လူသတ်သမားဟာ
မသာအိမ်မှာ
ဖဲလိမ်ရိုက်ဖို့ ကြိုးစားနေတယ်။
သူ့ဖဲထုပ် သူယူလာ
သူ့ဟာသူ ကုလားဖန်ထိုး
သူ့ဖဲကို သူချိုးလို့
သေနတ်အားကိုးနဲ့
(ပြောင်ပြောင်တင်းတင်း) ဖဲခိုးဖို့လည်း ပြင်နေရဲ့။
သေနတ်ဒဏ်ရာနဲ့
အနီးက ကြမ်းပြင်ထက်
ပက်လက်သေနေရှာတဲ့
အလောင်းရဲ့ဟနေဆဲ ပါးစပ်ထဲမှာ
မတ်စေ့တောင်မပါ။
ယမ်းငွေ့တွေ အူနေတုန်း
နေလုံးကလည်း ကွယ်လုကွယ်ချင်
ချစ်သူခင်သူ ကျန်ရစ်သူများ
ယူကြုံးမရ ငိုကြွေးကြစဉ်....။
အမြင်ရိုင်းတဲ့ ဒီဖဲဝိုင်းကို
လူတိုင်းလိုလို ကြဉ်ကြတယ်။
လူသတ်သမားနဲ့ နောက်ပါတစုကတော့
(မြို့မှာ) တခုတည်းသော ကစားနည်းဆိုပြီး
မောင်းတီးကာ လူခေါ်စုနေကြလေရဲ့။
မကြာခင်မှာပဲ
လူအများရဲ့ အနာဂတ်ကို
မိုက်မိုက်ကန်းကန်း လောင်းကြေးထပ်ပြီး
အမြတ်ပိုက်ယူပြမလို့တဲ့
ဇာတ်လိုက်လူအ တချို့ ထွက်လာပြန်တယ်။
ဟေ့... မလုပ်နဲ့... မလုပ်နဲ့...
ကြေးကြီးလွန်းတယ်။
ဟာ...မလုပ်ပါနဲ့ ရှူံးသွားလိမ့်မယ်။
အားလုံးက တားကြတယ်။
တားကြပါတယ်။
တားကြရှာပါတယ်။
တားမရဘူး...။
မှားပြတော့မယ်။
ကျန်ရစ်သူတို့
ကူကယ်ရာမဲ့
တပူပေါ်နှစ်ပူဆင့်
ရင်နင့်စရာ
မသာအိမ်ကဖဲဝိုင်းကြောင့်
ရာဇဝင် တကယ်ပဲ ရိုင်းတော့တယ်။
ကိုပေါ
၃၀ သြဂုတ်လ ၂၀၁၀။
The author is Ko Paw.
http://kopaw07.blogspot.com/2010/08/blog-post_30.html