သန်းရွှေ = သိုဟန်ဘွား၊ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ် (၁)

Saturday, January 8, 2011

ဦးအလံမလှဲ

“စ ကြပါစို့..ဦးလေးကြီး။ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ်”

ကိုတူမောင်က အကြွေးတင်နေသော အကြောင်းအရာကို အကြွေးဆပ်ဖို့ စကားဝိုင်းကို စတင်လိုက်သည်။

“ပြောမယ်..ကိုတူမောင်။ ဟိုတနေ ဦးလေးကြီးတို့ မှတ်တမ်းတင်ခဲ့တာက၊`မားကို့စ်+ဆက်ဒမ်ဟူစိန် = သန်းရွှေ´။ မားကို့စ်စရိုက်နဲ့ ဆက်ဒမ်ဟူစိန် စရိုက်တို့ကို ပေါင်းလိုက်ရင်၊ သန်းရွှေစရိုက်ထွက်လာတယ်။ ဆိုလိုတာက မားကို့စ်ရဲ့ စရိုက်၊ ဆက်ဒမ်ဟူစိန်ရဲ့စရိုက် အဲဒီစရိုက်နှစ်မျိုးစလုံး သန်းရွှေမှာရှိတယ်..ဟဲ..ဟဲ။”

ဦးလေးကြီးက သူ့ပြောစကားများ မရှုပ်ထွေးစေရန် တဖြတ် ဖြတ်ပြီးမှ ပြောလက်စကိုဆက်၏။

“မားကို့စ်က သူ့နိုင်ငံရေးပြိုင်ဘက် အကွီနိုကို လုပ်ကြံခဲ့သလို၊ဒင်းကြီးသန်းရွှေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တယ်။ ဒီပဲယင်းမှာ မိုက်မိုက်ကန်းကန်း ဗြောင်လုပ်ကြံတာ။ သမိုင်းဝင်မယ့်လုပ်ကြံမှုကြီး..။ ကံကောင်း ထောက်မလို့သာ လွတ်လာခဲ့တာ။ လွတ်လာပြန်တော့လည်း တရားလိုဒေါ်အောင်ဆန်းစုကြည်ကို တရားခံဒင်းကြီးက ထောင်ထဲထည့်ပြန်တယ်။ ဒင်းကြီးလုပ်လိုက်မှဖြင့်`ပြောင်းပြန်´ချည်းပဲ။ လုပ်ကြံတာ ထောင်ထဲထည့်တာတွေ
ဟာလည်း ဒင်းကြီးကျူးလွန်တဲ့ပြစ်မှုတွေပဲ။”

ဤတွင် ကိုတူမောင်၏နှုတ်က လှုပ်စိလှုပ်စိဖြစ်လာပြီး စကားလုံးများ ခုန်ထွက်လာ၏။

“ဗိုလ်မှူး အောင်လင်းထွဋ်`ဖေါ်´ထားတာ ရှိသေးတယ်လေ။ ကျွန်းတစ်ကျွန်းမှာ စစ်စခန်းတခုသွားချတော့
ကိုယ့်အရင် ရောက်နေတဲ့လူတွေကို မမျှော်လင့်ဘဲ တွေ့ကြသတဲ့။အဲဒီလူတွေကို တယောက်မကျန် အကုန်သတ်။ ဗိုက်ထဲက သန္ဓေသားလေးကိုတောင် ချန်မထားနဲ့သတ်။ အဲဒီလူမဆန်တဲ့အမိန့်ကို ပေးတာက သန်းရွှေတဲ့။ ဗိုက်ထဲက သန္ဓေသားလေးကို ဒင်းကြီးခေါ်ပုံက အစိတ်သားတဲ့။ ဒီဝေါဟာရကို အဘိဓါန်ထဲမှာ ထည့်ကိုထည့်ရမယ်။ ဝေါဟာရရင်းမြစ်က သန်းရွှေ..။ ဝေါဟာရ ဖြစ်ပေါ်လာပုံက ဘယ်ပုံ ဘယ်နည်း..။”

ကိုတူမောင်ကပင် နောက်တစ်မျိုးကို ဆက်ပြောသည်။

“ဒီဖြစ်ရပ်က နားနဲ့မနာ ဖ၀ါးနဲ့နာရမယ့်ဖြစ်ရပ်။ ဒီအကြောင်းကို ပြောရမှာ.. ဦးလေးကြီး..ရေ၊ ကိုတူမောင့်နှုတ်က မထွက်ရက်ဘူး။ မထွက်ရဲဘူး။ ဒင်းကြီးသန်းရွှေ..ဟင်း.. သူ့သမီးတွေနဲ့ မြေးမိန်းခလေးတွေ ဒီအဖြစ်မျိုးကြုံရရင် ဒင်းကြီးလား..နှလုံးကွဲပြီးသေမှာ။ ဒါမှမဟုတ် ရှက်လွန်းလို့ သူ့ကိုယ်သူ သတ်သေမှာ။ ကိုတူမောင်တို့ကတော့ ဒင်းကြီးက ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ညစ်ညစ်၊ ဒင်းကြီးရဲ့သမီးတွေနဲ့ မြေးမိန်းခလေးတွေကို ဒီအဖြစ်ဆိုး
မျိုးနဲ့မကြုံစေချင်ဘူး။ အင်း..ဒီအကြောင်းတွေကို ဆက်တောင် မပြောချင်တော့ပါဘူး..ဦးလေးကြီး..ရာ။”

“ဟ..ကိုတူမောင်။`ဆိုရေးရှိက ဆိုအပ်လှ´လို့ လူကြီးသူမပြောစကား ရှိတယ်လေ။ ဒီတော့`ပြောရေး´ရှိလာရင်၊ ပြောကိုပြောရမယ့်တာဝန်.. အဲဒါ..ကိုတူမောင့်တာဝန်။”

ကိုတူမောင်..မလွှဲသာတော့ပြီ။ ထို့ကြောင့် ရင်..နင့်နင့်ဖြင့်..ပြောပြီ။

“ကန်တော့..ကန်တော့။ ဒင်းကြီးသန်းရွှေရဲ့ လုပ်ပေါက်က.. စစ်ဗိုလ်၊ စစ်သားတွေကို ငါ့ကိုအာမခံနဲ့။ ငါခိုင်းတာကိုလုပ်။ ရှေ့တန်းထွက်ဆို..ထွက်။ ရှေ့တန်းမှာ လုပ်ချင်တာကို လုပ်ချင်သလိုလုပ်။ တော်သလင်းခွေးအလုပ်ကို လုပ်ဖြစ် အောင်..လုပ်။ ငါ မျက်စိကန်းထားမယ်။ နားပင်းထားမယ်ဆိုတဲ့ လုပ်ပေါက်။ ဒီတော့မိန်းမ မရှိတဲ့လူလွတ်တွေရော၊ မိန်းမနဲ့ဝေးနေတဲ့ လူမလွတ်တွေရော တော်သလင်းခွေးဖြစ်ကုန်ပြီ။ တော်သလင်းခွေးလို ကျင့်ကြံကုန်ကြပြီ။ဒါကို မြန်မာစကားနဲ့ပြောရမှာ ရှက်လို့ မထွက်လို့၊ရှမ်းအမျိုးသမီးများအဖွဲ့က တင်ပြထားတဲ့ အင်္ဂလိပ်စကားလုံးမူရင်းအတိုင်း ပြောပါ့မယ်။ Licence to Rapeတဲ့။ နှမချင်း သမီးချင်း မြေးမိန်းခလေးချင်း စာနာတဲ့လူစိတ်မရှိ၊ တော်သလင်းခွေးစိတ်
ရှိတဲ့ သန်းရွှေဒင်းကြီး..ဟင်း”

ကိုတူမောင်ကပြောရင်း ပြောရင်း ခံစားရင်း စိတ်နာရင်း..ဟင်း..ကနဲ သက်မကြီးကိုချလိုက်သည်။ ရင်နင့်ဘွယ်ရာ တွေကို အန်ချရသည်ကြောင့် ကိုတူမောင် မသက်မသာ`ဟိုက်´သွားပြီ။ သည်တော့ ဆွေးနွေးစကားဆက်ပြောဖို့ အော်တိုမက်တစ် သီအိုရီအရ..ဟဲ..ဟဲ၊ အလှည့်ကျသွားသူမှာ ဦးလေးကြီး။ ဦးလေးကြီးက ကိုတူမောင်၏ ကိုယ် စိတ်နှစ်ဖြာ နွမ်းရာမှ..တဖန်ပြန်၍ လန်းလာစေရန် ရွှင်ရွှင်ကလေးပြောရှာသည်။

“ကဲ..ကိုတူမောင်။ နားရင်းနဲ့နားထောင်..ဟဲ..ဟဲ။ ရုတ်တရက်မို့ ရှုပ်သွားပြီလား..ကိုတူမောင်။ ကိုတူမောင်..စိတ်ရော ကိုယ်ရောမောသွားလို့ နားနား နေနေ နားရင်း နေရင်း ဦးလေးကြီးပြောတာကို နားသာထောင်..ဟဲ..ဟဲ။”

ဦးလေးကြီးက ချိုချိုလေးပြောခဲ့ပြီးပါမှ ယခု.. ဒင်းကြီးအကြောင်းကို ကိုယ်တိုင်ပြောရမည့် အလှည့်ကျ လာတော့ လေသံက ထန်လာသည်။

“ဒင်းကြီးရဲ့စရိုက်ဆိုး အကျင့်ဆိုး လုပ်ရပ်ဆိုးတွေကို ဟိုတလောကလည်း ပြောပြီးပြီ။ စုံသည်ထက်စုံအောင် ခုလည်း ပြောပြီးပြီ။ လုံလောက်ပြီ။ ကိုင်း.. ဦးလေးကြီးကောက်ချက်ဆွဲမယ်။`ကျားသနားမှ နွားချမ်းသာမယ်´ ဆိုတာ စကားသာရှိ။လက်တွေ့မရှိ။ ဒင်းကြီးနဲ့ စကားပြောဖို့ ကြိုးစားလာတာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီ။ ဘာမျှမထူး။ ဘာထူးမှာလဲ။
ဒင်းကြီးက… တိရစ္ဆာန်အရိုင်းစိတ်ရှိတဲ့..ကျား။ စားမယ် ဖိုက်မယ် ကိုက်မယ် ဆိုတာတွေပဲ ဦးနှောက်ထဲ အသည်းနှလုံး ထဲမှာရှိတဲ့..ကျား။ လူစိတ်မရှိလို့ လူလိုစကားပြောမရတဲ့..ကျား။ ကိုင်း..ဒါက အချက်နံပါတ်တစ်။”

ဦးလေးကြီးက အချက်နံပါတ်နှစ်ကို ဆက်သည်။

“ပြောရဦးမယ်..ကိုတူမောင်။ မားကို့စ်က ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးလုပ်တယ်။ နိုင်တယ်လို့ လိမ်လည် ကြေငြာတယ်။သန်းရွှေက ဒီကိစ္စမှာ မားကို့စ်ထက်ပိုဆိုးတယ်။ ၁/၉၀ ကတိကိုချိုးဖေါက်တယ်။ အခြေခံဥပဒေကို သူရေးချင်သလို ဇွတ်အဓမ္မရေးတယ်။ ဆန္ဒခံယူပွဲမှာ ဇွတ်အဓမ္မ မဲလိမ်မဲခိုးလုပ်တယ်။ ပြီး..ဇွတ်အဓမ္မ အတည်ပြုတယ်။ရွေးကောက်ပွဲမှာလည်း မဲလိမ်မဲခိုးဗြောင်လုပ်တယ်။ ၁၉၉၀ – ကို ၂၀၁၀ -နဲ့ ဥပဒေမဲ့ `ဖျက်´ တယ်။ဆက်ဆံရေးဝန်ကြီးဆိုတာကို ပွဲထုတ်ပြီး  တကယ်ပဲ`ဒိုင်ယာလော့´ လုပ်တော့မယောင် ဟန်ဆောင်လှည့်ဖျားတယ်။ကိုင်း..ဘယ်သူတွေ ဘာလုပ်လို့ရသလဲ။”

ဦးလေးကြီးက မေးခွန်းထုတ်ပြီ။ ဟုတ်ပါသည်။ ဘယ်သူတွေက ဘာမျှလုပ်မရပါ။ အဲ..လုပ်မရတဲ့ ဘယ်သူတွေအထဲ ဦးလေးကြီးပါ ပါဝင်နေသည်။ ထို့ကြောင့်ပင် ဦးလေးကြီးကိုယ်တိုင် ပါးစပ်သေနတ်ကိုသာ ပစ်နေခဲ့ရသည်။ ယခုလည်း၊စကားလုံးကျည်တွေကို ပါးစပ်သေနတ်ဖြင့် ဤသို့ ဤနှယ် ဆက်လက်၍သာ ပစ်နေရသည်။


“ကိုတူမောင်..ရ..။ အာဏာရူးရာမှာ သန်းရွှေက.. မားကို့စ်ထက် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း..မက ပိုရူးတယ်။ ဒင်းကြီးက..ဟင်း..လက်စသတ်တော့.. ကလိမ်ကကျစ် လိမ်ပြီးညစ်တဲ့..၀ံပုလွေ..ကိုး။ ဒီတော့ သူ့ကို ဘယ်လိုယုံစားလို့ရမှာလဲ။ ကိုင်း..ဒါက အချက်နံပါတ်နှစ်။”

ဤသို့ပြောအပြီးမှာ..ဦးလေးကြီး၏နှုတ်မှ၊ရယ်ရွှင်ဘွယ်စကား လွှတ်ကနဲ`ထွက်´လာသည်။

“ကဲ..ဇွတ်နားမယ်..။ အဲလေ..ယောင်လို့..ဘွာ..ဘွာ..ခဏနားမယ်..ကိုတူမောင်..။”

ဦးလေးကြီးက ခဏမျှနားပြီ။ နားလို့ပြေတော့ နောက်တစ်ကျော့..ကျော့ပြန်သည်။

“ဖိလစ်ပိုင်မှာ မားကို့စ်နဲ့ မစ္စက်အကွီနိုတို့ အာဏာလွန်ဆွဲနေတုန်း တိုင်းသူပြည်သား လူပင်လယ်ကြီးက
အဲမ် အိုင် ဂျီ အိပ်ခ်ျ တီ..မိုက် (MIGHT) ဆိုတဲ့ လူလှိုင်းလုံးကြီးဖြစ်လာ..။ အဲဒီလူလှိုင်းလုံးကြီးက..ထကြွရိုက်ပုတ်။ ဟော.. ဖိလစ်ပိုင်ဗိုလ်ချုပ်တွေက ဦးနှောက်ရှိတယ်။ အသည်းနှလုံးရှိတယ်။ ဒါကြောင့် ပြည်သူဘက်က ရပ်တယ်။ ဒီတော့ အာဏာရူးမားကို့စ်ကြီး လက်ရော..ခြေရော..မြှောက်ပြီး..ဟဲ..ဟဲ.. ထွက်ပြေးရပါလေရော..။”

ဦးလေးကြီးက အကြောင်းအရာ မရှုပ်ထွေးရလေအောင် အကန့်တကန့်.. ကန့်လိုက်ပြန်သည်။

“ဒို့တိုင်းဌာနီမှာလည်း လူပင်လယ်လှိုင်းလုံးကြီးက ၁၉၈၈-မှာ အကြီးအကျယ် ထကြွရိုက်ပုတ်ခဲ့တယ်။ ဒီတော့ အာဏာရှင် ဗိုလ်နေ၀င်က ကြိမ်းဝါးတယ်။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်..တဲ့။ အဲဒီလို ကြိမ်းဝါးပြီး နိုင်ငံရေးကန့်လန်ကာ နောက်ကွယ်ကနေ ဟိုလို ဒီလို..အမိန့်ပေးတယ်။ ပြည်သူတွေ အသတ်ခံကြရတာ၊ညှင်းပမ်းနှိပ်စက်ခံကြရတာ၊ အဲ..ထောင်ထဲအထည့်ခံကြရတာ သောက်သောက်လဲ။ နောက်နှစ်ပေါင်းနှစ်ဆယ်
အကြာ ၂၀၀၇-ခုနှစ်မှာလည်း ပွဲကြီးတပွဲ ထကြွလှုပ်ရှားလာပြန်တယ်။”

ဦးလေးကြီးက ရှေ့မဆက်ဘဲ တုံးတိဖြတ်ပြီးနားသည်။ တ၀ကြီးနားပြီးတော့ အားနဲ့အင်နဲ့..ဒိုင်း..ဒိုင်း.. ပြောချပါလေတော့သည်။

“၂၀၀၇ – ပွဲ..။ သံဃာတော်တွေ ဦးဆောင်တဲ့ပွဲ..။ ရွှေဝါရောင်တော်လှန်ရေး..တဲ့။ သီလရှင်တွေလည်း ပါလာတယ်။ ကျောင်းသားပြည်သူတွေလည်း ပါလာတယ်။ လူပင်လယ်ကြီးက ဒုတိယတလီ နောက်တချီ ပေါ်လာပြန်တယ်။”

ဦးလေးကြီးက ရှင်းစေ လင်းစေရန် တဖြတ် ဖြတ်ချလိုက်ပြန်သည်။ ပြီးတော့မှ နောက်တဖြတ်ကိုဆက်သည်။

“ဟင်း..အာဏာရှင်သန်းရွှေက သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်..၊ ဘုန်းတော်ကြီးတွေဆီက လာဘ်စားကြမ်းတဲ့ ဦးအံ့မောင်..၊ အဲဒီ..ဦးအံ့မောင်ကို လက်ကိုင်ဒုတ်လုပ်။လက်ကိုင်ဒုတ် ဦးအံ့မောင်က ဗဟိုသံဃမဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေကို ဟိုလိုလှည့်လိုက် ဒီလိုလှည့်လိုက် ခြောက်တစ်ခါ ချော့တစ်လှည့်၊ မူယာ မာယာတွေနဲ့ တအားကုန်ကစားပစ်လိုက်တာ၊ ဆရာတော်ကြီးတွေ ချာလပတ်ရမ်းပြီး စစ်အာဏာရှင်
လိုချင်တဲ့ညွှန်ကြားချက် ကြေညာချက်..၀ုန်းဒိုင်းကျဲ.. ထွက်လာပါလေရော။”

ဦးလေးကြီးက ခေတ္တနားပြီး ပြောစရာကျန်သေးတာကိုဆက်ပြော၏။

(ဆက်လက် ဖော်ပြပါမည်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved