ငတိသန်းရွှေ (အပိုင်း-၂)

Friday, May 20, 2011


ဗိုလ်ဖိုက်တာ

( အပိုင်း - ၁ ဖတ်ရှုရန် )

ဒု ဦးစီးချုပ်ဘဝ


တကယ်တော့ ငတိသန်းရွှေ ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့တာက ဗိုလ်နေ၀င် (နေဝင် သွားလို့ တမင်ရေးတာ) က ကြည်ဖြူလို့၊ မျက်စိကျလို့ပါခင်ဗျ။ တည့်တည့်ပြောရရင် ငါခိုင်းတဲ့အတိုင်း အကုန်လုပ်မယ့်ငတိ..။ မတန်မရာ မြှောက်စားခဲ့တဲ့ ငါ့ကျေးဇူးတရားကို ထောက်ထားပြီး ငါ့လက်ပါးစေအဖြစ် သစ္စာရှိရှိ အမှုတော်ထမ်းမယ့်ငတိ..။ မြွေတော့မြွေ၊ ဒါပေမယ့် အဆိပ်မရှိတဲ့ ရေမြွေနဲ့တူတဲ့ငတိ..။ အဲဒီလိုတထစ်ချ ယုံကြည်မိလို့ပါခင်ဗျာ။ တချို့က ညံ့မှကြိုက်တယ်လို့ ဆိုစကားရှိတယ်မဟုတ်
ပါလား..ဟဲ.. ဟဲ..။

ငတိသန်းရွှေ ဒု ဦးစီးချုပ်ဘ၀တုန်းက ဦးစီးချုပ်က ဗိုလ်စောမောင်ပါခင်ဗျာ။ ကိုယ့်ကိုယ်ကို `ကျန်စစ်သား´ လို့
ဂုဏ်တင်ခဲ့တာကြောင့် ကျန်စစ်သားစောမောင် တဲ့..ဟဲ.. ဟဲ..။

ကျန်စစ်သားစောမောင်က ရှေ့ကနေ ထောင်, ထောင်, ထောင်, ထောင် နဲ့သွားရင် ငတိသန်းရွှေက နောက်ကနေ အမြီးကုတ်ပြီး ကုတ်ချောင်းချောင်းနဲ့ ငြိမ်ငြိမ်ကလေးလိုက်တာဗျ။ အပိုးကျိုးလိုက်ပုံများ သူတို့စစ်သားစကားနဲ့ ပြောရရင် ငြိမ်ဝပ်ပိပြားနေတာပါပဲဗျာ။ ဒီလိုကိစ္စမျိုးမှာ ငတိသန်းရွှေနဲ့ မောင်အေး မတူတာ ရှိသဗျ။

ဒု ချုပ်မောင်အေးက အကြောင်း ရှိပါလိမ့်မယ်။ ဦးစီးချုပ်နဲ့ ဘယ်ညာယှဉ်ပြီး ထွက်ပြတာမျိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ တင်းတင်းရင်းရင်း လုပ်ပြနေတာ တီဗီမှာအများအမြင်ပါ။ ဒါမျိုးကို ငတိသန်းရွှေ က ဒု ချုပ်ဘ၀တုန်းက မလုပ်ခဲ့ဘူး။ အချိန်မကျသေးတာကြောင့် မခုတ်တတ်တဲ့ကြောင်လို လက်သဲဝှက်လို့ ပါးပါးနပ်နပ် ဟန်ဆောင်ပြီးဆင်ကြံ ကြံနေတာဗျ။

အဲ .. အချိန်ကျလာတာက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ပြောခဲ့မိလို့ ကျန်စစ်သား စောမောင် `ဖြုတ်ထုတ်ရှင်း´ ခံရအပြီးမှာပါ့ခင်ဗျာ။ ငတိသန်းရွှေ ကံကောင်းတာလား, ကံဆိုတာလား ..ဟဲ..ဟဲ.. ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့တယ်ဗျ။


ဦးစီးချုပ်ဘဝ

ငတိသန်းရွှေဟာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတော့ `ငယ်ရင်ခံ´ ဘ၀က လွတ်မြောက်သွားပြီ။ `ကြီးရင်နှံ´ဘ၀ကို ရောက်သွားပြီ။ ကဲ..ဘယ်သူကိုနှံမလဲ။ ဘယ်လိုနှံမလဲ။ ပွဲကြီးပွဲကောင်း ကြည့်ကြစို့ရဲ့..။
ဦးစွာ ပထမ န၀တ ဆိုင်းဘုတ်ဟောင်းကိုဖြုတ်..။ နအဖ ဆိုင်းဘုတ်သစ်ကိုချိတ်..။ နအဖ၀င်အားလုံးကို မိန့်မြွက်လိုက်တာက ရာသက်ပန်အုပ်ချုပ်မယ်။ အစဉ်အမြဲအုပ်ချုပ်မယ်။ အချင်းချင်း `မချ´ စတမ်းသစ္စာပြုကြတဲ့။ အဲဒါ..ငတိသန်းရွှေရဲ့ အဦးအစခြေလှမ်းဗျ။ ပြီးတော့ သူ့ဝသီအတိုင်း ဥာဏ်နီဥာဏ်နက်တွေကို တစိမ့်စိမ့်ထုတ်တယ်။ ဘယ်ကောင်တွေဟာ ရန်သူတွေဖြစ်လာနိုင်သလဲလို့ တစိမ့်စိမ့်ကြည့်တယ်။

အား..လား..လား.. ရန်သူလောင်းနှစ်ကောင်ကို ဘွားခနဲတွေ့ပါသော်ကောဗျာ။ နံပါတ်တစ်က အက်စ်တူးတင်ဦး..။ သူက တုံးတိုက်တိုက်, ကျားကိုက်ကိုက်, လူမိုက်..။ နံပါတ်နှစ်က အက်စ်ဝမ်းခင်ညွန့်..။ သူက ကလိမ်ကကျစ်, လူညစ်..။ လူမိုက်နဲ့လူညစ်ကို သူတို့ရဲ့ဆြာကြီးဗိုလ်နေ၀င်က တစ်ယောက်တစ်လှည့်စီ ခေါ်တွေ့လေ့ရှိသဗျ။ အဲဒီလိုဆြာကြီးဗိုလ်နေ၀င်က ခေါ်တွေ့လေ ငတိသန်းရွှေက ဥာဏ်နီဥာဏ်နက်တွေသုံးပြီး အကြံထုတ်လေ။

အဲ.. ရလာတဲ့အကြံအတိုင်း ငတိသန်းရွှေ က `ကြီးရင်နှံ´ ပေါ်လစီအရ `နှံ´ပြီဗျ။ ဗွေဆော်ဦး `ခံ´ရတာက အက်စ်တူး တင်ဦး..။ အက်စ်တူးက စစ်တပ်ကြီးကို ကိုယ်ထိလက်ရောက် ကိုင်ထားလေတော ၊ဒီမောင်ရှိနေသမျှ စိတ်ချလက်ချ အိပ်မရဘူးဗျ။ ဒါကြောင့် တကောက်ကောက်လိုက်ပြီး `နှံ´ နေလိုက်တာ။ သုံးကြိမ်လည်း မြောက်ကရော အက်စ်တူးလူမိုက် ဟယ်လီကော်ပတာပေါ်ကနေ ဂျွမ်းပစ်ပြီး အ၀ီစိကို စိုက်ဆင်းသွားပါလေရောဗျာ။

အဲ.. ငတိသန်းရွှေက ကြောင်လက်သဲကြောင်ဝှက်သလို၊ ကြောင်ချီးကြောင်ဖုံးသလို ဘာတွေကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကြည့်ကြပါဗျာ။

အက်စ်တူးလူမိုက်တို့ အ၀ီစိကိုသွားကြတော့ သွားတဲ့လမ်းပေါက်ဝအနီးမှာ နေကြတဲ့ `တလုပ်လှ´ ရွာသူရွာသားတွေက မကြည့်ရက်ပါဘူး။ ဒင်းတို့တတွေက လူထုကိုရက်စက်ပေမယ့် ဒင်းတို့တတွေ ဒုက္ခရောက်နေတာကိုတော့ လူထုက လျစ်လျှူမရှုရက်ပါဘူး။ ကယ်တင်နိုင်ဖို့ရာ သူသူငါငါ လုံးပမ်းခဲ့ကြတယ်ခင်ဗျ။

ဒီအချက်ကို ငတိသန်းရွှေ အသုံးချလိုက်ပုံက “တလုပ်လှရွာ၊ စံပြရွာဖြစ်စေသတည်း။ တလုပ်လှရွာ ဖွံ့ဖြိုးရေး စပယ်ရှယ့်, စပယ်ရှယ် ဖြစ်စေသတည်း” တဲ့။

အဲဒီလို ငတိသန်းရွှေက တလုပ်လှရွာကို `ရွာကောင်းပြု´ ပြခဲ့ခြင်းဟာ အက်စ်တူးအပေါ် ရဲဘော်ရဲဘက်စိတ်ရှိကြောင်း၊ သံယောဇာဉ်ရှိကြောင်း၊ သနားဂရုဏာ အကြင်နာဝေဖျာကြောင်း ပေါ်လွင်စေချင်လို့ `ဆိုက်ဝါး´ နည်းအရ ပရိယာယ်မာယာ ဟန်ဆောင်လုပ်ပြချက်တခုပါဗျာ။ ဟဲ..ဟဲ.. ငတိသန်းရွှေ ကြောင်လက်သည်း ကြောင်ဝှက်တာ၊ ကြောင်ချီး ကြောင်ဖုံးတာ၊ အဲဒါပါပဲဗျာ.. ဟဲ..ဟဲ..။

နောက်ထပ် `ဆိုက်ဝါး´ လုပ်ပြချက်တခုရှိသေးတယ်။ ဒီမိုကရေစီနှိပ်ကွပ်ရေး ဆွမ်းကြီးလောင်းပွဲမှာ လက်တွဲခဲ့ကြတဲ့ အမာခံ ရဲဘော်ရဲဘက်ကြီး အက်စ်တူးကို သက်ရှိထင်ရှားရှိဘိသကဲ့သို့ပဲ မှတ်ယူထားတယ်။ ဒါကြောင့် အက်စ်တူးအသစ် အစားမထိုးဘူး။ ဘိုဂဒေါ်များပါ ပွဲတက်ကြရတဲ့ နိုင်ငံတော်အခမ်းအနားတိုင်းမှာ အက်စ်တူးဂဒေါ်ကိုလည်း အက်စ်တူးသက်ရှိထင်ရှား ရှိဘိသကဲ့သို့ နဂိုထိုင်နေကျနေရာကို ဂုဏ်ထူးဆောင်သဘောမျိုးနဲ့ ဆက်ပေးပြီး သူကောင်းပြုထားတယ်။ အက်စ်တူးဟာ ငါတို့ရဲ့ ရဲဘော်ရဲဘက်ကြီး ဖြစ်တယ်။ ငါတို့ရဲ့ရဲဘော်ရဲဘက်ကြီးကို ငါတို့တန်ဘိုးထားတယ်။ အလေးထားတယ်။ မပစ်ပယ်ဘူးရယ်လို့ ငတိသန်းရွှေက ..ဟဲ...ဟဲ... ပရိယာယ်မာယာ ဟန်ဆောင်လုပ်ပြချက် စစ်စစ်ကြီးပါဗျာ။

အဦးဆုံးလုပ်ပြချက်ကိုသိမှ ပိုပြီးဇာတ်ရည်လည်မှာမို့ ပြောပြရဦးမယ်ခင်ဗျ။ အက်စ်တူးရဲ့နေအိမ်မှာ ပါဆယ်ဗုံးနဲ့ လုပ်ကြံခံရတုန်းက အက်စ်တူးရဲ့ သမီးကြီးခမျာ ဘာမဆိုင်ညာမဆိုင် ဆုံးပါးခဲ့ရရှာတယ်။ ခန္ဓာကိုယ်တခုလုံး မြင်မကောင်း, ရှုမကောင်းအောင်ကို စုတ်ပြတ်သတ်ပြီး ဆုံးပါးခဲ့ရတာ။ အက်စ်တူးခမျာ ရင်နှစ်သီးချာ သမီးရတနာက ကံမကောင်းအကြောင်းမလှ မိမိဖခင်ရဲ့နေရာမှာ လူစားထိုးကာ အသေဆိုးသွားရရှာတော့ နှလုံးကွဲလုမတတ် ဆွေ့ဆွေ့ခုန်, ၀ုန်းဒိုင်းကျဲ, ကြေကွဲ, ဗျောင်းဆန်ခဲ့ရတယ်။

ဒီအချိန်မှာ ငတိသန်းရွှေ ပညာသုံးခဲ့တာက အက်စ်တူးလက်ရှိနေတဲ့အိမ်က မလုံခြုံဘူး။ အေဒီလမ်းရဲ့ထိပ်နား, ပြည်လမ်းမကြီးရဲ့ လက်တကမ်းက ရဲတိုက်လို အိမ်ကြီးမှာနေစေသတည်းလို့ မဟာဂရုဏာတော်ကို ထုတ်ဖေါ်ပြခဲ့တယ်။ ဒါက အဦးဆုံး ပရိယာယ်မာယာဆင်တဲ့ လုပ်ပြချက်ပါခင်ဗျာ။ ကြောင်ချေး ကြောင်ဖုံးဆိုတာ ဒါမျိုးပါခင်ဗျာ။

ငတိသန်းရွှေ ဟာ အက်စ်တူးကို `ဖျောင်´ အပြီးမှာ စစ်တပ်ဖွဲ့စည်းပုံကို ပြင်ခဲ့တယ်။ အရပ်သူအရပ်သားတွေရဲ့
မျက်စိထဲမှာ မြင်သာထင်သာတာကို တင်ပြရရင် စစ်တိုင်းမှူးတွေထဲက စီနီယာတိုင်းမှူးတချို့ရဲ့ နေရာမှာ တိုင်းမှူး အသစ်ကျပ်ချွတ်လေးတွေကို အစားထိုး။ ပြောခဲ့တဲ့ စီနီယာတိုင်းမှူးတချို့ကိုတော့ ရာထူးအသစ်ထွင်ပြီး စစ်တိုင်း သုံး, လေးတိုင်းစီကို ပူးတွဲပြီးကိုင်ခိုင်း။ လိုရင်းအချုပ်ကိုပြောရရင် ငတိသန်းရွှေဟာ စစ်တပ်ကို ကိုယ်ထိလက်ရောက် မောင်ပိုင်ချုပ်ကိုင်နိုင်ဖို့ မာယာပရိယာယ် အသွယ်သွယ်ကို `ဂွင်´ တည်ခဲ့တယ်ဆိုတဲ့ အကြောင်းပါဗျ။

ငတိသန်းရွှေဟာ အက်စ်တူးကို `ဖျောင်´ အပြီး လုပ်ချက်တွေကိုတဆင့်ပြီးတဆင့် တင်လာလိုက်တာ၊ ဒီတချီကလည်း ပွဲကြီးပွဲကောင်းပါပဲ။ တချိန်တုန်းက ရာထူးလယ်ဗယ်တူခဲ့တဲ့ ချစ်ဆွေတို့, ကျော်မင်းတို့..။ လယ်ဗယ်နည်းနည်းနိမ့်တဲ့ လူလည် လူဇော် လူမော်ထွန်းကြည်၊ လူရှုပ်လူပွေ လူရမ်းကား လူမိုက်များဖြစ်ကြတဲ့ မြင့်အောင်နဲ့ ကျော်ဘ..။ အစရှိတဲ့ ထိုးထိုးထောင်ထောင် တသိုက်တို့နဲ့တွဲပြီး အလုပ်လုပ်ရတာ စီးစီးပိုင်ပိုင် မကိုင်ရလို့ အာမထိလျှာမထိ အားမလိုအားမရ ခံစားရတာကတကြောင်း..။ ဒီမောင်တွေဟာ စစ်တပ်ကို လက်လွှတ်ခဲ့ရလို့ အဆိပ်အထုတ်ခံထားရတဲ့ မြွေတွေဖြစ်ကုန်ပြီး `အဟန့်´ မရှိတော့တာက တကြောင်း..။ အဲဒီအကြောင်းတွေကြောင့် နအဖ အဆင့်အတန်းရဲ့ အထက်က အဆင့်မြင့်တန်းလိုလို, ထင်ယောင်မှား ရတဲ့အကြံပေးအဖွဲ့ဆိုတဲ့ နတ်ဘုံလိုလိုဆီကို ပင့်ပြီး ပို့လိုက်တယ်ခင်ဗျ။ ဒီကိစ္စမှာ ငတိသန်းရွှေနဲ့ လူညစ်ခင်ညွန့်တို့ နှစ်ယောက်လက်တွဲပြီး တွယ်ခဲ့ကြတာ..။ ထောင့်မကျိုးတဲ့ ထိုးထိုးထောင်ထောင်ငနဲတွေ ရှင်းသွားကုန်ပါရော့။

အဲ.. ဒီအချီတွယ်ရမှာက `ဒိတ်´ ဆိုတဲ့ `ဒိတ်´။ လူညစ်အက်စ်ဝမ်းက အဲဒီ `ဒိတ်´ ရဲ့ဝမ်းမနာသား ဖြစ်လေတော့ နောက်အတွဲရှာရပြီ။ `ဒိတ်´ ကြီးကို `ကျားနာ´ လို အနာကြီးနာထားတဲ့ ဒု ချုပ်မောင်အေး နဲ့တွဲမိပြီ။ `ဒိတ်´ ဆိုတဲ့ `ဒိတ်´ ကြီးက အိုမင်းရင့်ရော်လာလို့ `ဒိတ်´ တော့ `ဒိတ်´ ပါပဲ။ ဒါပေမယ့် `ဒိတ်အောက်´ ကြီးဖြစ်နေပြီ။ ဒီတော့ `ဒိတ်အောက်´ ကြီးခမျာ အတူနေသမီးရယ်နဲ့ ထောင်ကျယ်မှာတစု..။ သမက်ရယ်, မြေးသုံးယောက်ရယ်က ထောင်ကျဉ်းမှာ တသိုက်..။ ဘယ်မှာလဲ ရာသက်ပန် အုပ်ချုပ်လို့ရတာ..။ ဘယ်မှာလဲ.. အစဉ်အမြဲ အုပ်ချုပ်လို့ရတာ..။ `ဒိတ်´ ကြီးရဲ့ အဖြစ်ဆိုးက ဘောင်းဘီဝတ်, ဘောင်းဘီချွတ်အားလုံးကို တရားပြသွားပြီ။

`ဒိတ်´ ကြီးကို `နှိပ်´အပြီး ဘယ်သူတွေကို `နှိပ်´ ဦးမလဲ။ ကျွန်ုပ်ဗိုလ်ဖိုက်တာရဲ့ ကွန်ပြူတာ ဖန်သားပြင်မှာ
ဖြတ်ခနဲပေါ်လာတဲ့ပုံရိပ်က အက်စ်ဝမ်းခင်ညွန့် ရယ်ဗျ။ ဒီ ငနဲကို လက်ပါးစေအဖြစ် ခိုင်းချင်တာတွေ အ၀အပြဲခိုင်း ချင်သေးလို့ ခိုင်းရင်းနဲ့စောင့်ကြည့်, စောင့်ကြည့်ရင်းနဲ့ခိုင်းနေတာ၊ ဟိုး အစောပိုင်းကတည်းကပါပဲဗျာ။

ဒီငနဲက ထောက်လှမ်းရေးသမားဖြစ်လို့ အများနဲ့မတူဘဲ လှစ်တယ်ဗျ။ အာဆီယံ `ခွင်´ မှာ `တွင်´ လာတယ်။ ဘာနိုင်ငံရေး ဂုဏ်သိက္ခာမျှမရှိတဲ့ ငါကျိုးသက်သက်သမား `တလုပ်ငတိ´ နဲ့ကလည်း `၀မ်စွေ့´ လုပ်နေတယ်။ ပြည်တွင်းမှာလည်း အားစုနေတယ်။ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် `ငြိမ်း´ အဖွဲ့တွေနဲ့လည်း လက်ဆွဲနှုတ်ဆက်ပြီး နားလည်မှုနဲ့ `ချိတ်´ ထားတယ်။ ဒီတော့ပြည်ပအားနဲ့ ပြည်တွင်းအားကိုပေါင်းစုပြီး ဘက်ကန်ရင် ငါခံရမယ်ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုက ငတိသန်းရွှေရဲ့ နှလုံးသားထဲမှာ အဆောက်အအုံက ကြီးသည်ထက် ကြီးလာတယ်ဗျ။

ဒါကြောင့် အက်စ်ဝမ်းကို လက်ပါးစေအဖြစ် ဆက်မသုံးရဲတော့ဘဲ လည်ကိုလိမ်ချိုးတော့တယ်။ ပြည်သူအများကို ကလိမ်ကကျစ်နည်းနဲ့ ညှင်းပမ်းနှိပ်စက် ထောင်ချသတ်ဖြတ်ခဲ့တဲ့ အက်စ်ဝမ်းခင်ညွန့် လူညစ်တယောက် အချိန်တန်လာတော့ လူပြည်မှာပဲ လူစင်စစ်အဖြစ်နဲ့ ငရဲခံနေရပြီ။

အဲ.. ငတိသန်းရွှေဟာ တယောက်ပြီးတယောက်၊ တစုပြီးတစုကို ချရင်း, ချရင်းနဲ့ စိုးရိမ်ကြောက်ရွံ့စိတ်က ၀င်လာ။ စိုးရိမ်ကြောက်ရွံ့စိတ် ၀င်လာလို့ ချပြီးရင်း, ချရင်းနဲ့ သူ့အပါးက သူမွေးထားတဲ့ ခွေးနဲ့လည်းတူတဲ့, နွားနဲ့လည်းတူတဲ့, ခွေးတူ,နွားတူလူတွေကို ကြောက်,ကြောက်လာ။ ကြောက်လို့ချ၊ ချလို့ကြောက်..။ ချလို့ကြောက်၊ ကြောက်လို့ချ..။ နောက်ဆုံးမှာတော့ အလိုတော်ကျ အမှုတော်ထမ်းပေးခဲ့ကြတဲ့ အိမ်ရှေ့မင်းသား မောင်ရွှေမန်း၊ မဆလ စန်းယုလက်သစ် မောင်သိန်းစိန်နဲ့ နောက်ပြီး .. လူမိုက်ရုပ်သွင် ပီပြင်လှတဲ့ မောင်တင်အောင်မြင့်ဦးကစပြီး အရှင်လတ်လတ် အရေခွံအခွာခံကုန်ကြရပြီ။ ဒါနဲ့မရပ်သေးဘူး။ ကြံ့ဖွံ့အစိုးရအဖွဲ့ ဆိုသဟာထဲထည့်ပြီး ကြိုးရှည်ရှည်နဲ့လှန်ကာ နောက်ကွယ်ကနေ ကြိုးကိုင်ပြီး၊ မဟုတ်မဟတ်တွေကို ခိုင်းဦးမယ်။ အခိုင်းခံဘ၀မှာ မျက်မာန်တော်အယှခံရလို့ ထောင်ထဲပဲဝင်ရမလား။ အပျောက်ပဲ အရှင်းခံရမလား။ သြော်.. ကြံ့ဖွံ့အစိုးရအဖွဲ့ထဲက လက်ပါးစေ၊ ကြံ့ဖွံ့ပါတီထဲကလက်ပါးစေတို့ရဲ့ဘ၀..။ ဘာအသုံးကျလို့လဲဗျာ။

ကိုင်း..အရပ်ကတို့..။ တပ်မှူးတပ်သားများနဲ့ မိဘပြည်သူတို့..ခင်ဗျား။ ကျွန်ုပ်ဗိုလ်ဖိုက်တာကတော့ တာဝန်သိစိတ်၊ ၀တ္တရားသိစိတ်ဖြင့် `ဟ´ စရာတွေကို `ဟ´ ပြီးပြီ။ ဒီထက်ပိုပြီး မတတ်နိုင်ပြီ။

သဗ္ဗေသတ္တာ၊ ကိုယ့်ကြမ္မာသာ၊ လုံးစုံသတ္တ၀ါ၊ ကိုယ့် ကုသိုလ်ကံ အကုသိုလ်ကံ အတိုင်းသာ” လို့ ထပ်လောင်းကာ သတိစကားလက်ဆောင် ပါးလိုပါတယ်ခင်ဗျား။

11 comments :

  1. weikzar said... :

    လွဲလွဲ ကြီးကိုလွဲ နေပါသည်။၁၉၉၇ တွင် ထွန်းကြည် ကျော်ဘ အုပ်စု ဖြုတ် ထုပ် ရှင်း ပြီးမှ ၂၀၀၁ တွင် တင်ဦး သေပါသည်။

  1. Anonymous said... :

    ဘယ်လိုပဲလွဲလွဲ တင်ဦးသေတာက သေတာပဲလေဗျာ။

  1. Anonymous said... :

    တုန်းတယ်ဘဲပြောပြော။ ထုံတယ်ဘဲပြောပြော။ အခုအထိနားမလည်တာတစ်ခုက ဗိုလ်ချုပ်တင်ဦးကို ဘယ်လိုနည်း သုံး လုပ်လိုက်တာလဲ။ နားမလည်လို့ ပါ။ နဲနဲရှင်းပြပါဦး။

  1. Anonymous said... :

    This article is so true and correct. I like it very very much. The cruelties,and wicked ideas of that Greedy,Sly,Self Fish,Notorious,Power Crazy,Class less.... *THAN SHWE,the Bastard,of Burma.

  1. Anonymous said... :

    what for waste time to talk these person,,if you really don't like him try to kill him.ok?
    All people can talk about him according to their feeling, but nobody can't do what they feel it.
    so let try to remove them instead of talking about them.

  1. Anonymous said... :

    အမှန်တော.ရေးတဲ့လူလည်းသေချာမသိပါဘူး။ရေးချင်တာတွေလျွှောက်ရေး လိုက်တာပါ။

  1. Anonymous said... :

    အပေါ်ကလူ ခင်ဗျားကတော့ ရေးတဲ့လူလောက်ကို မသိဘူး မဟုတ်လား

  1. Anonymous said... :

    ဟီးးရီရတယ်ဟ..။ မဆိုးဘူးးးဒီဟာသဘလော့ခ်လေ။ ခွီ

  1. Anonymous said... :

    မင်းတို့လည်း အစိုးရကိုသာ မေးခွန်းမေးချင်ရင် ကြိုသွင်းရတယ်တို့ ဘာတို့ဆိုပြီး သတင်းလွတ်လပ်ခွင့် မရှိသလိုနဲ့ မင်းတို့ကိုယ်တိုင်ကရော ဘာထူးလို့လဲကွ။ တင်တင်ချင်း ကွန်းမန့်ကို စစ်ဆေးရသေးတယ်။ ပြီးရင် မင်းတို့ကို နှိပ်ထားရင် မတင်ပေးတော့ဘူး။ သူ မသာ ကိုယ် အသုဘ ကောင်တွေပါကွာ။

  1. သမိုင်းလေ့လာသူ said... :

    Anonymous said...

    တုန်းတယ်ဘဲပြောပြော။ ထုံတယ်ဘဲပြောပြော။ အခုအထိနားမလည်တာတစ်ခုက ဗိုလ်ချုပ်တင်ဦးကို ဘယ်လိုနည်း သုံး လုပ်လိုက်တာလဲ။ နားမလည်လို့ ပါ။ နဲနဲရှင်းပြပါဦး။



    Anonymous (May 20, 2011 8:04 PM) ရေ .....

    ဗိုလ်ချုပ်တင်ဦးကို ဘယ်လိုနည်း သုံး လုပ်လိုက်တာလဲ
    ဆိုတာကို သိချင်ရင် အောက်က စာပိုဒ်လေး (စိန်လွင် ရေးတဲ့ သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂) ထဲက ကောက်နုတ်ချက်) ကို ဖတ်ပါ။


    ((( ၂၀၀၁ တွင် ပခုံးချင်းယှဉ်နေသည့် ကြည်းတပ် အနောက်ခံ ရှိနေသော ဒုဗခက တင်ဦး၊ နောက်တက်မည့် ကျန်စစ်သား ဖြစ်သော ဗိုလ်ချုပ်သူရ သီဟသူရ စစ်မောင်တို့ ရုရှလုပ် MI 17 ဖြစ် မော်လမြိုင်ဘက် ခရီးထွက်စဉ် Helicopter Pilot က သောက်တာများ၍ ပျက်ကျသည့် သဖွယ် ဒဏ္ဍရီနှယ်၊ တရားသူကြီး ပေါင်ချိန်သို့ မင်းသားကျန်ချောင်း ဖော်ထုတ် ခဲ့ပါသည်၊ )))


    သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)
    စိန်လွင်

    http://www.vimutti.co.cc/2010/01/blog-post_9734.html

  1. Anonymous said... :

    ဘုရားဟောတဲ့ တရား....စကားလေးနဲ့ပဲ....

    ပောသံကြား တစ်ဆင့်စကားနဲ့လဲ မယုံနဲ့၊ မျိုးရိုးစဉ်ဆက်စကားနဲ့လဲ မယုံနဲ့၊ ဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုပြီးလဲ မယုံနဲ့၊ ပိဋကတ်စာပေနဲ့ ညီညွတ်တယ် ဆိုပြီးလဲ မယုံနဲ့၊ တွေးတောကြံဆ၍လဲ မယုံနဲ့၊ နည်းမှီပြီးလဲ မယုံနဲ့၊ အကြောင်းအရာတစ်ခုခုကို ကြံဆ၍လဲ မယုံနဲ့၊ ငါကြံထားတာနဲ့ တစ်ထပ်တည်း ကျတယ်ဆိုပြီးလဲ မယုံနဲ့၊ ဒို့ကြည်ညိုတဲ့ ရဟန်းကဟောတာပဲ ဆိုပြီးလဲ မယုံနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved