မားကို့စ်ရယ်၊ ဆက်ဒမ်ဟူစိန်ရယ်၊ သိုဟန်ဘွား သန်းရွှေရယ် (၂)

Wednesday, December 29, 2010

ဦးအလံမလှဲ

ဦးလေးကြီးက သိုဟန်ဘွားသန်းရွှေ မိသားစု၏ ဥစ္စာလောဘဇော ကြောင်းကျိုးဆက်စပ်ဖြစ်စဉ်ကို သဘောတရားရေးဆန်ဆန် ကောက်ကြောင်းဆွဲပြီး ပုံဖော်ခဲ့သည်။ ပေါ်လာသောပုံကို ဤသို့ဆွဲထုတ်လိုက်သည်။

“ကိုတူမောင်..ရေ။ သိုဟန်ဘွားသန်းရွှေမိသားစုရဲ့ လက်ခုတ်ထဲကို လုပ်ငန်းရှင် စီးပွါးရေးသမားတွေဆီက စိန်တွေရွှေတွေ ကျောက်သံပတ္တမြားတွေ ငွေတွေ တန်ဘိုးကြီးလွန်းတဲ့အထုပ်ကြီးတွေ `၀င်လာမစဲတသဲသဲ´ တဲ့။ ဆက်သသူ စွမ်းဆောင်ပေးသူတွေထဲမှာ နမူနာတယောက်က ကိုတေဇ။ သိုဟန်ဘွားသန်းရွှေ မိသားစုဟာကို တေဇလို ငွေမုဆိုးအတော်များများကို လက်သပ်မွေးထားပြီး ပလုတ်ပလောင်းစားခဲ့တာ ၀ါးခဲ့တာ။ စားနေတာ ၀ါးနေတာ။အာဏာရှိနေသမျှ စားဦးမှာဝါးဦးမှာ။”

ဦးလေးကြီးက အကြောင်းအသိဆုံး လူရင်းကြီးကို တေဇတဦးတည်းကိုသာ ဆန်ရင်းနာနာဖွတ်လိုက်သည်။ ကိုတေဇကဲ့သို့သော အခြားငွေမုဆိုးအမည်များကိုမူ `ချို´ထားသည်။ မယ်မင်းကြီးမက ငြင်းလျှင်တော့ မတတ်နိုင်ပြီ။ နာမည်နာမ အတိအကျဖော်ကာပြမည်ဟု စိတ်ပိုင်းဖြတ်ကာ`ချဲလင့်ခ်ျ´လုပ်ထားသည်။

“အဲ.. ကိုတူမောင်။ န၀တ၊ နအဖခေတ်မှာ ဒို့တိုင်းဌာနီကို အုပ်ချုပ်တာက အဆင့်ဆင့်သော စစ်အာဏာရှင်တွေ။သူတို့နယ်ပယ် သူတို့ခွင် သူတို့သည်သာ အရှင်သခင်၊ သူတို့သည်သာ ရှင်ဘုရင်၊ သူတို့သည်သာ အာဏာရှင်။ဒီတော့ လုပ်ချင်တာမှန်သမျှ ထင်တိုင်းကျဲကြပြီ။ ဒီတော့ ဒို့တိုင်းဒို့ပြည်ဟာ ပျက်လို့မဆုံး တဗြုံးဗြုံးနှင့် ပျက်သုဉ်းလုံးဝ ဆုံးရှုံးရမယ်။”

ဦးလေးကြီးက စိတ်မသက်မသာဖြင့် သက်မကြီးကို`ဟင်း´ ခနဲ ချလိုက်သည်။ ပြီးတော့ မမောနိုင်မပမ်းနိုင် ဆက်ပြောပြန်သည်။


“အဲ..ဒီခေတ်ကြီးမှာ အာဏာရှင်တွေ ရှင်ချင်တိုင်းရှင်နေကြတော့ ဒီမိုကရေစီဆိုလို့ အငွေ့တောင်ယောင်ယောင်မျှမရှိ။ဒီတော့ အပြန်အလှန် ထိန်းတာကျောင်းတာ၊ ညှိတာ၊ စောင့်ကြည့်တာ၊ ထောက်ပြတာ အရေးယူတာတွေလည်း ဗလာနတ္တိ ဘာမျှမရှိ။”

ဦးလေးကြီးက ပြောရင်းပြောရင်း ငြီးငြီးငြူရင်း ပင်ရင်းလက်သည်တရားခံကို ဇိကုတ်ပြီး ဆွဲထုတ်လိုက်သည်။
“စစ်အာဏာရှင်ယန္တယားကို ဦးစီးချုပ်ကိုင် မောင်းနှင်တာက သိုဟန်ဘွားသန်းရွှေကြီး..။အဲဒီစစ်အာဏာရှင် ယန္တယားကို တလွဲအသုံးချပြီး လူသတ်မှု၊ ရမ်းကားမှု၊လာဘ်စားမှုတွေကို ကျူးလွန်ခဲ့ကြတာက သိုဟန်ဘွားသန်းရွှေကြီးကိုယ်တိုင်နဲ့ သူ့မိသားစုအ၀န်းအ၀ိုင်း တပြုံလုံး ..။ ဒင်းတို့တပြုံလုံး .. အင်း .. ရင့်ရင့်သီးသီး မပြောချင်တော့ပါဘူး.. အဲ .. သူတို့တပြုံလုံး စစ်အာဏာရှင်စနစ်ရဲ့ သားကောင်းတွေဖြစ်သွားကြပြီ။”

ဤသို့ သံဝေဂယူစရာကို ပြောပြအပြီးမှာတော့ ဦးလေးကြီးက ရှေ့ဆက်ပြောစရာ အကြောင်းအရာခေါင်းစဉ်ကို မားကို့စ်ဘက်ပြန်၍ လှည့်လိုက်သည်။

“ကိုတူမောင်..ရေ။ မားကို့စ်နဲ့ပတ်သက်ပြီး အလေးထားပြောစရာရှိသေးတယ်။ သူနဲ့ယှဉ်ပြိုင်ဘက် နိုင်ငံရေးသမား အကွီနိုကိစ္စ။အဲဒီအကွီနိုက လက်ရှိသမ္မတ အကွီနိုရဲ့ဖခင်မို့ ဖခင်အကွီနိုလို့ ခေါ်ကြပါစို့။ ဖခင်အကွီနိုရဲ့ နိုင်ငံရေးခြေလှမ်းကို မားကို့စ်က လန့်တယ်။ ရိုးရိုးသားသား ယှဉ်ပြိုင်ရင် မားကို့စ်ရှုံးမယ်။ မားကို့စ်က အရှုံးမခံနိုင်ဘူး။ အရှုံးမခံနိုင်တာက အဓိကအကြောင်း နှစ်ကြောင်းရှိတယ်။ ပထမအကြောင်းက အာဏာကို အရူးအမူး မက်မပြေတာ။ ဒုတိယအကြောင်းက အာဏာရှိတုန်း ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် တန်ပြန်ခံရမှာ။”

ဦးလေးကြီးက အားထည့်ပြီး စကားပြောသဖြင့်မောသည်။ ခဏမျှအမောဖြေပြီး ရှေ့ကိုဆက်သည်။
“ကိုတူမောင်..ရေ။ အာဏာရှင်ဟူသမျှဟာ သူတို့ဘယ်မျှထိ ကျူးလွန်ခဲ့တယ်ဆိုတာကို သူတို့သည်သာ အသိဆုံး။ကျူးလွန်ခဲ့တာတွေကို သိလေလေ အကြောက်တရားက ကြီးလေလေ။ အခုမားကို့စ်ရဲ့ အဖြစ်ကလည်း ဒီအတိုင်းပဲ။အကြောက်တရားကြောင့် အမြဲတမ်း ခြောက်ခြားနေတာ..ဟဲ..ဟဲ။ ခု..ဖခင်အကွီနိုက ပြည်ပကနေ ပြန်လာမယ်လို့ ဆိုနေပြီ။ဒီတော့ ပြန်မလာရဲအောင် နည်းမျိုးစုံနဲ့ခြောက်တယ်။ မရဘူး။ ပြန်လာတယ်။ ဟော..မားကို့စ်ကြီး ကြောက်ချီးပန်းပြီ။ မကြံစီအပ်တာကို ကြံစီပြီ။”

မားကို့စ်ကြီး ဘာတွေကို မဟုတ်တရုတ်လုပ်တော့မည်နည်း။ဖခင်အကွီနို၏ နိုင်ငံရေးသတ္တိကို လေးစားသော ကိုတူမောင်၏ရင်ထဲ `ဒိတ်´ ကနဲ ဖြစ်သွား၏။

“ဟင်း..ကိုတူမောင်။ ဖခင်အကွီနိုလည်း လေယာဉ်ပေါ်က ဆင်းလာရော လက်ဖြောင့်သေနတ်သမားက ပစ်ပါလေရော။ဟော.. ဖခင်အကွီနို ကျဆုံးသွားပြီ။ ကဲ..တရားခံဘယ်သူလဲ။ အားလုံးကသိနေကြတယ်။ မားကို့စ်မှ မားကို့စ်။ကျဆင်းနေတဲ့ မားကို့စ်ရဲ့သိက္ခာတွေ ဒလဟော.. ကျပြီးရင်းကျရင်း ကျရင်းနဲ့ ဘယ်လိုမှ အဖတ်ဆယ်မရတော့ဘူး။ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားပြီ။”

ဦးလေးကြီးက မားကို့စ်၏ ကြမ်းကြုတ်ယုတ်မာပုံကို ဘောလုံးကို သယ်သကဲ့သို့သယ်လာပြီး အပိုင်ဂိုးကို သွင်းတော့မည်။

“အဲ.. အကြောင်းချင်း ဆက်စပ်လို့ပြောရဦးမယ်.. ကိုတူမောင်။သိုဟန်ဘွား သန်းရွှေကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ ကြိုတင်အကွက်ဆင်ထားတဲ့အတိုင်း အကြမ်းဖက်လုပ်ကြံခဲ့တယ်။ ဒီလို ယုတ်ယုတ်မာမာ လုပ်ရပ်မျိုးမှာ သိုဟန်ဘွားသန်းရွှေနဲ့ မားကို့စ်တပုံစံတည်းပဲ။ ဒီတော့.. သိုဟန်ဘွားသန်းရွှေဟာ အတိတ်ဘ၀တခုခုမှာ မားကို့စ်နဲ့ နှစ်ကိုယ့်တစိတ် အမွှာပူးညီအစ်ကို တော်စပ်ခဲ့လေသလား..ဟဲ..ဟဲ။”

ဦးလေးကြီးက အကွက်ဆိုက်လာသည်နှင့်တပြိုင်နက် အပိုင်ကိုင်တတ်သည်။ ယခုနောက်ခွင်တခွင်ကို အကွက်ဆင်ပြန်ပြီ။

“ကိုတူမောင်..ရေ။ မားကို့စ်အကြောင်းကို ပြန်ကောက်ရရင် ဖိလစ်ပိုင်မှာ ရွေးကောက်ပွဲလုပ်ပြီ။အဓိကပြိုင်ကြတာက တဘက်မှာက မားကို့စ်။ အခြားတဘက်မှာက လုပ်ကြံခံသွားရရှာတဲ့ အကွီနိုရဲ့ဇနီး၊ လက်ရှိသမ္မတအကွီနိုရဲ့မိခင် မစ္စက်အကွီနို။မားကို့စ်က သူနိုင်တယ်ပြော။ မစ္စက်အကွီနိုကလည်း သူသာလျှင် အစစ်အမှန်နိုင်သူလို့ ကြေညာ။မားကို့စ်ကို မဲလိမ်မဲသူခိုးလို့ သက်သေသက္ကာယတွေနဲ့ ဖွင့်ချ။ အခြေအနေတွေက တင်းမာသည်ထက် ပိုပိုပြီးတင်းမာလာတယ်။”

ဦးလေးကြီးက ရယ်ကျဲကျဲမျက်နှာထားကြီးနှင့် ဆက်၍ပြောဦးမည်။
“ဟဲ..ဟဲ.. ရယ်တော့ရယ်စရာပဲ။ မားကို့စ်က သမ္မတအဖြစ် တနေရာမှာ ကျမ်းကြိမ်တယ်။အဲ.. မစ္စက်အကွီနိုကလည်း မိမိသည်သာ အမှန်တကယ် မဲနိုင်သူ၊ ဒါကြောင့်သမ္မတအဖြစ် ကျမ်းကြိမ်ခွင့်ရှိသူ၊ အဲဒီလိုကြေငြာပြီး တခြားတနေရာမှာ ကျမ်းကြိမ်တယ်။မားကို့စ်ကြီး မဲခိုးမဲလိမ်ပြစ်မှု ကျူးလွန်ပြီးကာမှ ကျမ်းကြိမ်တော့ အစစ်အမှန်သမ္မတဖြစ်လာမှာလား။ ကျမ်းစူးခံရမှာလား။”

ဦးလေးကြီးက မားကို့စ်အကြောင်းကို ပြောနေရင်းမှ သိုဟန်ဘွားသန်းရွှေကြီးနှင့်တကွ အဖွဲ့သားတပြုံးလုံးဘက်သို့ ဦးလှည့်လာသည်။

“ဖြစ်ရပ်တွေက တူလွန်းလို့ပြောရဦးမယ်.. ကိုတူမောင်။ ဒို့တိုင်းဌာနီမှာလည်း မဲလိမ်မဲခိုးမှုတွေရှိတယ်။ဒီပြစ်မှု ကျူးလွန်တာကို ဦးဆောင်တာက သိုဟန်ဘွားသန်းရွှေကြီး။ ၂၀၀၈-စစ်ကျွန် အခြေခံဥပဒေကို အတည်ပြူတုန်းက မဲလိမ်မဲခိုးလုပ်ခဲ့တယ်။ ၂၀၁၀-ရွေးကောက်ပွဲမှာလည်း မဲလိမ်မဲခိုးလုပ်တယ်။ ဗြောင်ပဲ။နံနက်တိုင်း သစ္စာဆိုခဲ့ကြရတဲ့ စစ်ဗိုလ်ချုပ်တွေ တဦးချင်း ကျမ်းစူးသူက စူးသွားပြီ။ တလောကတော့ တပြုံလုံး ကျမ်းစူးကုန်ကြပြီ။အချိန်မတန်သေးလို့ ကျန်နေသေးတဲ့ ဒင်းကြီးကတော့ သူ့အလှည့်ရောက်လာရင် ပိုပိုဆိုးလွန်းလို့ ပိုပိုတိုးပြီး ကျမ်းအစူးကြီးစူးတော့မယ်။ စောင့်သာကြည့်..စောင့်သာကြည့် ..ဟဲ..ဟဲ။”
ဦးလေးကြီးက ဒင်းကြီးနှင့် ဒင်းလေးတွေကို တခါတခါ `သောက်မြင်ကပ်´ ပေမယ့် လူသားအချင်းချင်း တအူထုံ့ဆင်း ကိုယ့်လူမျိုးအချင်းချင်းမို့ တခါတခါတော့`သနားဂရုဏာ´သက်မိသည်။ထို့ကြောင့် ရိုးရိုးသားသား စေတနာထားပြီး သတိစကားပြောကြားလိုသည်။

“စစ်ယူနီဖေါင်း.. ၀တ်တွေရော၊ ချွတ်တွေရော လာတော့မယ့် လွှတ်တော်ထဲမှာ သစ္စာဆိုကြရဦးမယ်။သစ္စာစူးဖူးသူတွေ ဖြစ်ကြလေတော့ အဲ.. အထူးပြောနေဖို့မလိုပါ။ သတိဆွဲကြရသူတွေ.. သတိဗျို့ သတိသတိ။”

ဦးလေးကြီးက သူပစ်ချင်သည့်ပစ်မှတ်ကို ကြုံလျှင်ကြုံသလို အခွင့်ကောင်းယူပြီး ပစ်တတ်သည်။ပစ်ပြီးတာနဲ့ မူလလမ်းကြောင်းကို ပြန်လှည့်သည်။

“မားကို့စ်နဲ့ မစ္စက် အကွီနိုနှစ်ယောက်စလုံးက မိမိသည်သာ သမ္မတတဲ့။ ဒီအငြင်းပွါးမှုက တရစ်ပြီးတရစ် ပိုမိုတင်းမာလာတယ်။ပြည်သူလူထုကတော့ လမ်းမပေါ်တွေမှာ များသည်ထက်များလာလိုက်တာ တင်ကြမ်းပဲ။မားကို့စ်ကို ထောက်ခံသူက လက်တဆုပ်စာ။ မစ္စက်အကွီနိုကို ထောက်ခံသူတွေက အားနဲ့အင်နဲ့ လူပင်လယ်ကြီး။အမိန့်ပေးလျှင် တရကြမ်း..ပစ်ရှင်း.. ရှင်းမယ့်စစ်သားတွေနဲ့ သံချပ်ကာကားတွေကလည်း အသင့်ပဲ။ ဘာက အဆုံးအဖြတ်ပေးမှာလဲ ကိုတူမောင်။”

ဦးလေးကြီးက ဘာရယ်ညာရယ် မဟုတ်။ သူ့စကားအဆုံးမှာ သူ့ဝသီအတိုင်း မေးခွန်းကလေး ချိတ်ပေးတတ်သည်။ကိုတူမောင်ခမျာမှာတော့ ဦးနှောက်ရှုပ်ပြီး ခေါင်းကုတ်ရပြီ။

“ကိုတူမောင်..ရေ။ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့။ အမ်,အိုင်,ဂျီ,အိပ်ခ်ျ,တီ,မိုက် (MIGHT)။မိုက်ဆိုတာက ဧရာမအင်အား မဟာအင်အား။ မဟာအင်အားဆိုတာက ဘာလဲ။ မစ္စက်အကွီနိုကို ထောက်ခံနေတဲ့ အလွှာအသီးသီးက လူပင်လယ်ကြီး။အဲဒီလူပင်လယ်ကြီးဆိုတဲ့ `မိုက်´ က ဖိလစ်ပိုင်စစ်တပ်မားကို့စ်၊ ယူအက်စ်တို့ကို လူလှိုင်းလုံးကြီးနဲ့ ရိုက်ပုတ်နေပြီ။ဘာတွေဘယ်လို ဖြစ်လာကြမလဲ။”

ဦးလေးကြီးက ရှင်းပြသည်မှာ ဖိလစ်ပိုင်စစ်တပ်ဆိုင်ရာ အကြီးအကဲစစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ အချိန်မနှောင်းမီ အပူတပြင်း ပြတ်ပြတ်သားသား ဒူးအော်ဒိုင်း ဆုံးဖြတ်ရတော့မည်။မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ စဉ်းစားစရာအကြောင်းအချက်တွေက ဒါတွေဖြစ်သည်။

“မစ္စက်အကွီနိုကို ထောက်ခံသူက အဆများစွာပိုများတယ်။ ပင်လယ်တမျှသော လူများ။ ဒါကြောင့် လူပင်လယ်ကြီး။

“မားကို့စ်ကို ထောက်ခံသူက နည်းတယ်။ ကျွဲလူးအိုင်မျှသာ။ ဒါကြောင့် လူကျွဲလူးအိုင်။
“လူပင်လယ်ကြီးနဲ့ လူကျွဲလူးအိုင်..။”

အဲဒီမြင်ကွင်း နှစ်မျိုးက မစ္စက်အကွီနိုသည်သာ သမ္မတဖြစ်ထိုက်တယ်ဆိုတာကို သက်သေထူနေတယ် မဟုတ်ပါလား။”

ဤသည်မှာ တကဏ္ဍဖြစ်သည်။ နောက်တကဏ္ဍ ရှိသေးသည်။

“မစ္စက်အကွီနိုဘက်နဲ့ မားကို့စ်ဘက်..။ အဲဒီဘက်နှစ်ဘက်ကြားက အရှုပ်အထွေးကို အကြောင်းပြ..။ စစ်အင်အားနဲ့ အာဏာသိမ်း..။ အဲဒါက..မခက်။

“ဒါပေမယ့် အာဏာသိမ်း စစ်အစိုးရဟာ မစ္စက်အကွီနိုရဲ့ လူပင်လယ်ကြီးကို ဆန့်ကျင်ပြီး နိုင်ငံကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်ပါ့မလား။” အဲဒါက..သိပ်ခက်။

“ခက်ခက်.. မခက်ခက် ဇွတ်အာဏာသိမ်းမယ်၊ ဇွတ်အုပ်ချုပ်မယ်။ ဒါကိုမကျေနပ်လို့ လူပင်လယ်ကြီး ထွက်လာရင်ပစ်မယ်၊ခတ်မယ်၊ သတ်မယ်၊ ဖြတ်မယ်၊ ပြဿနာက ရှင်းလေရှုပ်လေ။ ရှုပ်လေရှင်းလေ။ အရှုပ်ထဲက ထွက်လို့ရဦးမှာလား။”
ဤ `လား´ တွေကို စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေက ကြာကြာ `လား´ မနေတော့ဘဲ စိတ်ကိုဒုံးဒုံးချပြီး`ဒုံး´ ကနဲ မိဘပြည်သူများဘက်က ရပ်လိုက်သည်။ သံချပ်ကာကားတွေ စစ်သားတွေ ကိုယ့်စခန်းကိုယ်ပြန်ကြပြီ။ပီးပဲပါဝါ ပြည်သူ့အင်အား `မိုက်´၏ လက်အောက်သို့ လက်နက်မိုက် တနည်းအားဖြင့် စစ်တပ်မိုက်က ၀င်ရောက်ပြီး သစ္စာစောင့်သိသွားလေပြီ။

“စစ်တပ်ကို မစ္စက်အကွီနိုက ပိုင်သွားပြီ။ သမ္မတကုလားထိုင်ပေါ်မှာ မစ္စက်အကွီနိုထိုင်ပြီ။ မားကို့စ်ကြီး ပက်လက်လန်ပြီ။ဒီသတ္တ၀ါကြီး ဖိလစ်ပိုင်မှာ ဆက်ရှိနေရင် နံပါတ်တစ်.. သူ့ကြောင့် နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်ဖြစ်နေဦးမယ်။အကျိုးဆက်က တိုင်းပြည်နာမယ်။ နံပါတ်နှစ် မားကို့စ်ကြီး အာဏာရှိတုန်းက ကျူးလွန်ခဲ့တာတွေအတွက် တန်ပြန်အရေးယူခံရမယ်။အကျိုးဆက်က မားကို့စ်ကြီးနာမယ်။ ဒီလိပ်ခဲတည်းလည်း အကျဉ်းအကျပ်ကို ဘယ်လိုကျော်လွှားမလဲ။ ဘယ်သူကကူညီမလဲ။”

ဤအကျဉ်းအကျပ် ကာလတွင် ဖိလစ်ပိုင်နှင့် မကင်းရာမကင်းကြောင်း ဖြစ်နေသေးသည့်နိုင်ငံ..။ တချိန်က ကွန်မြူနစ်ရန်ကို ကာကွယ်ဖို့ဖိလစ်ပိုင်နှင့်အတူ လက်တွဲခဲ့ဖူးသည့်နိုင်ငံ..။ အဲဒီနိုင်ငံ ယူအက်စ်ကြီးက ၀တ္တရားသိစိတ်ဖြင့် ကြားဖျန်လာသည်။မားကို့စ်ကြီးကို ခေါ်ထုတ်သွားမည်တဲ့။ အိုကေသွားပါပြီ။
“ကိုတူမောင်..။ ဦးလေးကြီး ဝေတေ၀ါးတား ဖြစ်နေတာတခုရှိတယ်။ ယူအက်စ်လေယာဉ်ပေါ်အတက်မှာလား အဆင်းမှာလားပဲ။အားမတန် မာန်အလျှော့ ပုံလျက်သားကျသွားလို့ဖြစ်မယ်။ မားကို့စ်ကြီးကို ထမ်းစဉ်နဲ့သယ်သွားခဲ့ရတယ်။ဒီမြင်ကွင်းကို ဦးလေးကြီးကိုယ်တိုင် တီဗီထဲမှာမြင်ခဲ့ရတာ။”
“တကယ်ပဲလား.. ဦးလေးကြီး..ရ။”

ဤတွင် ဦးလေးကြီးက သူ့ရင်ဘတ်ကြီးကို ယာဘက်လက်ဝါးဖြင့် ပုတ်ရင်း ပြောလိုက်၏။
“သြော်.. ကိုတူမောင်..ရယ်။ မာမာအေး သီချင်းထဲကလို `မယုံတ၀က် ယုံတ၀က်ယုံရခက်ကြီးပါ´ ဆိုတာမျိုး ဖြစ်နေပြီကိုး။ဟောဒီ ဦးလေးကြီးကိုယ်တိုင် မဆလခေတ် အစိုးရ ရုပ်မြင်သံကြားတီဗီမှာမြင်ခဲ့တာ။”
ဤသို့ပြောအပြီး ဦးလေးကြီးက နိဋ္ဌိတန်ရန် ပြင်လေပြီ။

“ကိုင်း..ကိုင်း.. ကိုတူမောင်။ ဒီနေ့ဒီချိန်ဒီနေရာမှာ ဒီဇာတ်လမ်းကို တစခန်းရပ်တော့မယ်။ဟိုးတလောက ဆက်ဒမ်ဟူစိန်ဇာတ်လမ်းရယ်၊ အခုမားကို့စ်ဇာတ်လမ်းရယ်၊ မားကို့စ်ဇာတ်လမ်းထဲမှာ ရောနှောယှက်စပ် ပါဝင်လာတဲ့ သိုဟန်ဘွားသန်းရွှေဇာတ်လမ်းရယ်..ဟဲ..ဟဲ။ အဲဒီဇာတ်လမ်းဖြစ်ရပ်တွေကို မှတ်ကျောက်လုပ်ပြီး သိုဟန်ဘွားသန်းရွှေကို မှတ်ကျောက်တင်မယ်။ စမ်းသတ်စစ်ဆေးမယ်.. ဟဲ..ဟဲ။”
ဦးလေးကြီးနှင့် ကိုတူမောင်တို့နှစ်ယောက် ဆွေးနွေးတိုင်ပင် မှတ်ကျောက်တင်ပြီး စမ်းသပ်စစ်ဆေးချက်မှတ်တမ်းကို အောက်ပါအတိုင်း အတည်ပြုလိုက်သည် ...

“မားကို့စ် + ဆက်ဒမ် = သိုဟန်ဘွားသန်းရွှေ”

`သိုဟန်ဘွားသန်းရွှေက ဘာလဲ´ဆိုတာ ရှင်းသွားပါပြီ။ ဦးလေးကြီးခမျာ စကားပြောရလွန်းလို့ အာပြဲသွားလေပြီ။ဒါကြောင့် `ဒင်းကြီးကိုဘယ့်နှယ်ရှင်းမယ်´ ဆိုတာကို နောက်စကားဝိုင်းကျမှ တင်ဆက်နိုင်ပါတော့မည်။သို့မို့ကြောင့် ... ဧရာဝတီပရိသတ်မိတ်ဆွေများ ခင်ဗျား…

“ဧရာဝတီဘလော့ဂ်ပေါ် စောင့်ကာမျှော်” ..ဟဲ..ဟဲ..ဟဲ။

= = = = =*= = = = =

3 comments :

  1. timothy said... :

    လူထုအင်အားနဲ့အာဏာရှင်များကိုဖြုတ်ချခဲ့တာကမ္ဘာ့သမိုင်းမှာအများအပြားရ
ှိတယ်။ ဖိလစ်ပိုင်သမ္မတမားကို့စ်ကိုဖြုတ်ချတုံးကလူသမုဒ္ဒယာကြီးကိုမယှဉ်နိုင်တဲ့မားကို့စ်ခမျာအရှုံးပေးရတာဘဲ။
    ဗမာပြည်မှာလဲစစ်အာဏာရှင်နဲ့အမေစုနဲ့ထိပ်တိုက်မလွှဲမရှောင်သာရင်ဆိုင်ရမဲ့နေ့ရောက်လာလိမ္မယ်။
    လူထုကြီးကအမေစုရဲ့တိကျပြတ်သားတဲ့အမိန့်ကိုရတာနဲ့လှဲနေလှေအောင်း
    မြင်းစောင်းပါမကျန်ရအောင်နိုင်ငံတဝှမ်းလူအားလုံးလမ်းများပေါ်ထွက်၊လူသမုဒ္ဒရာ၊လူထု
    အင်အားကိုပြကြဘို့အဆင်သင့်ပြင်ထားကြပါ။ လူထုအင်အားကိုအာဏာရှင်ငသန်းရွှေချွေးစီးပြန်အောင်ကြောက်လို့နှလုံးခုန်
    ရပ်သေမလား၊သုသရဲသဘက်တယောက်ကအနောက်ကခုန်အုပ်မလားဘဲ။ စစ်အစိုးရအပြုတ်၊ဒီမိုကရေစီလဲအရဘဲ။လူထုအားသာလျင်အဓိကကြကြောင်းထပ်လောင်းတင်ပြရင်းပြည်သူလူထုတရပ်လုံးကိုတပ်လှန့်နှိုးဆော်လိုက်
    ပါတယ်။

  1. Anonymous said... :

    သန်းရွှေအလှည့်ရောက်ရင် ရုရှား ဒါမှ မဟုတ် တရုတ်လေယာဉ်ပေါ်တက်ရလိမ့်မယ်။
    ဒါကလဲ သူ့ကို လာခေါ်အုံးမှပါ။ လာမခေါ်လဲ ရှိတဲ့ ဆင်ဖြူတော်စီးပြီး တောထဲကို ထွက်ပြေးပေါ့ကွာ ဟားဟား

  1. Anonymous said... :

    ..ဟဲ..ဟဲ..ဟဲ ဗျဲဗျဲဗျဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved