ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁)

Thursday, December 23, 2010

စစ်အစိုးရ စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းသတင်းမီဒီယာ ငါးခုဖြစ်သည့် Venus ၊ ပြည်သူ့ခေတ်၊ 7 Day News၊The Voice ၊ ရန်ကုန်တိုင်းမ်တို့က တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပြီး အဆိုပါ အင်တာဗျူးများကို သက်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်းဖော်ပြရန် ကြိုးစားခဲ့ကြသော်လည်း စာပေစိစစ်ရေး၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။

မြန်မာသတင်းသမား ကွန်ရက်သည် အဆိုပါ အင်တာဗျူးများကို ချိတ်ဆက်ထားသော သတင်းသမားများထံမှ တောင်းခံခဲ့ပြီး ယင်းအင်တာဗျူးများကို မြန်မာသတင်းသမား ကွန်ရက်၏ Facebook တွင် ဖော်ပြပေးလိုက်ပါသည်။ သို့ရာတွင် မေးမြန်းသော ပြည်တွင်းသတင်းဂျာနယ်များ၏ အမည်များကို လုံခြုံရေးအရ ထည့်သွင်းဖော်ပြမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ အချို့နေရာများတွင် မေးခွန်းများကို ဖျောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုသမျှကို အမေး၊ အဖြေပုံစံမဖော်ပြတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ပြောသမျှ တစုတစည်းတည်း ဖော်ပြလိုက်ပါသည်။

မြန်မာသတင်းသမားများကွန်ရက်(၂၃-၁၂-၂၀၁၀၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)

စိစစ်ရေးက ပိတ်ပင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်တစောင်၏ တွေ့ဆုံမေးမြန်းခန်း

မေး။ ။ ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့အတွက် လူငယ်နဲ့ပတ်သက်ပြီး တခုလောက်မေးချင်ပါတယ်။ မျိုးဆက်သစ်မြန်မာလူငယ်တွေက NLD လူငယ်တွေနဲ့ မတူပဲသီးခြားပြီး နိုင်ငံရေးကို ပါဝင်လုပ်ဆောင်နေတဲ့
အစုအဖွဲ့လေးတွေရှိပါတယ်။ ဥပမာ - လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ NGO စတဲ့ အစုအဖွဲ့တွေရှိပါ တယ်။ အဲဒီအစုအဖွဲ့တွေအပေါ်မှာ အန်တီစုရဲ့သဘောထားသိချင်ပါတယ်။ ဘယ်လိုဦးဆောင်သွားမယ် ဆိုတာ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ Diversity ပေါ့။ အဲဒါကို အန်တီသဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပါတီနိုင်ငံရေးကို အန်တီတို့လုပ်ချင်တာမဟုတ်ဘူး။ နောက်ပြီးတော့ အနှစ် ၂၀ အတွင်းမှာ NLD တစ်ဖွဲ့တည်း ရုန်းကန်ရတာ တော်တော်တော့ပင်ပန်းတယ်။ NLD ကိုပေါ့နော်၊ အမျိုးမျိုးဝေဖန်ကြတယ်။ ဝေဖန်စရာ အကြောင်းတွေလဲရှိပါတယ်။ အဲဒါတော့မငြင်းပါဘူး။ ဒါပေမဲ့ NLD ကနေပြီး နိုင်ငံရေးလုပ်တဲ့သူ တိုင်းကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ကျန်တဲ့လူတွေကလည်း တက်နိုင်သလောက်တော့ ရုန်းကန်တာပဲ။ ဒါပေမဲ့ အဲဒီမှာ ၀န်းရံမှုက နည်းနည်းအားနည်းသလိုပဲလို့ အန်တီထင်မိတယ်။ ထိုင်ပြီးတော့သာ NLD ကို ဝေဖန်နေကြတာပေါ့နော်။ ၀န်းရံပြီးတော့ ဘယ်လိုဖြစ်မြောက်အောင် လုပ်ပေးမလဲဆိုပြီးတော့ တကယ့် လက်တွေ့ကျကျ လုပ်ပေးတဲ့သူက အင်မတန်နည်းပါတယ်။ အခုမှာတော့ အန်တီသတိထားမိတာ အရင်က ထက်စာရင် ဒီလိုအစုအဖွဲ့တွေကပိုများလာတယ်။ နိုင်ငံရေးရယ်တော့မဟုတ်ဘူး။ လူမှုရေးအစုအဖွဲ့ သူတို့ တွေရဲ့ အနုပညာရှင်၊ စာပေအသိုင်းအ၀ိုင်းပေါ့။ အဲဒီအစုအဖွဲ့တွေ များလာတယ်။

ဒါဟာ နိုင်ငံအတွက် အလားအလာကောင်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ များလာတာတဲ့အပြင် ဒီအစုအဖွဲ့လေးတွေက အခု အန်တီထွက်လာပြီး အချိန်မှာမြင်ရတာက “အန်တီမှားရင် လည်းမှားနိုင်တယ်၊ မှားရင် သားတို့ပြင်ပေးရမှာပေါ့” NLD နဲ့ လက်တွဲပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် ၈၈ တုန်းကတောင်မှ အစုအဖွဲ့တွေက ကိုယ့်ဟာကိုယ်သွား မယ်၊ ကိုယ့်လမ်းကိုသွားကြမယ်၊ NLD ကို တချို့က မလိုလားတောင်မှ ရှိသေးတယ်။ NLD ကို အဖွဲ့ကြီး မို့လို့ မလိုလားဘူး။ NLD ကို နည်းနည်းတွန်းရမယ်၊ ဘေးဖယ်ထားရမယ်၊ ဆန့်ကျင်ရမယ်ဆိုတဲ့ အမြင်ရှိ တဲ့ အဖွဲ့လေးတွေတောင်မှ ရှိတယ်။

အခုကျတော့ အများစုက အန်တီတို့အတွက် အားတက်စေတဲ့ကိစ္စ လူငယ်အဖွဲ့အစည်းတွေက လက်တွဲပြီး လုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အန်တီမှားရင် တော့ မှားမှာပေါ့နော်။ အန်တီတို့ကဖိတ်ခေါ်တဲ့အခါမှာ လိုလိုလားလားနဲ့လက်ခံတာမျိုးမြင်ရတယ်။ အန်တီတို့ လူငယ်တွေ၊ NLD မဟုတ်တဲ့ အခြားလူငယ်တွေကို ဆွေးနွေးပွဲတခုဖိတ်ဖို့ အန်တီတို့ အစီအစဉ် တခုလုပ်ထားတယ်။ စပြီးတော့ ဆွေးနွေးမယ်၊ စကားပြောမယ်။ စကားပြောရုံတင်မကဘူး၊ အန်တီတို့က အတူတူလက်တွဲပြီး လုပ်ချင်တယ်။ အခု ဂီရိမုန်တိုင်းဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီးတော့ အဖွဲ့တခုလွှတ်လိုက်တယ်။ အဲဒီအဖွဲ့ထဲမှာ ဆိုလို့ရှိရင် NLD တွေ မဟုတ်ပါဘူး၊ CRPP လည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ မှာ တသီးပုဂ္ဂလအဖြစ် ၀င်အရွေးချယ်ခံတဲ့ ဦးဝင်းချိုလည်းပါတယ်။ ဒါအန်တီတို့ကဖိတ်ခေါ်တာပေါ့။ အရင်ကတည်းကလည်း အန်တီတို့ တွေ့ပြီးပြီလေ။

တသီးပုဂ္ဂလတော်တော်များများနဲ့ တွေ့ပြီးပြီ။ အန်တီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ သပိတ်မှောက်ပေမယ့်လည်း ကိုယ်နဲ့ သဘောချင်းမတူလို့ ရန်သူလို့ အန်တီတို့ စိတ်ထဲမှာ မထားပါဘူး။ တချို့ကိစ္စတွေမှာ သဘောမတူတာတွေရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ၀င်ခဲ့တာကို အန်တီတို့ ဆွေးနွေးတယ်။ ဘယ်လိုရည်မှန်းချက်တွေနဲ့ ၀င်ခဲ့တာလဲ။ သူတို့တွေကလည်း ရှင်းပြကြတယ်။ ဒီတော့ အန်တီပြောချင်တာက ကောင်းပြီ၊ လွှတ်တော်ထဲ မရောက်လို့ရှိရင်လဲ လွှတ်တော်အပြင်ကနေပြီးတော့ ဒီရည်မှန်းချက်တွေကို လက်တွဲပြီးတော့ ဖော်ဆောင်လို့ရတာပဲဆိုပြီးတော့ အဲဒီလိုပေါ့။ လက်တွေ့ကျကျ လုပ်တာပေါ့။

(Facebook တွင်
မြန်မာသတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)

2 comments :

  1. Anonymous said... :

    မျှဝေပေးတာကျေးဇူးပါ

  1. Please more access and reconcile with roof information.Because of we don't want to get gov propaganda information.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved