မျက်နှာများတဲ့ ဧရာဝတီ

Tuesday, December 27, 2011 4 comments



ဟိုတုန်းက ဧရာဝတီ စာမျက်နှာ


သိပ်မကြာသေးခင်က ဟောဒီလို


အခုတော့ ဒီလို

ဧရာဝတီ ပင်မ စာမျက်နှာကို အခါအားလျော်စွာ အပြောင်းအလဲတွေ လုပ်တတ်ပါတယ်။
မကြာခင်လအနည်းငယ်အတွင်း ထပ်မံပြောင်းလဲဖို့ ပြင်ဆင်နေတဲ့အကြောင်း ရင်းမြစ်မဖော်လိုတဲ့ သတင်းရပ်ကွက်တခုဆီက သိရပါတယ်။




ဓားစာခံတွေ ဘယ်တော့ လွတ်မလဲ

5 comments

လွန်ခဲ့တဲ့ ၂၇ နှစ်က သင်္ကြန်ကာလ ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ သံချပ် အစီအစဉ်မှာ တွေ့ရတဲ့ ပေါ်ဦးထွန်း (မင်းကိုနိုင်)

အကျဉ်းသားတွေ လွှတ်ပေးမှာပါလို့ အစိုးရခေါင်းဆောင်များက တဖွဖွ ပြောနေပါတယ်။

ပြောရတာ လွယ်ပေမယ့် စောင့်ရသူများအတွက်တော့ မလွယ်ပါ။

အမြီး

3 comments

road runner

မန္တလေးအခြေစိုက် ပါတီတခုရဲ့ အလံ၊ တံဆိပ်တို့ကို ရွေးကောက်ပွဲ ကော်မရှင်က ကြော်ငြာထားပါတယ်။
၈၈-ပြည်သူ့အင်အားစုပါတီ တံဆိပ် ခွပ်ဒေါင်းမှာ အမြီးက အနောက်တိုင်းကာတွန်းဇာတ်ကောင်
road runner ကို အမှတ်ရစရာ ဖြစ်နေပါတယ်။

ပါဝါ ၅၄

9 comments

~




မျိုးကြီး၊ လေးဖြူ၊ ဒေါ်အောင်ဆန်းစုကြည်၊ အငဲ၊ ၀ိုင်ဝိုင်း (ဓာတ်ပုံများ - IC/Facebook)

IC တီးဝိုင်း မိသားစုက ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က သွားတွေ့ပါတယ်။

မကြာသေးမီက ဂီတလောကသမားများ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ် တွေ့ဆုံရာမှာ သူတို့ မပါဝင်ပါဘူး။
တွေ့မယ်ဆိုတဲ့သတင်း မရလို့၊ ခရီးလွန်နေကြလို့ လာမတွေ့ဖြစ်ဘဲ ခုမှ သွားရောက် တွေ့ဆုံတာဖြစ်တယ်လို့ သိရပါတယ်။

NLD က စီစဉ်တဲ့ ကြာသပတေးနေ့ (ဒီဇင်ဘာ ၃၀ ရက်နေ့) တိုင်းရင်းသားပညာရေးရန်ပုံငွေမှာ ပါဝင်ကူညီဖို့ ထင်ရှားတဲ့ တီးဝိုင်းများ၊ အဆိုတော်များက အသင့် ဖြစ်နေပါပြီ။ အဲဒီပွဲကြော်ငြာမှာတော့ IC တီးဝိုင်း နဲ့ IC အဆိုတော်များရဲ့ နာမည်ကို မတွေ့ရပါ။

လေးဖြူက အဲဒီပွဲကို ဧည့်သည်အဖြစ်နဲ့ လာမယ်၊ အခြေအနေပေးရင် စင်ပေါ်တက် ဖျော်ဖြေမယ် လို့ Burma VJ Media Network ကို ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ IC မိသားစု

တွေ့ဆုံပွဲမှာ IC မန်နေဂျာဟောင်း ကိုကိုလွင်က ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းတော်သားများ၊ အဆိုတော်များနဲ့ မိတ်ဆက်ပေးပါတယ်။

လေးဖြူနဲ့ မိတ်ဆက်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က လေးဖြူကို "သိတယ်" လို့ ပြောပါတယ်။

လေးဖြူရဲ့ ၁၉၉၅ မှာ ထွက်တဲ့
ပါဝါ သီချင်းခွေတခု အမည်က ပါဝါ ဖြစ်ပါတယ်။ မူလက ပါဝါ ၅၄ လို့ အမည်ပေးခဲ့တာပါ။ ၅၄ ဆိုတာကို ကျေးဇူးရှင် စိစစ်ရေးဌာနက ဆင်ဆာဖြတ်ပါတယ်။

အဲဒီ ဂဏန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်နံပါတ်နဲ့ တူနေတာပါ။

ဒီဖြစ်ရပ်ကြောင့်ပဲ နိုင်ငံရေးလောကမှာ လေးဖြူပါဝါ ဆိုတာတွေကို သီချင်းနားမထောင်ဘဲ အမှတ်ထင်ထင် ဖြစ်သွားသလို ဂီတလောကမှာလည်း ၅၄ ဟာ တက္ကသိုလ်ရိပ်သာလမ်းက အိမ်နံပါတ်မှန်း သိသွားကြပါတယ်။

ဆင်ဆာဖြတ်ပြီး ပါဝါ အယ်လ်ဘမ်

အခုတော့ ပါဝါ ၅၄ ကို ဖန်တီးခဲ့သူများနဲ့ နိုင်ငံရေးပါဝါ၅၄ အိမ်ရှင်တို့ တွေ့ဆုံကြပါပြီ။ ထပ်မံ တွေ့ကြဦးမယ်လို့ ဆိုပါတယ်။



~

နိုင်ငံရေးပိုင်သူ ရှားပါး

0 comments


မောင်သာနိုး

"---ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်းချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်---"

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။ လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာကို တွေ့ကြရတယ်။

ဥပမာ - ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါတယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။ အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။

ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။

တခါ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းဖြစ်တော့ နိုင်ငံရေးဆရာ တော်တော်များများက ကုလားဆန့်ကျင်ရေးသမားတွေပါ။ ကုလားတွေကို ချဖို့ ဗမာဆင်းရဲသားတွေကို မြှောက်ထိုးပင့်ကော် လုပ်ခဲ့ကြတာကလား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ “ကုလားအရေးလောက်ကိုဖြင့် ဓားသွေးလောက်တယ် ဆရာ မထင်လို့မို့” စသဖြင့် ကဗျာဖွဲ့ကာ အဓိကရုဏ်းရပ်ဖို့ မေတ္တာရပ်ခံ ကြိုးပမ်းခဲ့တယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမားအများက နယ်ချဲ့သမားနဲ့ စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာပဲ။

လွတ်လပ်ရေး ကြေညာပြီးတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ်လို့ သုံးသပ်တယ်။ ကွန်မြူနစ်ဂီတပညာရှင်က “နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ” လို့ တေးဟစ်တယ်။

နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့က လေသံပြောင်းကုန်မှ (သူတို့ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။ ဒီလိုနဲ့ ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံမှာ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ထိပ်တန်းက ရှိနေခဲ့တယ်။

ကိုယ့်ပြည်တွင်းမှာ မရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတကောင်လို ထိတ်လန့်ခြောက်ခြား နေသမို့ ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့သလို ဖြစ်ကုန်တော့တယ်။ သူတို့ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ ... စသဖြင့် စသဖြင့် ...။

၁၉၆၂ မှာ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပလို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့မရ၊ အုံကြွလာတဲ့ ပြည်သူကို မဖိနိုင်တော့တဲ့အခါ နောက်ဆုံးပိတ်နည်းလမ်းအဖြစ် နယ်ချဲ့က စစ်တပ်ကို သုံးတာ ဖြစ်တယ်လို့ အတွေးခေါင် ဝေဖန်သေးတာကလား။

ဦးနေ၀င်းတို့ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့အုပ်စုနဲ့လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယအုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။ နယ်ချဲ့တစ္ဆေကြီးက ပူးတုန်း။

သူတို့နဲ့ ပြောင်းပြန်၊ လက်ဝဲနိုင်ငံရေး ဆရာကြီးတချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊ တိုင်းပြည်ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ် ချကြတော့တာကလား။ တချို့ခေါင်းဆောင်ကြီးတွေက ဆိုရင်ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော်တော့တာ။

ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့ ကျနော်ဟာ အသက်သုံးဆယ် မပြည့်သေးပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ရေဒီယိုက ဖတ်ပြတာကို နားထောင်နေမိရာက ဘေးက သူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ” လို့ မှတ်ချက်ချမိတယ်။ အဲသလို ချာတိတ်ကျနော်က သုံးသပ်မိချိန် ကျနော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျနော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျနော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။

သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါပဲ။ “ကျနော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှားသင့်ပြီ၊ ငါတို့ပါတီမှ ငါတို့ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ကျနော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေအားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ်သဘောတရားကို ဘုံသဘော ရေးဆွဲထားတာပဲ။ ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီညွတ်ညွတ် ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ်” တဲ့။

အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့ ပီကျင်း ဘာတွေကွဲလွဲနေကြတယ်ဆိုတာကို နကန်းတလုံး သိနားလည်ပုံမရှိ။ “လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ပဲလို့ အောက့်မေ့တဲ့ နိုင်ငံရေးမူလတန်းမအောင်သူတွေသာ ဖြစ်တော့တယ်။ သတ္တ၀ါအနန္တကို မေတ္တာထားရမယ် ဆိုကာမျှနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါပဲ ဆိုတဲ့ပုံစံမျိုး။ ဒါနဲ့များ ဒီလူတွေ တောထဲဝင်လိုဝင်၊ မြို့ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ်တော်လှန်ရေး လုပ်လိုက်ကြသေးတယ်။ မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။

တောထဲရောက်နေသူကြီးတဦးက ဦးနေ၀င်း လက်ယပ်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ပေါ်ရောက်တော့ သူ့အလုပ်က မနက်တိုင်း ဗကပပျက်၊ အလံနီပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟိုဆိုင်က နို့ဆီ၊ အဲဒီ့ဆိုင်ကနို့မှုန့်ရသမျှ ထုတ်ပြီး မှောင်ခိုကုန်သည်ဆီ သွင်းတဲ့အလုပ်ပါပဲ။ အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေးသမားကြီး။

ခွေးကတက်ကပဲ စောင့်ပါရစေဆိုတဲ့ မြို့ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့တပည့် သားမြေးတွေ ပေးစာကမ်းစာနဲ့ပဲ အသက်ဆက်နေခဲ့ရတယ်။ သူ့တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်းကိုက်ခွင့်ရတဲ့ နေရာလေးတွေမှာ ထားပေးပါတယ်။ အဲ ကိုယ့်လူတို့က သူတို့ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။

တခါက ပျဉ်းမနား လယ်ဝေးမှာကျနော်တို့ စာပေဟောပြောပွဲ လုပ်နေစဉ် ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်းချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်။

နောက် ဦးနေ၀င်းတို့ အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။ အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။ ဒါ ကျနော် လက်လှမ်းမီတဲ့ ထိပ်တန်းမှသည် အောက်ခြေနားအထိ နိုင်ငံ့ခေါင်းဆောင်ဆိုသူတချို့ နိုင်ငံရေးအသိပညာ နုံနဲ့ပုံနဲ့ နိုင်ငံချစ်စိတ်ကင်းမဲ့ပုံ သာဓကအချို့ဖြစ်တယ်။

နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။ အဲသလို အစွမ်းအစမရှိဘဲစားသာမယ်ထင်တိုင်း သာကူး လုပ်နေလို့ကတော့ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေးဖွတ်ကျား၊ မဆလထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့ မဆလဖြစ်ရသူများ မဆိုင်)။

ဤဆောင်းပါးသည် News Watch ဂျာနယ် အတွဲ ၇၊ အမှတ် ၂၆တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်ဟု Facebook တွင် တွေ့ရှိရကြောင်း မိုးမခတွင် ဖော်ပြထားသည်။

iPhone ဥရောပတွင် အရောင်းကျ

3 comments





Apple ရဲ့  iPhone ဟာ ဥရောပဈေးကွက်မှာ Android Phone တွေကို မယှဉ်နိုင်ဘဲ အရောင်းကျနေပါတယ်။ဥရောပရဲ့  အကြီးဆုံး ဈေးကွက်ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ စုစုပေါင်း Smart Phone ဈေးကွက်ရဲ့  ၆၁ ရာခိုင်နှုန်း ကို Android Phone တွေက သိမ်းပိုက်ထားနေပါပြီ။

အီတလီ၊ စပိန် နှင့် ပြင်သစ် တွေမှာလည်း Android Phone တွေကပဲ အသာစီးရနေကြပြီလို့ သိရပါတယ်။

ဥရောပမှာ ဖြစ်နေတဲ့ ငွေကြေးဈေးကွက် အခတ်အခဲတွေက Apple ကို ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်၊ ဥရောပသားတွေဟာ ယခုဆိုရင် ဈေးနှုန်း သင့်တင့်ပြီး သုံးပျော်တဲ့ HTC, Samsung အစရှိတဲ့ ကုမ္မဏီကြီးများက ထုတ်လုပ်ထားတဲ့ Android OS သုံး Smart Phone တွေ ဝယ်ယူနေမှု တော်တော် မြင့်တက်လာတာ တွေ့နေရပါတယ်။

ဗြိတိန်မှာလည်း မနှစ်က ဆိုရင် Android ဈေးကွက်ဟာ ၃၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ယခုနှစ် ၂၀၁၁ မှာ ၄၆.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။

Source: digitalspy.co.uk

ဒုက္ခသည်များအတွက် ခရစ်စမတ်လက်ဆောင်

0 comments

~




ကချင်ပြည်နယ် ၀န်ကြီးချုပ်က ဒုက္ခသည်တွေကို ခရစ်စမတ်လက်ဆောင် ပေးတဲ့အကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာများမှာ အခုလို တွေ့ရပါတယ်။


~

ဇင်းကျိုက်တွင် မီး အကြီးအကျယ်လောင်

0 comments

-



ပေါင်မြို့နယ် ဇင်းကျိုက်ရွာမီးမှာ အိမ်ခြေ တရာကျော် ပါသွားတယ်လို့ သိရပါတယ်။

ညွှန်း - ယနေ့ မြန်မာ့အလင်း - ကြေးမုံသတင်းစာ



-

သတင်းတိုထွာ တွေးစရာ (ဒီဇင်ဘာ နောက်ဆုံးအပတ်)

0 comments



စာနယ်ဇင်း လွတ်လပ်ခွင့်

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ အရေးပါသော အချက်တစ်ချက် ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် ပြော” (Source: Eleven Media Group)။ အလဲဗင်းမှာ ဖတ်ရတဲ့ သတင်းတခုပါ။

တာဝန်ရှိသူ ပြန်ကြားရေးဝန်မင်း ဦးကျော်ဆန်းက လွဲရင် မီဒီယာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီတန်ဖိုးကို တခြားဝန်မင်းများနဲ့ အစိုးရ အဖွဲ့ဝင်များက မကြာခဏ ပြောနေသံ ကြားရပါတယ်။ စာပေစိစစ်ရေးက အရာရှိ ဦးတင့်ဆွေ (ရဲရင့်တင့်ဆွေ) ကိုယ်တိုင်တောင် စာပေစိစစ်ရေးဆိုတာ မရှိသင့်တော့ဘူးလို့ ထုတ်ပြောဖူးပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်လို လွတ်မှ လွတ်တယ်လို့ မှတ်ရတော့မယ့် အခြေအနေပါပဲ။


လူငယ်တွေနဲ့ အာရှ အထိအတွေ့

၂၀၁၃ အိမ်ရှင်ဆီးဂိမ်းအတွက် ဆက်ဆံရေးအရာရှိနဲ့ လုပ်အားပေးလူငယ် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ဖို့ လုပ်အားပေးလူငယ် ၁၂၀၀၀ လောက် အားကစားဝန်ကြီးဌာနက ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ လျှောက်ထားသူတွေဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၀ ထက်မကျော်တဲ့ နိုင်ငံသားဖြစ်ရပါမယ်တဲ့။ ယောက်ျားလေးဆိုရင် အရပ် ၅ ပေ ၄ လက်မ၊ မိန်းကလေးဆိုရင် ၅ ပေ ၂ လက်မ ရှိရမမယ်၊ ရုပ်ရည်သန့်ပြန့်ရမယ်တဲ့ (Source: Flower News)။

အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေ၊ ဘွဲ့ရပြီးစ၊ ကျောင်းတက်နေဆဲ လူငယ်တွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးတခုလို့ မြင်ပါတယ်။ အနည်းဆုံးအားဖြင့် အရှေ့တောင်အာရှက လာကြမယ့်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အတွေ့အကြုံကောင်းတခု ရကြမှာပေါ့။ အာရှနဲ့သာမက နိုင်ငံတကာနဲ့ပါ ထိတွေ့ဆက်ဆံနိုင်ရေး အသင့်ဖြစ်ဖို့ လူငယ်ဂျာနယ်လစ်တွေ အပါအဝင် မျိုးဆက်သစ်တွေ အသင့်ဖြစ်နေဖို့ လိုတယ်လို့ မြင်ပါတယ်။ အစိုးရတောင် တဖြည်းဖြည်း ပြောင်းနေပြီ မဟုတ်လား။


လှအုန်းမယ် အင်တာနက်

မြန်မာနိုင်ငံအနေဖြင့် Broadband အင်တာနက်စနစ်ကို မြန်နှုန်းမြင့်စွာ အသုံးပြုနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ Wireless Broadband Master Plan ကို အကောင်အထည်ဖော်ဆောင်နေကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းထွန်းက ပြောသည် (Source: အင်တာနက် ဂျာနယ်)။

ဒီသတင်းမျိုးကတော့ ပြည်တွင်းက အင်တာနက်ယူဆာတွေ အင်မတန်ကြားချင်တဲ့ သတင်းမျိုးပေါ့။ အင်တာနက် နှေးလွန်းလို့ အမျိုးမျိုးအဖုံဖုံ ညဉ်းတွားကြတာကို ဖေ့စ်ဘုတ်တွေ၊ ဂျီတော့ခ်တွေမှာ မြင်ရပါတယ်။

ငယ်ငယ်တုန်းက ရွာနဲ့ ဆင်ခြေဖုံးမြို့ကို ပြေးဆွဲပေးတဲ့ ဘတ်စကားကြီးကို သွားသတိရတယ်။ ရန်ကုန်မှာ ဗိုက်ပူလို့ ခေါ်တဲ့ ကားအမျိုးအစားကြီးပေါ့။ နာမည်က “လှအုန်းမယ်” တဲ့။ ဒီကားစီးတဲ့သူတွေ လှကြဦးမယ်ပေါ့။ တောကားကြီးပီပီ။ လေးတယ်၊ နှေးတယ်။ မနက်စောစော ရွာကထွက်၊ မြို့ဈေးမှာ လူစုံအောင် စောင့်ပြီးတင်၊ တအိအိနဲ့မောင်း နေစောင်းမှ ရွာပြန်ရောက်တာပေါ့။ ရွာကလူငယ်တွေက ကားကြီးနှေးကွေးလေးလံပုံကို ဟာသလုပ်တယ်။ မြို့ဈေးကနေ ငှက်ပျောသီးအစိမ်းတဖီး လှအုန်းမယ်ပေါ် တင်ပေးလိုက် ရွာရောက်ရင် အဲဒီငှက်ပျောသီးတွေ မှည့်ပြီတဲ့။ မြန်မာပြည်မှာ အင်တာနက်ကလည်း လှအုန်းမယ် ဖြစ်နေတုန်းပေါ့။

နိုင်ငံတကာ “ကား” ပြပွဲ

ကမ္ဘာကျော် နာမည်ကြီး အမှတ်တံဆိပ်များ ပါဝင်မည့် ကားပြပွဲကြီးကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ကမ္ဘာကျော် ကားမျိုးစုံ အပါအဝင် ဆက်စပ်အပိုပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် (Source: Flower News)။

ကားပြပွဲတွေ မြန်မာပြည်မှာ မကြာခဏလုပ်တာတွေ့ရတယ်။ ဒါပေသိ ကားတွေထက် ကားတွေကို ကြော်ငြာပေးတဲ့ ကားအလှမယ်ပုံတွေက အင်တာနက်ပေါ် ပိုခေတ်စားသလားလို့။ တိုစိတိုနန့် ကို့ယို့ကားယားမယ်လေးတွေကို ဓာတ်ပုံဆရာတွေ လက်စွမ်းပြတဲ့ပုံတွေပေါ့။ နိုင်ငံတကာ ကားပြပွဲဆိုတော့ ကားတွေထက် အဲဒီ ကားမော်ဒယ်တွေသာ ပြေးပြေးမြင်နေတယ်။ နိုင်ငံတကာအဆင့်မီ “ကား” မော်ဒယ်ပုံတွေ မြင်ရဦးမပေါ့။

အင်တယ်လက်ကျူရယ်

NLD မှာ Intellectual တွေ မရှိဘူး လို့ ကိုဇာဂနာက ဘန်ကောက်ရောက်တုန်း ဘန်ကောက်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ ပြောလိုက်။ ချက်ချင်းပဲ ဖေ့စ်ဘုတ်မှာ ဝက်ဝက်ကွဲသွားတယ်။ ဒီလိုပြောရပါ့မလား ရန်ထောင်သူကထောင်၊ မဟုတ်လို့လားလို့ ပြန်ပက်သူကပက်၊ ကိုဇာဂနာပြောတဲ့ အင်တယ်လက်ကျူရယ်ဆိုတာ ဒီလိုပါဆိုပြီး အဓိပ္ပာယ်ဖွင့်သူကဖွင့် တော်တော် အလုပ်ရှုပ်သွားကြပါတယ်။ ကိုဇာဂနာတို့ “လှုပ်ချက်” များ ပြောပါတယ်။ ဘာဖြစ်ဖြစ် သူ့မှတ်ချက်ကလည်း အတော် တာသွားတယ် ဆိုရပါမယ်။ NLD အတွက် စိတ်ဝင်စားဖွယ် ဝိုင်းဝန်းသုံးသပ်ချက်တွေ အင်တာနက်ယူဆာ ပြည်သူထဲက ထွက်လာတာပေါ့။ NLD က ဒါတွေ အရေးတယူ ဖတ်မဖတ်တော့ မသိပါဘူး။ ပြည်သူ့အသံဆိုတာမှာလည်း ဒါတွေက ပါတာပဲ မဟုတ်လား။

သွားကြပြီ

ဒီနှစ်ထဲ အိုစမာ ဘင်လာဒင် အသတ်ခံရတယ်၊ ကဒါဖီ အသတ်ခံရတယ်၊ ကင်ဂျုံအီးလ် သေတယ်။ ကမ္ဘာကြီးတော့ အတော်ပေါ့သွားမယ် ထင်ပါတယ်။ မြန်မာပြည်က လူတွေကတော့ တစုံတယောက်သောသူကို ဝိုင်း မျက်စောင်းထိုးနေကြလေရဲ့။ ပြည်သူ့မေတ္တာကို အဲဒီလို ခံယူရနေဆဲဆိုတာ သွားတွေးမိပါရဲ့။

ကိုခက်




ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး

0 comments

By ဗွီအိုအေ (မြန်မာဌာန)

Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။

Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။

အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့လုပ်တာလို့ Anonymous အဖွဲ့က ပြောပါတယ်။

ဂျပန် ၀န်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ

0 comments

~





ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကိုအိချိယိုဂမ်းဘ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီကနေ့ တွေ့ဆုံပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)

တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက် -

ဒေါ်အောင်ဆန်းစုကြည်
“စီးပွားရေးရင်းနှီးမြုပ်နှံရေးနဲ့ ဥပဒေစိုးမိုးရေက ဆက်နွယ်တဲ့အကြောင်း ကျမ ထောက်ပြပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာမှ စီးပွားရေး တိုးတက်မှုတွေလည်း ခိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ကျမတို့ကို လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့၊ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာရေးကို ထည့်သွင်း စဉ်းစားသွားမယ်လို့မျှော်လင့်တယ်”


ဂျပန်နိုင်ငံခြားရေးဝန်ကြီး
“ဂျပန်နိုင်ငံသည် မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုများအပေါ် တန်ဖိုးထားပြီး တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီလို၊ သမ္မတဦးသိန်းစိန်ကို လာမည့် ၂၀၁၂ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားမည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်နိုင်ငံလာရောက်ရန် ဖိတ်ကြား”






~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved