ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထား

Thursday, February 10, 2011

ကာကွယ်ရေး ၀န်ကြီးရာထူးယူရန် ငြင်းပယ်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြီးခဲ့သည့်စနေနေ့က လက်ရှိ ရာထူးမှ ထုတ်ပယ်လိုက်ပြီး နေအိမ်တွင် အကျယ်ချုပ် ချထားသည် ဆိုသည့် သတင်းများ နေပြည်တော် စစ်အစိုးရ အသိုင်းအ၀န်းတွင် ထွက်ပေါ်နေသည်။

ရာထူးကို ငြင်းပယ်သည်ဆိုသော ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ် အတွင်း ရာထူး အပြောင်းအလဲတွင် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နှင့် အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်သပ် မွေးခြင်းခံရသူဖြစ်၍ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ထောက်ခံမှုကိုလည်း ရရှိထားသူဟု စစ်တပ်အသိုင်းအ၀န်း အဆိုအရ သိရသည်။

ထိုစဉ်က ဒု ဗိုလ်ချုပ်ကြီးသူရမြင့်အောင်သည် ဗိုလ်ချုပ်မှူးကြီး၏ နေရာကို ဆက်ခံမည့် အရန် ကာကွယ်ရေး ဦးစီးချုပ်ဟူ၍ပင် စစ်တပ် အသိုင်းအ၀န်းတွင် လေးစားခြင်း ခံရသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ချီးကျူးခဲ့သူဖြစ်သည်။

မထင်မှတ်သည်များကို ပြုလုပ်တတ်သည့် ဗိုလ်ချုပ်မှူးကြီးသည် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ပေးအပ်ခြင်း မရှိတော့ဘဲ ကာကွယ်ရေး ၀န်ကြီးရာထူးကိုသာ ပေးအပ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုမူ လက်ရှိ ကြည်း၊ ရေ ၊လေ ညှိနှိုင်းရေးမှူး တာဝန် ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်ရန် စီစဉ်ခဲ့သည့် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က မကျေနပ်ခြင်း ဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

အတည်မပြုနိုင်သော သတင်းများအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ၎င်းအား ကာကွယ်ရေး ၀န်ကြီးဌာနမှ လွဲလျှင် တခြား သော ၀န်ကြီးဋ္ဌာနများကို တာဝန်ပေးအပ်နိုင်ကြောင်း၊ ၎င်းအနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင် ကာကွယ်ရေး ၀န်ကြီး အဖြစ် မလုပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးထံသို့ သွားရောက်ပြောဆိုသည်ဟုသိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် မည်သည့် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်ရာထူး မပေးအပ် သည်ကိုမူ စစ်တပ် အသိုင်းအ၀န်းအတွင်း စိတ်ဝင်တစား စောင့်ကြည့် ပြောဆိုနေကြသည်။

မွန်ပြည်နယ် သထုံဇာတိ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၁၈) ဆင်း ဖြစ်ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါတိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်။ ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး စစ်ရေးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာမည်ဟု သတင်းများထွက်နေသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် အပတ် စဉ် ၁၉ ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မ ၄၄ တပ်မမှူး တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်ကာ လက်အောက်ရှိ အရာရှိများကိုမူ ကိုယ်ထိလက် ရောက် ရိုက်နှက်ရာတွင် နာမည်ကြီးသူ တဦးဖြစ်သည်။

စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာကွယ်ရေး ဦးစီးချုပ်သည် ဒုသမ္မတနှင့် သြဇာအာဏာ တူညီပြီး ကာကွယ်ရေးဝန်ကြီးမှာ ကာကွယ်ရေး ဦးစီးချုပ်၏ လက်အောက်တွင်သာ အလုပ်လုပ်ရမည် ဖြစ်၍ စစ်တပ်အပေါ် အုပ်ချုပ်ရေး အာဏာ သက်ရောက်တော့မည် မဟုတ်ပေ။

ထိုအချက်ကြောင့်လည်း ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေဖြင့် ကာကွယ်ရေး ၀န်ကြီး ရာထူးကို ငြင်းပယ်ခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်အ၀န်းကလည်း ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရာထူး ပြိုင်ဆိုင်မှုကြီးသည့် စစ်တပ်အတွင်း ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်တို့ကဲ့သို့သော သူများကို လက်သပ်မွေးပြီး ပြိုင်ဆိုင်စေကာ ထိန်းကျောင်းထားသကဲ့သို့ အစိုးရ အဖွဲ့အတွင်းတွင်လည်း ဦးသိန်းစိန်အား သမ္မတ ရာထူးပေးထားပြီး ၎င်းနှင့် အစေးမကပ်သည့် စစ်ကောင်စီ အတွင်းရေးမှူးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို ဒုသမ္မတ ရာထူးပေး၍ အစိုးရအဖွဲ့ကို ထိန်ကျောင်းစေသည်။

အတည်မပြုနိုင်သော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးအား သမ္မတ ခန့်အပ်ရန် ကြံစည်ခဲ့သော်လည်း ဒု ဗိုလ်ချုပ်ကြီးမောင်အေးနှင့် ၀န်ကြီးများက ကန့်ကွက်ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက်ဖွဲ့စည်းခဲ့သည့် အစိုးရ အသစ်တွင် သမ္မတ ဦးသိန်းစိန် နှင့် ၀န်ကြီးများက တဘက် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် အဖွဲ့များ ကွဲနေပြီး ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ဝေလွင်တို့သည်လည်း သီဟသူရ ဦးတင်အောင်မြင့်ဦး အပေါ်တွင် အမြင်ကြည်လင်ခြင်း မရှိကြောင်း အစိုးရ အသိုင်း အ၀န်းတွင် သတင်းများ ထွက်ပေါ်နေသည်။

ကာကွယ်ရေး ဦးစီးချုပ်ရာထူး ဆက်ခံမည့်သူဟု သတင်းများ ထွက်ပေါ်နေသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့လျှင် အစိုးရအဖွဲ့အတွင်း ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ပြိုင်ဆိုင်မှု ပိုမိုကြီးမားလာမည် ဖြစ်သည့်အတွက် ၎င်းရှေ့ရေးအတွက် အပြိုင်အဆိုင်ကြီးမားသူများအား အတူတူထား၍ အုပ်ချုပ်စေသည့် ဗိုလ်ချုပ်မှူးကြီး၏ မဟာဗျူဟာမှာ အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုနေသည်။

ရန်ပိုင်


7 comments :

  1. Anonymous said... :

    ဓာတ်ပုံက သူရမြင့်အောင် ပုံမဟုတ်ပါဘူး။ဒု ဗိုလ်ချုပ်ကြီးကိုကို ရဲ့ပုံပါ။

  1. Anonymous said... :

    ဒီမျက်နှာဗြဲကြီးနဲ့ သူရမြင့်အောင်ပုံအစစ်ကြီးကို ဘယ်လိုမှမှားစရာမရှိပါ။

  1. Anonymous said... :

    It's really picture of General Thura Myint Aung. Sure ! It is not wrong.

  1. Anonymous said... :

    ဟုတ်ပ၊ ဓာတ်ပုံကလည်း ဒုဗိုလ်ချုပ်ကြီး ကိုကိုရဲ့ ပုံကြီးပါ၊ သတင်းရေးတာကလည်း အတည်မပြုနိုင်သော သတင်းများအရ၊ အတည်မပြုနိုင်သော သတင်းများအရနဲ့ ဘာများအတည်ပြုနိုင်ပါသေးသလဲ ဧရာဝတီရယ်၊ အတည်မပြုနိုင်ဘဲနဲ့ ရေးမနေနဲ့ကွာ.....
    (အတည်မပြုနိုင်သေးသော....) ဆိုတော်သေး....

  1. Anonymous said... :

    if all they die ,better .because of all same to same '' they are theives''

  1. Anonymous said... :

    ဒု ဗိုလ်ချုပ်ကြီးကိုကို က သူရဘွဲ.မရဘဲနဲ.လည်ပင်းမှာချိတ်မလားကွ !
    အပေါ်ဆုံးကကွန်းမန်.ပေးတဲ.စောက်ရူးရဲ ......

  1. Anonymous said... :

    အပေါ်ဆုံးက ကောမင့်ပေးထားတဲ့ သူက ကြောင်တောင်တောင်နဲ့ ... ဦးကိုကို ဆိုတာက နောက်တစ်ယောက်ဟ.. အခုက သူရဦးမြင့်အောင် ပုံအစစ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved