ညွှန်ချုပ် ဦးရဲထွဋ် မဲပေးခဲ့ပြီ

Sunday, April 1, 2012



Facebook မှာ ဦးရဲထွဋ် (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ချုပ်) က ဒီကနေ့ သူ ဘယ်လို မဲပေးခဲ့သလဲ ဆိုတာကို အခုလို ရေးသားထားပါတယ် -

ဒီနေ့မနက် ခြောက်နာရီခွဲမှာ နေပြည်တော် အထက (၅) မဲရုံ အမှတ် (၁) မှာ မဲသွားပေးခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ဘယ်ပါတီကိုထောက်ခံပါလို့ ပြောတာမရှိပါဘူး။ ကျွန်တော်တို့ကလည်း လက်အောက်ဝန်ထမ်းများကို မိမိ နံမည် မဲစာရင်းမှာ ပါမပါကြိုတင်စိစစ်ဖို့၊ မပါဘူးဆိုရင် အချိန်မီ တင်ပြဆောင်ရွက်ဖို့ နဲ့ မဲပေးတဲ့အခါမှာလည်း မိမိဆန္ဒအတိုင်းလွတ်လပ်စွာ ရွေးချယ်မဲပေးနိုင်ကြောင်း အကြိမ်ကြိမ်ရှင်းပြခဲ့ပါတယ်။

မဲရုံရောက်တော့ ကျွန်တော့်ရှေ့မှာ သုံးလေးယောက်ပဲရှိပါတယ်။ ပြည်တွင်းသတင်းထောက်များနဲ့ အာဆီယံစောင့်ကြည့်သူအချို့လည်း ရောက် နေတာတွေ့ရပါတယ်။ သတင်းထောက်တွေက မဲရုံထဲကို ၀င်လို့မရပေမယ့် မဲရုံ အ၀ကနေ ကျွန်တော်တို့မဲဆန္ဒရှင်များ မဲပြားထုတ်တာ၊ မဲပေးတာကို ဓာတ်ပုံလှမ်းရိုက်လို့ရပါတယ်။ လျှို့ဝှက်ဆန္ဒပြုတဲ့နေရာမှာလည်း ကာထားတဲ့ အကာက ဓာတ်ပုံသမားများရှိတဲ့ဝင်ပေါက်ဘက်ကို မျက်နှာမူ ကာထားပြီး နောက်ဘက်မှာ နံရံပဲရှိတဲ့အတွက် မဲဆန္ဒဖြည့်တဲ့အခါမှာ စောင့်ကြည့်နေတယ်လို့ မခံစားရဘဲ လွတ် လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်။

မဲရုံတာဝန်ခံတွေကလည်း စနစ်တကျ စစ်ဆေးပြီးမဲလက်မှတ်တွေထုတ်ပေးပါတယ်။ ကျွန်တော်သူငယ်ချင်း ညွှန်ကြားရေးမှူးချုပ် တစ်ယောက် ကတော့ မှတ်ပုံတင်မေ့ကျန်ခဲ့လို့ ပြန်ယူရတာလည်းတွေ့ရပါတယ်။ သူ့မှာ ၀န်ထမ်းကဒ်ပါပေမယ့် မဲရုံမှူးက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပဲ ဆန္ဒမဲလက်မှတ်ထုတ်ပါ၊ မဟုတ်ရင် အငြင်းပွားစရာဖြစ်မယ်လို့ ပြောတဲ့အတွက် ပြန်ယူရပါတယ်။ မဲရုံထဲမှာ သက်ဆိုင်ရာပါတီများက မဲရုံ ကိုယ်စားလှယ်များကိုလည်းတွေ့ခဲ့ရပါတယ်။

မဲပေးပြီး ပြန်ထွက်လာတော့ The Voice ဂျာနယ်က သတင်းထောက်အမျိုးသမီးတစ်ဦးနဲ့ တွေ့ပါတယ်။ မဲပေးခဲ့မှုအခြေအနေကို မေးတဲ့အခါ ဘယ်သူကို မဲပေးခဲ့တယ်ဆိုတာမပြောနိုင်ပေမယ့် ဘယ်အချက်တွေကို အခြေခံပြီး ကျွန်တော်ရွေးချယ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းပြနိုင်ပါ တယ်လို့ ဖြေခဲ့ပါတယ်။ သူက ပြောပြပါဆိုလို့ အခုလို ရှင်းပြခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ ဘယ်ပါတီက နိုင်ငံမှာ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို ဟန်ချက်ညီညီလုပ်နိုင်စွမ်းရှိသလဲ ဆိုတာ ကို ပထမဆုံးစဉ်းစားပါတယ်။ ပြီး ရင် ကိုယ်စားလှယ်ကို ကြည့်ပါတယ်။ ကိုယ်စားလှယ်ရဲ့ အရည်အချင်း၊ အကျင့်စာရိတ္ထ၊ သူ့ ရဲ့ သမိုင်းကြောင်းတွေကို လေ့လာပါတယ်။ အဲဒီနှစ်ချက်ကို နှိုင်းယှဉ်စဉ်းစားပြီးမှာ ကျွန်တော်ရွေးချယ်မဲပေးခဲ့ပါတယ်။

မဲပေးပြီးတဲ့အခါမှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေအပြည့်နဲ့ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။

2 comments :

  1. AUNG KOE said... :

    ညွှန်ချုပ်အတုကြီးဖြစ်မှာပါ။ သူအလုပ်လုပ်နေတဲ့နေရာကို ရှာကြည့်တာရှာလို့မရပါဘူး။ ပြန်ကြားရေးဝန်မင်းမေးကြည့်တော့လည်း မြန်မာပြည်မှာ ဒီဌာနမရှိဘူးလို့ပြောပါတယ်။

  1. Anonymous said... :

    ကိုအောင်ကို ကြည့်ရတာ နိုင်ငံခြားသတင်းတွေတောင် ကြည့်ဖူးတဲ့ ပုံမပေါ်ဘူးနော်။ နိုင်ငံခြားသတင်းကဝေးပါတယ်။ DBV မှာတောင် သူ့ အင်တာဗျူးပါဖူးတယ်လေ။ သေချာမေးကြည့်တယ်ဆိုတဲ့ ပြန်ကြာရေးက၀န်ထမ်းကရောဝန်းထမ်းဟုတ်ရဲ့ လားဗျ။ ဟုတ်မဟုတ် google ထဲမှာ ရှာကြည့်ပေါ့။ ဒိလူက media တွေနဲ့ အတော်ပါတ်သက်နေတဲ့လူ ၊ သူ့ နာမည် သူ့ သတင်းတွေ မကြာမကြာမြင်နေရတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved