ဒီအကြောင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ How Much Freedom Does Burmese Media Enjoy?
မြန်မာပြည်မီဒီယာ ဘယ်လောက် လွတ်လပ်ခွင့် ရနေသလဲ
ဆိုတဲ့ ခေါင်းစဉ်နဲ့ အောင်ဇော်က ရေးသားထားပါတယ်။
မြန်မာ့စာနယ်ဇင်းမှာ ဖော်ပြနိုင်ခွင့်တွေ ရနေပြီ၊ အပြောင်းလဲကြီး ပြောင်းလဲ နေပြီ လို့ ဆိုနေကြတဲ့အချိန်မှာ ဒီဆောင်းပါး ထွက်ပေါ်လာတာပါ။ အရာရာကို အလွန်အကျွံချုပ်ကိုင်မှုနဲ့ နှစ် ၄၀ ကျော်အသားကျခဲ့တဲ့ မြန်မာပြည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် ဘယ်လောက်အထိ ရှိမလဲ။
ဗိုလ်ချုပ်ဟောင်းကြီးတွေက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ ပေးမလဲ ဆိုတာ မသိရသေးဘူး၊ မြန်မာပြည်မီဒီယာဖွံ့ဖြိုးရေခရီးမှာ ဒီဌာနကြီးနှစ်ခုကြား သဘောမတူတွေ ရှိနေတယ်၊ ရန်ကုန်မြို့က စာနယ်ဇင်းဆရာတွေကတော့ သမ္မတရုံး နဲ့ (ဆင်ဆာဌာနကို ကိုင်တွယ်တဲ့) ပြန်ကြားရေးဌာန ၂ ခု မူဝါဒ မတူညီမှုကြောင့် စိတ်ညစ်နေရတယ် လို့ ဆောင်းပါးက ဆိုပါတယ်။
မြန်မာပြည်စာနယ်ဇင်းအခြေအနေတွေ၊ ဆင်ဆာဌာနက တန်ခိုးပြတုန်းပဲ ဆိုတဲ့အကြောင်း အစိုးရတချို့ နဲ့ အလှူရှင်နိုင်ငံများရဲ့ ကိုယ်စားလှယ်တချို့က သဘောမပေါက်သေးဘူး လို့လည်း မှတ်ချက်ပြုထားပါတယ်။
အစိုးရက မီဒီယာကို ဆက်ပြီး အုပ်စီးထားဖို့ နည်းလမ်းရှာမှာပဲ ဆိုပြီး မီဒီယာလောကမှာ ယူဆနေကြတယ်၊ စာနယ်ဇင်းသမားအပါအ၀င် ဘယ်သူ့ကိုဖြစ်ဖြစ် လုံခြုံရေးအကြောင်းပြပြီး ဖမ်းတာ၊ အီလက်ထရွန်နစ်ဥပဒေချိုးဖောက်တယ် ဆိုပြီး ဖမ်းတာမျိုး ဆက်လုပ်နိုင်တဲ့အခြေအနေတွေ မြန်မာပြည်မှာ ရှိနေသေးတယ် လို့လည်း ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
သတင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှာ မြန်မာပြည်က အဆင့် ၁၆၉ ချိတ်တယ် ဆိုတဲ့ နယ်စည်းမထားသတင်းစာဆရာများအဖွဲ့ရဲ့ ဇန်န၀ါရီလ ထုတ်ပြန်ချက်ကိုလည်း ကိုးကားထားပါတယ်။
လတ်တလော ရေးဆွဲနေကြတဲ့ မီဒီယာဥပဒေဟာ နာမည်ကျော် ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများ အက်ဥပဒေကို အသွင်ပြောင်းထားသလို ဖြစ်နေတယ်၊ ဒီဥပဒေက စာနယ်ဇင်းလွတ်လပ်ခွင့်ကိုရော၊ စာနယ်ဇင်းသမားတို့ရဲ့ လုံခြုံရေးကိုပါ အာမခံမယ် မဟုတ်ဘူး တဲ့။
ဒီဥပဒေက စင်္ကာပူ၊ မလေး၊ ဗီယက်နမ်တို့မှာ ရှိတဲ့ မီဒီယာဥပဒေနဲ့ သွားတူလိမ့်မယ်၊ အဲဒါဆိုရင် ဖြေလျော့မှုတချို့ပေးလာတာမျိုး ရှိလာနိုင်ပေမယ့် သတင်းလွတ်လပ်ခွင့်ဆိုတာ အပြောင်းအလဲ သိပ်ရှိမယ် မဟုတ်ဘူး ဆိုတဲ့ ရန်ကုန်က စာနယ်ဇင်းဆရာတဦးဖြစ်တဲ့ ဟိန်းလတ်ရဲ့ စကားကိုလည်း ကိုးကားထားပါတယ်။
ဒီဥပဒေနဲ့ ပတ်သက်ပြီး လူထုစိန်ဝင်းရဲ့ အမြင်ကိုလည်း ဖော်ပြထားပါတယ်။ မီဒီယာဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မီဒီယာသမားတချို့လည်း တက်ရောက် အကြံပေးကြတယ် ဒါဟာ "ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာနဲ့ မတူဘူးလား" ဆိုပြီး လူထုစိန်ဝင်းက ဆောင်းပါးတစောင်မှာ ရေးထားပါတယ်။
အဲဒီဆောင်းပါး စာပေစိစစ်ရေးရဲ့ ဓားချက် ထိသွားပါတယ်။ ဖေ့စ်ဘုတ်မှာ တက်လာပါတယ်။ ဧရာဝတီရဲ့ ပင်မစာမျက်နှာ နဲ့ ဘလော့မှာ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးတို့ရဲ့ မီဒီယာဥပဒေထဲမှာ ရုပ်သံ နဲ့ အွန်လိုင်းကဏ္ဍ ထည့်မထားတာကို သတင်းလောကသားတွေ သတိထားမိတယ်၊ ဒီကဏ္ဍတွေကို ဗိုလ်ချုပ်ကြီးတို့က လွယ်လွယ်နဲ့ လုပ်ပိုင်ခွင့်ပေးမယ် မထင်ဘူး၊ သူတို့နဲ့ အဆင်ပြေမယ့်သူ၊ တပ်မတော်နဲ့ ဆက်စပ်တဲ့သူ သို့တည်းမဟုတ် အခွင့်ထူးခံလုပ်ငန်းရှင်များကိုပဲ လုပ်ပိုင်ခွင့် ချပေးတော်မူမယ်လို့ ယူရပါတယ် တဲ့။
ဒါဆို စာနယ်ဇင်းတွေမှာ ဘာတွေ ရေးနေကြသလဲ။ လွှတ်တော်ထဲက ဘတ်ဂျက်ကိစ္စငြင်းခုံမှု၊ တိုင်းရင်းသားဒေသ အနိုင်ကျင့်မှု၊ အထူးစီးပွားရေးဇုန်များအကြောင်း အသေးစိတ် စုံစမ်းဖော်ထုတ်မှု နဲ့ တခြား အကြောင်းအရာ အများအပြားက စာမျက်နှာပေါ် တက်မလာသေးဘူး လို့ ဆောင်းပါးထဲမှာ သုံးသပ်ထားပါတယ်။
ဒီဆောင်းပါးမှာ လတ်တလော စာနယ်ဇင်းအခင်းအကျင်းနဲ့ အနာဂတ်ကာလ စာနယ်ဇင်းဆိုင်ရာ မျှော်မှန်းချက်တွေအကြောင်းကိုလည်း ဖတ်ရမှာပါ။
လင့်က http://www.irrawaddy.org/article.php?art_id=23156&page=1 ဖြစ်ပါတယ်။
တော်စမ်းပါ,ကျော်ဆန်းရာ