ရန်ကုန်မြို့လယ်မှာ ပြေးလွှားတာတွေ မြင်ရတော့မှာလား

Saturday, June 4, 2011

နရီလင်းလက်
ဒီကနေ့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းက လမ်းဘေးဈေးသည်တွေဆီကနေ ခရီးသွား တချို့ကပဲ ၀ယ်ကြတာပါ
AP Photo 5 hours ago Few pay attention to fruit vendors as passengers get off a ferry at Boaungkyaw jetty on Saturday, June 4, 2011 in Yangon, Myanmar.

သမ္မတကြီး ဦးသိန်းစိန်တို့ ဘာလုပ်မှာလဲ။ လောလောဆယ်တော့ ရန်ကုန်မြို့လယ် ပလက်ဖောင်းပေါ် ဈေးမရောင်းနဲ့တော့ ဆိုတဲ့ ညွှန်ကြားချက် ထွက်လာပါတယ်။

မြို့တော်စည်ပင် စားပေါက်ပိတ်သွားမယ့်၊ ဈေးသည်တွေ လိုက်တမ်းပြေးတမ်းကစားရမယ့်၊ ရန်ကုန်မြို့ထဲ လမ်းလျှောက်သူတွေ စိတ်ချမ်းသာစေမယ့် ဒီညွှန်ကြားချက်အကြောင်းကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က စုံစမ်းထားပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး ပျံကျဈေးသည်တွေ ကျင်လည်နေတဲ့ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် ဆိုတဲ့ ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ ပလက်ဖောင်းပေါ် ဈေးရောင်းချခြင်း ခွင့်မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် ဒီလဆန်းမှာ ရောက်လာတယ်လို့ ရန်ကုန် စည်ပင်သာယာရေး ဌာန အရာရှိတဦးက ဧရာဝတီကို ပြောပါတယ်။

“ပလက်ဖောင်း ဈေးသည်တွေ ရှင်းပြီးရင် လမ်းသွားလမ်းလာတွေ ကားလမ်းမပေါ် တက်မလျှောက်ရတော့ဘူး၊ နောက် ဆက်တွဲ ယာဉ်တိုက်မှုတွေ လျော့ကျသွားတယ်၊ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲလာတယ် ဆိုတာမျိုး ဖြစ်ချင်လို့ လုပ်တာလို့ ထင်တယ်”

ရန်ကုန်မြို့တော်ဝန် အဆက်ဆက် လမ်းဘေးဈေးသည်တွေကို စီမံချက်တွေချပြီး နှိမ်နင်းခဲ့ပေမယ့် စည်ပင်သာယာ အဖွဲ့က ငွေယူပြီး ရောင်းချခွင့် ပြန်ပေးတာကြောင့် စီမံချက်တွေ မအောင်မြင်ခဲ့ပါဘူး။

ဒီလို ပိတ်ပင်တာထက် ဈေးသည်တွေအတွက် ရောင်းစရာ နေရာ စီစဉ် ပေးခြင်း၊ စည်းကမ်း သတ်မှတ်ပြီး လိုက်နာစေဖို့ ကြပ်မတ်ခြင်းလုပ်ရင် ပို ကောင်းမယ်လို့ ပျံကျ ဈေးသည်တဦးက ပြောပါတယ်။

“လမ်းဘေးမှာ ဈေးရောင်းပါတယ်ဆိုမှ အရင်းအနှီးများများ မရှိလို့ ဆိုင်ခန်းမငှားနိုင်တာကြောင့် ရောင်းရတာလေ။ ဈေးရောင်းရရ၊ မရောင်းရရ နေ့တိုင်း လာကောက်နေတဲ့ စည်ပင်ကိုတော့ ပိုက်ဆံ ၃၀၀၊ ၄၀၀ အရင် ပေးလိုက်ရတာပဲ။ အခု ဖမ်းလည်း ရတဲ့အချိန်လေးမှာ ရသလို ရောင်းမှ စားဖို့ ငွေရမှာ။ သမာအာဇီဝ အလုပ် လုပ်စားဖို့တောင် မြန်မာပြည်မှာ တော်တော် ခဲယဉ်းလာတယ်”

ပန်းဘဲတန်းမြို့နယ်မှာ ရှပ်အင်္ကျီတွေရောင်းတဲ့ ပျံကျဈေးသည် ပြောသွားတာပါ။

အရင်တုန်းက မဟာဗန္ဓုလ ပန်းခြံနားမှာ သူတို့အတွက် နေရာတခု စီစဉ်ပေးမယ်လို့ ဆိုခဲ့ပေမယ့် ခုချိန်ထိ အကောင်အထည် မပေါ်သေးဘူးလို့ သူက ဆိုပါတယ်။

“ဖြစ်နိုင်ရင် ဒီလိုမျိုး တနေရာ သတ်သတ်မှတ်မှတ် စီစဉ်ပေးတာမျိုး၊ ဒါမှမဟုတ် ညနေ ၆ နာရီ နောက်ပိုင်း ဈေးရောင်း ဆိုတဲ့ အချိန် သတ်မှတ်ပေးတာမျိုး၊ တောက်လျှောက် ဒီအလေ့အကျင့်ရအောင် အာဏာပိုင်တွေကပါ ပူးပေါင်းဆောင်ရွက် ပေးတာမျိုး လုပ်ပေးသင့်တယ်”

သူပြောသလို ညဘက်မှာပဲ ရောင်းခွင့်ပြုမယ် ဆိုပြီး မြို့တော်စည်ပင်က စီစဉ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ မနက် (၆) နာရီကနေ ည(၆) နာရီအတွင်း လမ်းဘေး ဈေးရောင်းခွင့် ပိတ်လိုက်တာကို ၂၀၁၀ ဇူလိုင်လမှာ တွေ့ရပါတယ်။ အဲဒီ တားမြစ်ချက်လည်း မအောင်မြင်ခဲ့ပါဘူး။

ရွှေဘုံသာလမ်းမှာ လျှပ်စစ်ပစ္စည်း ရောင်းတဲ့ ဈေးသည်တယောက်က ဒီလို ပြောပါတယ်။

“စိတ်ကူးပေါ်တဲ့ အချိန် တမျိုး ထလုပ်လိုက်ပြီး ရင် အရင်အတိုင်း ပြန်ဖြစ်သွားလိုက်နဲ့ ဆိုတာမျိုးကို စိတ်ညစ်လာပြီ။ ကျနော်တို့ က တရားမ၀င် ပစ္စည်း ရောင်းနေတာ မဟုတ်ဘူး။ ခွင့်ပြုတဲ့ အချိန် တမျိုး၊ ခွင့်မပြုတဲ့ အချိန်တမျိုး ကျီးလန့်စာစား နေရသလို မဟုတ်ဘဲ ပုံစံတမျိုး ပြောင်းပေး နိုင်ရင်တော့ ကောင်းမယ်”

“လမ်း ၄၀ လောက်ကနေ လသာအထိ ပလက်ဖောင်း တလျှောက်မှာကတော့ ဗန်းခင်းပြီး ရောင်းတဲ့ ဈေးသည်ကနေ အမိုးအ ကာလေးနဲ့ ခုံ သေချာခင်းပြီး ဈေးသိမ်းရင် ပြန်ဖြုတ်သိမ်းလို့ ရတဲ့ ပုံစံမျိုးရောင်းတဲ့ ဈေးသည်တွေ ရှိတယ်။ အားလုံးကို စည်ပင်က ပိုက်ဆံတောင်းပြီး ရောင်းချခွင့် ပြုနေတာပဲ”

ဒီညွှန်ကြားချက် ထွက်မလာခင်တုန်းကတော့ ရန်ကုန်မြို့လယ်က ပျံကျ ဈေး ရောင်းချတဲ့ ဧရိယာဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လူ သွားလမ်းတွေကတော့ ပိုမိုကျဉ်းမြောင်း လာနေပါတယ်။

လမ်းဘေးဈေးသည် အရေအတွက်လည်း ပိုများလာနေပြီလို့ စီးပွားရေးလုပ်ငန်းရှင် တဦးက အခုလို ပြောပြသွားပါတယ်။

“လက်ရှိ အခြေအနေမှာ ပြည်သူတွေက စီးပွားရေး ပိုမိုကျပ်တည်းတော့ လွယ်တဲ့ လမ်းဘေးဈေးသည် အလုပ်ကို ပိုလုပ် လာကြတယ်။ ဒါ့အပြင် တိုက်ခန်းငှားခတွေကများ၊ ဆိုင်ခန်းကတွေက ဈေးမြင့်တော့ ဈေးကြီးတွေမှာ ရောင်းနေတဲ့ သူတွေတောင် လမ်းဘေးဈေးသည်ဘဝ ရောက်သွားကြတာ တွေ့ရတယ်”

9 comments :

  1. timothy said... :

    တူနီးရှားstyle Revolution.
    ပျံကျဈေးသည်တွန်းလှည်းရှင်ကိုပုလိပ်မကပါးရိုက်၊တွန်းလှည်းကိုသိမ်းလိုက်တာကစတဲ့ဘာမဟုတ်တဲ့ပြဿနာ၊
    မိုးမီးလောင်ပြီးတူနီးရှားအာဏာရှင်သမ္မတခွေးပြေးပြေးရတယ်။
    ဒါတင်ဘာကမလဲ။
    အီဂျစ်သမ္မတလဲခွေးကျကျတယ်။
    ဆီးရီးရား၊ယီမင်၊လစ်ဗျားအာဏာရှင်များလဲထမ္မင်းအိုးကွဲခါနီးပြီ။
    ပျံကျဈေးသည်ထဲမှာလဲသူတော်စင်၊ပါရမီရှင်မရှိဘူးဘယ်သူအတပ်ပြောနိုင်လို့လဲ။
    မီးခိုးထောက်ရှောက်ဒုက္ခတွေ့ချင်ကြတဲ့အာဏာရှင်တွေ။

  1. WASP17 said... :

    စီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဘုရားပြို ၀န်ကြီးချုပ်လေ သမိုင်းဝင် ဘုရားကို ပြိုကျအောင်အင်
    ထုလာတဲ့သူ...ဒီလိုအရည်အချင်းကောင်းနဲ့ ဆိုတော့
    ဒီလို ဘရုတ်သုတ်ခ ကိစ္စမျိုးဖြစ်တာ မဆန်းဘူး...

  1. Anonymous said... :

    ဦးသိန်းစိန်ရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး ပထမခြေလှမ်း။ (ဆင်းရဲတဲ့လူတွေကို မမြင်ရအောင် စလုပ်တာထင်ပါရဲ့)

  1. အောင်ကြီး said... :

    ပလက်ဖောင်းပေါ် ဈေးရောင်းတာကတော့ ဘယ် အချိန်မဆို မရှိသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပလက်ဖောင်း ဆိုတာ လမ်းသွားလမ်းလာတွေ လမ်းလျှေက်ဖို့ လုပ်ထားတာလေ။ ဈေးရောင်းဖို့မှမဟုတ်တာဘဲ။
    ပျံကျဈေး ရောင်းဖို့ နေရာအတိတကျတော့ လုပ်ပေးသင့်တာပေါ့ ။ အဲ့ဒါမှလဲ လမ်းသွား လမ်းလာတွေ စိတ်အနှေက်အယှက်မဖြစ်တော့ဘူး။ ကတ္တရာလမ်းပေါ် မှာမောင်းနေတဲ့ ကားတွေလဲ လမ်းပေါ် ဆင်းလျှောက်တဲ့ လူတွေကို ရှောင်စရာမလိုတော့ဘူး။

  1. Anonymous said... :

    အများကောင်းဖို့အတွက် ရေရှည်ကောင်းဖို့အတွက် လုပ်တဲ့နေရာမှာ အနည်းအများဆိုသလို ထိခိုက်နစ်နာမှု့ဆိုတာတွေရှိပါတယ် ဒါတွေကို အားလုံးနာလည်ဖို့ လိုပါတယ် ဈေးသူ/သားတွေအတွက် အစဉ်ပြေအောင် တနည်း စီစဉ်ပေးဖို့လည်းလိုအပ်ပါတယ် မြန်မာလူမျိုးတွေမှာ လူတစ်ဦး အဖွဲ့တစ်ဖွဲ့ ချို့ယွင်းချက် အပြစ် တစ်ခုတွေပြီဆို နောက်ဘာလုပ်လုပ် အကောင်းမမြင်ကြတော့ဘူး အဲဒီ အကျင့်တွေရှိတယ် တိုင်းပြည်တိုးတက်ချင်ရင် စည်းကမ်းရှိရပါမယ် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်ဦးမဆောင်နိုင်ရင်တောင် ပူးပေါင်းလုပ်ဆောင်ချင်တဲ့စိတ် မွေးရပါမယ် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ခင်ဗျားတို့ စောက်ကျင့်တွေ ပြင်ဖို့လိုပြီ

  1. အေးလေ။ လုပ်ရမှာပေါ့။ လူသွားလမ်း ဈေးမရောင်းရတာ ခုမှ မဟုတ်တာ။ ခုမှ စည်းကမ်းနဲ့ ညီမှာ။ ဆယ်စုနှစ်ပေါင်းများစွာ စည်းကမ်းပျက်ပြီးပြီ။ ခုပြင်လို့ ရတာပဲ။ အဲ စည်ပင်က ဈေးသည်တွေ အတွက် နေရာ သတ်သတ်မှတ်မှတ် လုပ်ပေးပေါ့။ မတတ်နိုင်တဲ့ သူတွေအတွက် ဆိုင်ခွန် နည်းနည်းနဲ နှစ်ရှည် ကောက်ပေါ့။ လုပ်လို့ရတာပဲ။ စည်းကမ်းက စည်းကမ်းပဲ။

  1. ပြည်ချစ်သားကောင်း said... :

    သန့် ရှင်းသပ်ရပ်တဲ့ ပလက်ဖောင်းလမ်းတွေကိုပဲမြင်ချင်ပါတယ်။ လမ်းဘေးဈေးသည်တွေအတွက် ညဈေးတန်းလိုမျိုးတစ်ခု ဖွင့်ပေးသင့်ပါတယ်။ အရင်က ဥပဒေကို ငွေကစိုးမိုးခဲ့တယ်။ မရောင်းရဘူးဆိုတဲ့ ဥပဒေရှိတယ်။ စည်ပင်ကိုပိုက်ဆံပေးပြီးရောင်းတယ်။ အခုကော ဥပဒေက ငွေကိုပြန်ပြီးစိုးမိုးအောင် ဦးသိန်းစိန် အစိုးရဘယ်လိုလုပ်မှာလဲ။ စိန်ခေါ်မှုအသေးတွေရော အကြီးတွေရောနဲ့  အစိုးရသစ်လက်ထက်မှာ ပြည်သူတွေအကုန်လုံးကလည်း အကောင်းဘက်ကိုမျှော်လင့်ကြပါတယ်။ ခွေးပြော ၀က်ပြော မှိုချိုး မျှစ်ချိုးပြောနေကြတာ ဒီအစိုးရကို အရင်အစိုးရထက်ပိုကောင်းမယ်လို့ မျှော်လင့်နေကြလို့ ပါ။ အရင်အတိုင်းပဲ ဘာမှမထူးပါဘူးလို့ သာ တွက်ထားရင် သမ္မတဘာလုပ်လုပ် ဘယ်သူမှ ဂရုစိုက်နေမှာမဟုတ်ဘူး။

  1. Anonymous said... :

    ဈေးသည်တွေဘက်က ကြည့်ရင် မကောင်းဘူးဆိုပေမယ် ပတ်ဝန်းကျင် ဘက်ကကြည့်ရင်တော့ အဆင်ပြေပါတယ်။ မဟုတ်ရင် ဒီ ပန်းဆိုးတန်းတို့ဘက်ကကို ညနေ သွားစရာရှိရင်တောင် သွားရတာ အဆင်မပြေဘူး။ ပလက်ဖောင်းပေါ်လည်း တက်လျှောက်လို့မရလို့ လမ်းမတွေပေါ်ကနေ လျှောက်နေရတယ်။

  1. Anonymous said... :

    ကောင်းအောင်တော့စေတနာထားလုပ်ပေးတယ်ထင်တာပဲ
    ဒီလမ်းဘေးဈေးသည်ဆိုတာကလဲတစ်နေ့လုပ်တစ်နေ့စား တွေ၊စည်းကမ်းဆိုတာသိတာမဟုတ်ဘူး၊သူတို့ကိုပညာ ပေးဖို့ဆိုတာလဲမလွယ်ဘူး၊ဒီလိုအာဏာနဲ့ရှင်းပီးမှသူတို့ သက်သာချောင်ချိရေးအတွက်တာဝန်ရှိသူတွေစဉ်းစားသင့် တယ်ထင်ပါတယ်၊ လုပ်စားတော့မိုးခေါင်-ခိုးစားတော့ခွေး ဟောင်ဆိုတာမျိုးတော့မဖြစ်ရင်ကောင်းတာပဲ အားလုံးက မြန်မာလူမျိုးတွေ၊ ကိုယ်ချင်းစာတရားလေးတော့၂ဘက်လုံး
    မှာရှိရင်အကောင်းဆုံးဖြစ်သွားလိမ့်မယ်ထင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved