေးတယ်။
 

 
ကောက်ညှင်းဆန်နဲ့ အုန်သီးဆန်၊ မြေပဲ၊ နှမ်း နိုင်းချင်းထည့်ထိုးထားတဲ့ ထမနဲဟာ ချင်းနံ့ လေး သင်းနေတော့ အနံ့ရတာနဲ့ ဘယ်မြန်မာပြည်သားမဆို သွားရည်ယိုရတဲ့ အစားအစာ တမျိုးမဟုတ်လား။
အုန်းသီဆန် ဖြူဖြူလေးတွေ၊ မြေပဲဆန်တွေ၊ နှမ်းတွေကို ဦးပီက အသင့်ပြင်ထားတယ်။
 ကောက်ညှင်းဆန် ကိုတော့ ရေစင်အောင်ဆေးပြီး ဆန်ခါနဲ့ ပြန်စစ်ထားလေရဲ့။
အုန်းသီးဆန်ရဖို့က အုန်းသီးရင့်ရင့် တခြမ်းကို ဓားမအနှောင့်နဲ့ ထုပြီး အဆန်ရအောင်ထုတ်၊ ပြီးတော့ အာလူးခြစ်တဲ့ ဂျစ်နဲ့ ပါးပါး လွှာလွှာလေးတွေ ခြစ် ထားရပါတယ်။
မိုးပြဲဒယ်ကြီးနဲ့ ကောက်ညှင်းဆန် နှစ်ပြည်၊ သုံးပြည်လောက်ကို ထမနဲထိုးမယ်ဆိုရင်တော့ လူတွေ အများကြီး ဝန်းဝိုင်းရမှာပါ။
ဒါပေမယ့် အိမ်မှာ ကိုယ့်ဘာသာလုပ်စားတဲ့ ပုံစံဆိုတော့ တယောက်တည်းနဲ့ အလုပ်ဖြစ်တယ် ပြောရမှာပေါ့။

ကဲ ဦးပီရဲ့ ထမနဲ အော်ပရေးရှင်း စတင်ပါပြီ။

မီးဖိုပေါ်မှာ ဒယ်အိုးခပ်ရွယ်ရွယ်ကိုတင်ပြီး ဆီ ထည့်၊ ဆီပူလာရင် နုပ်နုပ်လှီးထားတဲ့ ချင်းကို ထည့်၊ ချင်းနံ့ မွှေး လာတဲ့အခါ အုန်းသီးဆန်တွေ ထည့်ကြော်ပါတယ်။
အုန်းသီးဆန်နဲ့ ချင်းအရောင်ညိုပြီးြွကပ်ရွလာပြီဆိုရင်တော့ ဆီစစ်ပြီး ဆယ်ထားလိုက်ပါ။
အိုးထဲမှာကျန်တဲ့ ဆီထဲကို ဆေးပြီးစစ်ထားတဲ့ ကောက်ညှင်းဆန်နဲ့ ရေလောင်း ထည့်၊ ပြီးရင် ဆူပွက်ပြီး ရေခန်းခါနီးအထိ အဖုံးခဏ အုပ်ထားလိုက်ပေါ့။
ဒီအချိန်အထိကတော့ မီးပြင်း ပြင်းပေးရမယ်။

ရေခန်းခါနီးမှာတော့ ကောက်ညှင်းဆန်ကို မွှေပေးရပါမယ်။
ရေလုံးဝခန်းထားပြီး ဆီပြန်ထွက်လာတဲ့အထိ မွှေရမှာနော်။ အိုးမကပ်အောင်လည်း အား ထည့်မွှေပေါ့။
ဒါကြောင့် မိုးပြဲဒယ်ကြီးတွေနဲ့ ထိုးတဲ့အခါ ယောကျာ်း ကြီး ၄၊ ၅ ယောက်အားနဲ့ ထိုးကြ တာပါ။
အိုးသေးသေးလေးကတော့ တယောက် တည်းအားနဲ့ မွှေနိုင်ပါတယ်။
ဆီပြန်ထွက်လာတဲ့ အထိ မွှေတယ်ဆိုတာက ကြာရှည်အထားခံ အောင်၊  ကောက်ညှင်းနပ်အောင် ဖြစ်ပါတယ်။
အဲဒီလို ဆီပြန်ထွက်လာပြီဆိုရင် မြေပဲဆန်လှော်နဲ့ နှမ်းနဲ့ ဖြူးထည့်ပြီး ဆက်မွှေပေးပါ။
 ဒီအချိန်မှာတော့ မီးပြင်း စရာ မလိုတော့ပါဘူး။ ဆားနဲ့ သကြားလည်း ထည့်ရဦးမယ်။ နှမ်းကတော့ များလေကောင်းလေပဲပေါ့။
ထမနဲ ဆိုပေမယ့် ရှေးတုန်းက နှမ်းမနဲလို့ ရေးကြတယ် မဟုတ်လား။


 
ခဏလောက် ဆက်မွှေပြီးချိန်မှာ အုန်းသီးဆန် နဲ့ ချင်း ရောကြော်ထားတာ ဖြူးထည့်ပြီး မွှေလိုက်ရင်တော့ မွှေးပျံ့တဲ့ ထမနဲနံ့ကို ရပါပြီ။
 ဇူးလူးလည်း သွားရည်ယိုပါပြီ။ ထမနဲနံ့ဆိုတာက သိကြတဲ့အတိုင်း အုန်းသီး ဆန်ကြော်၊ ချင်း၊ နှမ်းနဲ့ မြေပဲရောပြီး ထွက်လာတဲ့အနံ့ပါ။
အနံ့က မွှေးပျံ့သလို စားရတာလည်း လျှာလည် ကြမှာပါ။ ကိုယ်တိုင် လုပ်ထားတာဖြစ်တဲ့ အတွက် မသန့်ရှင်းမှာလည်း ပူစရာမလိုဘူးလေ။

ပွဲဈေးမှာ ရောင်းတဲ့ ထမနဲ ကတော့ ရွှေညိုရောင် မသမ်းဘဲ မီးခိုရောင်သမ်းနေတာ တွေ့ရပါလိမ့်မယ်။ ကောက်ညှင်းဆန်ထဲမှာ ငချိတ် နည်း နည်း ရောထားလို့ ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရွှေညိုရောင်သမ်းနေတဲ့ ချင်းနံ့မွှေးမွှေး ထမနဲလေးကို ရေနွေးပူပူလေး မှုတ်သောက်ပြီး စား လိုက်ရတဲ့အတွက် ဇူးလူးရဲ့ အားလပ်ရက်က အရသာရှိတဲ့နေ့တနေ့ ဖြစ်သွားပါပြီ။

 
ဇူးလူး


.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved