မြင်ခွင့်ရသလောက်ကနေ မြင်နိုင်ကြည့်နိုင်သလောက်ကောင်းကင်ထဲကို ပြန်ရောက်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ အနာဂတ်မျိုးဆက်သစ်လေးများက သူတို့တိုးချဲ့သလောက် ချဲ့တိုးထားတဲ့ ကောင်းကင်မှာ ဘာအမှာစကားပါးရမလဲ နူတ်ဆက်စကားပါးရမလဲ တောင်းဆိုသံတွေထဲ စိတ်လှုပ်ရှားခဲ့ရတယ်။
အသက်၂၀ သမီးငယ်လေးရဲ့ဝန်းကျင်နဲ့ မျိုးဆက်အတွက် ကမ္ဘာကြီးလည်းကြည့်ရှုစေတော့ဆိုပြီး ချရေးဖြစ်လိုက်တယ်။ ဘယ်ခေါင်းစဉ်အောက်ကို ဝင်မလဲ ဝေခွဲမနေတော့ပါဘူး။ ခံစားမှုစစ်စစ်ဆိုတာ ရဲဝံ့နေမိတယ်။ ချစ်သော သမီးငယ်လေးသို့
(၁) လက်တွေ့မလုပ်နိုင်တဲ့ လေ့လာမှု၊ အတွေးအခေါ်၊ အပြောအဆိုမှန်သမျှ၊ အဓိပ္ပါမရှိဘူး။
(၂) အဖေအမေဆိုတာ သားသမီးတိုင်းရဲ့ အောင်မြင်မှုတိုင်းအတွက် ထာဝရအထက်တန်းစား မေတ္တာရှင် သုခမိန် ဖြစ်တယ်။
(၃) “ပျင်း”တာရယ် “ပြော”တာရယ်လုပ်နေတတ်တဲ့ မိန်းခလေးဆိုတာ မိန်းမ“ပျက်”ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူး။
(၄) လူငယ်တိုင်းရဲ့ အိမ်မက်မက်ခွင့်နဲ့ အိပ်မက်တိုင်းကို ကြိုဆိုပါတယ်၊ ဒါပေမယ့် လူနဲ့ ပတ်ဝန်းကျင် အကျိုးရှိတဲ့ အိပ်မက်ပဲဖြစ်ရမယ်။
(၅) ဘာလုပ်လုပ် “အမှန်”“တကယ်”လုပ်ပါ။
သူ့ကောင်းကင်ကိုတင်ဖို့ နံပါတ်သုံးအချက် ပသုံးလုံးကြောင့် ပထမ သဘောမတူဘူး။ သုံးရက်လောက် သူနဲ့ ရွယ်တူ စစ်တမ်းကောက်ကြည့်တော့ သူကိုယ်တိုင် သဘောကျပြီး ကောင်းကင်ပေါ်တင်ရုံမကပဲ သူ့အိပ်ခန်းရဲ့ နံရံမှာပါ ကပ်ထားတော့တယ်။ ကျေးဇူးပါသမီးငယ်လေး။
သူကနေသားကျသွားပေမယ့် ကိုယ်၌ကနေသားမကျနိုင်။ ဒီဘက်ခေတ်မျိုးဆက်တွေက ဒီလိုဇယားဆန်တဲ့ စာရင်းဆန်တဲ့ အတွေးအခေါ်များနဲ့ ထိတွေ့ခွင့်ကို ကြည်နူးပါ့မလား။ လား? ပေါင်းများစွာနဲ့ ယောက်ယက်ခတ်နေခဲ့တယ်။ အတွေးဟာ ကျယ်ပြောပြန့်ကားစွာ ခရီးဆန့်တယ်။
တို့ရဲ့မြန်မာသိုက်မြှုံ ရဟတ်မှာရော လူကြီးတယ်၊ အရှိန်အဝါကြီးတယ်၊ ငွေကြီးတယ်ဆိုပြီး သူချထားတဲ့ စာရင်းဇယားထဲမှာ ဘာဖြစ်ဖြစ် ဖြစ်အောင်လုပ် ဖြစ်အောင်သွားဆိုတာက အမှန်လား။ ကိုယ်၌က ကိုယ့်သမီးအရွယ် မျိုးဆက်တွေကို အမှန်လို့ကိုယ့် အတွေ့အကြုံရယူဆတဲ့ အတွေးအခေါ် စာရင်းကြီးနဲ့ ချုပ်ထားလို့အမှန်လား ဆက်တိုက် ကျယ်ပြောပြန့်ကားကြည့်တော့ “ချဲ့ထွင်” တာကို တွေ့လာတယ်။ ဘာကိုချဲ့ပြီး ဘာကိုထွင်သင့်သလဲ။ အမှန်ကိုချဲ့ရမှာပေါ့။ ဘာအမှန်လဲ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား။
ဘာကိုထွင်သင့်လည်း လူနှင့်လူ့ပတ်ဝန်းကျင်သာယာငြိမ်းချမ်းဖို့တွေပဲ တီထွင်သင့်တာပေါ့။
စာလုံးတလုံးကို ဖတ်နေကျ စာဖတ်သူ သံခိတ်မဂ္ဂဇင်းထဲက တွေ့ရတယ် ထွင်ထားတဲ့စကားလုံးပါပဲ ဆင်းရဲသားများရဲ့ ချန်ပီယံတဲ့ အဓိပ္ပာယ်ကို မတွေးရဲမတွေးရက်လောက်အောင်ထွင်နိုင်တဲ့ စကားလုံးပါပဲ။ ရင်ကိုချိနဲ့ သွားစေတယ်။
တီထွင်မှုကို လေ့လာမိသလောက် လွန်ခဲ့တဲ့ ခရစ်ကြိုခြောက်ရာစုက ဂေါတမသိဒ္ဓတ္ထဟာ လွတ်လွတ်လပ်လပ်တွေးခေါ်၊ စုဝေး၊ ဟောပြော ရေးသားမှုကို လူသားအားလုံးအတွက် “စွန့်ဦးတီထွင်သူ”ပါပဲ။ ဆီသည်မလက်သုပ်ဝတ်ပါပဲ။ ခေတ်စားနေတော့ ပြောလိုက်အုံးမယ်။ ဒီမိုကရေစီပေါ့။
“ဘာထရန်ရပ်ဆဲ” ဆိုတဲ့ကမ္ဘာကျော်စာပေပညာရှင်ကြီးကတော့ ဒီမိုကရေစီဆိုတာ အစိုးရကောင်းတွေကိုတော့ မဖြစ်ပေါ်စေနိုင် မကောင်းဆိုးဝါးများကိုတော့ တားဆီးနိုင်တယ်လို့ပြောပါတယ်။
ကိုယ်၌ကတော့ ဒီမိုကရေစီဆိုတာထက် လွတ်လပ်စွာကွဲလွဲခွင့်ကို ရှင်သန်ခြင်းအားဖြင့် အမှန်တရားကို ရောက်ဖို့ အနီးဆုံးလမ်းလို့ပြောချင်တယ် ကျင့်သုံးချင်တယ်။
နိုင်ငံတိုင်းမှာရော နိုင်ငံတိုင်းဘယ်လို အစိုးရပဲအုပ်ချုပ်ပါစေ အနုပညာရှင်၊ အတတ်ပညာရှင်၊ အသိပညာရှင် ဖန်တီးသူတွေဟာ တိုင်းပြည်ရဲ့ တံခွန်ဖြစ်တယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ အမှန်တရား(တကမ္ဘာလုံးချီအမှန်တရား) ဘက်ကလွဲပြီး ဘယ်ဘက်မှ လိုက်ဖို့မလိုဘူး၊ ဒီလိုပဲ စတုတ္ထမဏ္ဍိုင်ဆိုတာ အမှန်တရားမှာပဲ ခိုင်မာစွာ စိုက်ထူရမယ်၊ ဒါမှတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတံခွန်ဟာ တလူလူလွင့်နေမှာ ဖြစ်တယ်။ ကိုယ်၌ကတော့ အဲဒီမှာ နေထိုင်ဖို့ပဲအမြဲဖြစ်တယ်။ နေရာချထားမှုကတော့ လူနဲ့ လူ့ပတ်ဝန်းကျင်နဲ့ ဘုရားသခင်ရဲ့အလုပ်ပဲဖြစ်တယ်။
နိုင်ငံကောင်းဖို့ နိုင်ငံမှန်ဖို့ဆိုရင် နိုင်ငံရဲ့ ရန်သူကို ရှာတိုက်ရမယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဘယ်လိုရန်သူလဲ။ ရန်သူကဘယ်မှာလဲ တကယ့်ရန်သူက ပြည်တွင်းမှာလည်းမဟုတ်ဘူး။
ပြည်ပကလည်း မဟုတ်ပါဘူး။ တာဝန်ရှိသူတွေရော တာဝန်ရှိချင်သူတွေပါ မတွေ့သေးတဲ့ ရန်သူက မိမိကိုယ်တွင်းက မာန ဆိုတဲ့ ရန်သူပါ။ အဲဒီမာနရန်သူကို တိုက်ထုတ်လိုက်ပြီး အဲဒီနေရာမှာ အမေမွေးထဲကပါလာတဲ့ “မေတ္တာ”ချစ်သူလေးသာထည့်လိုက်ပါ။ ဘယ်လို ရန်သူမှ လိုက်ရှာဖို့ မလိုတော့ဘူး ပြောချင်ပါတယ်။
လူတိုင်းလူတိုင်းမှာ အတွေးအခေါ်ဝါဒ မိမိပိုင်အတွေးအခေါ်ဝါဒ ကရှိပြီးသားပါ။ လုပ်နိုင်ခွင့်၊ ပြောနိုင်ခွင့်နဲ့ နေရာကြောင့် မပေါ်ထွက်နိုင်ခဲ့ကြတာပါ။ အဲဒါကို လူတစ်ဦးထဲရဲ့ ခေါင်းဆောင်တယောက်ထဲရဲ့ အတွေးအခေါ်ကသာ အမှန်ဆိုတဲ့ အပြောကို အလုပ်ကို လူတိုင်းလက်ခံဖို့ မသင့်လို့ပြောချင်တယ်။
ကိုယ်တွေးထားတဲ့ဝါဒအတိုင်း သစ်သည်ဖြစ်စေ ဟောင်းသည်ဖြစ်စေ လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင်တော့ လူနဲ့လူ့ပတ်ဝန်းကျင်အကျိုး ကောင်းကျိုးကို လူများစွာက လက်ခံဖို့တော့ လိုတာပေါ့။ ဘာပေတံနဲ့ တိုင်းမလဲ “လွတ်လပ်စွာရွေးချယ်ခွင့်”ကလွဲပြီး အခြားမရှိပါဘူး။ “အားလုံးပါဝင်ဖို့” တော့လိုတာပေါ့။
လွတ်လပ်စွာရွေးချယ်ခွင့်ရမှ မဟုတ်ပဲ ကိုယ့်အသိုင်းအဝိုင်းက အသိအမှတ်ပြုမှုတခုနဲ့ အခြားလူထုများကို ကိုယ်ပြုချင်သလို ပြုခိုင်းတာဟာ လွတ်လပ်စွာ ကွဲလွဲခွင့်ကို ချိုးဖောက်တာ။ ဘုရားကို မျက်ကွယ်ပြုတောလို့ တာဝန်ရှိသူများရော တာဝန်ရှိချင်သူတွေကိုပါ ပြောပါရစေ။
လူသားစစ်စစ်တိုင်း ဒီနေ့လက်ခံရမှာက ခေါင်းမာတာဟာ သတ္တိမဟုတ်ဘူး မိုက်ရှုးရဲ့ဆန်တာဆိုတာပါပဲ။
အဲဒီတော့ ဟိုတုံးက ဘာလုပ်ခဲ့တယ် ဒီနေ့ဘာလုပ်၊ လာမယ့်နေ့ကြရင်ဘာလုပ်၊ ဒီနေ့မလုပ်နဲ့၊ လာမယ့်နေ့ ဘာမလုပ်နဲ့၊ ဆိုတဲ့ ခိုင်းစေမှုတွေ ခိုင်းစေချင်နေတဲ့ စိတ်တွေရပ်လိုက်ပြီး (ငါသူတပါးယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ အားလုံးခနငယ်လေးပဲ အသက်တရှူတရှိုက်လေးပဲ ပိုင်ကြတာပါ)။ ကိုယ်ခိုင်းစေချင်နေတဲ့ စာရင်းဇယားကြီးတွေကိုပဲ ဆွဲနှစ်နေမယ့်အစား အခြားလူများစွာကို သူတို့ပိုင် အတွေးအခေါ်ဝါဒတွေနဲ့ လွတ်လပ်ငြိမ်းချမ်းစွာ လုပ်ကိုယ်ခွင့်ပြုကြပါစို့လို့ လူအားလုံးအဖွဲ့အားလုံးကို ပြောချင်ပါတယ်။ ဒါဆိုဘာမဆိုအဆင်ပြေပါလိမ့်မယ်။ အဆင်မပြေဘူးထင်ရင် ဘယ်သူမဆိုစပြီး စမ်းကြည့်လိုက်ပါ။ အဆင်ပြေပါတယ်။
“မကောင်းမှုဟူသည် ပြုလုပ်နေစဉ် စိုးရိမ်ရ၊ ပူပန်ရ၊ ပြုလုပ်ပြီးသောအခါ၌လည်း စိုးရိမ်ရ၊ ပူပန်ရ၊ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်လုံး စိုးရိမ်ရ၊ ပူပန်ရသောအမှုသည် မကောင်းမှုဖြစ်သည်။ (ဓမ္မပဒ ၁၅/၁၇)
ကောင်းမှုဟူသည် ပြုလုပ်နေစဉ် နှစ်သက်ဝမ်းမြောက်ရသည်၊ ပြုလုပ်ပြီးသောအခါလည်း နှစ်သက်ဝမ်းမြောက်ရသည်။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်လုံး၌ နှစ်သက်ဝမ်းမြောက်ရသည့်အမှုသည် ကောင်းမှုဖြစ်သည်။ (ဓမ္မပဒ ၁၆/၁၈)
ကဲဘယ်လမ်းကိုရွေးမလဲ၊ လမ်းဆုံလမ်းခွတော့ ရောက်နေပြီ ရောက်နေခဲ့ပြီ။ လူတွေက ရွေးနိုင်သည်။ လူမှလွဲ၍ အခြားသူများ (သတ္တဝါ)များ ရွေးဖို့မရှိ။ ရွေးခွင့်မရှိ။ ချစ်စရာ မြတ်နိုးစရာ ဓမ္မပဒ၏ စာသားအဆိုများ အံ့ချီးမကုန်နိုင်သော စွန့်ဦးတီထွင်မှု စာသားဒဿနများ ဘာကို ဘယ်လိုရွေးချယ်မလဲ။
အာရှတိုက်၏ မမှိတ်သောကဗျာကြယ် ရာဘင်ဒြာနတ်တဂိုး ဆိုတဲ့ ကဗျာဆရာကြီးကတော့ “လူတို့သည် အချိန်တိုင်း သေမင်းနဲ့ စစ်ခင်းနေကြသည် ရှိပြီးသားလမ်းကို ကိုယ့်လမ်းဖြစ်အောင်လုပ်ကြ”တဲ့။ ကိုယ်၌ကတော့ ရိုးရိုးသားသားပဲ ပြောပါရစေ “အမှန်”ကို “တကယ်” လုပ်ကြပါ။
(Reader’s Digest January 2010 ထုတ်စာအုပ်မှ Dora Cheok နှင့် Catherine Lim ၏ စာများကို ဖတ်ရှုခံစား၍)
များစွာဖြင့်
စောဝေ
1, July 2010
((၁) လက်တွေ့မလုပ်နိုင်တဲ့ လေ့လာမှု၊ အတွေးအခေါ်၊ အပြောအဆိုမှန်သမျှ၊ အဓိပ္ပါမရှိဘူး။
“ပျင်း”တာရယ် “ပြော”တာရယ်လုပ်နေတတ်တဲ့ မိန်းခလေးဆိုတာ မိန်းမ“ပျက်”ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူး။))))
ဒီအဆိုနှစ်ရပ်ကို ကျွန်တော်အပြည်ဝ ထောက်ခံပါသည် အလွန်မှန်ကန်ပါသည်။
သို့ သော်.....
(အဖေအမေဆိုတာ သားသမီးတိုင်းရဲ့ အောင်မြင်မှုတိုင်းအတွက် ထာဝရအထက်တန်းစား မေတ္တာရှင် သုခမိန် ဖြစ်တယ်။ )
အားလုံတော့မဖြစ်နိုင်ပါ လက်တွေ့ ခံစားရသူပါ။