မြန်မာပြည်ရောက် တူရကီစစ်သားများ

Tuesday, May 29, 2012

~


ပထမကမ္ဘာစစ်အတွင်း မြန်မာပြည်ရောက် တူရကီအကျဉ်းသားများ ဖွဲ့ထားတဲ့ ဘောလုံးအသင်း (ဒီစာအုပ် စာမျက်နှာ ၂၃၈)

မိတ္ထီလာမှာ တူရကီ စစ်သင်္ချိုင်းဟောင်း ရှိတယ် တဲ့။ ဒီကနေ့ထုတ် ကြေးမုံ စာမျက်နှာ ၆ မှာ ရေးထားပါတယ်။

ပထမကမ္ဘာစစ်အတွင်း သုံ့ပန်းဖြစ်သွားတဲ့ တူရကီစစ်သား အများအပြား မိတ္ထီလာဘက်ကို ရောက်လာတယ်၊ သူတို့ရဲ့ သင်္ချိုင်းကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ တူရကီသံအမတ် Mr. Murat Yuvaz လေ့လာနေတယ်လို့ ဆိုတယ်။

အဲဒီနယ်ကို ရောက်ခဲ့တဲ့ တူရကီစစ်သား လေးရာကျော်တယ် တဲ့။

ကျဆုံးရတဲ့ တူရကီစစ်သား အရေအတွက် တသောင်း ရှိမယ်လို့ သံအမတ်က ဆိုတယ်။ မြန်မာပြည်ကို ဖမ်းလာပြီး သေဆုံးသွားတဲ့ အရေအတွက် ဖြစ်နိုင်ပါတယ်။

ပထမကမ္ဘာစစ်က ၁၉၁၄ မှာ ဖြစ်တာ ၄ နှစ် ကြာပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့အချိန်ပေါ့။)

မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်၊ ပြင်သစ်တို့က တဘက်။
ဗဟို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ သြစတြီးယားတို့က တဘက်။ အဲဒီဘက် ၀င်ကူတဲ့ နိုင်ငံတွေထဲမှာ တူရကီ ပါပါတယ်။

(နောက် အနှစ် ၂၀ အကြာမှာ ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်မှာတော့ တူရကီက ငြိမ်သက်နေခဲ့ပြီး စစ်ပြီးခါနီးမှာ မဟာမိတ်ဘက်က ရပ်တည်လိုက်ပါတယ်)

ကြေးမုံသတင်းအရ ဆိုရင် ပထမကမ္ဘာစစ်အတွင်း ဖမ်းမိတဲ့ တူရကီ သုံ့ပန်းတွေ မိတ္ထီလာဘက် ရောက်လာပါတယ်။ အင်္ဂလိပ်က အဲဒီအချိန် သူသိမ်းထားတဲ့ မြန်မာပြည်ထဲကို ဒီသုံ့ပန်းတွေ ပို့လိုက်တဲ့သဘောပါ။
အခုတော့ တူရကီသံအမတ်က သူတို့ရဲ့ သင်္ချိုင်းကို ပြုပြင် ထိန်းသိမ်းနိုင်ဖို့ သွားရောက် လေ့လာနေပါပြီ တဲ့။

ဒါက မြေပုံပေါ်က တူရကီ နဲ့ မြန်မာပြည်

တူရကီအကျဉ်းသားတွေကို ထားခဲ့တဲ့ မြန်မာပြည်က နေရာ ၄ ခု
(ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးမှာ ရှိခဲ့တဲ့ တူရကီသုံ့ပန်းစခန်းများ ဆိုတဲ့ စာအုပ်မှာ ဖော်ပြထား)


တူရကီမှာ တွေ့ရတဲ့ အင်္ဂလိပ်လက်အောက်ရောက် တူရကီတပ်သားများ (ဓာတ်ပုံ - www.firstworldwar.com)

အင်္ဂလိပ်တပ်တွေနဲ့အတူ တွေ့ရတဲ့ ဒဏ်ရာရ တူရကီ သုံ့ပန်းများ (ဓာတ်ပုံ - www.firstworldwar.com)

အင်္ဂလိပ်ပိုက်နက် အိန္ဒိယ မြန်မာ နယ်ထဲမှာ တူရကီ အကျဉ်းသားတွေကို ထားရှိတဲ့ စခန်း ၁၀ ခု အကြောင်း စာအုပ်မှာတော့ အကျဉ်းစခန်းတွေဟာ သရက်၊ ရွှေဘို၊ မိတ္ထီလာ၊ ရန်ကုန်တို့မှာ ရှိတယ် လို့ ရေးထားပါတယ်။

အောက်က အချက်အလက်တွေကတော့ အဲဒီစာအုပ်
REPORTS ON BRITISH PRISON-CAMPS IN INDIA AND BURMA
VISITED BY THE INTERNATIONAL RED CROSS COMMITTEE
IN FEBRUARY, MARCH AND APRIL, 1917
မှာ တွေ့ရတဲ့ အချက်တွေပါ။

စခန်းတွေကို ICRC လို့ ခေါ်တဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီက ၁၉၁၇ နှစ်ဆန်းပိုင်း သွားရောက်လေ့လာချက် အစီရင်ခံစာ လို့ စာအုပ် မျက်နှာဖုံးမှာ ရေးထားပါတယ်။

အကျဉ်းစခန်းအမည်နဲ့ အကျဉ်းသားအရေအတွက် (အများစုက သုံ့ပန်း)
သရက်မြို့စခန်း - ၃၅၉၁
ရွှေဘိုစခန်း - ၉၀
မိတ္ထီလာစခန်း - ၁၉၁၇ တွင် အသုံးပြုခြင်းမရှိ
ရန်ကုန်စခန်း - ??

ICRC မြန်မာပြည်ထောင်တွေကို လာစစ်တာ ၁၉၁၇ ကတည်းကလို့ ဆိုနိုင်ပါတယ်။

သရက်စခန်းမှာ အကျဉ်းသားတွေ မြို့ထဲသွားခွင့်မရှိ၊ မြို့ထဲက ဗလီတော့ သွားတက်ခွင့်တောင်းတာလည်း မရ၊ အကျဉ်းသားတိုင်း တပတ်ကို စီးကရက် အလိပ် ၄၀ နဲ့ မီးခြစ် ၁ ဘူး ရတယ်၊
အကျဉ်းသား ၃,၅၀၀ ၀န်းကျင် ရှိတဲ့ထဲက ၁၉၁၆ မှာ ၇၆ ဦး သေဆုံးတယ် တဲ့။

စာ ၅၉ မှာ ရေးထားတာကတော့ သူတို့ကို မက်ဆိုပိုတေးမီးယန်း စစ်မြေပြင်ကနေ အိန္ဒိယကို ပို့တယ်၊ အဲဒီကနေမှ မြန်မာပြည်ကို ရေလမ်းကနေ ပို့လိုက်တယ်။
ကလာကတ္တားကနေ ရန်ကုန်ကို ၃ ရက်ကြာတယ် တဲ့။
ရန်ကုန်ကနေ သရက်ကို ရေလမ်းကသွား၊ မိတ္ထီလာကိုတော့ ရထားနဲ့သွား (တိုက်ရိုက်တော့မဟုတ်)။ အကျဉ်းသားတွေကို ရာထူးအလိုက် ပထမတန်းတွဲ ဒုတိယတန်းတွဲတွေမှာ တင်သွားတယ်လို့ ဆိုတယ်။

ကြေးမုံ သတင်းစာ ဖော်ပြချက်ကို ဒီမှာ http://1.bp.blogspot.com/-hbD2hLQzaQo/T8SBQAxGCZI/AAAAAAAAG6c/jeY8fvP9Ams/s1600/_MG_4910.jpg ဖတ်ပါ။

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved