မြန်မာပြည် အာဏာ လွှဲပြောင်း ခွဲခြမ်းရေး မကြာမီ လာမည်

Thursday, February 10, 2011

ယုံချင်ယုံ မယုံချင်နေပါ၊ ကိုယ့်မျက်စိကိုယ်လည်း ယုံချင်မှ ယုံပါ။ မတ်လ ၁၅ ရက်နေ့မှာ တပ်ချုပ်ကြီး သန်းရွှေက အာဏာအကုန်လွှဲမယ်လို့ စက်ရပ်သတင်းတခု နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်ကနေ ဝင်လာပါတယ်။ (စိတ်ခိုင်ခိုင်ထားပြီး အဆုံးအထိ ဆက်ဖတ်သွားပါ။)

မနက်ဖြန်မှာ တပ်ချုပ်ကြီးက စစ်တိုင်းမှူးတွေ၊ ကထစမှူးတွေကို ခေါ်ပြီး မှာကြားစရာ ရှိစရာတွေ မှာမယ်လို့ သိရပြီး သေချာပါတယ်လို့ အတည်ပြုချက်တောင် ထပ်ရထားပါသေးတယ်။

အဲဒီလို ခေါ်ပြီး လိုအပ်သည်များကို မှာကြားမယ့် ဇာတ်ဝင်ခန်းမှာ ဒု ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ ပြည်နယ်နဲ့ တိုင်းမှာ ဝန်ကြီးချုပ် လုပ်မယ့်သူတွေလည်း ပါပါတယ်တဲ့။

အဲဒီလိုဆိုတော့လည်း “တာ့တာဘိုင်ဘိုင် ကြည့်ကျက်လုပ်ကြ” လို့ မှာကြားမှာလား၊ “မင်းတို့လုပ်ရမှာ ဒါတွေ” ဆိုပြီးတော့ပဲ မှာကြားလွှတ်လိုက်မှာလား ဆိုတာတော့ တောင်တောင်အီအီ တွေးနိုင်ပါသေးတယ်။
တပ်ချုပ်ကြီး အာဏာလွှဲမယ်ဆိုတာ ကြားသားမိုးကြိုး မထင်မှတ်စရာ သတင်းကြီးကိုး။ (သိပ်လည်း ပျော်မသွားနဲ့ဦး။)

နောက်ဆက်တွဲ လာတဲ့ သတင်းက သမ္မတ အသစ်ကြပ်ချွတ်ကြီး ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပေးမည် ဖြစ်သော်လည်းပဲ တဲ့ … တပ်ချုပ်ကြီး သန်းရွှေ ဦးဆောင်ပါဝင်သည့် နိုင်ငံ့ဥသျှောင် အဖွဲ့ကြီး ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကြီးကို ကြီးကြပ် ကွပ်ကဲပါမည်တဲ့။ (စလာပြီနော် …။)

ကျွန်ုပ်တို့ရဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်လတ္တံ့သော မြန်မာနိုင်ငံတော်ကြီးကို တစုတည်း အုပ်ချုပ်ရင် မပိပြားမှာစိုးလို့ အဖွဲ့ကြီး နှစ်ခုနဲ့ ကွပ်ညှပ် (အဲလေ … ယောင်လို့) အုပ်ချုပ်ပါမယ်တဲ့။ ပထမတဖွဲ့က အာဏာကုန် လွှဲပေးပြီး ခုံပြောင်းထိုင်မယ့် တပ်ချုပ်ကြီး ဦးဆောင်တဲ့ “နိုင်ငံ့ဥသျှောင် အဖွဲ့ကြီး” ပါတဲ့။ နောက်တခုက သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ “နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ပါတဲ့။

နောက်ဆုံးမှာတော့ ဒုံရင်းက ဒုံရင်း … ကျော်ဟိန်းက ကျော်ဟိန်း (အဲလေ … ယောင်ပြန်ပြီ) သန်းရွှေက သန်းရွှေ ပါပဲလို့။

တဖွဲ့တည်းနဲ့တောင် မြန်မာပြည် အတော် တိုးတက်လာနေတာ နှစ်ဖွဲ့ဆိုရင် ကျောကော့အောင်သာ ခံရအောင်ပြင်လို့ အားရှိစရာ သတင်းပါးလိုက်ပါရစေ။

2 comments :

  1. Anonymous said... :

    နိုင်ငံ့ဥသျှောင် အဖွဲ့ကြီး ဆိုတာ ပြည်ပက သာသနာ ဥသျှောင် အဖွဲ့ ကို အားကျ သွားတာ ဖြစ်မယ်နော်။ သရဲဘော ကြောင်ပြီးရင် ကြောင်နေတဲ့ ကိုယ်သဘောနဲ့ ကိုယ် ဗိုလ်ချူပ်မူးကြီး ဘွဲ ယူလိုက် ၊ ဥသျှောင်ကြီး ဘွဲ ယူလိုက်၊ ကြောက်ဒူးက လည်းတုန်းလိုက်တာ မီဒီယာ နဲ့တောင် မတွေ့ ရဲ တဲ့ သတ္တိလောက်နဲ့ ဥသျှောင် ဖြစ်ချင်နေလိုက်တာ။ ရီရတယ်။

  1. Anonymous said... :

    ဘလော့-ဆိုတိုင်းလဲ လျောက်မရေးနဲ့လေဗျာ။
    သတင်းကို သတင်းလိုရေးရင် ပိုကောင်းမယ်ထင်ပါတယ်။
    ဧရာဝတီ-တရားဝင်ဆိုက်ကသတင်းကိုအတည်ယူပီး ဘလော့-မှာရေးတဲ့ဟာ ကိုတော့ ကိုတာတေနဲ့ ရုတ်ခစိုးတို့လက်ရာလို့ယူဆရာမှာလားဗျို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved