Showing posts with label nay nay. Show all posts
Showing posts with label nay nay. Show all posts

ကြေကွဲစရာကောင်းသော ဆောင် ဆိုတဲ့ လူတယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်း

Friday, May 8, 2015 0 comments



photo - lollipop.sg

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဆောင်ဘို ဟာသူ့ မှာ ခေါင်းအပြင်းအထန်ကိုက်တဲ့ ပြင်းထန်တဲ့ ရောဂါရှိနေကြောင်း စမ်းသပ်တွေ့ ရှိပြီးတဲ့နောက် စိတ်ကျဆင်းတဲ့ဝေဒနာကိုပါ ခံစားခဲ့ရပါတယ်။

သူဟာ အိမ်ထောင်ပြုဖို့ မဖြစ်နိုင် ကလေးရရန်လဲမဖြစ်နိုင်တော့ကြောင်း သိရှိခဲ့ရပြီးတဲ့ နောက်ပြီး တနေ့မှာတော့ တရုတ်အွန်လိုင်းဈေးဝယ်နိုင်တဲ့ နေရာတခုကနေ သူ့အတွက် မျှော်လင့်ချက်ပေးနိုင်တဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ဆောင် ဟာ ကလေးတယောက်အရွယ်ပမာဏ ရှိတဲ့ အမြင့် ၄ပေ ၁၀လက်မ ရှိတဲ့ အရုပ်ကလေးမလေးတခုကို ၀ယ်ယူပြီး သူသွားလေရာ သူမကို သယ်ဆောင် ချီပိုး သွားပါတော့တယ်။ အဲဒီ အရုပ်ကလေးမလေးဟာ ဆောင်ရဲ့  ဘ၀ကိုပြောင်းလဲသွားစေ ပါတော့တယ်။

ဆောင် ဟာ အရုပ်ကလေးမလေးနဲ့အတူ ရထားစီးလေ့ရှိပါတယ်။ လူစည်ကားရာ လမ်းမပေါ်မှာလဲ သူမကို ချီပိုးသွားလေ့ရှိပါတယ်။ ဆောင် ဟာ သူနဲ့ ကလေးမတို့  လျှောက်လည်တဲ့ပုံတွေကို လူမှုရေးအင်တာနက်စာမျက်နှာတွေမှာ တင်လေ့ရှိပါတယ်။

ဆောင် ဟာ သူရဲ့ မိခင်နဲ့အတူနေထိုင်ပြီး အဲ့ဒီ မိခင်ကလည်း အမေရိကန်ဒေါ်လာ ၂၂၀၀ တန် အရုပ်မလေး သူတို့ ဘ၀ထဲ ၀င်လာတာကို မကန့်ကွက်ခဲ့ပါဘူး။ ဆောင် ဟာ အရုပ်ကလေးမလေးကို သူ့ သမီးလေးအရင်းလို သဘောထားပြီး လိပ်ပြာမလေးလို့  နာမည်ပေးထားပါတယ်။

ဆောင် ဘယ်နေရာသွားသွား လိပ်ပြာမလေး ကို အမြဲခေါ်ဆောင်သွားပါတယ်။ ဆောင် နဲ့ လိပ်ပြာမလေးရဲ့  ဓါတ်ပုံတွေဟာ လူတွေရဲ့ နှလုံးသားကို ကြေကွဲခံစားစေခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရတော့ပါဘူး။



နေနေ


ကိုးကားသတင်း။ ။ http://www.lollipop.sg/content/man-carries-daughter-everywhere-he-goes-look-closer-and-you-will-see-heart-breaking-truth#xtor=CS1-2




နီပေါမြေငလျင်ဘေးကို ပါကစ္စတန်မှ လှူ ဒါန်းမှုထဲမှာ အမဲသားမဆလာဟင်းထုပ်တွေ ပါဝင်နေ

Friday, May 1, 2015 2 comments


photo - dailymail.com

ဧပြီလ ၂၅ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် ကြုံတွေ့နေရတဲ့ နီပေါနိုင်ငံဟာ ပါကစ္စတန်မှ ကူညီပေးတဲ့ ပစ္စည်းတွေထဲက အမဲသားမဆလာ ဟင်းထုပ်တွေတွေ့ ရှိရတဲ့အတွက် မနှစ်မြို့ဖွယ်ရာ အဖြစ်အပျက်နဲ့  ထပ်မံကြုံတွေ့နေရပါတယ်။

ဟိန္ဒူဘာသာကိုးကွယ်သူတွေဟာ နွားသတ္တ၀ါကို အလေးအမြတ်ထားကြပြီး တိရိစ္ဆာန်သတ်ဖြတ်ခြင်းကိုလဲ တားမြစ်ထားပါတယ်။

အိန္ဒိယလူမျိုး ဒေါက်တာ ကန်မန်ဒူရဲ့ အဆိုအရ အမဲသားမဆလာအသားထုပ်တွေဟာ ပါကစ္စတန်နိုင်ငံက ကူညီထောက်ပံ့လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။ အားလုံးပေါင်း ၃၄ ယောက်ပါဝင်တဲ့  ဆရာဝန်တွေအဖွဲ့ဟာ နီပေါငလျင်ဒုက္ခသည်တွေကို ကူညီဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့ဟာ လေယာဉ်ကွင်းမှာ ပါကစ္စတန်က ရောက်ရှိလာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သွားရောက်ယူတဲ့အခါ အသင့်စားသုံးနိုင်တဲ့  အစားအသောက်အထုပ်တွေဟာ အမဲသားမဆလာအထုပ်တွေကို တွေ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယဆရာဝန်တွေဟာ ဟိုတယ်ကပေးတဲ့ အစားအသောက်တွေကို စားသောက်ပြီး ပါကစ္စတန်ကပေးပို့လာတဲ့ ပစ္စည်းတွေကို စားသောက်ခြင်း မရှိခဲ့ပါဘူး။

ဒေးလီသတင်းဌာနမှ သွားရောက်ဓါတ်ပုံရိုက်ကူးခဲ့ရာ အမဲသားမဆလာထုပ်တွေကို ပါကစ္စတန်မှ နောင်ရှရီယာခန့်က ထုတ်လုပ်ပြီး ရောင်းရန်မဟုတ်ကြောင်း ပါဝင်တဲ့ စာတွေကို တွေ့ရှိခဲ့ပါတယ်။ နီပေါထိပ်တန်းအရာရှိတွေရဲ့ အဆိုအရ အခုကိစ္စကို ၀န်ကြီးအား အသိ ပေးထားပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ကို သံတမန်နည်းအရ ဆက်သွယ်ဖြေရှင်းမယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုကိစ္စကို သူလုံးဝမသိကြောင်းနဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပံခဲ့ခြင်းမဟုတ်ပါဘူးလို့ ဆိုပါတယ်။

ယခုထောက်ပံ့ကူညီတာကို သဘာဝဘေးအန္တရာယ်များ ကူညီစောင့်ရှောက်ရေး အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟိန္ဒူဘာသာကိုးကွယ်ယုံကြည်မှုအရ အမဲသားစားသုံးခြင်းဟာ ဘာသာရေး ပြစ်မှုဖြစ်ပါတယ်။ ဟိန္ဒူဘာသာကို အဓိကထား ကိုးကွယ်တဲ့ နီပေါနိုင်ငံမှာ နွားသတ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး ပြစ်မှုကျုးလွန်သူကို သေဒဏ်နဲ့အတူ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ သိမ်းယူနိုင်တဲ့ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

 

နေနေ


ကိုးကားသတင်း။  ။ http://www.dailymail.co.uk/indiahome/indianews/article-3061416/We-did-not-touch-Pakistani-aid-Quake-struck-Nepal-launches-inquiry-Pakistan-sends-beef-masala-country-cow-slaughter-banned.html?ito=social-facebook

အိုဘားမား၏ အီးမေးလ်တချို့ ရုရှားကွန်ပြူတာဟက်ကာများရဲ့ ဖျက်ဆီးခြင်းခံရ

Tuesday, April 28, 2015 0 comments



photo - www.nytimes.com

ယမန်နှစ်က အမေရိကန်သမ္မတ အိုဘားမားရဲ့  အရေးမကြီးတဲ့ အီမေးလ်တချို့ ကို ရုရှားကွန်ပျူတာ ဟက်ကာများရဲ့  ဖျက်ခြင်းခံခဲ့ရပါတယ်လို့  အမေရိကန် အရာရှိများက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အရေးမကြီးတဲ့ ကွန်ပျုတာ အစိတ်အပိုင်းတွေကို ၀င်ရောက်ဖို့ ကြိုးစားခဲ တဲ့ ကွန်ပျုတာဟက်ကာများဟာ သမ္မတ အိုဘားမားရဲ့  ဘလက်ဘယ်ရီ(Black Berry)က မက်စ်ဆေ့ခ်ျတွေကို ထိုးဖောက်လို့ မရနိုင်ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်ရှိ တခြားသူတွေရဲ့  သိမ်းဆည်းထားတဲ့  အီးမေးလ်များနဲ့  သမ္မတ အိုဘားမားနဲ့ ဆက်သွယ်ပြောဆိုလေ့ရှိတဲ့  အိမ်ဖြူတော်ပြင်ပမှ တချို့ သူများရဲ့  အီးမေးလ်များကို ရရှိသွားခဲ့တာပါ။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူများရဲ့ အဆိုအရ အရေးကြီး ကွန်ပျူတာကွန်ရက်ကို ထွင်းဖောက်နိုင်ခဲ့ခြင်းမရှိရုံသာမက အရေးကြီးတဲ့  ထိပ်တန်းလှျှို့ ဝှက်ချက် မည်သည့် အကြောင်းအရာမှ ရရှိသွားခြင်းမရှိခဲ့ပါဘူး။ ရာထူးကြီး အရာရှိတွေမှာ ကွန်ပျုတာနှစ်လုံးဆီရှိပြီး တစ်လုံးက ထိပ်တန်းလျို့ဝှက် ကွန်ပျုတာကွန်ရက်စနစ်ကို သုံးထားပါတယ်။ ကျန်တစ်လုံး ကတော့ ပြင်ပကမ္ဘာနဲ့  အရေးမကြီးတဲ့ ကိစ္စများဆက်သွယ်အသုံးပြုရန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရာမှာ အသုံးပြုတဲ့ ကွန်ပျုတာများမှာ တခါတရံ   အလွန်အရေးကြီးတဲ့  အချက်အလက်တွေဖြစ်တဲ့  နေ့စဉ်အချိန်ဇယားတွေ သံတမန်များနဲ့  အပြန်အလှန်ပြောဆို ထားတဲ့ အီးမေးလ်တွေ၊ ကိုယ်ပိုင်လှုပ်ရှားသွားလာမှုနဲ့  ဥပဒေများကို အပြန်အလှန်ဆွေးနွေးမှုတွေ ရှိနေတတ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူများမှ သမ္မတ အိုဘားမားရဲ့ အီးမေးလ် ဘယ်လောက်များများနဲ့ ဘယ်လို အရေးကြီးတဲ့ အချက်အလက်တွေ ခိုးယူခြင်းခံခဲ့ရတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ သမ္မတကိုယ်ပိုင် အီးမေးလ်အကောင့်ကတော့ ခိုးယူခံရခြင်း လုံးဝမရှိခဲ့ပါ။ သမ္မတ အိုဘားမားရဲ့ ထိပ်တန်းလျှို့ ဝှက်အကြောင်းအရာတွေကို ပုံမှန်အနေနဲ့  နှုတ်ဖြင့် သော်လည်းကောင်း စာရွက် ဒါမှမဟုတ် ထိပ်တန်းလျှို့ ဝှက်ကွန်ပျုတာ ကွန်ရက်စနစ်ကို သုံးထားတဲ့ အိုင်ပက်ကနေတဆင့် ပို့ဆောင်လေ့ရှိပါတယ်။

တရုတ်နိုင်ငံမှ ကွန်ပျုတာဟက်ကာများဟာ စီးပွားရေးနဲ့ ဒီဇိုင်းအချက်အလက်တွေ ခိုးယူရာမှာ လူသိများပြီး ရုရှားကွန်ပျုတာဟက်ကာများကတော့ သူတို့ရဲ့ တိုက်ခိုက်တဲ့ လမ်းကြောင်းကို ဖျောက်တဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး အကြောင်းအရာတခု နေရာတခုကိုသာ အဓိကထား တိုက်ခိုက်တာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နိုင်ငံရေးနဲ့ ပတ်သက်မှုတွေမှာ တိုက်ခိုက်မှုတွေ ပိုများပါတယ်။ ယမန်နှစ် အီးမေးလ်ခိုးယူမှုဖြစ်ပွားချိန်ဟာ ရုရှားနိုင်ငံနဲ့  ဆက်ဆံရေးတင်းမာမှုတွေဖြစ်ပွားနေချိန်မှာလဲ ဖြစ်ပါတယ်။

အိမ်ဖြူတော်အတွင်းမှာလဲ သမ္မတရဲ့  အီလက်ထရောနစ်ပစ္စည်းများကို ဘယ်လို ထိန်းချုပ် ကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သမ္မတ အိုဘားမားအနေနဲ့ အခုလို ကွန်ပျုတာအင်တာနက်တိုက်ခိုက်မှုဟာ ပထမအကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲကာလမှာလဲ တရုတ်ကွန်ပျုတာဟက်ကာများရဲ့  တိုက်ခိုက်ခြင်းခံခဲ့ရဖူးပါတယ်။

အစပိုင်းမှာ အင်တာနက်ကွန်ပျုတာ တိုက်ခိုက်မှုတွေ စုံစမ်းစစ်ဆေးရာမှာ အရာရှိများဟာ မည်သူက တိုက်ခိုက်တယ်ဆိုတာကို ဖော်ပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ အပတ်ကမှ ပြည်ထဲရေးဝန်ကြီးဌာနက  အက်ရှ်တန်ကာတာမှ ပန်တဂွန် စစ်ဌာနချုပ်ရဲ့ အရေးမကြီးတဲ့ ကွန်ပျုတာနည်းစနစ်များကို ရုရှားဟက်ကာများမှ တိုက်ခိုက်ဖို့  ကြိုးစား ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟက်ကာများ ၀င်ရောက်လာခြင်းကို ချက်ချင်း သိရှိပြီး ဖယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပန်တဂွန်စစ်ဌာနချုပ် တိုက်ခိုက်မှုနဲ့  အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီး တိုက်ခိုက်သူ တူမတူကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဖြေဆိုဖို့  ငြင်းဆန်ခဲ့ပါတယ်။

အိမ်ဖြူတော်အနေနဲ့  ရုရှား၊ တရုတ်ကသာမက နေရာတိုင်းမှ နေ့တိုင်းဆိုသလို အင်တာနက် တိုက်ခိုက်မှုကို အဆက်မပြတ်ခုခံနေရတာပါ။

အိမ်ဖြူတော် ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပန်တဂွန် စစ်ဌာနချုပ်တို့ဟာ သူတို့ရဲ့  အရေးကြီး ထိပ်တန်းလျှို့ ဝှက်ချက်တွေကို JWICS ( Joint Worldwide Intelligence Communication System) လို့ခေါ်တဲ့  နည်းပညာကို အသုံးပြုသိမ်းဆည်းထားပါတယ်။ အဲဒီ နည်းပညာ အသုံးပြုထားတဲ့ အချက်အလက်တွေကို ထိပ်တန်းလျှို့ ဝှက်ချက်တွေကိုင်ဆောင်ထားတဲ့ ၀န်ထမ်းအရာရှိများသာ အသုံးပြုနိုင်ပါတယ်။


နေနေ


ကိုးကားသတင်း။  ။ http://www.nytimes.com/2015/04/26/us/russian-hackers-read-obamas-unclassified-emails-officials-say.html?hp&action=click&pgtype=Homepage&module=first-column-region&region=top-news&WT.nav=top-news






ကမ္ဘာ့အင်အားအကောင်းဆုံး ပတ်စပို့များ

Thursday, April 23, 2015 2 comments



photo - CNN.com

သံတမန်ကောင်းမွန်တဲ့နိုင်ငံဖြစ်ကြောင်း ပြနိုင်တဲ့ အင်အားကြီးလက်နက်ကတော့ ပတ်စပို့ကိုင်ဆောင်ထားသူ များဟာ တခြားနိုင်ငံနယ်နိမိတ်ကို လွယ်လင့်တကူ သွားလာနိုင်ခြင်းပါပဲ။
ပတ်စပို့ ကိုင်ဆောင်ထားသူဟာ တခြားနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန်မလို ဒါမှမဟုတ် ရောက်ရှိတဲ့ နိုင်ငံလေယာဉ်ကွင်းမှာ ဗီဇာရယူနိုင်တဲ့အနေအထားကို မူတည်ပြီး နိုင်ငံတကာမှ ပတ်စပို့တွေကို သွားရောက်နိုင် တဲ့ နိုင်ငံအရေအတွက်နဲ့အတူ အောက်တွင် ဖော်ပြထားပါတယ်။

၁။ အမေရိကန်၊ အင်္ဂလန် (၁၄၇ နိုင်ငံ)
၂။ ပြင်သစ်၊ တောင်ကိုးရီးယား၊ ဂျာမနီ (၁၄၅ နိုင်ငံ)
၃။ ဆွီဒင်၊ အီတလီ (၁၄၄ နိုင်ငံ)
၎။ ဒိန်းမတ်၊ စင်ကာပူ၊ ဖင်လန်၊  ဂျပန်၊ လူဇင်ဘတ်၊ နယ်သာလန် (၁၄၃ နိုင်ငံ)
၅။ ဆွစ်ဇာလန် (၁၄၂ နိုင်ငံ) တို့ပါ။

နိုင်ငံအနည်းဆုံးသွားနိုင်တဲ့ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကွန်ဂို၊ ယီမင်၊ အာဖရိကအလယ်ပိုင်း၊ ကိုဆိုဗို (၄၁ နိုင်ငံ)
၂။ အီကွေးတိုးရီးယယ် ဂီနီယာ၊ ဘူတန်၊ ကော်မိုရော့စ်၊ ဘူရန်ဒီ ( ၄၀ နိုင်ငံ)
၃။ ဆိုမားလီးယား၊ အီရီထရီယား ( ၃၉ နိုင်ငံ)
၎။ အာဖဂန် နစ္စတန်၊ ဂျဘူတီ၊ အီရတ်၊ နီပေါ (၃၈ နိုင်ငံ)
၅။ ဆူဒန် တောင်ပိုင်း၊ ဆိုလိုမွန်ကျွန်း၊ ပါလက်စတိုင်း နယ်မြေများ၊ ပရင်စပီ၊ မြန်မာ (၂၈ နိုင်ငံ)

အထက်ပါစာရင်းတွေဟာ ကမ္ဘာ့ကုလသမ္မဂ္ဂ အသင်းဝင် ၁၉၃ နိုင်ငံနဲ့ နယ်မြေ ၆ ခုမှ အပြည်ပြည်ဆိုင်ရာ လေကြောင်းအသင်းရဲ့ ဗီဇာအချက်အလက်ပေါ်မှာ မူတည် ဖော်ပြထားတာပါ။


နေနေ

ကိုးကားသတင်း။  ။ http://money.cnn.com/2015/04/17/news/worlds-most-powerful-passports/index.html?sr=fbmoney041715passports1030story


မြန်မာဆရာဝန်တဦး ဘာကြောင့် ထောင်ဒဏ် ၁၈ လ အပြစ်ပေးခံရသလဲ

Monday, April 20, 2015 2 comments



ဒေါက်တာ အံ့ထွန်းမောင် (photo - www.chroniclelive.co.uk)


အင်္ဂလန်နိုင်ငံ ချက်စတာလီလမ်းနေ ဒေါက်တာ အံ့ထွန်းမောင်ဟာ ဆေးစစ်ရာမှာ အခွင့်အရေးယူတယ်လို့ သံသယရှိတဲ့အမှုတွင် အပြစ်ရှိတယ်လို့ မတ်လမှာ ဒါဟန်ကရောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အခုဖြစ်စဉ်ကတော့ ဇူလိုင် ၂၀၁၂ က ၁၉ နှစ်အရွယ် မိန်းကလေးကို ဆေးစစ်ရာမှာ ဖြစ်ပွားခဲ့တာပါ။

ဒေါက်တာ အံ့ထွန်းမောင်ဟာ တရားရင်ဆိုင်နေစဉ်အတွင်းမှာ အဲ့ဒီမိန်းကလေးအပေါ် အခွင့်အရေး မယူခဲ့ကြောင်းနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေသာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

စစ်ဆေးမှုအတွင်းမှာလည်း မိန်းကလေးရဲ့ အပေါ်အတွင်းခံအကျီကို မဖြုတ်ခဲ့ကြောင်း အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အသက် ၃၇ နှစ်အရွယ် ဒေါက်တာ အံ့ထွန်းမောင်ဟာ ထောင်ဒဏ် ၁၈ လ အမိန့် ချမှတ်ခံခဲ့ရတာပါ။

ဒေါက်တာ အံ့ထွန်းမောင်ဟာ ဆရာဝန်လိုင်စင်သိမ်းယူတဲ့ အပြစ်ပေးမှု ပြုလုပ်နိုင်သော အင်္ဂလန်ဆေးကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုကိုလဲ ခံနေရပါတယ်။


နေနေ


ကိုးကားသတင်း။ ။ http://www.chroniclelive.co.uk/news/north-east-news/chester-le-street-doctor-jailed-groping-teens-9069125


ချစ်စရာ သင်္ကြန်အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ထိုင်းသင်္ကြန်ကို ဆင်နွှဲကြမယ်

Saturday, April 11, 2015 0 comments






photo - bangkokpost.com

 အခုနှစ် သင်္ကြန်အတွက် ရေကစားရာမှာ အသုံးပြုနိုင်တဲ့ ရေသေနတ်လေးတွေနဲ့ အသုံးအဆောင်လေးတွေကို ဘန်ကောက်ဆန်းပန်းဈေး၊ ချင်းမိုင် န၀ရတ်ဈေးကွက်မှတဆင့် မိတ်ဆက်ပေးလိုက်ပါတယ်။

 ရေသေနတ်လေးများ

၂၀၁၅ သင်္ကြန်အတွက် ဒီဇိုင်းမျိုးစုံ ရေပက်ကစားနိုင်တဲ့ ရေသေနတ်များ ထွက်ရှိပါတယ်။ အဲဒီထဲကမှ ကျောပိုးအိတ်ပါတဲ့ ရေသေနတ်လေးတွေကတော့ ချစ်စရာ အကောင်းဆုံးဖြစ်နေပါတယ်။ ဈေးနှုန်းကတော့ အရွယ်အစား ပုံစံနဲ့အလိုက် ထိုင်းဘတ် ၅၀ ကနေ ၄၀၀ အထိ ကျသင့်ပါတယ်။



ထိုင်းဈေးကွက်မှ ဈေးရောင်းသူတွေရဲ့ ပြောကြားချက်အရ ဒီနှစ်အတွက် အရောင်းရဆုံး ဒီဇိုင်းကတော့ ဟလိုကစ်တီ(Hello Kitty) နဲ့  ဂျပန်ကာတွန်းဇာတ်ရုပ် ရီလတ်ကူမာ (Rilakkuma)  လို့ သိရပါတယ်။

လူငယ်ယောကျာင်္းလေးတွေအတွက် မန်ချစတာယူနိုက်တက် ၊ ဘာစီလိုနာ စတဲ့ ဘောလုံးအသင်း တံဆိပ်ပုံစံတွေပါတဲ့ ရေသေနတ်တွေကိုလဲ ဈေးကွက်မှာ ၀ယ်ယူနိုင်ပါတယ်။ ကလေးအရွယ် ယောကျာင်္းလေးတွေ အကြိုက်ဆုံးကတော့ ဘန်တန်း(Ben Ten)ပုံ ရေသေနတ်လေးတွေပဲ ဖြစ်ပါတယ်။


 အသုံးအဆောင်လေးများ
သင်္ကြန်လည်ပတ်သူတွေအတွက် ရေစိုခံအိတ်လေးတွေကိုလဲ ထိုင်းဘတ် ၂၀ နဲ့  ၀ယ်ယူနိုင်ပါတယ်။  အဲဒီအိတ်လေးတွေကတော့ တယ်လီဖုန်း ထည့်နိုင်တဲ့ ဒီဇိုင်းလှလှပုံလေးတွေ ဖြစ်ပါတယ်။

မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေ အဆင်ပြေလွယ်ကူစွာ ရေကစားနိုင်တဲ့ အရောင်လှလှ ဒီဇိုင်းဆန်းဆန်း ကော်ကိုင်းမျက်မှန်လေးတွေကို ထိုင်းဘတ် ၁၀၀ခန့်နဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

ဒီဇိုင်းလှလှ၊ ရေစိုခံ၊ လွယ်လင့်တကူစီးနိုင်တဲ့ မိန်းမ၀တ် ဖိနပ်လေးတွေကိုတော့ ထိုင်းဘတ် ၁၅၉၀ ကနေ ၁၆၉၀ ကြား ကုန်တိုက်ကြီးတွေမှာပဲ ၀ယ်ယူရနိုင်ပါတယ်။



နေနေ


ကိုးကားသတင်း။  ။ http://www.bangkokpost.com/lifestyle/social-and-lifestyle/524455/make-a-splash



ကန်ချနပူရီ ကျားဘုရားကျောင်းမှ ကျားများပျောက်ဆုံးရခြင်းကို ရှင်းလင်းရန် ငြင်းဆို

Tuesday, April 7, 2015 0 comments



photo - bangkok coconuts.co

 တိရစ္ဆာန်ကုန်ကူးမှုနှင့် သံသယဖြစ်ခံနေရသော ထိုင်းနိုင်ငံ ကန်ချနပူရီ ကျား ဘုရားကျောင်းမှ တာဝန်ရှိသူတွေက ကျားတိရစ္ဆာန်များ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တောရိုင်း တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး တာဝန်ရှိသူများရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ပူးပေါင်းဖို့ရန် ငြင်းဆိုခဲ့ပါတယ်။

ကန်ချနပူရီ ကျား ဘုရားကျောင်းတွင် ကျား အကောင်ရေ ၁၅၀ ခန့် ထိန်းသိမ်းထား ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်မှုထမ်းဟောင်းတစ်ယောက်က ကျားဘုရားကျောင်းမှ အနဲဆုံး ကျားအကောင်ရေ ၃ ကောင် တရားမ၀င် ရောင်းချခဲ့တယ်လို့  သံသယရှိကြောင်း တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနကို တိုင်ကြားခဲ့တာပါ။

စောင့်ရှောက်ရေးဌာနမှ ဖေဖော်ဝါရီလမှ စတင်ပြီး ကျား ဘုရားကျောင်းကို အကြိမ်ကြိမ် အခါခါ ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ကျား ၃ကောင်မှာ ဘင်္ဂါးပြည်နယ်မှ အသက် ၃ နှစ်မှ ၇ နှစ် အရွယ် ကျားများဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ ကန်ချနပူရီ ကျား ဘုရားကျောင်းမှ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုများ မပေးနိုင်ပါက ကျားများကို  ရပ်ချပူရီ ပြည်နယ်ကို ပြောင်းရွေ့ သွားမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလဲ ရှားပါးတဲ့ ငှက်အကောင်ရေ ၁၀၀ ကျော် ပျောက်ဆုံးမှုနဲ့  သံသယ ရှိတဲ့အတွက် ငှက်များကိုပြောင်းရွေ့  ဖယ်ရှားခဲ့ရပါသေးတယ်။


နေနေ


ကိုးကားသတင်း။  ။ http://bangkok.coconuts.co/2015/04/02/tiger-temple-refuses-explain-missing-tigershttp://bangkok.coconuts.co/2015/04/02/tiger-temple-refuses-explain-missing-tigers

တကမ္ဘာလုံးက လူသားတွေရဲ့ နှလုံးသားကိုကိုင်လှုပ်နိုင်ခဲ့တဲ့ ကလေးငယ်

Friday, April 3, 2015 1 comments



photo - osman sagirli

ဆီးရီးယားကလေးငယ်တစ်ဦးရဲ့  လက်တွေမြှောက်ပြီး ကြောက်ရွံတုန်လှုပ်နေတဲ့ မျက်ဝန်းအစုံနဲ့ ဓာတ်ပုံတပုံဟာ အခုတလော အင်တာနက်လောကမှာပျံ့ နှံ့ နေပါတယ်။

BBC အစီအစဉ်မှ ဓါတ်ပုံရဲ့ နောက်ကွယ်က ဇာတ်လမ်းနဲ့  ရိုက်ကူးခဲ့သူ ဓါတ်ပုံပညာရှင်ကို စုံစမ်းဖော်ထုတ်ခဲ့ရာ

တူရကီလူမျိုး ဓါတ်ပုံဆရာ အိုစမမ် ဆာကလီ မှ လေးနှစ်အရွယ် ဟူဒီယာ အမည်ရှိ ကလေးမကို ဆီးရီးယားနိုင်ငံရှိ အက်မက် ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၀၁၄ က ရိုက်ကူး ခဲ့ခြင်း ဖြစ်ပါတယ်။

ဟူဒီယာဟာ သူမရဲ့  မိခင်၊ မွေးချင်းနှစ်ယောက်နဲ့ အတူ ကီလိုမီတာ ၁၅၀ ဝေးကွာတဲ့ သူမနေထိုင်ရာမြို့မှ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ဓါတ်ပုံဆရာ ဆာကလီရဲ့ပြောကြားချက်အရ ဟူဒီယာကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားစဉ်မှာ ဆာကလီရဲ့  ကင်မရာမှာ မှန်ဘီလူးအကြီးစားကို တပ်ဆင်ထားပါတယ်။ ဟူဒီယာ ဟာ ကင်မရာမှန်ဘီလူးကို လက်နက်လို့  ထင်မြင်ယူဆတဲ့အတွက် ကြောက်ရွံ့ပြီး နှုတ်ခမ်းကို ကိုက်၊ လက်ကိုမြှောက်နေခဲ့ခြင်း ဖြစ်ပါတယ်။

သနားစရာကောင်းလှတဲ့ ဟူဒီယာရဲ့  ပုံဟာ တကမ္ဘာလုံးက လူသားတွေရဲ့  နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။


နေနေ


ကိုးကားသတင်း။  ။ http://www.bbc.com/news/blogs-trending-32121732

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved