သန်းရွှေ = သိုဟန်ဘွား၊ ဒင်းကြီးကို ဘယ့်နှယ်ရှင်းမယ် (၂)

Saturday, January 8, 2011

ဦးအလံမလှဲ

“အာဏာရှင်က သပိတ်ကံဆောင်တဲ့သံဃာတွေ၊ ကိုရင်တွေဟာ ဆရာတော်ကြီးများရဲ့ဓမ္မစက်ကို မလိုက်နာဘူးလို့ အကြောင်းပြ..။ အဲ..ထူးခြားတာတခုကိုပါ ထည့်ပြောမယ်။ အစ္စလမ်ဘာသာဝင်အချို့ လူမျိုးဘာသာမခွဲခြားဘဲ ပြည်သူ့ဘုန်းဘုန်း.. ဒို့ဘုန်းဘုန်းလို့ ဟစ်ကြွေးအားပေး..။ သောက်ရေသန့်တို့ အချိုရည်တို့ကို လှူဒါန်းအားပေး..။အဲဒီ အစ္စလမ်ဘာသာဝင်တွေ အပါအ၀င်..၊ ထောက်ခံအားပေး၊ ကိုယ်တိုင်လည်းပါဝင်ဆင်နွှဲတဲ့ ပြည်သူတွေကို..။အဓိကအားဖြင့် ရွှေဝါရောင်လွှမ်းရုံထားတဲ့ ဘုရားသား၊ ဘုရားသမီးတွေကို..။ ဟင်း..အားလုံးကို သေနတ်နဲ့ ကပ္ပိတယ်။တုတ်နဲ့ကပ္ပိတယ်။ ဘုန်းဘုန်းတို့ရဲ့ကတုံးကို ဒုတ်နဲ့ကပ္ပိရတာ အားမရသေးလို့ စစ်ဖိနပ်နဲ့ပါကပ္ပိတယ်။ကဲ.. ဒင်းကြီးသန်းရွှေလည်း သိုဟန်ဘွားသန်းရွှေလို့ ရာဇ၀င်မှာ နာမည်ဆိုးနဲ့ မှတ်တမ်းဝင်သွားရော။”

ဦးလေးကြီးက ထူးထူးခြားခြားတစ်ခုကို အထူးမှတ်သားစရာအဖြစ် ကြားညှပ်က ၊ဖွင့်ဟပါလေသည်။

“ပြောရဦးမယ်..ကိုတူမောင်..။ သံဃမဟာနာယကအဖွဲ့ထဲက ဆရာတော်ကြီးတပါး..။ ဘွဲ့မည်နာမ ပြောပြရရင် ဆရာတော်ကြီးခမျာ ဒုက္ခရောက်ရရှာမယ်..။ ဒါကြောင့် ဆရာတော်ကြီးရဲ့ ဘွဲ့မည်နာမကို အခွင့်သာတော့မှပြောမယ်။အဲဒီဆရာတော်ကြီးက ဦးလေးကြီးကို ငြီးငြီးငြူငြူနဲ့ ရင်ဖွင့်တယ်။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေက သန်းရွှေ လိုချင်တဲ့ အမိန့်ကြေငြာချက်တွေကို ထုတ်ပေးလိုက်တယ်။`ရိုး´ လွန်းတယ်လို့ ပြောရမလား။`အ´ လွန်းတယ်လို့ ပြောရမလား။ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး၊ ခက်လိုက်တာတဲ့။”

ဆရာတော်ကြီး၏ ဖွင့်ဟချက်ကို နာကြားအပြီးမှာ ဦးလေးကြီးက ကောက်ချက်တစ်ခုကို ဆွဲလိုက်ပြန်၏။

“ဒင်းကြီးသန်းရွှေ.. မိုက်ရိုင်း ရက်စက် ယုတ်မာ ကြမ်းကျုပ်တာတွေကတော့ အခေါင်အချုပ်ပဲ။ မားကို့စ်ထက် အဆများစွာပိုတယ်။ ဒင်းကြီးသန်းရွှေဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက် သံဃာ ကိုရင် သီလရှင်တွေကိုတောင် အသတ် အဖြတ် ကြမ်းလွန်းတယ်။ ဒါကြောင့် ဒင်းကြီးသန်းရွှေဟာ သိုဟန်ဘွားလက်သစ် အရှင်လတ်လတ် ဖြစ်သွားပြီ။ အဲဒါက.. အချက်နံပါတ်သုံး။”

ဦးလေးကြီးက ထိုထို.. အချက်နံပါတ်..တစ် နှစ် သုံး တို့ကို တဆင့်ပြီးတဆင့် အကွက်ချပြီး`စကားကွက်´
ဆင်လာသည်။ ကွေ့ဝိုက်သယ်ယူလာသော ဘောလုံးကို `ကစားကွက်´ကောင်းကောင်းဖြင့် ဂိုးထဲသို့လှလှပပ ကန်သွင်းလိုက်ဘိသကဲ့သို့ ဦးလေးကြီးက သူဆင်လာသော`စကားကွက်´ဖြင့် လှလှပပ`နှက်´တော့မည်။

“ဒီမှာ..ကိုတူမောင်။ စောစောကဆွဲထုတ်ခဲ့တဲ့ ကောက်ချက်တွေကို ချုပ်ပြီးကြည့်မယ်။

“အချက်နံပါတ် တစ်..သန်းရွှေ = ကျား..။ စားမယ် ကိုက်မယ် ဖိုက်မယ် ဆိုတာပဲ ဦးနှောက်ထဲ အသဲနှလုံးထဲမှာရှိတဲ့..ကျား။ လူစိတ်မရှိလို့ လူလိုစကားပြောမရတဲ့..ကျား။ ကိုင်း..ဒီတော့ သန်းရွှေ= ကျားကို ဆွေးနွေးစကား ပြောလို့ရနိုးနိုးနဲ့ အချိန် ကန့်မထားဘဲ မျှော်လင့်စောင့်စား ချိန်ကုန်ခံမလား..။

“အချက်နံပါတ် နှစ်..သန်းရွှေ = ၀ံပုလွေ..။ ၁/၉၀..ကတိကိုမတည်၊ ကလိမ်ဆင် ချိုးဖေါက်တဲ့ သန်းရွှေ..၀ံပုလေ။ အတည်ပြောမရ မယုံရတဲ့ သန်းရွှေ..၀ံပုလွေ။ ကိုင်း..ဒီတော့ သန်းရွှေ = ၀ံပုလွေကို ကတိတည်နိုး ဟန်မဆောင်နိုး မလှည့်စားနိုး ဟုတ်နိုးနိုးနဲ့ အချိန် ကန့်မထားဘဲ မျှော်လင့်စောင့်စား ချိန်ကုန်ခံမလား..။

“အချက်နံပါတ် သုံး..သန်းရွှေ=သိုဟန်ဘွားလက်သစ်..။ သံဃာတော်တွေကို သတ်ပစ်လွန်းတဲ့ မူလပထမ သိုဟန်ဘွားရှင်ဘုရင်ဆိုးကို မင်းကြီးရန်နောင်ခေါင်းဆောင်ပြီး အပြတ်ရှင်းပစ်ခဲ့ရတယ်။ အဲဒါကိုပမာပြုလို့ ကိုင်း..သန်းရွှေ=သိုဟန်ဘွားလက်သစ်ကို မြန်မြန်အပြတ်ရှင်းမလား..။ သူ့ဘာသာသူ သေနိုးနိုး အ၀ီစိကျနိုးနိုးနဲ့ အချိန် ကန့်မထားဘဲ မျှော်လင့်စောင့်စား ချိန်ကုန်ခံမလား..။

ဦးလေးကြီးက`စကားကွက်´ကို နောက်ထပ်တမျိုးဆင်လိုက်ပြန်သည်။

“ကိုင်း..ပြောနေကြာတယ်..။ ဒင်းကြီးသန်းရွှေနေရာမှာ ကိုတူမောင်နေကြည့်စမ်း။ ကိုယ့်ကိုယ်ကို သန်းရွှေလို့ မှတ်ယူလိုက်။ ကဲ..ဦးလေးကြီး မန်းမှုတ်လိုက်မယ်။ ဥုံဖွ..သိုဟန်ဘွား ဒင်းကြီးသန်းရွှေအဖြစ် ကိုတူမောင်တယောက် ယခု ချက်ချင်းဘ၀ပြောင်းစေ.. ဟဲ..ဟဲ။”

ကိုတူမောင်တယောက် သိုဟန်ဘွားသန်းရွှေဖြစ်သွားပြီ။ ဤတွင်ဦးလေးကြီးက သိုဟန်ဘွားသန်းရွှေအဖြစ် ဘ၀ပြောင်းလာသူ.. ကိုတူမောင်တဖြစ်လဲအား မေးခွန်းထုတ်ပြီ။

“အသင်..သိုဟန်ဘွား ဒင်းကြီးသန်းရွှေ..။ အသင်သည် ဗိုလ်အက်စ်တူးတင်ဦးနှင့်တကွ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ တိုင်းရင်းသားပြည်သူများကို အတိုင်းအဆမရှိ သတ်ဖြတ်သမှု၊ ညှင်းပမ်းနှိပ်စက် ထောင်ချသမှု၊အ၀အပြဲပြုခဲ့ပြီးပြီ။

“ဒီပဲယင်းတရားလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အသင်..ဒီပဲယင်းတရားခံ ဒင်းကြီးသန်းရွှေကပင် ထောင်ချသမှု`ပြောင်းပြန်´ ပြုခဲ့ပြီးပြီ။

“ဟိုတချိန်က သင်ကိုယ်တိုင်ပင်လျှင် ကြောက်ဒူးတုန်ခဲ့ရသော ဗိုလ်နေ၀င်ကို သေသည်ထိ ထောင်ချခဲ့ပြီးပြီ။ သူ၏
လက်ကိုင်ဒုတ် ဗိုလ်မမညွန့်ကိုလည်း ထောင်ချသည်နှင့်မခြား အကျယ်ချုပ် ချုပ်ထားပြီးပြီ။

“ထိုမျှမက Licence to Rape အမှုပေါင်းများစွာကိုလည်း တိုင်းပြည်တခွင် ပြဲပြဲစင်အောင်`နွှဲ´ခဲ့ပြီ။

“ထို့ပြင်တ၀ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထါမက စာရင်းပြုစုလို့မရနိုင်အောင် များပြားလွန်းလှစွာသော မတော်မတရား ဥစ္စာဓနများကိုလည်း ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ဒုနဲ့ဒေး သိုးမှီးသမှုပြုခဲ့ပြီးပြီ။

“ယခုမူကား အသင် သိုဟန်ဘွားသန်းရွှေသည် `ကြောင်အိုတော့၊ ကြွက်မလေး´သည့် အိုမင်းမစွမ်း အရွယ်ရောက် နေပြီဖြစ်၍ အာဏာစွန့်အနားယူကာ သမထ ၀ိပဿနာအလုပ် အားထုတ်သင့်ပြီ မဟုတ်ပါလော။”

ဤတွင် သိုဟန်ဘွားသန်းရွှေအဖြစ် ခေတ္တမျှဘ၀ပြောင်း နေရာဝင်ယူလာသူ ကိုတူမောင်တဖြစ်လဲက သဘင်ဆန်ဆန်၊ဇာတ်ဟန်ပန်ဖြင့် နတ်သံနှော၍ ပြန်ကာပြောလိုက်သည်။

“ငါ..သန်းရွှေသည်ကား တိုင်းရင်းသားပြည်သူ များတကာကြည်ဖြူသည့်အလုပ် ဘာတခုမျှမလုပ်ခဲ့။ ယုတ်ယုတ် မာမာ များတကာကို မတရားတာချည်း လုပ်ခဲ့ပြီးပြီမို့ မထူးတော့ပြီ။ ငါ့ဘ၀မှာ အာဏာမရှိ သက်မရှိမို့ အ၀ီစိသို့ကြွရမည်မှာ လျင်စောစွာတည့်။ သို့ပါသောကြောင့် ငါ့အသက်တွက် အာဏာဖက်၍ ရှင်လျက်သည်သာ နေရမည်မှာ ငါ့ဝန်တာတည်း။”

ဦးလေးကြီး.. ယခုပြောတော့မည့်စကားက ရိုင်းသည်။ သို့သော် အဓိပ္ပာယ်က ရှိုင်းသည်၊ နက်သည်။
ထို့ကြောင့်သည်စကားကိုပင် သည်နေရာတွင် မလွှဲသာမရှောင်သာ ဦးလေးကြီးပြောရပြီ။

“ကဲ..ကိုတူမောင်။ သည်းခံပြီးနားထောင်။ ဆိုရိုးစကားတ ခုရှိတာက `ဒီပုဆိုးဝတ်လျှင်၊ ဒီချီးပါသည်´ တဲ့။
အခု ကိုတူမောင် သိုဟန်ဘွားသန်းရွှေနေရာမှာ ကိုယ်တိုင်ဝင်ပြီး နေကြည့်လိုက်တော့။

ဦးလေးကြီး၏ စကားအဆုံးကိုပင် မစောင့်တော့ဘဲ ကိုတူမောင်က ဖြေလေသည်။

“သိုဟန်ဘွားသန်းရွှေဟာ အာဏာနဲ့ပတ်သက်လာရင် ကျောင်းသားကိုလည်း သတ်တယ်။ ပြည်သူပြည်သားကိုလည်း သတ်တယ်။ ရဟန်းသံဃာဆိုတဲ့ ဘုရားသားကိုလည်း သတ်တယ်။ ဗိုလ်အက်စ်တူးတင်ဦး၊ ဗိုလ်စစ်မောင် အစရှိတဲ့ ဗိုလ်ချုပ်ကြီးငယ် ဇာတ်တူ ဘ၀တူ စစ်သားကိုလည်း သတ်တယ်။ ဒင်းကြီး..သတ်တာက သား`လေး´သား။ ဒါမျှမက ဒင်းကြီးကို လုပ်ကျွေးသမှုပြုပေးခဲ့ကြတဲ့ အိမ်ရှေ့မင်းသား ဗိုလ်ရွှေမန်းနှင့်တကွစီနီယာဗိုလ်ချုပ် တပြုံလုံးကိုပါ ဖြုတ် ထုတ် ရှင်းလုပ်ခဲ့တယ်။ ဒီလောက်တောင် ရက်စက်ရမ်းကားပြီး ဖြစ်လေတော့ ရန်သူတွေပတ်ခြာဝိုင်း ကုန်ပြီ။ ခုမှတော့မထူးတော့ပြီ။ မထူးဇာတ်သာခင်းရတော့မည်။”

“ဟုတ်ပါ့..ကိုတူမောင်။ ဒီငနဲကြီးတော့.. သူလုပ်ခဲ့တဲ့`ကံ´တွေကို သူကတဖန် ပြန်ရင်ဆိုင်ရမယ်။ ဒါကြောင့် ကိုတူမောင်ပြောသလို ဒင်းကြီး`ခင်း´ရမယ့်`ဇာတ်´က..`မထူးဇာတ်´ မှ `မထူးဇာတ်´။ ဒီမှတ်ချက်နဲ့ `တခန်း´ရပ်မယ်..ဟဲ..ဟဲ..။ နောက်တခန်းကို နောက်နေ့မှဆက်မယ်။”

2 comments :

  1. Anonymous said... :

    ဟုတ်ပါ၏။ ကျွန်တော်တို့တတွေအချိန်တွေဆွဲလွန်းလို့ တိုင်းပြည်လဲဖွတ်ဖွတ်ညက်ညက်ကြေလှပေါ့။ ဓါးပြကဲ့သို့တိုင်းပြည်အာဏာကို မတားရသိမ်းပိုက်၊ အိမ်သူတွေကို မတရားပြုကျင့်၊ လုယူထားသောပစ္စည်းများအား အိမ်နည်းနားခြင်းတွေကို သူခိုးဈေးနဲ့ရောင်းချ၊ ရောင်းချရသမျှကို တရားဝင် ၆ကျပ်နှုန်းနဲ့ တိုင်းပြည်ဝင်ငွေအဖြစ်စာရင်းပြ၊ ကျန်သမျှဒင်းတို့မိသားစုပိုင်ငွေအဖြစ် သိမ်းပိုက်၊ နောက်လိုက်ဖွဲတဆုပ်စာ စစ်ဗိုလ်တွေနဲ့ဝေစား။ ထိုကဲ့သို့သော အမိုက်အရိုင်းကောင်နှင့်နောက်လိုက်စစ်အုပ်စုအား ရရာလက်နက်စွဲကိုင်လို့ မိုင်းပွန်စော်ဘွားဦးအောင်မြတ်၊ ဦးအောင်ဇေယျ တို့ခေတ်တုန်းကလို တော်လှန်သင့်ပေ၏။ လွယ်လွယ်လေးပါဗျာ... ဒင်းတို့တတွေနဲ့ဆွေတေိာမျိုးတော်တွေ အသားလေးနဲနဲလောက်တာနာ အောင်လုပ်ကြည့်စမ်းပါ၊ အချိုးချက်ခြင်းပြောင်းလာပါစေ့မယ်။ သူများကိုမတရားလုပ်ထားတဲ့သူက ကိုယ့်ကိုမတရားပြန်လုပ်ခံရမှာကို သေမလောက်ကြောက်တယ်ဆိုတဲ့ လောကနိယာမတရားလေးကို လက်ကိုင်ထားပြီး နည်းဗျူဟာ ပြောင်းလိုက်ကြစမ်းပါ... လောကမှအလကားရတာဘာမှမရှိ။ လိုချင်ရင်ရင်းကြရမှာပဲ။ ခေါင်းဆောင်တွေကစလို့ ခေါင်းဆောင်မှုကောင်းကောင်းနဲ့ စွန့်စားလိုက်ကြစမ်းပါဗျာ... ပြည်သူတွေနောက်ကလိုက်ဖို့အဆင်သင့်ပါ။ ဒါပေမယ့် alternative plan ကိုတော့မမေ့နဲ့ပေါ့။ next successor လဲရွေးထားဖို့လို၏။ အခုအချိန်က နိုင်ငံရေးလုပ်ရန်အချိန်မဟုတ်တော့ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့တော်လှန်ရေးလုပ်မှ ရမယ့်အချိန်ဆိုတာ အမေစုနှင့်တကွ အတိုက်အခံများသိသင့်ပါ၏။ ညီညွတ်စွာဖြင့် တိုက်ကြရအောင်ဗျာ...တိုင်းပြည်နာလို့ဖွတ်ဖွတ်ညက်ညက်ကြေလှပေါ့။ လက်သည်ချည်းအားကိုး၍မရ ကိုယ်တိုင်ညှစ်မှထွက်မယ်ဆိုတာ ပြည်သူတွေအားလုံးသိသင့်ပါ၏။ "နီးရာဓါးကိုကိုင်၍ အနီးဆုံးရန်သူကို စ၍ချေမှုန်းကြစို့ဗျာ..." ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေကောင်းစားဖို့ ကျွန်တော်တို့တတွေရဲ့အသက်၊သွေ၊ချွေး တွေကို အကျိုးရှိရှိထိထိမိမိပေး ဆပ်ကြပါစို့ဗျာ...

  1. Anonymous said... :

    ခင်ဗျားတို့  က ငါတို့ ရှမ်းလူမျိုးတွေကို စော်ကားနေတာပဲ စ၀်ဆေခန်ဖ (သိုဟန်ဘွား) ဆိုတာ ရှမ်းဘုရင်တစ်ပါးဆိုတာမသိဘူးလား ခင်ဗျားတို့ ဘာလို့ ငါတို့ ဘုရင်ကို အာဏာရှင်လို့ ပြောတာလဲ ဒီလို နယ်မြေချဲ့ တိုင်းအာဏာရှင်ဆိုရင် ဘုရင့်နောင် အလောင်မင်းတရား ဘကြီးတော်ဘုရားတို့  ကလဲ အာဏာရှင်ပဲပေါ့ ဘုရင့်နောင်တောင် ယိုးဒယားကို သိမ်းတာပဲ ဒီလိုမပြောင်သင့်ဘူးထင်တယ်............

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved