ထိုင်းပင်လယ်ထဲ မြန်မာတွေတည်တဲ့ စေတီ

Monday, May 14, 2012


ထိုင်းနိုင်ငံ အရှေ့ပင်လယ်ထဲမှာ စံပယ်တော်မူနေသော မြန်မာနိုင်ငံသားများရဲ့ စေတီတော်
ဘစောတင်

"---ဒီကျွန်းမှာ အရင်က သနပ်ခါး ပါးကွက်ကျား ကွက်ရင် ဘတ် ၅၀၀ ဒဏ်ရိုက်ခံရတယ်---"


တမိုင်မက မြင့်တဲ့ တောင်ထိပ်ကို ဆိုင်ကယ်တွေနဲ့က တချို့၊ ခြေလျှင်နဲ့က တချို့ ကားနဲ့က တချို့ မရောက်ရောက်အောင် တက်နေကြတယ်။

လမ်းတလျှောက်ကလည်း ရခိုင်ရိုးမထဲက အန္တရာယ်ကုန်းဆင်းလို ကျိုက်ထီးရိုးတောင် တက်လမ်းမှာရှိတဲ့ ဖိုးပြန်တောင် အတက်လိုလို မတ်မတ်စောက်စောက်တွေချည်းပါဘဲ။ ဒါတွေကို တစက်ကလေးမှ မစိုးရိမ် မထိတ်လန့်ဘဲ ယောက်ျားတွေ မိန်းမတွေ စိတ်အားထက်သန်စွာ တက်နေကြတယ်။

သူတို့တွေရဲ့ ရင်ထဲမှာ ငါတို့အားလုံး စုပေါင်း တည်ထားကိုးကွယ်မဲ့ စေတီတော် ဒီကနေ့ ထီးတင်တော့မယ်။ ငါတို့ရဲ့ ချွေးနှဲစာနဲ့ရင်းပြီး ငါတို့ ကိုယ်တိုင်လုပ်အားနဲ့ ဖြစ်တည်တဲ့ ဒီစေတီတော်ကြီးဟာ နောင်ခါ ဒီကျွန်းပေါ်မှာ မြန်မာတွေ နေသွားပါတယ် ဆိုတာကို သက်သေခံမဲ့ သမိုင်းမှတ်တိုင်ကြီးတခု ရေးထိုးရစ်တော့မယ်ဆိုတဲ့ ခံစားချက်တွေနဲ့ မမောနိုင် မပန်းနိုင် လန်းဆန်းတက်ကြွစွာနဲ့ ဒီတောင်ထိပ်ကို တက်လာနေကြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။

ဒီလိုတက်နေကြတဲ့ အချိန်ကတော့ ၁၃၇၄ခုနှစ် ကဆုန်လပြည့်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် မေလ ၅ ရက် (စနေ) နေ့ နံနက်ပိုင်းမှာ ဖြစ်ပါတယ်။

ဘယ်မှာလဲဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်း စူရဌာနီခရိုင် ကော့တောင်ကျွန်းရဲ့ ဟတ်စလီတောင်မှာပါ။ ဒီက လူတွေက သူတို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ အက်ဒမန်ပင်လယ်ဘက်ကို အနောက်ပင်လယ်လို့ ခေါ်ကြပြီး သူတို့ နေထိုင်ရာ အရှေ့ဘက် ခြမ်းက တောင်တရုတ်ပင်လယ်ရှိရာကိုတော့ အရှေ့ပင်လယ်လို့ ဆိုကြပါတယ်။ ဒီကော့တောင် ကျွန်းကတော့ အရှေ့ပင် လယ်မှာ ရှိတာပေါ့။

ထီးတော်တင်မဲ့ မင်္ဂလာအချိန်အခါကိုတော့ နံနက် ၉ နာရီ ၆ မိနစ်လို့ ကြေညာထားပါတယ်။ ဒါကြောင့်မို့လို့ ထင်ပါရဲ့ ၉ နာရီထိုးခါနီးအချိန်မှာတော့ ဘုရား ပရ၀ုဏ် တ၀ိုက်မှာ ထောင်ချီရှိနိုင်တဲ့ မြန်မာပြည်သားတွေ စုရုံးရောက်ရှိလာကြပါတယ်။ ဒီထီးတော်တင်ပွဲဟာ ဒီကျွန်းမှာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့်လည်း လူတွေက ပိုပြီး စိတ်ဝင်စားကြတာ နေပါလိမ့် မယ်။

စေတီတော်တဆူ တည်ဖြစ်လာပုံကို ဂေါပကအဖွဲ့ဝင် တဦးလည်းဖြစ် ကျွန်းရှိ မြန်မာအလုပ်သမား အများစုက လေးစား ကြည်ညိုတဲ့ ဦးလေးကြီး ခေါ် ဦးနေလင်းက အခုလို ရှင်းပြပါတယ်။

´ဆရာရေ ပြောရရင် ဒီဘုရားတည်ဖြစ်တာဟာ ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)နဲ့ ရခိုင်ပြည်က စေတီပြင် ဆရာတော်တို့ ကြွလာပြီး တရားပွဲတွေကျင်းပဖြစ်ရာက ရလာတဲ့ ကောင်းကျိုးအဆက်လို့ ပြောရမယ် ထင်ပါတယ်။ ဒီတရားပွဲတွေအပြီးမှာ ကျွန်း မှာရှိတဲ့ လူတွေ ကျနော် အပါအ၀င်ပေါ့။ ဘာသာရေးဘက်မှာ လိုက်စားတဲ့သူတွေ များလာတယ်။ အထူးသဖြင့် ဒီစေတီ တော် တည်ဖြစ်တာကတော့ ကမကထ ဦးအောင်မိုးဟာ အဓိကပါ။ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းမှုကြောင့် အခုလို အောင် အောင် မြင်မြင်နဲ့ သူတပါး တိုင်းပြည်မှာ ကျနော်တို့ ရှာဖွေ စားသောက် အလုပ်လုပ်တဲ့ ဒီကျွန်းပေါ်မှာ စေတီတဆူ တည် ထားနိုင်ခဲ့တာပါ။ ဒီအတွက် အင်မတန် ၀မ်းသာ ပီတိဖြစ်မိပါတယ်` ဆိုပါတယ်။

ဦးနေလင်းဟာ ပဲခူးတိုင်းသားဖြစ်ပြီး ဒီကျွန်းမှာ နေလာတာ ၂၀နှစ် နီးပါးရှိပြီမို့ နောက်ရောက်လာတဲ့ လူငယ်တွေက ဦးလေးကြီး ဦးလေးကြီးနဲ့ ခေါ်ကြရာက နာမည်ရင်း မထင်ရှားတော့ဘဲ ဦးလေးကြီး ဖြစ်နေသူပါ။



ဟိုတုန်းက နိုင်ငံခြားသားတွေဟာ ဆူနာမီ ရေလှိုင်းဒဏ် မခံရမီက ဖူးကက်ကျွန်းနဲ့ ဖန်င ကမ်းခြေတို့ကိုဘဲ အပန်းဖြေနေရာအဖြစ် ရွေးခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ ဆူနာမီနောက်ပိုင်းမှာတော့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေဟာ ပင်လယ်ကို ဖြတ်ပြီးသွားရတဲ့ ကော့တောင်ကျွန်း ကော့စမွီကျွန်းနဲ့ ကော့ပဂန်းကျွန်းတို့ဘက်ကို ခြေဦးလှည့်လာခဲ့ကြပါတယ်။

အခုအခါမှာတော့ ဒီကျွန်းတွေက အပျော်ခရီး ထွက်လာသူများအတွက် မရောက်မဖြစ် နေရာတွေတောင် ဖြစ်နေပါပြီ။ ဒီလို ခရီးသွားတွေ များလာတာနဲ့အမျှ ဆောက်လုပ်ရေး လုပ်ငန်းတွေ စားသောက်ဆိုင် လုပ်ငန်းတွေ ပိုမို ထွန်းကားလာတာပေါ့။ ဒါကြောင့် အဲဒီ လုပ်ငန်းတွေမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ၀င်ရောက် လုပ်ကိုင်ကြတယ်။

အခုဆိုရင် ဒီကျွန်းပေါ်မှာ မြန်မာပြည်သား သောင်းနဲ့ချီပြီး ရှိရော့မယ်လို့ ခန့်မှန်းပြောကြပါတယ်။ ယောက်ျားတွေကတော့ ဒေသစုံက လာကြတာကို တွေ့ရ တယ်။ ဗမာ ရခိုင် မွန် ကရင် ထားဝယ် မြိတ် စသည်ဖြင့်ပေါ့။ ဒါပေမဲ့ အမျိုးသမီး အများစု ကတော့ တနင်္သာရီတိုင်းသူ ထားဝယ်တွေ မြီတ်တွေပါဘဲ။

ကော့တောင်ကျွန်းကလေးဟာ ပင်လယ်ပြင်မှာ အလွန်တရာလှပတဲ့ ကျွန်းကလေး တကျွန်းဖြစ်ပါတယ်။ ဒီကျွန်းကို အလည်ရောက်ခဲ့လို့ ကျွန်းပတ်လည်ကို စက်လှေနဲ့ ကြည့်ခွင့်ကြုံရမယ် ဆိုရင်တော့ တသက်တာအတွက် မမေ့ရက် လောက်အောင် လှပတဲ့ အလှတပါးကို ခင်ဗျား ကြည့်ခွင့်ရသွားပြီလို့ဆိုရင် အပိုပြောတယ် ထင်မှာပါ။ မပိုပါဘူး။ အမှန်တကယ်ကို လှပတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီကျွန်းပေါ်မှာ စေတနာ သဒ္ဓါတရား ထက်သန်တဲ့ မြန်မာပြည်သား အလုပ်သမားများက ဗုဒ္ဓစေတီတော် တဆူကို တည်ထားလိုက်တာကဖြင့် ဒီကျွန်းရဲ့ ကျက်သရေကို ပိုပြီး တင့်တယ်အောင် ပြုလုပ်လိုက်တာဘဲ ဖြစ်ပါတယ်။

ဒီစေတီတော်ကို အဓိက ကမကထ ပြုလုပ်တဲ့ ဘုရားဒကာ ဦးအောင်မိုးက ဒီလိုပြောပြပါတယ်။ ´ဒီစေတီ ပုံတော်ကို တနင်္သာရီတိုင်းက ဆရာတော် ဘဒ္ဒန္တပါမောက္ခ က ပုံစံပေးပါတယ်။ ဒါကို ကျနော်တို့က မြန်မာ့ယဉ်ကျေးမှု အနုပညာဟန် ပါလာအောင် ထပ်ဆင့် ကြံစည်ပြီး ရေးဆွဲကြပါတယ်။ ပန်းရံဆရာတွေ ဘာတွေ မငှါးကြပါဘူး။ ကျနော်ကိုယ်တိုင်ဘဲ ဦးစီးပြီး လူငယ်တွေနဲ့ တည်ပါတယ်။ ညအားတဲ့လူ ည။ နေ့အားတဲ့လူနေ့ပေါ့။ နေ့မီး ညမီး တည်ကြတယ်လေ။ ပန္နက်ရိုက်တာက ဒီနှစ် နတ်တော်လပြည့်နေ့ပါ´ တဲ့။

ဒီလို မတ်စောက်တဲ့ တောင်ထိပ်ကို ဘိလပ်မြေအိတ်တွေကို ထမ်းပိုး သယ်ရွက်ကြတာ။ အုတ်တွေကို ထမ်းတင်ကြတာ။ အသေအချာ တွေးကြည့်ရင် ဒီဝေယျာဝစ္စ ကုသိုလ်ရှင်တွေရဲ့ စေတနာဟာ ဘယ်လောက် ထက်သန်နေသလဲဆိုတာ သိသာလှပါတယ်။

ဒီထီးတော်တင်ပွဲမှာ ရခိုင်လုံချည်၊ ယောပုဆိုး ပလေကပ် အသစ်ကျပ်ချွတ်တွေနဲ့ ကော်လာကတုံးတွေ ရှပ်အင်္ကျီ အဖြူတွေကို ၀တ်ဆင်ထားကြတဲ့ လူငယ်လူရွယ် လူလတ်ပိုင်းတွေရယ်နဲ့ အမျိုးသမီးတွေကလည်း လုံလုံခြုံခြုံ သိက္ခာရှိရှိ မြန်မာ့ထမီ မြန်မာအင်္ကျီ တွေနဲ့ ကျက်သရေ တင့်တယ်နေတာကို မြင်ရတော့ ထိုင်းနိုင်ငံမှ ဟုတ်ပါလေစလို့ ထင်မိပါသေးတယ်။ ဒီလိုဖြစ်လာဘို့ အရင်ရောက်နှင့်တဲ့ နောင်တော်တွေက အရင်းအနှီး ကြီးကြီးပေးခဲ့ရပုံကို ရခိုင်ပြည်နယ် မန်အောင်ကျွန်းသားဖြစ်တဲ့ ဦးကာရီက ကျနော့ကို ရှင်းပြပါတယ်။

´ဆရာ ဒီကျွန်းမှာ အရင်က သနပ်ခါး ပါးကွက်ကျား ကွက်ရင် ဘတ် ၅၀၀ ဒဏ်ရိုက်ခံရတယ်။ ကိုယ့်ကို မြန်မာပြည် သားမှန်း မသိရအောင် တတ်နိုင်သမျှ ထိန်းသိမ်းနေရတယ်။ ဒီမှာက အရင်က ရဲလည်း ကြောက်ရသလို ကျွန်းပေါက်လို့ ခေါ်တဲ့ ဒေသခံ ကျွန်းသားတွေကိုလည်း ကြောက်ရတယ်။ ကျွန်းပေါက်တွေကို ကျနော်တို့ကိုထား။ ရဲတွေတောင် လန့်ရ တယ်ဆရာ။ ဒီအခြေအနေမှာ ကျနော်တို့တွေ စုပေါင်းပြီး ခြုံနွယ်ပိတ်ပေါင်းတွေ ဟီးထနေပြီး ညစ်ပတ်နေတဲ့ ထိုင်းဘုန်း တော်ကြီး ကျောင်းကို သန့်ရှင်းရေး လုပ်ပေးကြတယ်။ ကော့တောင်ကျွန်းမှာ ရေကြီးတော့ ကျနော်တို့တွေ စုပေါင်းပြီး ရေစီးရေလာကောင်းအောင် ၀ိုင်းပြီး လုပ်ကြတယ်။ ဒီလိုလုပ်ပေးတဲ့ အတွက် ကျွန်းလူကြီးတွေ အာဏာပိုင်တွေ လုပ်ငန်းရှင်တွေက သဘောကျလို့ အခုလို လုံချည်တကားကားနဲ့ နေလာနိုင်ကြတာဆရာ´ လို့ ပြောပါတယ်။

ပြီးတော့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲများကို တသီတတန်းကြီး ပြောပြတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားများ ကြုံတွေ့ရတဲ့ မရိုးနိုင်သော ဇာတ်လမ်းတွေပါ။ နေရာသာကွဲမယ်။ ဇာတ်လမ်းတွေကတော့ ဆင်တူချည်းပါဘဲ။

ဒီစေတီတော် တည်မဲ့ မြေနေရာကိုလည်း ကမကထ ကိုအောင်မိုးတို့ အလုပ်ရှင်က ၀ယ်ပေးတာတဲ့။ ဒီထိုင်းကြီးကတော့ တမျိုးထူးတယ်။ သူမြေထဲမှာ ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ ဘုရား ရုပ်ပွားတော်ကို ကိုးကွယ်ထားသလို တရုတ် ကိုးကွယ်မှု ဖြစ်တဲ့ ကွမ်ယင် မယ်တော် ကျောင်းဆောင်လည်း ရှိတယ်။ အဲဒီအထဲမှာ ကုလားတွေ ကိုးကွယ်တဲ့ မဟာပိန္နဲ နတ်ဘုရားလည်း ရှိတယ်။


ဒါ့အပြင် ဒီမှာ မထင်မှတ်ဘဲ တွေ့ခဲ့ရတာတခုကတော့ အင်မတန် အသံကောင်းပြီး မြန်မာသံစဉ်ကို တကယ့် ၀ါရင့် အဆိုတော်ကြီးတွေလို သီဆိုနိုင်တဲ့ မိန်းကလေးတွေရယ်။ ထီးတော်တင်ပွဲကို ဂုဏ်ပြုပြီး သီးချင်း ရေးစပ်သီကုံးနိုင်တဲ့ တေးရေးစာဆိုတွေ ရှိနေတယ် ဆိုတာပါဘဲ။ သူလို ငါလို ရွှေ့ပြောင်း အလုပ်သမားဘ၀နဲ့ သူတို့ရဲ့ ပါရမီရှိတဲ့ ဂီတပညာကို ရွက်ပုန်းသီးအဖြစ် ပင်လယ်ပြင်မှာ ငုပ်လျှိးနေရာက အခွင့်သာခိုက်မှာ မီးခဲပြာဖုံး ဟုန်းကထဲ တတောက်တာကို မြင်ခဲ့ရတာ ၀မ်းသာလို့ မဆုံးပါဘူး။ ကီးဘုတ်ကလေး တလုံးနဲ့ တပွဲလုံးကို ထိန်းသွားကြတာပါ။ အားလုံးဟာ မိတ်အင် ကော့တောင်ပါ။



ပြီးတော့ ပွဲကိုမြိုင်စေတဲ့ ဒိုးအဖွဲ့ကလည်း ပါလိုက်သေးတယ်။ ဒီထီးတော်တင်ပွဲမှာ အရာအများစုက တကယ့်ကို မိတ်အင် ကော့တောင်တွေ များပါတယ်။ မိတ်အင် ကော့တောင် မဟုတ်တာကတော့ စေတီ
မှာ ဌာပနာမဲ့ ဓာတ်တော် မွေတော်တွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းက ပင့်ဆောင်တာဖြစ်ပြီး တရားဟော ဆရာတော်ကတော့ ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်းက ပင့်တာပါ။ ဧည့်သည်ဆိုလို့ အထူးတလည် ဖိတ်ထားတဲ့ ချုံဖော်နဲ့ ကော့စမွီကျွန်းက တချို့နဲ့ ဘန်ကောက်က ကျနော်တယောက်ရယ်ဘဲ ကျွန်းအပြင်က ဖြစ်ပါတယ်။



ဒီစေတီတော်ရဲ့ ဘွဲ့တော်က အဓိဋ္ဌာန်ပြည့် ကိုးန၀င်း ဆုတောင်းပြည့် စေတီတော်ဖြစ်ပါတယ်။

အကယ်၍ မိတ်ဆွေလည်း အခါသင့်လို့ ကော့တောင်ကျွန်းကို ရောက်ခဲ့ရင် ဟတ်စလီတောင်ပေါ်မှာ စံပယ်တော်မူနေတဲ့ အဓိဋ္ဌာန်ပြည့် ကိုးန၀င်း စေတီတော်ကို ဖူးမျှော်ဖြစ်အောင် ဖူးမြော်ဖို့ တိုက်တွန်းပါတယ်။ ခေတ်အဆက်ဆက် ရာဇ၀င် အဆူဆူမှာ မင်းဘုရင်တွေရယ် သူဌေးသူကြွယ်တွေနဲ့ အများပြည်သူ စုပေါင်းပြီး ဘုရားတည်လေ့ရှိခဲ့ကြပါတယ်။ ဒီဘုရားကတော့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားမျာက တည်တာဖြစ်ပြီး နောင်နှစ်ပေါင်းရာထောင် ရှည်လာသည့်အခါ ဤအရပ်တွင် မြန်မာပြည်သားများ လာရောက်နေထိုင်ခဲ့ဖူးကြောင်း သက်သေခံနေမဲ့ ဘုရားစေတီ တဆူအဖြစ် တည်ရှိနေမယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်မိပါတယ်။

4 comments :

  1. Anonymous said... :

    မြန်မာတွေ ထိုင်းနိုင်ငံမှာ ဘုရားတည် ကျောင်းဆောက် လုပ်တာ ကုသိုလ်ရပါတယ်။ ဒါပေမဲ့ ထိုင်းဥပဒေအရ မြန်မာပိုင် ကျောင်းကန်ဘုရားမှန်သမျှ ထိုင်းက သိမ်းပိုက်ဘို့ ဥပဒေပြဌာန်းပြီး ဖြစ်ပါတယ်။
    ဒါကြောင့် အလုပ်သမားများ အနေနဲ့ မိမိတို့ ချွေးနဲစာကို မြန်မာပြည်ကို ပြန်ပြီး ကုသိုလ်ပြုသင့်ပါသည်။
    ကုသိုလ်ပြုတဲ့နေရာမှာ ဥာဏ်ယှဉ်ပြီး ပြုလုပ်သင့်ကြောင်း အကြံပြုပါသည်။

  1. Anonymous said... :

    ဘုရားသာသနာဆိုတာ အစိုးရတစ်ရပ်ကသိမ်းပိုက်ပေမယ့်
    ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး..
    သာသနာပြုတာကို မြန်မာပြည်ထိုင်းဆိုပြီးခွဲခြားနေမယ့်အ
    စားဘယ်နေရာမှာဖြစ်ဖြစ်ဗုဒ္ဒဘာသာထွန်းလင်းအောင်လုပ်
    သင့်ပါတယ်..ဒါဟာသာသနာပြန့်ပွါးရေးတစ်ရပ်ဖြစ်သလို
    မြန်မာတွေရဲ့သမိုင်းမှတ်တိုင်တစ်ရပ်လည်းဖြစ်ပါတယ်..
    အားလုံးကိုသာဓုခေါ်ပါတယ်ဗျာ...

  1. yokegazoe said... :

    ကုသိုလ်ဆိုတာ ဘယ်နေရာ လုပ်လုပ်ကုသိုလ်ပါပဲ။ သူတို့ရင်ထဲက သဒ္ဒါစိတ်က အဓိကပါ။ ဘုရား တရား သံဃာအတွက်ရည်စူးလှူဒါန်းတာပါ။ ထိုင်းအစိုးရက သိမ်းတာ မသိမ်းတာ လှူဒါန်းသူတွေအတွက် အရေးမကြီးတော့ပါဘူး။ ကျွဲကူးရေပါ သဘောနဲ့ အမြတ်ထွက်တာက တိုင်းတပါးမှာ မြန်မာကွန်မြူနတီ စည်းစည်းလုံးလုံးရှိတာ။ ဘယ်နေရာ ရောက်ရောက် ဘာသာ သာသနာနဲ့ ယဉ်ကျေးမှုကို မမေ့လျော့ပဲ တတ်အားသမျှ ဖော်ထုတ်နိုင်တာ။ ဒါတွေဟာ ချီးကျူးစရာပါ။ ၀မ်းလည်းသာပါတယ်။ သာဓုသုံးကြိမ်ခေါ်ဆိုပါတယ်။ အားလုံးအစစ အရာရာ အဆင်ပြေ ချောမွေ့ကြပါစေ။ ကောင်းကြိုးလိုရာ ဆန္ဒများပြည့်ဝပြီး အမိမြန်မာပြည်မှာ မိသားစုတွေ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ။

  1. မောင်ကောင်း( ရန်ဂွန်း) said... :

    သိမ်းတာပြဿနာမရှိဘူးဗျ ဇာတ်ညွှန်းအရလှတယ် ဖြိုပစ်တာမှမဟုတ်တာ၊ ဒါဗမာတွေဘုရား ဗမာတွေ ချွေးနဲ့ရင်းတည်ခဲ့တဲ့ဘုရားဆိုတဲ့ သမိုင်းကိုတော့ ထိုင်းတွေ ဖျောက်လို့ သိမ်းလို့ ပြင်လို့မရတာတော့ မောင်ကောင်း ဝမ်းမြောက်တယ် ဒီဆောင်းပါဖတ်ရတာ ဒီနေ့ အလွန်ကျက်သရေပြည့်တယ်ဗျား မင်္ဂလာရှိလိုက်တာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved