မိုးရွာတုန်း ရေခံ
Thursday, December 23, 2010
စစ်အစိုးရရဲ့ စစ်တိုင်းကြီး ၁၂ တိုင်းက တိုင်းမှူးကတော်တွေ အားလုံး ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက အရေးပေါ် လာရောက်စုဝေး နေကြပါတယ်။ အခုလို စုဝေးရတာကလည်း အမျိုးသမီးတပ် ဖွဲ့ဖို့ အမေကြိုင်က အမိန့်ပေးလို့ ရောက်နေတယ်လို့ မထင်ပါနဲ့။
ဒင်းတို့ ယောက်ျားတွေ လေးလပတ်ရှိလို့ ရန်ကုန်မြို့ကို ဆင်းပြီး ဈေးဝယ်တာလည်း မဟုတ်ပါဘူး။ ဘာကြောင့် ရောက်လာသလဲ ဆိုတဲ့ အကြောင်းအရင်းကတော့ ကာကွယ်ရေး ၀န်ကြီးဌာနက ရာထူးကြီးကြီး မာစတာတယောက်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ မရီးဖြစ်သူ အန်တီဖိန်းလို့ လူသိများတဲ့ အသက် ၅ရ နှစ် အရွယ်ရှိ ဒေါ်စောနန်းပန်းတယောက် အူကင်ဆာနဲ့ တိမ်းပါးသွား လို့ပါပဲ။
အစိုးရထုတ် သတင်းစာတွေထဲမှာတော့ ကုမ္ပဏီကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေရဲ့ ၀မ်းနည်းကြောင်း သဝဏ်လွှာတွေ ပလူ ပျံအောင် စာမျက်နှာ အပြည့်၊ ကော်လံအပြည့် ပါနေတာ သုံးရက်လောက်ရှိပါပြီ။
ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဆိုတာ ဒီနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တပ်တွင်း ဖြုတ်ထုတ်ရှင်းပွဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့် အောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နဲ့ အတူ ကြွင်းကျန်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးပါ။
လက်ရှိလည်း တပ်အပေါ်မှာ သြဇာရှိသလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာကိုဆက်ခံမယ့် သူလို့လည်း ပြောကြပါတယ်။
တွေ့ဆုံဖူးတဲ့ စီးပွားရေး သမားကြီးတွေကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဟာ လူက အသက်အရွယ်ငယ်တယ်၊ စီးပွားရေး အမြင်ရှိတယ်၊ လူကြီးလူကောင်း တယောက်လို့ ထင်ရတယ်လို့ သုံးသပ်ကြပါတယ်။
နောင်အနာဂတ် တပ်မတော် ခေါင်းဆောင်ဖြစ်လာမယ့် သူတွေရဲ့ ဆွေမျိုးညာတိ နာရေးကို အားလုံးက ၀မ်းနည်းကြောင်း၊ ကြေကွဲကြောင်း ပြောပြကြ၊ သတင်းစာထဲမှာ ထည့်ကြတာကတော့ စစ်အစိုးရ လက်ထက်မှာ ပိုများလာပါတယ်။
2 comments :
  1. Anonymous said... :
    မရီးတော် သေ---???
    မြန်မာစကား မှာ အပေါ် ၂ ပိုဒ် ဘဲ ပါတယ် ခင်ဗျ။
  1. mgmoe said... :
    ဝန်သေတမတ် ။ဝန်ကတော်သေ တစ်ကျပ်။ ဝန်မျိုးသေ ဆွေမျိုးဆပ်။
    ဝန်ပြုတ်လျှင် ဆွေမျိုးလပ် ။ အရပ်ကောင်းမှ လူ့ အခေါင်းလှ ။
    ဝန် များသံဝေဂ ရစေသော်.....။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved