နေပြည်တော် ဈေးကြီးများတွင် ပြည့်တန်ဆာဈေးကွက် ကြီးထွားနေ

Wednesday, July 27, 2011


နေပြည်တော်၏ အထင်ကရဈေးကြီးများဖြစ်သော နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခ ကုန်စိမ်းဈေး၊ ယုဇနဈေး စသည်တို့တွင် ပြည့်တန်ဆာဈေးကွက် ကြီးထွားလာနေကြောင်း ဒေသခံများက ပြောကြသည်။

ယင်းဈေးကွက် ကျယ်ပြန့်လာမှုသည် နေပြည်တော်တွင် ဇူလိုင်လ ၁ ရက်မှစတင်ကာ ပြုလုပ်ခဲ့သော အနှိပ်ခန်း၊ ကာရာအိုကေ အမည်ခံများနှင့် စင်တင်စားသောက်ဆိုင် တချို့ကို ဖမ်းဆီး နှိပ်ကွပ်ခဲ့ပြီးနောက်တွင် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပြီးခဲ့တဲ့ အပတ်က သပြေကုန်းဈေးမှာ ကားစောင့်နေတုန်း အသက် ၂၀ ကျော် ကောင်မလေး တယောက်က အော်ဒါ ဆို ၂၀၀၀၀၊ တခါပျော်ရင် ၅၀၀၀ ဆိုပြီး လာပြောတယ်ဗျာ” ဟု နေပြည်တော်ရှိ ၀န်ထမ်းတဦးက ပြောသည်။

ထိုကဲ့သို့ ကားစောင့်ရင်း ဈေးခေါ်ခံရမှုများသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုနောက်ပိုင်း ပိုများလာကြောင်း ပျဉ်းမနား
အာဟာရသုခ ဈေးအနီး နေထိုင်သူတဦးက ဆိုသည်။

“ကျမတို့ ကားစောင့်ရင်း တချို့က အဲဒီလို ကောင်မလေးတွေနဲ့ မှားပြီး အပြောအဆိုခံရတယ်။ မနေ့ညနေက ဆိုရင် မြို့မဈေးမှာ ဈေးဝယ်ပြီးပြန်လာတော့ လူတယောက်က အော်ဒါလိုက်မလားတဲ့ လာမေးတာ။ အရမ်းရှက်ဖို့ကောင်းတာပဲ” ဟု နေပြည်တော်ရှိ အမျိုးသမီး ၀န်ထမ်းတဦးက ပြောသည်။

နေပြည်တော်ရှိ အရပ်ဘက် အရာရှိကြီးတဦးက “မြန်မာပြည်က မြို့တိုင်းလိုလိုမှာ အနှိပ်ခန်း၊ စင်တင်၊ ကာရာအိုကေတွေမှာ အလုပ် လုပ်နေတဲ့ မိန်းကလေးတွေ အများကြီး။ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေလည်း မနည်းဘူး။ အလုပ်အကိုင် မဖန်တီးပေးဘဲနဲ့ ဖမ်းဆီးရုံဆို သူတို့ကို ပြည့်တန်ဆာဈေးကွက်ထဲ ရောက်ပြီး သွေးသားရောင်းစားရတဲ့ ဘ၀မျိုး မရောက် ရောက်အောင် တွန်းပို့တာနဲ့ တူနေတယ်” ဟု ဆိုသည်။

“ကျမက အရင်က ပေါင်းလောင်းက အနှိပ်ခန်းတခုမှာ လုပ်တယ်လေ။ တရက်ကို အနည်းဆုံး တသောင်းလောက်ဝင်ပါတယ်။ အိမ်ကိုလည်း တလ နှစ်သိန်းလောက် ပို့နိုင်တယ်။ ဆက်ရှင် ၀င်ချင်တဲ့သူများတော့ ကျမတို့က အပေါ်စီးကပေါ့။ အခုတော့ ကျမတို့က လမ်းဘေးမှာ သွေးသား ရောင်းစားရတဲ့ ဘ၀ရောက်သွားတာပေါ့” ဟု အာဟရသုခဈေး အနီးတွင် လိင်အလုပ်သမအဖြစ် လုပ်ကိုင်နေသူ
အမျိုးသမီးတဦးက ပြောသည်။

စည်သူ

3 comments :

  1. Anonymous said... :

    ပိတ်သိမ်း၊ဖမ်းဆီးအရေးယူခြင်းနဲ့ ဒီပြဿနာ မပပျောက်နိုင်ပါဘူး။ ကမ္ဘာ့ နိုင်ငံအသီးအသီးမှာ၊ စီးပွားရေး အင်အားကြီးနိုင်ငံတွေမှာတောင်ရှိပါတယ်။ ယဉ်ကျေးမှုအရမသင့်တော်ပေမယ့်လည်း ၀မ်းစာရေးအရ အခက်ခဲရှိလို့ လုပ်ရတာလည်း အကြောင်းအရင်း တစ်ခုဖြစ်နိုင်တဲ့အတွက် ဖမ်းဆီးအရေးယူခြင်းအပြင် အခြားနည်းလမ်းများ ကိုလည်း စဉ်းစားပေး သင့်ပါတယ်။ ပပျောက်မှာ မဟုတ်ပေမယ့် လျော့ပါးအောင် ကူညီတာ မျိုးဖြစ်သင့်ပါတယ်။ အရေးကြီးတာကတော့ အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုကိုလည်း ထိန်းချုပ်ဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

  1. မောင်ကောင်း said... :

    နေပြည်တော်မှာ ဘာလို့ ပြည့်တန်ဆာလုပ်ငန်းတွေ စုပုံနေရသလဲဆိုရင် အကြမ်းဖျဉ်းအားဖြင့်တော့ နေပြည်တော်မှာ စစ်ဘို စစ်သားအများစုဟာ သုံးနှိုင်ဖြုန်းနိုင်နေတယ် ( ဂွင်မှန်နေသူတွေပေါ့ ) နောက်ပြီး ဆောက်လုပ်ရေးအလုပ်သမားခေါင်းတွေ ရန်ကုန်ကလာတဲ့ ပွဲစားနံစားတွေ ကိုအဓိက တားကက်ထားတာကြောင့်ဖြစ်နိုင်ပါတယ်၊ အဲ့ဒါနဲ့ဒွန်တွဲလျှက်ကတော့ ယာဘစိတ်ကြွဆေးဈေးကွက်ဟာလဲ တော်တော်လေးတွင်ကျယ်လာတယ်လို့ ပြောပါတယ်

  1. Anonymous said... :

    ခေါင်းစဉ်ကိုက ´နေပြည်တော်´ မဟုတ်ဘူး `ပြည့်တန်ဆာပြည်တော်´ လေ... နေပြည်တော်မြို့မဈေးပုံကလဲ တောလိုဘဲ ခြောက်သွေ့နေတယ်နော.. ခွေးတောင် မနေချင်လောက်ဘူး..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved