The Use of Force အကြောင်း တစေ့တစောင်း

Tuesday, March 22, 2011

အာဏာရှင် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ တပ်များကို အင်အားသုံးတိုက်ခိုက်မည့် ကနေဒါလေတပ်မှာ F18 တိုက်လေယာဉ်များ

နိဒါန်း
၁၉၄၅ အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ အချုပ်အခြာအာဏာ ကစားပွဲ (Sovereignty Game) ဆိုတဲ့ သဘောတရားက ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတခုရဲ့ ရပ်တည်နိုင်မှု (survival) ဟာ စစ်အင်အား ဆိုတာပေါ်မှာ မူတည်နေခဲ့တာကြောင့် ကမ္ဘာတလွှားမှာ စစ်ပွဲတွေ၊ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ကိုလိုနီနယ်ချဲ့စနစ် ကျင့်သုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့ ရပ်တည်မှုဟာ ကျူးကျော်စစ်တွေအပေါ် ခုခံစစ်စွမ်းပကား (defensive military capabilities) တခုတည်းပေါ်မှာ မူတည်ခြင်း မရှိပဲ အချုပ်အခြာအာဏာ (sovereignty) ကို နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးမှုပေါ်မှာ မူတည်ရမယ်ဆိုတဲ့ သဘောတရားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားတွေအရ နိုင်ငံတခုကို အခြားနိုင်ငံတခုက စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) အား ထိန်းချုပ်မှုတွေကို Article 2 (4), Articles (39-51) of UN Charterနဲ့ Article 53 of the Vienna Convention on the Law of Treaties 1969 တို့မှာ ဖော်ပြထားခဲ့ပါတယ်။

ဒီလို စစ်ရေးအင်အားအသုံးပြုမှုအား ထိန်းချုပ်ခြင်း (prohibition of the Use of Force) ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံကျင့်သုံးနေတဲ့ acceptable norm တခု ဖြစ်နေပေမယ့်လဲ အကြောင်းကြောင်းအရရ စစ်အင်အားအသုံးပြုရတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအစုအဖွဲ့တွေကနေ နိုင်ငံတခုကို စစ်ရေးအင်အား အသုံးပြုမှုကို ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေတွေမှာ ပြုလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ လေ့လာသုံးသပ်မှုတွေ ရှိလာပါတယ်။ အခုဒီဆောင်းပါးမှာ စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ Just War Doctrine နဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) တွေကို ရေးသားတင်ပြပါမယ်။

Just War Doctrine
၂၀ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု စစ်ရေးအင်အားအသုံးပြုမှုတွေမှာ Just War Doctrine ကို အသုံးပြုပြီး ဒီစစ်ပွဲတွေရဲ့ တရားမျှတမှုကို လေ့လာဆန်းစစ်ကြပါတယ်။ Just War Doctrine သဘောတရားရဲ့ အခြေခံက laws of armed conflict ရဲ့ functions နှစ်ခုဖြစ်တဲ့ jus ad bellum (lit. the law towards war) နဲ့ jus in bello (lit. the law in war) တို့ပဲ ဖြစ်ပါတယ်။ jus ad bellum က နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအင်အားအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အသုံးပြုမှုအား ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး၊ jus in bello ကတော့ မလွဲမရှောင်သာ စစ်ရေးအင်အား အသုံးပြုရတဲ့အခါ စစ်ပွဲတွင်းမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ လျော့နည်းရန် ရည်ရွယ်ပါတယ်။

Just War Doctrine အရ စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို jus ad bellum နဲ့ jus in bello ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ တိုင်းတာပါတယ်။ Jus ad bellum criteria အရ နိုင်ငံတခုဟာ အခြားနိုင်ငံတခုအပေါ် စစ်ရေးအင်အားအသုံးပြုမှုဟာ တရားမျှတကြောင်း ဖော်ပြနိုင်ဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်း (legitimate authority), တရားမျှတသော အကြောင်းရင်း (just cause), မှန်ကန်သော ရည်ရွယ်ချက် (right intention), အောင်မြင်မှုအလားအလာ (chance of success), အချိုးအစား (proportionality), နောက်ဆုံးနည်းလမ်း (last resort) ဆိုတဲ့ အချက် အများစုနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

စစ်ရေးအင်အားအသုံးပြုဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ခွင့်ပြုချက်ရှိမှသာ နိုင်ငံတကာရေးရာမှာ စစ်ရေးအင်အား အသုံးပြုလို့ ရပါတယ်။ UN Charter Article 39 နဲ့ Article 42 အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်လာကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ရင်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် လိုအပ်မယ့် air, sea, land forces တွေကို အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် နိုင်ငံတကာ လုံခြုံရေးကို ထင်ထင်ရှားရှား ထိခိုက်မှု မရှိလို့ပဲဖြစ်စေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အားနည်းချက်တွေကြောင့်ဖြစ်စေ၊ လုံခြုံရေးကောင်စီက စစ်ရေးအင်အား အသုံးပြုမှု ခွင့်ပြုချက် မပေးနိုင်တဲ့ အခြေအနေတွေ ပေါ်ထွက်လာပါတယ်။

အဲဒီအခြေအနေတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရတွေအနေနဲ့ စစ်ရေးအင်အားကို အသုံးပြုရတဲ့ အခြေအနေတွေလဲ ရှိလာပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ့် အစိုးရကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားပြိုလဲသွားပြီး၊ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အုပ်စုတွေ အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စစ်ရေးအင်အားသုံး ၀င်ရောက်ဖြေရှင်းနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားလာရာကနေ The Right to Protect (R2P) သဘောတရားတွေပါ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

Jus ad bellum criteria အရ ဒုတိယအချက်ကတော့ တရားမျှတသော အကြောင်းရင်း (just cause) ဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှုကို ဖြစ်ပွားစေခဲ့တဲ့ တရားသော အကြောင်းရင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ အထင်ရှားဆုံး အကြောင်းရင်းကတော့ မိမိကိုယ်ကို ကာကွယ်ခြင်း (self-defence) ပဲ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံတခုက စစ်ရေးအရ တိုက်ခိုက်လာခဲ့ရင် စစ်အင်အားအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးလေ့လာသူများအကြား အငြင်းပွားစရာ အချက်တခုကလဲ ထပ်မံပေါ်ထွက်လာပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ မိမိနိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတနိုင်ငံကို စစ်ရေးအင်အားသုံး တိုက်ခိုက်မှု (preemptive self-defence) ဟာ တရားမျှတသော အကြောင်းရင်း ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ်စတန် နိုင်ငံကို တိုက်ခိုက်မှုဟာ ဒီသဘောတရားပေါ်မှာ အခြေခံထားပါတယ်။

နောက်ထပ် အချက်တခုကတော့ မှန်ကန်သောရည်ရွယ်ချက် (right intention) ပဲ ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ အာဏာလွန်ဆွဲဖို့အတွက် မဟုတ်ရပါဘူး။ စစ်ပွဲဖြစ်ပွားရာ နယ်မြေမှာ ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) နဲ့ လူသားလုံခြုံရေး (human security) ကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်ရပါမယ်။ ဒီအချက်နဲ့ စစ်အင်အား အသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာသုံးသပ်ကြပါတယ်။

နောက်ထပ်ထင်ရှားတဲ့ အချက်ကတော့ အောင်မြင်နိုင်သော အလားအလာ (chance of success) ဖြစ်ပါတယ်။ ၂၁ ရာစုမှာ သူရဲကောင်းဝါဒ(heroism) ကို အခြေခံတဲ့ suicide missions တွေကို ပြည်တွင်းစစ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာပဲ အသုံးပြုလေ့ရှိကြပါတယ်။

လစ်ဗျားကို တိုက်ခိုက်ရန် NATO လေတပ်အခြေစိုက်စခန်းတွင် အီတာလျံ F16 တိုက်လေယာဉ်များအား စစ်လက်နက်ပစ္စည်းများ တပ်ဆင်နေစဉ်

စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပရော်ဖယ်ရှင်နယ် စစ်တပ်တွေနဲ့ စစ်ရေးနားလည်သူတွေက အောင်မြင်နိုင်သော အလားအလာ မရှိတဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြပါဘူး။ တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (valuable and clear goals) တွေ မရှိပဲ စစ်အင်အားအသုံးပြုမှုဟာ တရားသော စစ်မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်ပွဲဖြစ်ပွားရာနယ်မြေဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းချောက်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်သော အလားအလာကို တွက်ချက်သုံးသပ်မှုတွေနဲ့ ရည်မှန်းချက် သတ်မှတ်မှုတွေကို စစ်ပွဲမစခင်ကတည်းက ပြုလုပ်ဖို့ လိုအပ်ပါတယ်။
နောက်ထပ်အချက်ကတော့ အချိုးအစား (proportionality) ဖြစ်ပါတယ်။

စစ်အင်အားအသုံးပြုမှုဟာ ခြိမ်းချောက်မှု၊ မတရားမှုတွေ ခံစားရမှုတွေအတွက် မှန်ကန်သော အချိုးအစားနဲ့ အသုံးပြုမှုဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံကို စစ်အင်အားအသုံးပြု တိုက်ခိုက်ခြင်း မပြုလုပ်ခင်မှာ စစ်ပွဲ၏ ရလဒ်များ (outcomes of war) ကို ချိန်ဆတွက်ချက်လေ့ရှိပါတယ်။ စစ်ပွဲရဲ့ရလဒ်တွေဟာ စစ်ပွဲမတိုင်မီ အခြေအနေထက် ပိုပြီး ဆိုးကျိုးကို ဦးတည်စေရင် စစ်ရေးအင်အားကို အသုံးပြုခြင်း ပြုလုပ်လေ့မရှိပါဘူး။

နောက်ထပ်အချက်တခုကတော့ နောက်ဆုံးနည်းလမ်း (last resort) ဖြစ်ပါတယ်။ စစ်ပွဲကို ရှောင်ရှားနိုင်မယ့် အခြားနည်းလမ်းတွေဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှု၊ constructive engagement ပြုလုပ်မှုစတဲ့ နည်းလမ်းတွေနဲ့ လုံးဝအောင်မြင်မှု မရှိနိုင်မှသာ စစ်ရေးအင်အား အသုံးပြုမှုကို ပြုလုပ်ကြပါတယ်။

jus in bello function (lit. the law in war) ကတော့ စစ်ဥပဒေတွေဖြစ်တဲ့ Geneva law နဲ့ Hague law တွေကို အခြေတည်ထားပါတယ်။ Geneva law က စစ်ရေးပဋိပက္ခရဲ့ သားကောင်တွေကို ကာကွယ်ရေးအပိုင်းတွေနဲ့ ဆက်စပ်ပြီး၊ Hague law ကတော့ စစ်ပွဲများ အသုံးပြုတဲ့ နည်းလမ်းတွေ၊ ဗျူဟာအခင်းအကျင်းတွေ၊ စစ်လက်နက် အသုံးပြုမှုတွေနဲ့ ဆက်စပ်ပါတယ်။ စစ်ရေးပညာရှင်များက jus in bello နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာဖို့ criteria နှစ်ခုကို အသုံးပြုပါတယ်။ ပထမတခုကတော့ အချိုးအစား (proportionality)ဖြစ်ပြီး၊ ဒုတိယတခုကတော့ ခွဲခြားသတ်မှတ်မှု (discrimination) ဖြစ်ပါတယ်။

အချိုးအစား ဆိုရာမှာ စစ်ဆင်ရေးနည်းလမ်း အသုံးပြုမှု အချိုးအစားဟာ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေနဲ့ အချိုးအစားညီမျှမှု ရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှု မပြုလုပ်ခင်က ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွေဖည်ပြီး၊ collateral damage ဖြစ်ပေါ်စေတဲ့ စစ်ဆင်ရေးနည်းလမ်းတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။ ခွဲခြားသတ်မှတ်မှု ဆိုတာကတော့ အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဘယ်လိုစစ်ပွဲမှာပဲဖြစ်ဖြစ် အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ခွဲခြားသတ်မှတ်ချက် ရှိဖို့ လိုအပ်ပါတယ်။

NATO တပ်များ ဗုံးကျဲအပြီး လစ်ဗျားနိုင်ငံ
ဒါဟာ အကြမ်းဖက်မှု (Terrorism) နဲ့ တရားသောစစ်ပွဲတွေကို ခွဲခြားထားတဲ့ စည်းဘောင်တခုလဲ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်း(Humanitarian Intervention) အကြောင်းကို ရေးသားတင်ပြပါမယ်။

Humanitarian Intervention
နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအများစုကနေ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက်ဖက်ခြင်းဆိုတဲ့ မူလအခြေခံသဘောတရားမှာ non-military means တွေဖြစ်တဲ့ အရေးပေါ်ငွေကြေး၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း၊ ကျွမ်းကျင်မှု တို့ဖြင့် ထောက်ပံ့ကူညီခြင်းနဲ့ သံတမန်ရေးရာ နည်းလမ်းများ၊ ပိတ်ဆို့အရေးယူမှု နည်းလမ်းများဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း စတာတွေနဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခြင်း (military intervention) တို့ပါ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် စစ်အေးတိုက်ပွဲအလွန် ကာလတွေမှာ non-military meansတွေကို humanitarian aid အနေနဲ့ပဲ သတ်သတ်မှတ်မှတ် ခေါ်ဆိုအသုံးပြုလာကြပြီး၊ humanitarian intervention ဆိုတာကို military interventionတမျိုးအနေနဲ့ပဲ သတ်မှတ် အသုံးပြုလာကြတာကြောင့် humanitarian intervention နဲ့ စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) တို့ဟာ ဒွန်တွဲလာပါတော့တယ်။
စစ်ရေးလေ့လာသူတွေက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကို intervention ဆိုင်ရာ အဆိုးမြင်ဝါဒီတွေနဲ့ အကောင်းမြင်ဝါဒီတွေ အပြိုင်အဆိုင်ကစားကွင်း အနေနဲ့ သုံးသပ်ဖော်ပြကြပါတယ်။ Intervention optimism (၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အကောင်းမြင်ဝါဒ) ဆိုတာကfailed states တွေကို နိုင်ငံတကာက ၀င်ရောက်ကူညီပြီး နိုင်ငံတော်သစ်ထူထောင်ပေးနိုင်မယ် လို့ ယူဆထင်မြင်ချက်ဖြစ်ပါတယ်။ Intervention pessimism (၀င်ရောက်စွက်ဖက်ခြင်း ဆိုင်ရာ အဆိုးမြင်ဝါဒ) ဆိုတာကတော့ humanitarian crisis တွေကို နိုင်ငံတကာက consent မပေးရင် ၀င်ရောက်စွက်ဖက် ထိန်းသိမ်းခွင့် မရှိဘူးဆိုတဲ့ အယူအဆပါ။

ဒီလို အယူအဆကွဲပြားမှုတွေ ကြောင့် စစ်အေးတိုက်ပွဲလွန်ကာလမှာ humanitarian intervention နဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ failures တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အဆိုးမြင်ဝါဒကြောင့် ရ၀မ်ဒါမှာ ရက်ပေါင်း၁၀၀ ကျော်အတွင်း လူရှစ်သိန်းသေကြေပျက်စီးမှုကို နိုင်ငံတကာက ထိုင်ကြည့်နေခဲ့ကြရပါတယ်။ ဖြစ်ပွားချိန်မှာ UN Peacekeeping force ဖြစ်တဲ့ အင်အားနှစ်ထောင့်ငါးရာရှိ United Nations Assistance Mission for Rwanda (UNAMIR) က အစိုးရနဲ့ အတိုက်အခံတွေအကြားက အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နဲ့ ရ၀မ်ဒါနိုင်ငံတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။
ပြင်သစ်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတပ်တွေကလဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့ ဥရောပတိုက်သားတွေကို ကယ်တင်ဖို့ နိုင်ငံတွင်းကို ၀င်သွားခဲ့ကြပါတယ်။ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ ရည်မှန်းချက်တာဝန် မရှိတဲ့အတွက် ဒီတပ်တွေအနေနဲ့ ရ၀မ်ဒါပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်း မပြုနိုင်ခဲ့ကြပါဘူး။ လူရှစ်သိန်းကျော်သေပြီးနောက်ပိုင်းမှသာ ပြင်သစ်တပ်တွေက ရ၀မ်ဒါအနောက်ပိုင်းမှာ Humanitarian Protection Zoneသတ်မှတ်ဖို့ စစ်အင်အားသုံး ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက intervention pessimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တခု ဖြစ်ပါတယ်။

intervention optimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တွေလဲ ရှိပါသေးတယ်။ ၁၉၉၃ ခုမှာ ဆိုမာလီးယားပဋိပက္ခကို ၀င်ရောက်ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့တဲ့UNOSOM II မှာ ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ ပဋ္ဋိပက္ခတွေ၊ လူမျိုးစုပဋ္ဋိပက္ခတွေနဲ့ ပြည့်နှက်နေပြီး၊ လက်နက်ကိုင်အင်အားစု အများအပြားရှိနေတဲ့ ဆိုမားလီးယားနိုင်ငံမှာ နယ်မြေဒေသ အုပ်ချုပ်ရေးယန္တရားတွေဟာ စစ်ဘုရင်တွေ (warlords) လက်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ပြည်တွင်းစစ်နဲ့ famine ဒဏ်တွေကြောင့် ဆိုမာလီးယား ပြည်သူလူထုဟာ ကြီးစွာသော ဒုက္ခတွေ၊ လူမှုဆင်းရဲတွေကို ခံစားနေကြရပါတယ်။ ဒါပေမယ့် စစ်ဘုရင်တွေက humanitarian aid ကို ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ ပြုလုပ်တာကြောင့် ယူအင်က ပါကစ္စတန် တပ်သား ငါးရာ အင်အားရှိတဲ့ Unite Nations Operations in Somalia (UNOSOM I) ကို peacekeeping တာဝန်နဲ့ စေလွှတ်ခဲ့ပါတယ်။

သို့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့ United Task Force (UNITAF) က အင်အားသုံးသောင်း ခုနစ်ထောင်ကျော်နဲ့ ၀င်ရောက်ပြီး demilitarized zones around aid operations ဆိုတဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည် ဖော်ခဲ့ရပါတယ်။ ၁၉၉၃ ရောက်တော့ လုံခြုံရေးကောင်စီ resolution အရ UNITAF က ရည်မှန်းချက်တာဝန်တွေကို (UNOSOM II) ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ သို့ပေမယ့် UNOSOM II ကတော့ ပိုမိုကြီးလေးတဲ့ ရည်မှန်းချက်တာဝန်နဲ့ ဆိုမားလီးယားမြေပေါ်ကို ၀င်ရောက်သွားခဲ့ပါတယ်။ ကွဲပြားခြားနားနေသော ဆိုမာလီ လက်နက်ကိုင်အင်အားစုများကို အင်အားသုံး လက်နက်ချခိုင်း၍ ဆိုမာလီးယား နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ကူညီအားဖြည့်ရန် ဖြစ်ပါတယ်။ သို့ပေမယ့် ဆိုမားလီးယားစစ်မြေပေါ်က ယူအင်တပ်တွေနဲ့ အခြေအနေက လအနည်းငယ် အတွင်းမှာတင် အင်အားပြုန်းတီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ ရည်မှန်းချက်တာဝန် မပြည့်မှီပဲ ဆုတ်ခွာခဲ့ရပါတယ်။ ကနဦး UNITAF က ဖြည့်ဆည်းထားတဲ့ demilitarized zones သတ်မှတ်ထားမှုတွေကိုပါ ပျက်ယွင်းစေခဲ့ပါတယ်။ ဒါကintervention optimism ကြောင့် ဖြစ်ရတဲ့ failure တခုပါ။

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြားမှာပဲ ပဋိပက္ခတွေ ရှိနေခဲ့ရင် intervention လုပ်တာနဲ့ ထိရောက်ပေမယ့်၊ နယ်မြေဒေသ၊ လူမျိုးစုအပေါ်မှာ အခြေခံတဲ့ လက်နက်ကိုင်အင်အားစုတွေ ရှိနေရင်တော့ international intervention လုပ်ရုံနဲ့ မထိရောက်နိုင်ပါဘူး။ လူမျိုးစုတွေအကြားမှာ Reconciliation process ကို ဆယ်စုနှစ်ပေါင်းများစွာ၊ အခန့်မသင့်ရင် ရာစုနှစ်ပေါင်းများစွာ ပြုလုပ်နိုင်မှသာ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို ဆိုမားလီးယားနိုင်ငံက သက်သေထူထားပါတယ်။ ဒါကြောင့်လဲ လူမျိုးစုပဋ္ဋိပက္ခများရှိမှု၊ လက်နက်ကိုင်အင်အားစု အများအပြားရှိမှု စတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ ဆုံးဖြတ်ချက်တွေမှာ shadow of Somalia က ရိုက်ခတ်မှု ရှိနေတတ်ပါတယ်။ Humanitarian crisis တွေ ဖြစ်ပေါ်နေချိန်တွေမှာတောင် စစ်ရေးအင်အားအသုံးပြုမှု မပါဝင်တဲ့ အခြားနည်းလမ်းတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။

လုံခြုံရေးကောင်စီရဲ့ Resolution ဆိုတာ ဒီလို ၀င်ရောက်စွက်ဖက်မှုဆိုင်ရာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားပြိုင်မှုတွေ၊ shadow of Somaliaအကျိုးဆက်တွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဗွီအိုအာဏာအသုံးပြုပြီး ပါဝါဂိမ်းကစားမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပထ၀ီနိုင်ငံရေး အခြေအနေ၊ အကြောင်းတရားတွေနဲ့ ဆက်စပ်နေတာကြောင့် အားနည်းမှုတွေ အများအပြား ရှိလာပါတယ်။ ဒါကြောင့်လဲ ဒီလိုအားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ The Right to Protect (R2P) ဆိုတဲ့ သဘောတရားက ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
R2P ကို ပေါ်ထွက်လာစေခဲ့တဲ့ အဓိက တွန်းအားကတော့ ကိုဆိုဗို အရေးကြောင့် ဖြစ်ပါတယ်။ ကိုဆိုဗိုအရေးမှာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗွီတိုအာဏာကစားပွဲ ပြုလုပ်ကြတဲ့အတွက် ယူအင်က ခွင့်ပြုထားခြင်း မရှိတဲ့ unilateral intervention တွေကို regional organizations တွေနဲ့ တနိုင်ငံချင်းစီက ပြုလုပ်ခဲ့ကြရပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါ်ထွက်လာခဲ့တဲ့International Commission on Intervention and State Sovereignty (ICISS) က The Responsibility to Protect (R2P) ဆိုတဲ့ စာတမ်းကို ထုတ်ပြန်ပြီး၊ လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်မှုတွေပြုလုပ်ရန် လိုအပ်တဲ့ သင့်လျော်သော အချိန်ကာလတခုမှာ လုံခြုံရေးကောင်စီအနေနဲ့ လုပ်သင့်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်ဖို့ နှောင့်နှေးခဲ့ရင် General Assembly in Emergency Special Sessions မှာ စဉ်းစားဖို့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေ ကနဦးဆောင်ရွက်ပြီးမှ ယူအင်လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရယူဖို့ ဆိုတဲ့alternative actions တွေကို ထည့်သွင်းဖော်ပြ ထားခဲ့ပါတယ်။

R2P ရဲ့ သဘောတရားက The Use of Force နဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဉ်းတွေကို သတ်မှတ်ပေး ထားပါတယ်။ Just cause အနေနဲ့ လူအများအပြား သေကြေပျက်စီးမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ထည့်သွင်းထားပါတယ်။ Humanitarian intervention ရဲ့ precautionary principles အနေနဲ့လဲ မှန်ကန်သော ရည်ရွယ်ချက်၊ နောက်ဆုံးနည်းလမ်း၊ အချိုးအစားညီမျှသော နည်းလမ်းနဲ့ သင့်တင့် လျောက်ပတ်သော အလားအလာတို့ကို ထည့်သွင်းထားပြီး၊ operational principles အနေနဲ့

ရှင်းလင်းပြတ်သားသော ရည်မှန်းချက်တာဝန်၊ rules of engagement နဲ့common military approach တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

နိဂုံး
နိဂုံးချုပ်ဖော်ပြရရင် ပဋိပက္ခတွေကို ငြိမ်းချမ်းသော နည်းလမ်းများ (peaceful means) နဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးက လက်ခံခြင်း မရှိသမျှ ကာလပတ်လုံး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) ဆိုတာကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတိုင်းဟာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေမယ့် ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) ကို တည်ဆောက်ရတဲ့ စစ်ပွဲတွေကလဲ မလွဲသာ မရှောင်သာ ကမ္ဘာပေါ်မှာ ရှိနေဦးမှာ အသေအချာပါပဲ။ စစ်အင်အားအပြိုင်အဆိုင်တိုးချဲ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး တွက်ချက်တဲ့ strategic calculus တွေ မှားယွင်းပြီး၊ pre-emptive self-defence မဟာဗျူဟာနဲ့ စစ်ရေးအင်အား အသုံးပြုမှုတွေကလဲ ဖြစ်လာနိုင်ချေ ရှိနေဦးမှာပါ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း မပြုတဲ့ နိုင်ငံတော်အစိုးရတွေ ရှိနေသမျှ ကာလတလျှောက်လုံးမှာလဲ စစ်ရေးအင်အား အသုံးပြုမှု အလားအလာတွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ရေးအင်အား အသုံးပြုမှု (The Use of Force) ဟာ Just War Doctrine နဲ့ Humanitarian Intervention သဘောတရားတွေနဲ့ ကိုက်ညီနေသမျှ ကာလပတ်လုံး ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးပြုစေမှာ ဖြစ်ပြီး၊ ဒီသဘောတရားတွေကို ကျော်လွန်သွားတဲ့ အခြေအနေကာလတခုမှာတော့ တတိယကမ္ဘာစစ်ကို ဦးတည် သွားစေမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၁၊ ၃၊ ၂၀၁၁)
(စာရေးသူသည် ယူကေနိုင်ငံမှ စစ်မဟာဗျူဟာလေ့လာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားပြီး၊ စစ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ သုတေသီ တဦး ဖြစ်ပါသည်)

ရည်ညွှန်းကိုးကား။
Dower, N(2009)”The Ethics of War and Peace”, Polity Press, Cambridge, UK
Coppieters, B & Fotion, N(2002)”Moral Constraints On War: Principles and Cases”, Lexington Books, Maryland, US.
Elshtain, J.B.(2003)”Just War Against Terror”, Basic Books, New York, US.
Evans, M. (2005)”Just War Theory: A Reappraisal”, Edinburgh University Press, Edinburgh, UK.
Guthrie, C & Quinlan, M(2007)”Just War”, Bloomsbury Publishing, London, UK.
ICISS. The Responsibility to Protect. Supplementary Volume to the Report of the ICISS. Ottawa: International Devlopment Research Centre, 2001.
Johnson, J.T(1981)”Just War Tradition and the Restraint of War”, Princeton University Press, Princeton, US.
Tanca, Antonio. Foreign Armed Intervention in Internal Conflict. Dordrecht: Martinus Nijhoff Publishers, 1993
United Nations. "United Nations Charter." United Nations. 25 November 2008 <www.un.org>.
Weiss, Thomas G. Humanitarian Intervention. Cambridge: Polity Press, 2007.

2 comments :

  1. timothy said... :

    နိုင်ငံအဖွဲ့အစည်းများကဖြစ်စေ၊နိုင်င်္ငတခုချင်းကဖြစ်စေ၊တခြားနိုင်ငံရဲ့
ဲ့ပြည်တွင်းရေးမှာဝင်ရောက်စွက်ဖက်ရပြီဆိုရင် Just war intervention/Humanitarian intervention ဘာဘဲပြောပြော၊
    အခုလိုတကမ္ဘာလုံးစည်းပွါးရေးကပ်ဆိုက်ပြီးတနိုင်ငံပြီးတနိုင်ငံစည်ပွါးရေးချွတ်ခြုံ
    ကြဒေဝါလီခံနေရတဲ့အချိန်မှာ၊ဘယ်နိုင်ငံကမှတခြားနိုင်ငံကပြသ်သနာကိုငွေကုံ
    ကြေးကျခံဝင်စစ်တိုက်မပေးနိုင်ပါဘူး။
    လစ်ဗျားကိစ္စကတော့တမူထူးနေတာကို။
    အာဏာရှင်ဂါဒါဖီးရဲ့တော်လှန်သောပြည်သူလူထုကိုကြိမ်းဝါးသတ်ဖြတ်နေတာကလဲလွတ်လပ်သောကမ္ဘာကိုHumanitarian intervention နဲ့ဝင်
    ရောက်တိုက်ခိုက်ဘို့အတင်းတွန်းပို့နေတယ်။
    လွတ်လပ်သောကမ္ဘာမှာလဲစစ်တိုက်ဘို့ငွေကြေးကမပြေလည်ဘူး။ဒေဝါလီ
    ခံသွားနိုင်တယ်။
    လွတ်လပ်သောကမ္ဘာက အာဏာရှင်ကသူ့လူမျိုးတွေကိုအစုလိုက်အပြုံလိုက်
    သတ်ဖြတ်နေတာကိုလက်ပိုက်ကြည့်မနေနိုင်ပါဘူးဆိုပြီးတရားသောစစ်ကို
    ဆင်နွှဲနေရပြီ။ဒီHumanitarian intervention က ဆင်းရဲတွင်းနက်နေတဲ့လွတ်လပ်သောကမ္ဘာကိုစစ်စရိတ်ဖိစီးလာရင်
်ရည်ရှည်မှာမအောင်မြင်ဘဲဖျက်သိမ်းရနိုင်တယ်။
    အဲဒီလိုသာမအောင်မြင်လို့ကတော့ အာဏာရှင်ဂဒါဖီးကသူ့လူမျိုးအရေး
    ကိုသူ့နည်းနဲ့ဖြေရှင်းနည်းတဲ့၊ရှုစားကြရမယ်။လူသန်းနဲ့ချီပြီးမီးလောင်တိုက်
    သွင်းပွဲကြီးဘဲ။ ဗိုလ်သန်းရွှေတို့၊ကင်ဂျုံအီးတို့၊ကမ္ဘာတလွှားကအာဏာရှင်
    အပေါင်းတို့လဲနေရင်းထိုင်ရင်းလူသိန်းနဲ့သန်းနဲ့ချီပြီးအစုလိုက်အပြုံလိုက်သတ်ပိုင်ခွင့်လိုင်စင်ရတာဘဲ။ဂဒါဖီးတော့အာဏာရှင်များပူဇော်ပသခြင်းကို
    ခံယူရသောအာဏာရှင်ချုပ်မှူးကြီးအဖြစ်ဘဲ။
    ဒါတွေမဖြစ်ဘို့Coallition command structures က ရက်တိုတိုနဲ့ဂဒါဖီးကိုအသေဖြစ်ဖြစ်အရှင်ဖြစ်ဖြစ်ဖမ်း၊ Tripoli ကိုမကြာခင်ဝင်သိမ်းဘို့/End Game ကစနေပြီဖြစ်ကြောင်း၊
    ဗမာပြည်သူလူထုကိုသတင်းကောင်းပါးလိုက်ပါတယ်။
    လစ်ဗျားပြည်သူလူထုလိုအာဏာရှင်ကိုအနိုင်မခံအရှုံးမပေး၊
    အသေခံပြီးရရာလက်နက်နဲ့တော်လှန်နိုင်မှလွတ်လပ်သောကမ္ဘာရဲ့ကူညီမှုကိုရ
    နိုင်မဲ့အကြောင်းတိုက်တွန်နှိုးဆော်လိုက်ရပါတယ်။

  1. သတင်းကကောင်းတယ်စိတ်ဝင်စာတယ်ဒါပေ့မဲ့မြန်မာလိုဆိုလည်းမြန်မာလိုပေါ့အင်္ဂလိပ်ဆိုလည်းအင်္ဂလိပ်လိုပေါ့ရေးဖို့ကောင်းတယ်ဘာကိုဖတ်ရမှန်းမသိဘူးဗျာနားမလည်းတာဆိုးတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved