ပြည်သူတွေရဲ့ အချစ်တုံးကြီးဆိုတာ ခုတော့ တာတေသိပြီ

Tuesday, March 22, 2011

ပြည်သူများသာမကဘဲ နိုင်ငံတကာကပါ အလွန့်အလွန်ချစ်သောကြောင့် ဤသို့ ဂုဏ်ပြုကြသည်

“ပြည်သူလူထုရဲ့ ရင်နှစ်သည်းချာ” ဆိုပါကလား။ သတင်းစာရဲ့ မျက်နှာဖုံး ညာထောင့်မှာ ဓာတ်ပုံကြီးနဲ့ ဖော်ပြထားလေရဲ့။

ကိုတာတေတို့ ဗိုလ်ချုပ်မှူးကြီးကတော့ သူ့ သတင်းစာ စောင်ရေမတက် တက်အောင် ဟာသတွေ လုပ်နေ တာလား မသိတော့ပါဘူး။ စာဖတ်သူ တယောက်ပြောသလို “နောက်နေတာလားဟင်” လို့ မေးရမလို ဖြစ်နေပြီ။

လစ်ဗျားလူထုက တော်လှန်ပုန်ကန်တာတွေ လုပ်လာတော့ ဂဒါဖီကြီးက ရုပ်တည်နဲ့ သူ့ပြည်သူတွေက သူ့ကို သိပ်ချစ်တာ ဆိုပြီး ရုပ်သံမှာ လွှင့်တာကို အားကျမခံ ဒါမျိုးတော့အဖြစ်မခံဘူး ဆိုပြီး သတင်းစာထဲကနေ ရင်နှစ်သည်းချာ လုပ်ချလိုက်တာ ထင်ပါရဲ့ (လစ်ဗျားကို ဝိုင်းသမနေတာကိုကော အားမကျဘူးလား ဗျာတို့ရယ်)

နောက်ထပ် စာဖတ်သူ တယောက်ကတော့ “ပြည်သူတွေရဲ့ ရင်နှစ်သည်းချာတော့ မဟုတ်ဘူး၊ ပြည်သူတွေက သူ့ကို ရေနှစ်ပြီး သတ်ချင်တာ” တဲ့လေ။ အဲဒီလို ချစ်ပုံက။

ဟစ်တလာသာ အခုခေတ်မှာ အသက်မသေသေးဘဲ ရှိသေးရင် ဒီလူတွေကို ထိုင်းရှိခိုးပြီး တောထွက်သွားမှာ မြင်ယောင်သေးတော့။

“တပ်မတော်သားတွေကလည်း အနာဂတ် နိုင်ငံတော်ကြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေ သာယာ ဝပြောဖို့ စိုက်ပျိုးရေး (လယ်တွေသိမ်းတယ်)၊ စက်မှု (သူများနိုင်ငံက ကားတွေကို မိတ်ကပ်လိမ်း တံဆိပ် ပြောင်းပြီး ကိုယ်တိုင်ပဲ ထုတ်သလိုလို ဘာလိုလို လုပ်လို့ရနေပြီ)၊ လျှပ်စစ်စွမ်းအင် (မီးမှန်မှန် ဖြတ်ပေး နေတယ်)၊ လမ်းပမ်း ဆက်သွယ်ရေး (မိုးတဖြိုက်ရွာရင် သေချာပေါက်ပျက်မယ့် လမ်းတွေ ခင်းနိုင်နေပါပြီ)၊ ကျန်းမာရေး (စရိတ်မျှပေး - မပေးရင် မကု) နဲ့ ပညာရေး (မြန်မာပြည်မှာ ဘွဲ့ရရင် သူများနိုင်ငံမှာ ပန်းကန်ဆေးရဖို့တောင် မသေချာ) စတဲ့ ကဏ္ဍ အသီးသီးမှာ အခြေခံကောင်းတွေကို တည်ဆောက်ပေးနေပါတယ်” (အုပ်ရှောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၆၂ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှ) ဒါမျိုးကိုမှ မိန့်ခွန်းလို့ မပြောရင် ဘယ်ဟာမျိုးကို ပြောရမလဲ။

ဒါတင်ပဲလားဆိုတော့ ... မဟုတ်သေးပါဘူး။ အခုလို အထက်ပါ ကိစ္စတွေ ဆောင်ရွက်ပေးနိုင်တာဟာ တပ်မတော် အနေနဲ့ ဂုဏ်ယူမောက်ကြွားစရာလို့ နည်းနည်းလေးမှ မယူဆပါဘူး ... ။ ဒါဟာ ပြည်သူ့အတွက် ဆိုတဲ့ မူအရ ဆောင်ရွက်နေရတာပါ ... တဲ့။ ကိုတာတေကတော့ ခုလောက် ပေါရဲ ... အဲယောင်သွားလို့ ပြောရဲတာနဲ့တင် ဂုဏ်ယူသင့်တယ်လို့ ထင်ပါတယ်။

“မိဘပြည်သူတွေဟာ ကိုယ့်သားသမီး ဖြစ်တဲ့ ရဲဘော်တို့ကို ချစ်ခင်ရင်းစွဲ ရှိပြီးသား ဖြစ်တယ်” ဆိုပါလား ဟရို့။ ပြောရုံတင်မကဘူး ဘေးမှာ ဓာတ်ပုံကြီးနဲ့။

အဲဒါမျိုးကို ပေါရဲတယ် ပြောရမလား၊ မျက်နှာပြောင်တိုက် ကြမ်းတယ် ဆိုရမလား၊ တောက်ရှက်ကို မရှိဘူးလို့ပဲ ချိုချိုသာသာလေး ပြောရမလား ... ဘယ်ဂုဏ်ပုဒ်နဲ့ ထိုက်တန်သလဲဆိုတာ ကိုတာတေလည်း စဉ်းစား မရလို့ မစဉ်းစားတော့ပါဘူး ပရိသတ်ကြီးရေ ...။

တာတေ

1 comments :

  1. Anonymous said... :

    လုပ်ပြီး ကိုတာတေတို့ ကတော့။ စဉ်စားစရာ၊ အငြင်းပွါးစရာလေးတွေ လုပ်ထားတယ်။ ဓါတ်ပုံက အစစ်ဖြစ်ပုံပဲ၊ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်သူတွေက ဒါတွေလုပ်ကြသလဲဆိုတာလည်း၊ ထည့်ရေးဦးမှပေါ့။ ကိုတာတေက ဘယ်အယောက်လဲ၊ ဟီးဟီး။ ဒီဝက်ဆိုဒ်ကို ချုပ်ချုပ်ကြီးလဲ တက်တက်ကြည့်နေတယ်ကြားတယ်။ ငိုချင်းချသွားနိုင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved