ငြိမ်းချမ်းအေး
ဟိုတစ်ရက်က စပါး နဲ့ ဘော်လ်တန် ကစားတဲ့ FA ဖလားဘောလုံးပွဲမှာ နှလုံးရပ်ပြီး လဲကျသွားတဲ့ ဘော်လ်တန် ကစားသမား မူအမ်ဘာ ကို ဖြစ်ဖြစ်ချင်း စပြီး ပြုစုစောင့်ရှောက် အသက်ကယ်ပေးခဲ့တဲ့ ဆရာဝန်တွေရဲ့ အဲ့နေ့က အဖြစ်အပျက်ကို ပြန်ပြောပြတဲ့ အင်တာဗျူးတွေ ကြည့်ရတာ စိတ်နှလုံးကို ထိခိုက်စေသလို ကြည်နှုးပီတိလည်း ဖြစ်စေတယ်။
လဲကျသွားတာကို စသတိထားမိသူက ဘော်လ်တန်အသင်းရဲ့ အရိုး၊ အကြောပညာရှင်(Physio)၊ သူက "ကွင်းထဲဝင်ဟေ့၊ ကွင်းထဲဝင်ကြဟေ့" ဆိုပြီး ကုန်းအော်တယ်။ ဘော်လ်တန် ဆရာဝန် နဲ့ ဆေးအဖွဲ့လည်း ပြေးဝင်ပြီး လဲ့ကျနေတဲ့ ကစားသမားကို စကြည့်တယ်။
အဲ့အချိန်မှာပဲ ပြိုင်ဘက် စပါး အသင်းက ဆရာဝန်လည်း ဝင်လာပြီး ဝိုင်းကူ လုပ်ပေးတယ်။ သူတို့က လူနာကို ပါးစပ်ချင်းတေ့ပြီး အသက်ရှုစေတာ၊ အောက်စီဂျင်ပေးတာ။ CPR (လက်ဖြင့် နှလုံးပြန်ခုန်အောင်) လုပ်တာ စတာတွေနဲ့ လူနာ နှလုံးပြန်ခုန်လာအောင် ကြိုးစားကြတယ်။ ဒိုင်လူကြီး၊ နှစ်ဘက် ကစားသမား၊ ပရိသတ် အားလုံးက ငြိမ်ပြီး လူတစ်ယောက် အသက် လုနေရတာကို စိုးရိမ်တကြီး စောင့်ကြည့်နေတယ်။ အဲ့အချိန်မှာ ဘောလုံး ဆိုတာ မရှိဘူး၊ ပြိုင်ဘက် ဆိုတာ မသိဘူး။ လူဖြူ၊ လူမဲတွေ၊ ဘာသာမတူ၊ လူမျိုးကွဲတာတွေ မစဉ်းစားမိဘူး။ လူအသက်တစ်ချောင်း ရှင်ဖို့က အားလုံးအတွက် အရေးကြီးဆုံး ဘုံတန်ဖိုး၊ ဘုံအကျိုးစီးပွား ကိစ္စဖြစ်သွားတယ်။
ကွင်းထဲက ဆေးအဖွဲ့ CPR လုပ်နေတာလည်းမြင်ရော ပရိသတ်ထဲက အင်္ဂလန်ရဲ့ ထိပ်တန်း နှလုံးအထူးကု ဆရာဝန်ကြီး (စပါးပရိသတ်) က ကွင်းဘေးက လုံခြုံရေးတွေကို ခွင့်တောင်းပြီး ကွင်းထဲကို ဝင်လာတယ်။ ကွင်းထဲက ဆေးအဖွဲ့နဲ့ ပူးပေါင်းပြီး လူနာအသက်ကို ကယ်ဖို့ သူ့ရဲ့ ကျွမ်းကျင်မှု ပညာကို ပေးတယ်။ အဲ့ နှလုံးအထူးကု ဆရာဝန်ကြီးက ခု အင်္ဂလန်မှာ ကစားသမား အသက်ကို ကယ်ခဲ့တဲ့ ဆရာဝန်ကြီးအနေနဲ့ ဟီးရိုးဖြစ်နေတယ်။
လန်ဒန် အရေးပေါ် သူနာပြုယာဉ်ကလည်း ဝန်ဆောင်မှု ကောင်းတော့ အလျင်အမြန်ပဲ ရောက်လာတယ်။ လူနာကို ဆေးရုံကို ခေါ်သွားတော့ ပွဲကြည့်စင်ကို ဖြတ်တဲ့ ပေါင်းကူးတံတားထဲမှ (၁) ခါ၊ လမ်းတလျှောက် ကားပေါ်မှာ (၁၂)ခါ စက် (defibrillator) နဲ့ နှလုံးပြန်ခုန်လာအောင် ကြိုးစားကြတယ်။
စလဲတဲ့ အချိန်ကနေ ဆေးရုံရောက်တဲ့အချိန်အထိ (၄၈) မိနစ်ကြာတယ်။ ဆေးရုံရောက်ပြီး မိနစ် (၃၀) ကြာတဲ့အထိလည်း (စက်အကူအညီနဲ့တောင်) နှလုံးပြန်ခုန်မလာသေးဘူး။ အဲ့တော့ ကစားသမားက (၇၈) မိနစ်ကြာ နှလုံးခုန်ရပ်နေတယ်၊ တနည်းအားဖြင့် သေသွားခဲ့တယ်။
အများအားဖြင့်လည်းDefibrillator (၃)/(၄) ခါထက် ပိုလုပ်လို့မှ မရရင် အသက် ဆုံးတတ်တယ်။ ဆေးရုံကို ပါသွားတဲ့ ဘော်လ်တန်ဆရာဝန်က ဆေးရုံကို ရောက်လို့ ဆေးရုံက ဆရာဝန်တွေ လက်ထဲကို လူနာလွှဲပြီးတာနဲ့ လူနာအခြေအနေကို ကြည့်ပြီး ခြုံးပွဲချ ငိုမိတယ်။ ဒါပေမဲ့ သန်စွမ်းတဲ့ လူငယ်ကစားသမား တစ်ယောက် ဖြစ်တာရယ်၊ ရှေးဦးစောင့်ရှောက်မှု ကောင်းလို့ရယ်၊ လူတွေအားလုံးရဲ့ မေတ္တာစေတနာ အစွမ်းရယ်၊ ကံ ရယ် အားလုံးပေါင်းတော့ ခု အချိန်မှာ လူနာဟာ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုတော့ဘဲ သေတွင်းကနေ လွတ်သွားပြီလို့ ပြောလို့ရတဲ့ အခြေအနေ ပြန်ရောက်လာခဲ့တယ်။
ခုလို ထူထူထောင်ထောင်ဖြစ်လာတာကို ပါးစပ် "မယုံနိုင်လောက်အောင် အံသြဖွယ်ရာပါပဲ" လို့ ပြောတဲ့ ရှေးဦးပြုစုတုန်းက ပါခဲ့တဲ့ နှလုံးအထူးကု ဆရာဝန်ကြီးက လူနာကစားသမားလေး သတိပြန်လည်လာပြီး (၂) နာရီကြာတဲ့ အချိန်မှာ လူနာနားကပ်ပြီး "မင်းနာမည် ဘယ်သူလဲ" လို့ မေးတော့ လူနာက သူ့နာမည်ကို ပြန်ဖြေနိုင်တယ်။ အဲ့တော့ ဆရာဝန်ကြီးက
"ဟေ့..မင်းက တကယ်တော်တဲ့ ဘောလုံးသမားလေးဆို.." လို့ ဆက်မေးတယ်။
အဲ့တော့ လူနာ ကစားသမားလေးက "ကျနော် ကြိုးစားပါတယ်" လို့ ပြန်ဖြေတယ်။
ဆရာဝန်ကြီးက "ကျနော် သူပြန်ပြောတဲ့ စကားကို ကြားရတော့ မျက်ရည်ကျရပါတယ်" လို့ ပြောတယ်။
အာဖရိက အနွယ်ဝင် ကွန်ဂိုနိုင်ငံဖွား၊ အင်္ဂလန်ကို ဒုက္ခသည်အနေနဲ့ ရောက်လာခဲ့ပြီး အင်္ဂလန်ကိုယ်စားပြု လူငယ်အသင်းတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ ခု (၂၃) ရှိပြီဖြစ်တဲ့ မူအမ်ဘာ ရဲ့ ဘောလုံးသမားဘဝ ရှေ့ခရီးဆက်ဖို့ အရေးက မသေချာတော့ပေမယ့် သူ့ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်က လူတွေရဲ့ စိတ်တွေမှာ မမြင်နိုင်တဲ့ စည်းတွေ၊ နံရံတွေလို ခြားနားထားတဲ့ ပြိုင်ဘက် ဆိုတာတွေ၊ အသားအရောင်မတူ၊ နိုင်ငံခြား၊ လူမျိုးကွဲတာတွေ စတဲ့ လူလုပ် (man-made) အစွဲတွေကို ချွတ်နိုင်ခဲ့ပြီး လူတွေရဲ့ အတွင်းစိတ်သဏ္ဌာန်မှာ ရှိနေမြဲဖြစ်တဲ့ လူလူချင်း မေတ္တာထားနိုင်တဲ့ ဖြူစင်တဲ့ နှလုံးသားကို ဆွဲဖွင့်ပေးနိုင်ခဲ့တယ်။
ကစားသမားလေး အမြန်ကျန်းမာလာပါစေ ဆုတောင်းပေးရင်းနဲ့ လူအချင်းချင်းလည်း ပိုမို မေတ္တာ ထားနိုင်ကြပါစေ။
ငြိမ်းချမ်းအေး
၂၃၊ မတ်လ၊ ၂၀၁၂
Get well soon,Fabrice....