လူထုတော်လှန်ရေးကို ဘယ်အာဏာရှင်မှ မခံနိုင်

Monday, February 28, 2011

လစ်ဗျားအလံဟောင်းကို မျက်နှာမှာ ဆေးခြယ်ထားတဲ့ ဘန်ဂါဇီမြို့မှ ဆန္ဒပြ လစ်ဗျားသူများ။ (Getty Images)

နိုင်ငံကို နှစ် ၄၀ ကျော်ကြာ အုပ်ချုပ်နေတဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီရဲ့ သစ္စာခံတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ သူပုန်တပ်တွေက လစ်ဗျားအရှေ့ပိုင်းဒေသက မြို့ကြီးများမှ တော်လှန်ရေးအတွက် “နိုင်ငံတော်ကောင်စီ (National Council)” ကို ဖွဲ့လိုက်ကြပါပြီ။

ဒါဟာ ကြားဖြတ်အစိုးရတရပ် မဟုတ်ဘဲ တော်လှန်ရေးအတွက်သာ ဖြစ်တယ်လို့ အဲဒီ အသစ်ဖွဲ့တဲ့ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုကြောင်း ဗီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
ကဒါဖီကတော့ မလျှော့သေးဘဲ ခြေမှုန်းဖို့ ပြင်ဆင်နေတုန်းဖြစ်ပါတယ်။

ကဒါဖီကို သစ္စာခံတဲ့ တပ်တွေကို ပြန်ခံချဖို့ ပြင်နေတဲ့ လစ်ဗျား တိုင်းရင်းသား သူပုန်တဦး။ (ဓာတ်ပုံ - Getty Images)

လူထုဆန္ဒပြပွဲတွေကို အခုလို ပစ်ခတ်နှိမ်နင်းနေတဲ့ ကဒါဖီနဲ့ အပေါင်းအပါတွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်တည်းဆုံးဖြတ်ချက် ချလိုက်ပါပြီ။
ကဒါဖီနဲ့ အပေါင်းအပါတွေရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ လက်နက်အရောင်း အဝယ် ပိတ်ပင်မှုမျိုးအပြင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်မယ့် ကိစ္စတွေအထိ ပါပါတယ်။

လတ်တလော သုံးသပ်ရတာကတော့ ပြည်တွင်း ဆန့်ကျင်မှုတွေအပြင် နိုင်ငံတကာက ဖိအားတွေလည်း တိုးတက်လာတာမို့ ကဒါဖီကတော့ ပြုတ်ကျတော့မယ့် အနေအထားဖြစ်ပါတယ်။ ကဒါဖီရဲ့ အမိန့်ကို မနာခံဘဲ လူထုနဲ့ ပူပေါင်းတဲ့ တပ်တွေနဲ့ အတိုက်အခံတွေက တဖြည်းဖြည်းနဲ့ အုပ်စီးမိလာပါပြီ။

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ကဒါဖီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပါကစ္စတန် ရှိယိုက်မူဆလင်များ။ (ဓာတ်ပုံ - Getty Images)

ပြည်တင်းတော့ “မင်း” မခံနိုင် ဆိုသလို တူနီရှားက စလိုက်တဲ့ လူထုအုံကြွမှုဟာ အရှေ့အလယ်ပိုင်းမှ ပျံ့နှံ့ပြီး အာဏာရှင်တွေ ထွက်ပြေးသူထွက်ပြေး၊ နှုတ်ထွက်နှုတ်ထွက်၊ နှိမ်နင်းလို့ နိုင်ငံတကာ ဖိအားပေးခံရသူ ခံရနဲ့ ဖြစ်နေပါပြီ။

ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ အာဏာရှင်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ထပ်ဆုံးက အမြဲလိုက်သူ ဖြစ်ပါတယ်။ လူထုသာ ညီညွတ်ရင် ဘယ်အာဏာရှင်ကြီးကမှ မခံနိုင်သလို၊ တကယ့်တကယ်မှာ ဘယ်စစ်ကမှလည်း အမြဲနာခံနေမှာ မဟုတ်ဘူးဆိုတာကို ၂၀၁၁ လူထု တော်လှန်ရေးများက သက်သေခံနေပါတယ်။

မြန်မာပြည်မှာ မတ်လ ၂၇ ရက်နေ့ဆို တော်လှန်ရေးနေ့ပါ။ ဒီနေ့ဒီခေတ်မှာ အမှိုက်တွေ ရှင်းသွားအောင် တကယ်တော်လှန်ရမယ့်သူ ဘယ်သူ၊ တကယ် တော်လှန်ရေးလုပ်ရမယ့်သူတွေက ဘယ်သူဆိုတာကတော့ မေးစရာမလိုပါ။

နှစ် ၄၀ အုပ်စိုးတဲ့ အာဏာရှင်လည်း အချိန်တန်ရင် ပြုတ်ကျရစမြဲပါပဲ။ တောနေနေ ဂူအောင်းအောင်း ကိုယ့်အကြောင်းကို ကိုယ်သိရင် ပြေးစရာ မြေမရှိတာကို မြင်ကြလိမ့်မယ် ဆိုတဲ့အကြောင်း …။

4 comments :

  1. myonaing said... :

    ဒီသတင်းမှာ ကဒါဖီအစိုးရ ဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေကို သူပုန်လို့ သုံးထားပါတယ်။ဒါဟာ မသုံးသင့်တဲ့ သတင်းရေးသူရဲ့အမှားပါ။အမှန်က ကဒါဖီအစိုးရကိုဆန့်ကျင်တိုက်ခိုက်သော လက်နက်ကိုင်တော်လှန်ရေးတပ်သားများလို့ ရေးသင့်ပါတယ်။ကျွန်တော်ပြောတာမဟုတ်ပါဘူး။ လူထုစိန်ဝင်းပြောတာကို ဖတ်ဘူးတာပါ။

  1. Unknown said... :

    But Myanmar is Myanmar.Can't ba same anymore.

  1. myo myint said... :

    မှန်တော့မှန်ပါတယ် ဒါပေမယ့်မြန်မာပြည်သူတွေကိုတစ်ယောက်မှအထိအခိုက်မခံချင်တော့ဘူးဗျာ....

  1. Anonymous said... :

    ကြောက်တတ်ရင် နှစ်ခါသေတယ် ကိုယ့်လူတို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved