စကားပဏာမ
“ကျွန်တော်နှင့်အမေရယ်(အပိုင်း၁)”တွင်.၊ “ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘာလဲ” ဟူသည့်မေးခွန်းနှင့် စပ်လျဉ်း၍၊ သေစာရှင်စာမျှပင် မတတ်ရှာသော အမေက အဘယ်သို့ဖြေကြားခဲ့သည်ကို ဝေမျှခဲ့ပြီးဖြစ်သည်။
ယခုမူ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထားနှင့် စရိုက်လက္ခဏာကို..၊ ကျွန်တော့်ဘကြီး ပြောပြသည့်အတိုင်း ထပ်မံ ဝေမျှလိုက်ပါသည်။
များပြည်သူတွေ ကောင်းကျိုးထွေကို ရစေသော်ဝ်ဟု ဆန္ဒပြု..သာဓု..သာဓု..သာဓု…
ကျွန်တော် နှင့် ဘကြီး ရယ် (အပိုင်း-၂)
ဘကြီးက ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ကိုယ်တွေ့ဇာတ်လမ်းကို ပြောပြဘူးသည်။
“ဂျပန်ဖက်ဆစ်က, အပြေး..။ အင်္ဂလိပ် နယ်ချဲ့က, ပြန်ဝင်အလာ..။ အဲဒီနောက်ပိုင်းမှာ ကြုံခဲ့ရသကွ”
ဤသို့ဘကြီးက စကားနိဒါန်းပျိုးပြီးပြောပြ၍ သိရသည်မှာ..၊ လွတ်လပ်ရေး တိုက်ပွဲအတွက် သဲကြီးမဲကြီး နွှဲနေရသည့်ကာလတွင်းက၊ ရက်တရက်တွင် ဖြစ်သည်။ ဗိုလ်ချုပ်၏ မော်တော်ကားသည် အရှိန်ပြင်းပြင်း နှင်လာသည်။ တိုက်ကြီးမြို့ဝင်ခါနီး ၀ဲဘက်လမ်း အချိုးကို ကျော်လိုက်သည်နှင့်၊ ဘွားခနဲ မြင်တွေ့လိုက်ရသည်မှာ၊ ဧရာမ လူအုပ်အကြီး, ကြီး..။
“မြို့ဝင်ခါနီး ရွာတန်းရှည်မှာကွဲ့..။ ၀ဲယာလမ်းစပ်ပေါ်ထိ လူတွေက တက်ရပ်နေကြလေရဲ့.။ ဒရိုက်ဘာခမျာ လူတိုက်မိမှာစိုးလို့ ကားအရှိန်ကို တအားလျှော့။ ကားဘီးကိုဖြည်းဖြည်းချင်း လှိမ့်ရတော့တယ်.”
လူအုပ်ကြီးက မေတ္တာအရင်းခံဖြင့် လက်သီးလက်မောင်း တန်းပြီး.၊ အကြိမ်ကြိမ် ကြွေးကျော်ကြသည်, တဲ့..။
“ဗိုလ်ချုပ်ကျန်းမာပါစေ.”
ကားက လူအုပ်ကြီးကို လွန်လာသော်ငြှား၊ ကြွေးကျော်သံတွေက အရာရာကို လွှမ်းမိုးမြဲ လွှမ်းမိုးဆဲပါပဲ, တဲ့..။
ဗိုလ်ချုပ်တို့တိုက်ကြီးမြို့ထဲက ဘုရားကြီးကျောင်းတိုက်ဝင်း အတွင်းသို့ ရောက်ကြပြီ..။ စကားပြောစင်မြင့်ရှေ့တွင် အသင့် နေရာယူထားကြသော လူထုပရိဿတ်က တလှုပ်လှုပ်, တရွရွ။ ရွာတန်းရှည်သို့ လာပြီး ဗိုလ်ချုပ်ကို ကြိုခဲ့သော လူအုပ်ကြီးကလည်း ရောက်လာပြီ။
“သခင်ဝတင်က တရားကို အရင် ဟောသကွဲ့။ ဗိုလ်ချုပ်ကတော့ စကားပြောစင်နောက်မှာ ချပေးထားတဲ့ ကုလားထိုင်မှာ ထိုင်လို့။ အဲ, နောက်ကြောမှီပြီး အိပ်ပါလေရော။ အတော် ပင်ပမ်း နွမ်းနယ်နေပုံပဲ။ အောင်မယ်, သူ့အလှည့် ရောက်ခါနီးတော့ သူ့ဘာသာသူ နိုးလာလေ, ရဲ့..”
ဗိုလ်ချုပ်က နိုးလာသည်နှင့် လက်ကိုင်ပုဝါ ထုတ်ပြီး သွားရည်များကို သုတ်ပါသတဲ့.။ သခင်ဝတင် ဟောပြောပြီး၍ အောက်ကို ဆင်းလာရော…၊ ဗိုလ်ချုပ်က စင်ပေါ်တက်ပြီး..၊ အဟိန်းအဟောက်ဖြင့်’စ, ပါသည်, တဲ့..။
“ဒီမှာ..ကျုပ်က အလုပ်စကားပြောဖို့ လာတာ။ ရယ်စရာစကား မပါဘူး။ ရယ်စရာစကားကိုမှ နားထောင်ချင်သပ ဆိုရင်၊ ခုကတည်းက ထွက်သွားကြ..”
ပြောပြောဆိုဆို ယာဘက်လက်ဖြင့် ခါထုတ်လိုက်သေးသည်...။ ထိုစဉ်က ပတ်တုတ်ထားသည့် အလား၊ ပရိဿတ်က ငြိမ်ဝပ်သွားသည်။ ဘာသံမျှ လုံးဝ ထွက်မလာ။
“လူထုက စိတ်မဆိုးဘူး။ ဗိုလ်ချုပ်ရဲ့ စေတနာစကားလို့ နားလည်တယ်။ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကို သိထားတော့၊ ဗိုလ်ချုပ်ကို ပိုပြီး လေးစားသွားတယ်။ ပိုပြီး ကြည်ညိုသွားတယ်။ ဗိုလ်ချုပ်က စကားလုံးနဲ့ ဟောက်တာကို၊ ပန်းကလေးနဲ့ ပေါက်တာလို့ မှတ်ယူနေကြတာ။ အချင်းချင်း ပြောလိုက်ကြသေး..။ ဒါမှ... ဒို့ဗိုလ်ချုပ်.. တဲ့”
ဗိုလ်ချုပ်က ပရိဿတ်လူထုကို တွယ်အပြီး၊ ထိုဒေသက ခေါင်းဆောင်လုပ်သူဘက်ကို လှည့်ပြီး တွယ်ပြန်ပြီ။
“ဒီမှာ, ဗိုလ်တင်မောင်ကြီး။ လူတွေက ကျုပ်တို့ကို ရွာတန်းရှည်မှာ လာကြိုကြတယ်….။ ဟိုဘက်ရော, ဒီဘက်ရော လမ်းအစပ်ပေါ် တက်လာကြတာ။ သူတို့ကို မတိုက်မိအောင် ကားကို စလိုးဒေါင်း လုပ်လာရတယ်..”
ဗိုလ်ချုပ်က မကြည်မသာ မျက်နှာဖြင့် ဆက်၍ ပြောပါသတဲ့..။
“မှော်ဘီမှာ ပြီးတာနဲ့ ဒီကို အချိန်မီ ရောက်အောင် အပြေးအလွှား လာခဲ့တာ။ ခုတော့..အချိန်တွေ အလကား ဖြစ်ကုန်ပြီ။ လာကြိုတဲ့လူတွေလည်း၊ နေပူထဲမှာ ဒုက္ခရောက်တယ်။ အပိုအလုပ်တွေဗျာ..။ ဒါမျိုး, နောက်မလုပ်နဲ့..”
အင်း..ဖြစ်ရပုံများ..။ ဗိုလ်ချုပ်က, ပါးစပ်ပေါက်ဆိုးလေ, ဟိန်းဟောက်လေ..။ လူထုက ပို၍, ပို၍ချစ်လေ.။ ဗိုလ်ချုပ်က လွတ်လပ်ရေး ရဖို့ အသေခံကြ ဆိုလျှင်၊ ငါကလည်း အသေခံမည်, သူကလည်း အသေခံမည်, ဤမျှထိ ဗိုလ်ချုပ်က “မီးသေ”ခဲ့သည်..တဲ့။ ဘကြီးက ကိုယ်တွေ့ကို ဝေမျှသွားလေပြီ။
ဘကြီး၏ စကားအဆုံးမှာ၊ ကျွန်တော် ဦးခြံသူကြီးက ပြောချင်ပါသည်။
ကိုင်း..ရဲဘော်တို့, ရဲမေတို့ -
ဤသမီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း၊ ထိုအဖေ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ပင်၊ လူထုအပေါ်“မီးသေ”ခဲ့သည်။ ခရီးထွက်ရာ လိုက်ပါသူများအား မိမိတို့ကို တိုက်ခိုက်လာသော်..၊ လက်တုန့်မပြန်ရဟု မှာကြားထားသည်။
အမှာအကြားကို အားလုံးကလိုက်နာကြသည်။ ရှေ့မှာတခွပ်ခွပ် ရိုက်လို့ ပုံလျက်သား လဲကျကုန်ပြီ။ ဒါကိုမြင်ပါလျက်၊ နောက်ကို ပြန်မလှည့်။ အလားတူ အရိုက်ခံသည်။ ကွဲသူ, ကွဲ။ ကျိုးသူ, ကျိုး။ သေသူ, သေ။
“ဒီခေါင်းဆောင်က ဒီမျှတောင် လူထုကို မီးသေမှဖြင့်၊ ဒီတိုင်း, ဒီပြည်ကို ကောင်းကောင်းကြီး ခေါင်းဆောင်နိုင်ပြီဗျ..”
ကျွန်တော်ဦးခြံသူကြီးက ကောက်ချက်ချလိုက်ပါပြီ။
အို..ရဲဘော်တို့, ရဲမေတို့..။ ထိုကောက်ချက် မှန်သည်/မှားသည်ကို..၊ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ပြောနိုင်ပါပြီခင်ဗျ..။ ပြောပါခင်ဗျ..။ // ပြီး//
ဦးခြံသူကြီး (Burma Media Wash) (10:30PM;Jan 25, 2012)
Hee..Hee.....Hee!