တောင်ဒဂုံက ကျန်းမာရေး စောင့်ရှောက်မှု

Monday, June 13, 2011


ဝင့်နဒီ

NLDရုံးချုပ်ရှေ့က NLDအဖွဲ့ဝင်များ (ဓာတ်ပုံ-AP)

ဒဂုံမြို့သစ်တောင်ပိုင်းက ဆင်းရဲချို့တဲ့၊ အကူအညီမဲ့ပြီး "ကျန်းမာရေး ချို့ယွင်းနေသူတွေ" ကို စောင့်ရှောက် ဖေးမသူတွေ ရှိနေပါတယ်။

ကူညီနေတာ ဘယ်သူတွေလဲ
အတိအကျ ပြောရရင် -
NLD ရဲ့ ဒဂုံမြို့သစ်တောင်ပိုင်း စည်းရုံးရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးကြည်လွင်၊ မဥမ္မာ ၊ ဒေါ်ခင်ဝင်းကြည် တို့နဲ့ လူမှုရေး လုပ်ငန်း စိတ်ဝင်စားတဲ့ လူငယ်များက ကူညီနေကြတာပါ။

“ဆေးရုံဆေးပေးခန်းတွေမှာ ငွေကြေး အကုန်အကျ မခံနိုင်ဘဲ သိမ်ငယ်မှုတွေ ခံစားနေရတာတို့၊ ဆေး မကုသလိုက်ရဘဲ သေသွားရတဲ့ အဖြစ်မျိုးတွေကို မဖြစ်စေချင်တာနဲ့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကလည်း ဒီလို အဖွဲ့အစည်းလေးတွေ ပေါ်ပေါက်လာစေချင်နေတာနဲ့ လုပ်ဖြစ်သွားတာပါ”

NLD အဖွဲ့ဝင် မဥမ္မာ ပြောသွားတာပါ။

ကူညီဆောင်ရွက်မှုတွေဟာ ဒီရက်ပိုင်းအတွင်း ၆ လ ပြည့်သွားပြီမို့ ဒီအတွက် အထိမ်းအမှတ် အခမ်းအနား တခုတောင် သူ့အိမ်မှာ ကျင်းပခဲ့တယ်လို့ မဥမ္မာက ပြောပြပါတယ်။

ဆင်းရဲချို့တဲ့ အကူအညီမဲ့ နာမကျန်းသူများအား ကူညီ စောင့်ရှောက်ရေး အသင်းကို ၂၀၁၀ ဒီဇင်ဘာလ ၁၂ မှာ အစပြုတယ်။ ဆရာဝန် ၃ဦး၊ ဆေးဝါးကျွမ်းကျင် ၂ဦး ၊ တိုင်းရင်းသမားတော် ၁ ဦးက ၀ိုင်းဝန်းနေပါတယ် တဲ့။

ဘယ်လို လူနာတွေလဲ
မကျန်းမာတဲ့လူတိုင်းကို ကူညီနေတာတော့ မဟုတ်ဘူး၊
အကူအညီမဲ့သူ၊ ခိုကိုးရာမဲ့သူ
ဆင်းရဲချို့တဲ့သူ
အရက်သေစာ မူးယစ်ဆေးဝါးမသုံးစွဲသူ တွေကိုပဲ ကူပါတယ် တဲ့။

နာမကျန်းသူ ၁၂၀ ၀န်းကျင်ကို ကူညီစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

လူနာတဦးက အခုလို ပြောပြပါတယ်။
“ကျမတို့လို ပိုက်ဆံ မရှိလို့ ဆေး မကုသနိုင်တဲ့ လူနာတွေကို လူငယ်လေးတွေကနေပြီး ဂရုတစိုက်နဲ့ သေချာ စောင့်ရှောက်ပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။ သူတို့ကလည်း ဆေးရုံ ၊ ဆေးပေးခန်းတွေကို သေချာ လိုက်အပ်ပေးတယ်”

ဘယ်လို ကူသလဲ
စီးပွားရေး ချွတ်ခြုံကျပြီး၊ ကုသစရိတ် မတတ်နိုင်သူ များပြားလာလို့ ပေါ်ပေါက်လာတယ် ဆိုတဲ့ ဒီအသင်းက လူငယ်တဦး ပြောပြချက်က ဒီလိုပါ။

“ကျနော်တို့ အများဆုံးတွေ့ရတာက ရိုးရိုးနာမကျန်းဖြစ်ရာကနေမှ ပိုက်ဆံ မတတ်နိုင်လို့ ဆေးမကုရဘဲ ရောဂါ သည်းသွားတာမျိုးပေါ့။ ပြီးတော့ မျက်စိဝေဒနာရှင်တွေ အဲ့ဒါကျတော့ ကျနော်တို့က သုခ ကုသိုလ်ဖြစ် ဆေးခန်းက ဦးကျော်သူတို့ကို အကူအညီ တောင်းရပါတယ်”

HIV လူနာများကို ကူညီဖို့တော့ မဖြူဖြူသင်းနဲ့ ချိတ်ဆက် ဆောင်ရွက်ပါတယ် တဲ့။

=========

ဆက်စပ်ဖတ်ရှုရန် -
ဇွန် ၁၁ ကြေးမုံ သတင်းစာမှာ ပါတဲ့ ရန်ကုန်ဆေးရုံကြီးရဲ့ အခမဲ့ ၀န်ဆောင်မှု (၂၀၁၀ ပြည့်နှစ်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved