ရန်ကုန် အဲဝေးစ် ပြန်ပြေးမယ်

Friday, September 23, 2011

ဓာတ်ပုံ - travelpod


လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် (Aircraft Operator Certificate) မရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ထားတဲ့ ရန်ကုန်အဲဝေးစ် ပြည်တွင်းလေကြောင်းလိုင်းကို လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြန်လည် ပြေးဆွဲတော့မယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

သတင်းထဲမှာတော့ ပြင်သစ်နိုင်ငံလုပ် ATR အမျိုးအစား လေယာဉ်တွေနဲ့ ပြေးဆွဲခဲ့တဲ့ ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းကို အခုအခါ အတွေ့အကြုံရင့်ကျက်တဲ့ လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေ၊ ဝေဟင်မြေပြင် ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပြန်လည် ဖွဲ့စည်းပြီး အကောင်းဆုံးဝန်ဆောင်မှုပေးကာ ပြန်လည်ပြေးဆွဲတော့မယ်လို့ ရေးသားထားပါတယ်။

ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းကို အရင်ကတော့ “၀” ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းရဲ့ သားမက် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ပိုင်ဆိုင်တယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းမှာ နာမည်ထွက်ခဲ့ပါတယ်။

ဦးအိုက်ဟော့ဟာ ၂၀၀၃ ခုနှစ်က တရားမ၀င် ငွေကြေးခ၀ါချမှု ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်သိမ်းခံခဲ့ရတဲ့ မြန်မာမေဖလားဝါးဘဏ်ကိုလည်း ပိုင်ဆိုင်ခဲ့သူတဦးဖြစ်တယ်လို့ ပြည်းတွင်းအခြေစိုက် ဘဏ်လုပ်ငန်းရှင်အသိုင်းအ၀န်းက သိရပါတယ်။

အစိုးရနဲ့ UWSA အကြား နယ်ခြားစောင့်တပ်နဲ့ ပတ်သက်လို့ တင်းမာမှု စတင်ဖြစ်ချိန်မှာ မြန်မာနိုင်ငံမြို့ကြီးတွေမှာ အခြေချထားတဲ့ UWSA အဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းတွေကို “၀” ခေါင်းဆောင်တွေက ပြန်လည်ရုတ်သိမ်းဖို့ အမိန်ပေးခဲ့ပေမယ့် ဦးအိုက်ဟော့ ပိုင်ဆိုင်တဲ့ ရန်ကုန်အဲဝေးစ်က ချွင်းချက်နဲ့ ချန်ထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။

ပြီးခဲ့တဲနှစ် နိုဝင်ဘာလ နှစ်ဖက်တင်းမာမှု အမြင့်ဆုံးရောက်လာချိန်မှာ ရန်ကုန်အဲဝေးစ်ကိုလည်း လေယာဉ်ပျံသန်း ပြေးဆွဲခွင့် လက်မှတ် မရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့ပါတယ်။

ပိတ်ပင်ခံရချိန်မှာ ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ပြေးဆွဲဖို့အတွက် စီစဉ်ထားပြီးပါပြီ။ ချင်းမိုင်မြို့ကို ပို့လွှတ်ထားတဲ့ ၀န်ထမ်းတချို့ကို ပြန်လည်ခေါ်ယူခဲ့ရပြီး ငှားရမ်းထားတဲ့ ရုံးခန်းကို ပြန်လည်အပ်နှံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ ရပ်နားထားရတဲ့ ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းကို အစိုးရနဲ့ နီးစပ်သူတဦးလို့ လူသိများတဲ့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်စ်မြန်မာ ကုမ္ပဏီ ဦးဇော်ဇော်က ဒုသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ ခွင့်ပြုချက်နဲ့ ၀ယ်ယူခဲ့တယ်လို့ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းအသိုင်းအ၀န်းရဲ့ ပြောဆိုမှုကို ကိုးကားပြီး ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ရေးသားခဲ့ပါတယ်။

ဦးဇော်ဇော်ကတော့ မက်စ်မြန်မာ ကုမ္ပဏီအနေနဲ့ လေကြောင်းလိုင်းဝယ်ယူတယ်ဆိုတာ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အခုအသစ်ပြေးဆွဲမယ့် ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းကိုတော့ မကြာသေးမီက အစိုးရနဲ့ ပဏာမငြိမ်းချမ်းရေး ရယူခဲ့တဲ့ UWSA အဖွဲ့က မူလပိုင်ရှင် ဦးအိုက်ဟော့ကပဲ ပြန်လည်ပြေးဆွဲမလား၊ ပိုင်ရှင်အသစ်ကပဲ ပြေးဆွဲမလားဆိုတာကိုတော့ အစိုးရသတင်းထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။

ရန်ကုန်အဲဝေးစ် လေကြောင်းလိုင်းဟာ ၁၉၉၆ ခုနှစ်မှာ မြန်မာလေကြောင်းနဲ့ ထိုင်းနိုင်ငံ Krong- sombat ကုမ္ပဏီတို့ ဖက်စပ်တည်ထောင်ခဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

ရန်ပိုင်
စက်တင်ဘာ ၂၃၊ ၂၀၁၁







1 comments :

  1. Anonymous said... :

    မူလပိုင်ရှင် ဦးအိုက်ဟော့ကပဲ ပြန်လည်ပြေးဆွဲပါမည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved