NLD လူမှုအထောက်အကူပြုအဖွဲ့

Tuesday, May 22, 2012


၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရနိုင်တဲ့ NLD လူမှုအထောက်အကူပြုအဖွဲ့ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ကို ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ဤသို့ ဖွဲ့စည်းနိုင်ရန် အဓိက တိုက်တွန်းခဲ့သူ ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်များမှာ -
ဥက္ကဋ္ဌ - ဦးဝင်းထိန်
ဒုဥက္ကဋ္ဌ - ဦးအုန်းမြင့် (ခေါ်) သခင်အုန်းမြင့် (ကွယ်လွန်)
ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊
ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင် ဦးသိန်းတင်၊
ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၊
လူငယ်အဖွဲ့ဝင်များဖြစ်ကြသည့် မနီနီဝေ နှင့်
ကိုတင်လှိုင် (ခေါ်) ကိုအီဗား တို့ဖြစ်သည်။

လူမှုအထောက်အကူပြုအဖွဲ့သို့ သဒ္ဓါပေါက်သူများ လှူဒါန်းသည့် အလှူငွေများဖြင့် နိုင်ငံရေးအကျဉ်းသားများအား တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်း လစဉ်ထောက်ပံ့ခဲ့သည်။

၁၉၉၆ ခုနှစ် မေလတွင် ဦးဝင်းထိန်၊ ဦးကျော်မင်း၊ ဦးသိန်းတင်၊ ကိုတင်လှိုင် (ခေါ်) အီဗား တို့ အထိန်းသိမ်းခံခဲ့ရရာ၊ သခင်အုန်းမြင့်က ဦးစီးပြီး သင့်လျော်သော ပုဂ္ဂိုလ်များနှင့်အတူ လူမှုအထောက်အကူပြု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထောက်ပံ့ငွေကိုလည်း တစ်လလျှင် ၁၀၀၀ ကျပ် / ၁၅၀၀ ကျပ် စသဖြင့် ပိုမိုထောက်ပံ့နိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဥက္ကဋ္ဌအဖြစ် ဦးစီးပြီး၊ ဒုဥက္ကဋ္ဌ အဖြစ် သခင်အုန်းမြင့်၊ အတွင်းရေးမှူးအဖြစ် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်း၊ ဒေါ်ကြည်ကြည်ဝင်းတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။



၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် ဥက္ကဋ္ဌ ဦးတင်ဦး အထိန်းသိမ်းခံခဲ့ရရာ သခင်အုန်းမြင့်၊ ဦးအောင်စန်းမြင့်၊ ဦးလှသိန်း၊ ဦးသိန်းဦး တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် လူမှုအထောက်အကူပြုအဖွဲ့ကို ဦးတင်ဦး (ဥက္ကဋ္ဌ)၊ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ဒေါ်ခင်သန်းလှ၊ ဦးစောလှိုင်၊ ဦးလှသိန်း၊ ဒေါ်ကြည်ကြည်ဝင်း (ကြည့်မြင်တိုင်)၊ ဒေါ်ကြည်ကြည်ဝင်း (စမ်းချောင်း) တို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် ပြည်နယ်နှင့်တိုင်း ဒေသအလိုက် ထောက်ပံ့ကူညီနေကြခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) သို့ လာရောက်ဆက်သွယ်သူ ၆၀၀ ကျော်ရှိသည်။ လူမှုအထောက်အကူပြုအဖွဲ့ အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍ ထိုနိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်အတွက် တစ်ဦးလျှင် တစ်လ ၅၀၀၀ ကျပ်နှုန်း၊ ဆေးရုံတက်နေရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် ကျပ် ၁ သောင်းမှ ၅ သောင်းအထိ၊ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအတွက် တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းနှုန်း ထောက်ပံ့ကူညီလျက်ရှိသည်။

လူမှုအထောက်အကူပြုအဖွဲ့သည် သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အရေးပေါ်လိုအပ်တိုင်း ကူညီထောက်ပံ့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ကလေးငယ်များအတွက် ကျောင်းစရိတ်နှင့် ပညာရေး အထောက်အကူပြုလုပ်ငန်းများ၌် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ။ 



ညွှန်း - ပြည်သူ့ဂုဏ်ရည်ဆု - Citizen of Burma Award www.citizenofburma.org

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved