အရပ်သား အစိုးရဆိုတာ

Thursday, March 31, 2011

(ဖေ့စ်ဘုတ်မှာ ချိုတူးဇော်ရဲ့ ရေးသားချက်ကို ပြန်လည်မျှဝေပါတယ်။)

အရပ်သားအစိုးရတရပ် ပေါ်ထွန်းလာပြီ ဆိုတဲ့အသုံးအနှုန်းကို သုံးကြတော့ အရပ်သားအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးပါလဲလို့ အတွေးနယ်ချဲ့မိပါတယ်။ အရပ်သူအရပ်သားတွေနဲ့ ဖွဲ့စည်းတဲ့အစိုးရလို့ အကြမ်းဖျဉ်းအားဖြင့်တော့ ပြောလို့ရသလို၊ အရပ်သူအရပ်သားတွေနဲ့ ဖွဲ့စည်းတယ်ဆိုတာ အရပ်သူအရပ်သားတွေ အကျိုးစီးပွားအတွက် အဲဒီအရပ်က အရပ်သူအရပ်သားတွေကို ကိုယ်စားပြုတဲ့ အဲဒီ အရပ်သူအရပ်သားတွေကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားတဲ့အစိုးရလို့ ဆက်စပ်မိလာပါတယ်။ ဒီတော့ အရပ်သားအစိုးရဆိုတာ အရပ်အခေါ် လွယ်လွယ်ကူကူ ခေါ်နေပေမယ့် စာသံပေသံပေါက်အောင် ခေါ်မယ်ဆိုရင် ပြည်သူ့အစိုးရပါပဲ။ ပြည်သူ့အစိုးရဆိုမှတော့ ဒီမိုကရေစီ စံတခုဖြစ်တဲ့ The government by the people, for the people, of the people ဆိုတာကို သတိရမိပါတယ်။

ကျွန်တော်တို့တိုင်းပြည် မှာ နှစ်ကာလကြာရှည်စွာ ကွယ်ပျောက်နေတဲ့ ပြည်သူ့အစိုးရတရပ်ဟာ အမှန်တကယ် ပေါ်ထွန်းလာပြီလားလို့ တွေးကြည့်စရာ၊ မျှော်လင့်စရာပါပဲ။

ဒီ့အရင် စစ်အစိုးရ အုပ်ချုပ်မှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ ဘာကွာမလဲလို့ ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆို စစ်တပ်နဲ့ အရပ်ဘက်နဲ့ ဘာကွာသလဲဆိုတာကို သုံးသပ်ကြည့်ရင် မြင်သာထင်သာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းပါ။ နိုင်ငံတကာ စံထုံးစံထားတွေအရ စစ်တပ်တတပ်ရဲ့ အဓိက ဖွဲ့စည်းမှုဟာ အမိန့်နာခံမှုပါ။ ဘယ်စစ်တပ်မဆို တသွေးတသံတမိန့် အမိန့်နာခံမှုရှိမှ အုပ်ချုပ်လို့ရပါတယ်။ စစ်တပ်ထဲ တန်းစီတဲ့အခါမှာ ကြယ်သီးနဲ့ဘောင်းဘီခါးပတ်ခေါင်းနဲ့၊ တညီထဲရှိရပါသတဲ့။ မရိုမသေ့စကား ငယ်ပါတောင်ဘောင်းဘီရဲ့ ဘယ်မှာဆို ဘယ်မှာ၊ ညာမှာဆိုညာမှာ တညီတည်းရှိနေရပါသတဲ့။ ဗိုလ်မှူးဟောင်းတယောက်ပြောပြလို့ ကျွန်တော်တို့ နားထောင်ရင်း ရယ်ခဲ့ရပါတယ်။ စည်းကမ်း ကြီးတာကောင်းပါတယ်။ ဒါပေမယ့် ရပ်ထဲရွာထဲမတော့ အဲဒီလို တသွေးတသံတမိန့် လုပ်လို့မရပါဘူး။

အရေးကြီးတာက ဘယ်လောက်ပဲစည်းကမ်းကြီးကြီး၊ ဘယ်လောက်ပဲ အမိန့်နာခံနာခံ ဒါတွေအားလုံးဟာ အဲဒီစစ်တပ် ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့ လိုပါတယ်။ ဒါနဲ့ တဆက်တည်း ပြည်သူ့အစိုးရ ပြောင်းပြီဆို စစ်တပ်ကကော၊ တပ်မတော်ကကော ပြည်သူ့တပ်မတော်ပြန်ပြောင်းဖို့ မလိုဘူးလားလို့ မေးစရာတွေးစရာ ရလာပြန်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေအတွက် ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာ မကောင်းလို့လားဗျာ။ ပြည်သူ့တပ်မတော်ဆိုတာ အသုံးအနှုန်းကိုလည်း ပြန်သုံးသင့်တယ်လို့ တွေးမိကြောင်းပါ။ ပြည်သူတွေနဲ့ တကယ်တသားတည်းဖြစ်ချင်ရင်၊ ပြည်သူတွေရဲ့ထောက်ခံမှုကို တကယ်လိုချင်တယ်ဆိုရင်တော့ အခေါ်အဝေါ်ကအစ အရေးကြီးတယ် ထင်ပါရဲ့ ။

အရပ်သား အရပ်ဖက်မှာတော့ စစ်တပ်နဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အရပ်သား လူ့အဖွဲ့အစည်းတရပ်ရဲ့ အဓိကဖွဲ့စည်းမှုဟာ ဘာလဲဆိုရင်တော့ စာနာမှု sympathy ပါပဲ။ စာနာစိတ် နဲ့သာ အပြန်အလှန်ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းမှသာ အောင်မြင်တဲ့ ယဉ်ကျေးတဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက မရှိတဲ့သူကို၊ ရာထူးအာဏာရှိတဲ့သူက မရှိတဲ့သူကို၊ ပညာတတ်တဲ့သူက မတတ်တဲ့သူကို နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခွင့်ရှိနေတဲ့ လူ့အဖွဲ့အစည်းမျိုး၊ စာနာမှုကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းမျိုးကို အောင်မြင်တဲ့ တည်ငြိမ်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့ သတ်မှတ်လို့ မရပါဘူး။

ဒီတော့ အရပ်သားတွေ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို စစ်တပ်ပုံစံတသွေးတသံတမိန့်နဲ့ အုပ်ချုပ်လို့ရမရ၊ အောင်မြင်နိုင်မအောင်မြင်နိုင် ကို အထူးပြောစရာတောင်မလိုတော့ပါဘူး။

စစ်တပ်ပုံစံအုပ်ချုပ်တဲ့ စစ်အစိုးရကနေ၊ အရပ်ဖက်ပုံစံ အုပ်ချုပ်မယ့် အရပ်သားအစိုးရ အသွင်ကို ကူးပြောင်းတဲ့အခါမှာ စစ်ဗိုလ်တွေက အရပ်ဝတ်လဲပြီး အရပ်သားအဖြစ်ခံယူအုပ်ချုပ်ရုံနဲ့တော့ အောင်မြင်တဲ့ အရပ်သားအုပ်ချုပ်ရေး၊ အရပ်သားအစိုးရဖြစ်လာမှာမဟုတ်ပါဘူး။ အရပ်သားလိုတွေး၊ အရပ်သားလိုနေ၊ အရပ်သားလို စာနာစိတ်နဲ့ အရပ်သားတွေအကျိုးစီးပွားကိုရှေ့ရှုမှသာ အရပ်သားအစိုးရကောင်း (၀ါ) ပြည်သူ့အစိုးရကောင်းဖြစ်လာပါလိမ့်မယ် ။

ချိုတူးဇော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved