စိုင်းထီးဆိုင် (၂)

Monday, September 5, 2011

'




နိုင်ငံကျော် အနုပညာတစ်ယောက်နှင့် မဆလ ခေတ်တစ်ခေတ် (၂)
ရန်နိုင်ဝင်း


စိုင်းထီးဆိုင် (၁၉၅၀-၂၀၀၈)
သရုပ်ဖော် ပန်းချီ - အောင်လတ်


ဧရာဝတီမှာ နိုဝင်ဘာ ဒီဇင်ဘာ ၂ဝ၊ ၂ဝဝ၂ တုန်းက ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

မဆလ ခေတ်ဦးပိုင်းမှာ “စိုင်းထီးဆိုင်” ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ အဆိုတော်ရဲ့သီချင်းတွေ စပြီးထွက်လာပါတယ်။ အသံသွင်းတိတ်ကြိုးခွေပေါ်က ပထမဆုံး ပေါ်ထွက်လာတဲ့ စိုင်းထီးဆိုင်သီချင်းသံကတော့ ‘ကွဲနေသောမှန်စများ’ ဖြစ်ပါတယ်။ လူမှုဘဝ ပုံရိပ်တစွန်းတစကို ဖွဲ့နွဲ့ပြီး သီဆိုထားရာမှာ လူမှုနောက်ခံ အခြေအနေများကို သရော်ထားတဲ့ သီချင်းတစ်ပုဒ်၊ တေးရေးသူ စိုင်းခမ်းလိတ်ရဲ့ ငယ်နုစဉ်အခါက ရေးဖွဲ့ဟန်ကို တွေ့ရပါတယ်။ စေတနာ(သဒ္ဓါ)တရား ထက်သန်တယ်ဆိုတဲ့ တိုင်းပြည်မှာ အပေးအကမ်းနည်းလို့ မဝရေစာ စားနေရတဲ့ သူတောင်းစားတစ်ယောက်အတွက် “ဗုဒ္ဓတရားရေ မခန်းသေးသရွေ့ သူမငတ်သေးပါဘူး” လို့ဆိုပြီး အဆုံးသတ်ထားပါတယ်။ ဒီစီးရီးမှာပဲ “အစ်ကိုတို့ရေ - ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ၊ တောင်ပေါ်မြေရဲ့ အခြားတစ်ဖက်မျက်နှာမှာ - ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ၊ သာယာတယ်ဆိုတဲ့ ထင်းရှူး တောတွေဟာ - လောင်ရာတွေနဲ့ရုပ်ပျက်နေ” ဆိုပြီး ရေးဖွဲ့သီဆိုထားပုံဟာ ချယ်ရီမြေက ရှမ်းတိုင်းရင်းသားတွေ အတွက်တော့ နှစ်ပေါင်းများစွာ ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်နေကြရတဲ့ ရှမ်းပြည်က ပြည်တွင်းစစ်ခံစားမှု တစိတ်တပိုင်းကို သီချင်းထဲကနေ ထင်ဟပ်ပြလိုက်သလိုပါပဲ။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရှမ်းပြည်ခွဲထွက်ခွင့်ဆုံးရှုံးခဲ့ရတာကို ရည်ညွှန်းလိုဟန်ရှိတဲ့ တခြားသီချင်းတစ်ပုဒ်ကတော့ နောက်စီးရီးတစ်ခုထဲက ‘ငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ်’ ဖြစ်ပါတယ်။ ၁ဝ နှစ်နီးပါး စောင့်စားခဲ့ပြီးမှ ဝေးကွာခဲ့ရတဲ့ ချစ်သူမိန်းကလေးကို တိုင်တည် သီဆိုထားသလိုနဲ့ မြန်မာနိုင်ငံရဲ့ ပြည်မကြီး(မင်းသမီးပျိုလေး)မှာတော့ ငြိမ်းချမ်းနေပြီး ငွေတောင်တန်းများနောက်က ရှမ်းပြည်နယ်(အဝေးရောက်သား) အတွက်ကတော့ မီးလောင်နေဆဲပဲ ဆိုတာကို လှလှပပ တိတ်တခိုးပြောပြလိုက်တဲ့ သီချင်းပါပဲ။ စိုင်းထီးဆိုင်၊ စိုင်းခမ်းလိတ်တို့ရဲ့ မဆလခေတ်ပြိုင် ခံစားမှုတစ်ခုပါ။

မဆလအစိုးရ ခေတ်ကောင်းနေချိန်၊ မြန်မာပြည်လူထု စားဝတ်နေရေးကျပ်တည်းနေချိန်၊ စာပေလောကမှာ စာပေစိစစ်ရေး အကန့်အသတ်တွေများပြားလာချိန်မှာ တေးဂီတလောကကတော့ အထိုက်အလျောက် လွတ်လပ်ခွင့် ရှိသယောင်ယောင်ပါပဲ။ ဒီကာလမှာ ထွက်လာတဲ့ စိုင်းထီးဆိုင်သီချင်း အတော်များများဟာ ချစ်ခြင်းမေတ္တာဖွဲ့ တေးအနုအလှများသာမကဘဲ သာမန်ပြည်သူတွေရဲ့ခံစားမှုကို ထင်ဟပ်နိုင်ခဲ့တဲ့သီချင်း အများအပြား ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးအနှံ့ ကျော်ကြားခဲ့တဲ့ တေးစီးရီးများဖြစ်တဲ့ လူကြမ်းမင်းသား၊ ပလက်ဖောင်းမင်းသား စီးရီးတွေကိုကြည့်ရင် ‘နံရံကို လက်သီးနဲ့ထိုးမိတယ်’ ‘တရုတ်တန်းဈေးက အဖြစ်အပျက်ကလေး’ ‘ပလက်ဖောင်းမင်းသား’ စတဲ့သီချင်းတွေဟာ ခေတ်လူငယ် အများရော လူကြီးတွေပါ နှစ်သက်နားဝင်တဲ့ လူမှုဘဝပုံရိပ်ပြ သီချင်းတွေဖြစ်ပါတယ်။ ဒါတင်မကဘဲ လူမှုဘဝတွေထဲက ရင်နာဖွယ်၊ ရင်နင့်ဖွယ်ကောင်းတဲ့ အဖြစ်အပျက် အတွေ့အကြုံတချို့ကို ဖွဲ့စပ်သီဆိုထားတဲ့ ‘အဖေရောက်တဲ့အခါ ပြန်နှိုးပါ’၊ ‘ဆင်းရဲသားအတွေး’ စတဲ့ သီချင်းတွေလည်း ပရိသတ်အကြားမှာ ပံျ့လွင့်ခဲ့ပါတယ်။

မြန်မာပြည်လူငယ်များအတွက် ဖျော်ဖြေစရာ၊ ဉာဏ်ကွန့်မြူးစရာ အလွန်ရှားပါးလှတဲ့ ဒီ မဆလ ခေတ်မှာ လမ်းဘေး ဂစ်တာဝိုင်းကလေးတွေဟာ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခု၊ ဖျော်ဖြေမှုတစ်ခု အသေအချာကို ဖြစ်ခဲ့ပါတယ်။ လက်ရှိ နအဖ ခေတ်လို ကာရာအိုကေတို့ ဘီယာဘားတို့ နိုက်ကလပ်တို့ မရှိသေးတဲ့အတွက် လက်ဖက်ရည်ဆိုင်တွေပြီးရင် လမ်းဘေးဂစ်တာဝိုင်းတွေဟာ ခေတ်လူငယ်တွေ စုဝေးမိရာ နေရာတစ်ခုပါပဲ။ ခေတ်ပြိုင်အဆိုတော်များဖြစ်ကြတဲ့ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ခင်ဝမ်း တို့ရဲ့ သီချင်းတွေကို လမ်းဘေးဂစ်တာဝိုင်းတွေမှာ လူငယ်တွေ တမက်မောမော သီဆိုကြပါတယ်။ အထူးသဖြင့် စိုင်းထီးဆိုင်သီချင်းတွေကို ရှမ်းပြည်လူငယ်ပရိသတ်အများစုက ပိုပြီး မြတ်မြတ်နိုးနိုး သီဆိုကြတာကို တွေ့ရပါတယ်။ ရှမ်းပြည် အငွေ့အသက်များပါဝင်တဲ့ သီချင်းတွေထဲက ‘ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိ’လို သီချင်းမျိုးကိုလည်း မရိုးနိုင်အောင် သီဆိုကြသလို လူငယ်အားလုံး ခံစားနိုင်ကြတဲ့ ‘သဘာဝရဲ့ရင်သွေးငယ်’လို သီချင်းတွေကိုလည်း နှစ်သက်စွာ သီဆိုကြတာတွေ့ရပါတယ်။ ရှမ်းရိုးရာရင်ခုန်သံကို နှိုးဆွပေးနိုင်တဲ့သံစဉ်များ ဖြစ်ကြတဲ့ ‘စတုထ္ထနိဗ္ဗာန်ကအပြန်’၊ ‘တွဲကတဲ့ ညလေးတစ်ည’၊ ‘ဂျိမ်းဖောသူ’ စတဲ့သီချင်းတွေကိုလည်း ရင်ခုန်လွမ်းမောစွာ သီဆိုကြပါတယ်။ လူကြိုက်များတဲ့ စိုင်းထီးဆိုင်သီချင်းတွေကို ဖော်ပြရမယ်ဆိုရင် သီချင်းအကုန်လုံး နီးပါးကို ပြန်ရေးချပြရလောက်အောင်ပဲ များပါလိမ့်မယ်။ ဒီခေတ်ဒီကာလမှာ ပေါ်ထွက်လာခဲ့တဲ့ စိုင်းထီးဆိုင် သီချင်းအများစုဟာ ဝေဖန်စရာမရှိလောက်အောင်ပဲ သံစဉ်၊ စာသား၊ သီဆိုမှု၊ တီးခတ်မှုအပိုင်း အစစ အရာရာ ပြည့်စုံလွန်းပါတယ်။ ဒါတွေဟာ ဖန်တီးသူများရဲ့ အနုပညာအားကောင်းခြင်း၊ ရိုးသားခြင်း ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ အရည်အချင်းကို ပြသနေတာပါ။

"လူကြိုက်များတဲ့ စိုင်းထီးဆိုင်သီချင်းတွေကို ဖော်ပြရမယ်ဆိုရင် သီချင်းအကုန်လုံး နီးပါးကို ပြန်ရေးချပြရလောက်အောင်ပဲ များပါလိမ့်မယ်"

ဒီလောက်အနုပညာအားကောင်းပြီး ပရိသတ်ရဲ့ရင်ခုန်သံ၊ ခံစားမှုကို နှလုံးသားအာဟာရ ဖြည့်စွမ်းပေးနိုင်ခဲ့တဲ့ အနုပညာသည်တစ်ဦးကို ဒီလိုခေတ်အခါမျိုးမှာ ရရှိလိုက်တာဟာ အင်မတန်အဖိုးတန်တဲ့ ရတနာပစ္စည်းတစ်ခု ရရှိလိုက်သလိုပါပဲ။ မြန်မာပြည်ရဲ့ မဆလခေတ်ဆိုတာကလည်း အစစ်ရတနာရှားပါးပြီး အတုအညာတွေ ပေါများခဲ့တဲ့ခေတ်ဆိုတော့ စိုင်းထီးဆိုင်လိုအဆိုတော်တွေအပါအဝင် တချို့သော အနုပညာရှင်တွေကို တန်ဖိုးထားကြတာဟာ တကယ်လည်း သဘာဝကျပါတယ်။ တန်ဖိုးလည်းထားသင့်ပါတယ်။ သူတို့ရဲ့သီချင်းတွေဟာ ကျနော်တို့ရဲ့ ခေတ်ပြိုင်ရင်ခုန်သံတွေ၊ ခံစားမှုတွေကို ကိုယ်စားပြုတဲ့ အနုပညာဖန်တီးမှုတွေပါပဲ။

စာပေနည်းတူပဲ သီချင်းတွေမှာလည်း ခေတ်òပိင်ခံစားမှုကို ထင်ဟပ်ဖော်ကျူးတဲ့ သီချင်းအချို့ဟာ ခေတ်ဆိုးစနစ်ဆိုးဖန်တီးလိုသူများရဲ့ တားမြစ်ပိတ်ပင်တာကို ခံခဲ့ရပါသေးတယ်။ ကွယ်လွန်သူ တေးရေးဆရာ ကိုသန်းဌေး ၁၉၈ဝ ပြည့်နှစ် မတိုင်မီက ရေးဖွဲ့ခဲ့တဲ့ ‘စစ် နှင့် ငြိမ်းချမ်းရေး’၊ စိုင်းခမ်းလိတ်ရေးဖွဲ့တဲ့‘လူငယ်ခြေကျ’၊ ‘စာခြောက်ရုပ်’ စတဲ့သီချင်းတွေကို အသံသွင်းထုတ်ဝေခွင့်မရခဲ့ပါဘူး။ ရန်ကုန်စတိတ်ရှိုးတချို့မှာ ‘စစ် နှင့်ငြိမ်းချမ်းရေး’ ကို ခိုင်ထူး ဆိုပြခဲ့ဖူးတယ်။ ‘လူငယ်ခြေကျ’၊ ‘စာခြောက်ရုပ်’ ကိုတော့ စိုင်းထီးဆိုင် အလျဉ်းသင့်သလို သူ့ပရိသတ်အချို့ကို ဆိုပြခဲ့တယ်။ ဒီလိုနဲ့ ဒီသီချင်းတွေကို တစ်ယောက်ကတစ်ယောက် လက်ဆင့်ကမ်းပြီး လူငယ်တွေ သီဆိုနိုင်ခဲ့ကြတယ်။ ခေတ်ဆိုးစနစ်ဆိုးကို ဝေဖန်ထင်ဟပ်ပြတဲ့သီချင်းတွေကို အဲဒီခေတ်ဆိုးစနစ်ဆိုးမှာ ကြီးပြင်းလာရတဲ့ လူငယ်အများစုက ကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ယှဉ်ပြီး နှစ်သက်လက်ခံခဲ့ကြပါတယ်။

စိုင်းခမ်းလိတ်ရဲ့ နိုင်ငံရေးနဲ့ဆက်စပ်နေတဲ့သီချင်းတွေအပါအဝင် သီချင်းအားလုံးကို တစ်ပြည်လုံး ပျံ့နှံ့စေခဲ့သူ စိုင်းထီးဆိုင်ကိုလည်း လူငယ်တွေက (သူ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးတယ်ဆိုတဲ့ အချက်ကိုတောင် အရေးတကြီး ထည့်မစဉ်းစားဘဲ) ပရိသတ်ကို ရင်ခုန်နှစ်သိမ့်စေသူ၊ ပရိသတ်ကို လေးစားချစ်ခင်သူ အနုပညာသမားတစ်ဦးအဖြစ်ပဲ သဘောထားခဲ့ကြပါတယ်။ ပရိသတ်တင်မကဘဲ ပြည်သူလူထုအမြင်မှာပါ တန်ဖိုးထားထိုက်သူတစ်ဦးအဖြစ် သတ်မှတ်လိုက်ကြတာကတော့ ၁၉၈၈ ခုနှစ်၊ စစ်အစိုးရက သေနတ်ကိုမိုးပေါ်ထောင်မပစ်ဘဲ လူထုရင်ဝကို တည့်တည့်ပစ်နေတဲ့အချိန်၊ ဒီမိုကရေစီရေးဆန္ဒပြပွဲများ မိုးလုံးညံနေခဲ့တဲ့ကာလ၊ အနုပညာရှင်များကိုယ်စား သူနဲ့ အဆိုတော် တူးတူးတို့ နှစ်ယောက် ရှေ့ဆုံးကနေ သတ္တိရှိရှိ စာတန်းကိုင်ဆွဲ ချီတက်ဆန္ဒပြခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။

အဲဒီနောက် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းတဲ့အခါမှာလည်း သတင်းစာဆရာကြီး ဦးဝင်းတင် (အကျဉ်းကျခံနေရဆဲ)၊ စာရေးဆရာ မောင်သော်က (အကျဉ်းကျခံနေရစဉ် ကွယ်လွန်) တို့နဲ့အတူ စိုင်းထီးဆိုင်ဟာလည်း တတ်သိပညာရှင်များ အစုအဖွဲ့အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်လိုက်ပါတယ်။ အဲဒီမှာပဲ စိုင်းထီးဆိုင်ရဲ့ အနုပညာဘဝနဲ့ ပုဂ္ဂလိကဘဝ အကြားက နယ်သတ်မျဉ်းပါးပါးလေးကို အနုပညာသမားစစ်စစ်တို့ရဲ့ တတိယအင်္ဂါရပ်က မှတ်ကျောက်တင်စစ်ဆေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။

စည်းရုံးရေးလုပ်ငန်းစဉ်တချို့နဲ့ပတ်သက်ပြီး စိုင်းထီးဆိုင်က သူ အားနာတတ်တဲ့အကြောင်း အဖွဲ့ချုပ်(NLD)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့အခါမှာ “စိုင်းထီးဆိုင် - နိုင်ငံရေးလုပ်ရင်တော့ အဲဒီလိုအားနာလို့မရဘူး”ဆိုပြီး ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ မိမိယုံကြည်ရာကိုလုပ်တဲ့အခါမှာ အားနာခြင်းဆိုတာ ကြောက်ခြင်းတစ်မျိုးပဲလို့ ယူဆရမှာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်တဲ့ စိုင်းထီးဆိုင်တစ်ယောက် စစ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို လက်တွေ့ရင်ဆိုင်လာရတဲ့အချိန်မှာ သူ့အတွက် “လမ်းနှစ်သွယ်” ရွေးချယ်စရာóကံလာရပါတော့တယ်။

ကဗျာဆရာကြီး (ဦး)တင်မိုးပြောသလို “သီချင်းဆိုတဲ့လူပဲ၊ တိတ်ခွေမထုတ်ရဘူး စတိတ်ရှိုးမဆိုရဘူး ဆိုလည်း ဘာဖြစ်လဲ။ သစ်ပင်အောက်မှာဆိုမယ် - ရတာပဲ” ဆိုတဲ့ မိမိအနုပညာအတွက် ဘယ်အကန့်အသတ် အချုပ်အချယ်နဲ့မှ ဈေးမဆစ်ဘဲ သတ္တိရှိရှိရပ်တည်ရဲတဲ့လမ်းမျိုးကို စိုင်းထီးဆိုင် ရွေးချယ်ခဲ့ပါသလား။ တိတ်ခွေထုတ်ခွင့်၊ စတိတ်ရှိုးဆိုခွင့်၊ ရုပ်ရှင်ရိုက်ခွင့်ရရှိဖို့အတွက် ခိုင်းတာလုပ်ရတဲ့လမ်းကို စိုင်းထီးဆိုင် ရွေးချယ်ခဲ့ပါပြီ။ သူရရှိလိုက်တဲ့ အခွင့်အရေးတွေကတော့ တိတ်ခွေထုတ်ခွင့်၊ စတိတ်ရှိုးဆိုခွင့်၊ ရုပ်ရှင်ရိုက်ခွင့်တင်မကပါဘူး၊ “ပါပီမ”လို (မြန်မာစစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး)ရုပ်ရှင်တွေမှာ နောက်ခံသီချင်း သီဆိုခွင့်ကိုပါ အပိုဆုအဖြစ်ရခဲ့ပါတယ်။

သူဆုံးရှုံးခဲ့ရတာကတော့ အနုပညာဘဝနဲ့ ပုဂ္ဂလိကဘဝအကြားက နယ်သတ်မျဉ်းလေးပါပဲ။ သူဟာ အနုပညာရှင်လား၊ အဆိုတော်လားဆိုတာ သူ့ပရိသတ်ကို ဆုံးဖြတ်ခိုင်းခဲ့တဲ့ အလှည့်အပြောင်းလေးပါပဲ။ အနုပညာရှင် စစ်စစ်တွေမှာမှ တွေ့နိုင်တဲ့အင်္ဂါရပ် ၃ ခုဖြစ်တဲ့ “အနုပညာအားကောင်းခြင်း၊ ရိုးသားခြင်း၊ သတ္တိရှိခြင်း” ဆိုတဲ့ မှတ်ကျောက်မှာ စိုင်းထီးဆိုင် ပွတ်တိုက်စစ်ဆေးခံခဲ့ရပါပြီ။

စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ သီချင်းတိတ်ခွေတွေကတော့ ဒီနေ့အထိလည်း အရောင်းဆိုင်များမှာ ရောင်းနေကြဆဲပါပဲ။ သူစတင်သီဆိုခဲ့တဲ့တိတ်ခွေတွေရော သူပြန်ဆိုတဲ့ အမှတ်တရတို့၊ ထာဝရတို့၊ အကောင်းဆုံး တို့ဆိုတဲ့ တိတ်ခွေတွေအပြင် အဆိုတော်အများ ဝိုင်းဝန်း သီဆိုကြတဲ့ ကာရာအိုကေ အပါအဝင် ပြန်ဆိုတေး ပဒေသာတိတ်ခွေတွေပါ ဒီနေ့ နအဖခေတ် မြန်မာပြည်မှာ ရောင်းနေကြဆဲပါပဲ။ ဒါပေမယ့် ပရိသတ်ရဲ့ရင်ကို လှုပ်ခတ်စေခဲ့တဲ့ တစ်ခေတ်တစ်ခါက စိုင်းထီးဆိုင်အနှစ်သာရတေးများ Essential Sai Htee Hseng လို တိတ်ခွေထွက်ချိန်ကို စိတ်ဝင်တစားစောင့်ဆိုင်းနားထောင်ကြရတဲ့ သီချင်းတွေမဟုတ်တော့ဘဲ Hypocritical Sai Htee Hseng ရောင်းတမ်းဝင်သီချင်းတွေ ဖြစ်ခဲ့ပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် မဆလ ခေတ်မှာ ကြီးပြင်းလာရသူတွေအတွက်တော့ ပရိသတ်ရင်ကို လှုပ်ခတ်ပျံ့လွင့်ခဲ့တဲ့ စိုင်းထီးဆိုင်သီချင်းတွေကို တခါတလေ လွမ်းဆွတ်အောက်မေ့နေကြမှာ အမှန်ပါပဲ။ ။




'

4 comments :

  1. ကေကေအို said... :

    လူကြိုက်များတဲ့ စိုင်းထီးဆိုင်သီချင်းတွေကို ဖော်ပြရမယ်ဆိုရင် သီချင်းအကုန်လုံး နီးပါးကို ပြန်ရေးချပြရလောက်အောင်ပဲ များပါလိမ့်မယ်။ Youtube မှာ ကျနော်တင်ခဲ့တဲ့ ခြင်္သေ့လည်ပြန် သီချင်းဖိုင်လေးကို သုံးထားတာ တွေ့ရလို့ ဝမ်းသာပါတယ်။

  1. Anonymous said... :

    အဟောင်းတွေထဲကအကောင်းတွေကိုထပ်တင်ပေးပါအူံး

  1. Great said... :

    This article is totally bias and unfair to Sai Tee Saing. There are so many Myanmar artists and actors who had sided with Ne Win and Military Junta. Like Nyunt Win, Lwin Moe etc.. You name it...These two are even proud of what they did.. Compare to them, and you decide....Remember No one is perfect ...

  1. hjk said... :

    စိုင်းထီးဆိုင် သီချင်းဆိုခွင့်ရအောင် မဆလ အသုံးချတာခံလိုက်တာမှန်တယ် ဒါမှသီချင်းဆိုခွင့်ရမှာ အဆိုတော် သီချင်းမဆိုရရင် ဘာလုပ်မှာလဲ လူဆိုးလက်ထဲ ခေါင်းမာနေရင် သေဘို့ပဲရှိတယ် အစိုးရကြိုက်တာဆိုလိုက် ပြည်သူကြိုက်တာဆိုလိုက်
    တို့ကြိုက်တဲ့အနုပညာရှုင်နဲ့ ထိတွေ့ခွင့်ရတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved