ရခိုင်ပြည်နယ် မြေပုံမြို့က မန္တလေးကို ရှောင်တိမ်းလာရသူ

Tuesday, July 31, 2012



မန်းသားလေး ပေးပို့သည်။


ရခိုင်ပြည်နယ် မြေပုံမြို့တွင် စခန်းမှုး၊ နယ်ထိန်းနှင့် အပေါင်းပါတစ်ချို့ ဈေးဆိုင်ခန်းနှစ်ခန်းရှိ တံခါးသော့များကို ရိုက်ချိုးကာ ဆိုင်အတွင်းရှိ ပစ္စည်းများကို ဥပဒေမဲ့ ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ မြေပုံမြို့ လမ်းထောင်းကြီးကျေးရွာ အမှတ်(၂) ကန္နားလမ်းရှိ ဦးစံထွန်းကြည် ပိုင်ဆိုင်သော ဆိုင်ခန်းကို စခန်းမှုး ဦးသန်းဝင်း၊ နယ်ထိန်း ဦးသောင်းတင်၊ ဘိလပ် စာရေးမ ဒေါ်သီတာအေးနှင့် စာရေး ဦးမောင်မောင်ထွန်းတို့သည် တရားဥပဒေမဲ့စွာ ၀င်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ဦးစံထွန်းကြည်သည် အဆိုပါ ဆိုင်ခန်းကို ဒေါ်သန်းသန်းယဉ်ထံမှ ၂၀၀၅ ခုနှစ် ငွေကျပ် ၃၃ သိန်းနှင့် စာချုပ် ချုပ်ဆို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဒေါ်သန်းသန်းယဉ်မှ ၂၀၀၈ ခုနှစ်တွင် ဆိုင်ခန်းပြန်လည် ရလို မှုနှင့် တရားစွဲဆိုခဲ့သည်။

သို့သော်လည်း စာချုပ်စာတမ်းနှင့်တကွ အသိသက်သေများရှေ့တွင် ၀ယ်ယူထားသော
ကြောင့် ဒေါ်သန်းသန်းယဉ် မှာ အမှုရှုံးခဲ့ရသည်ဟု ဦးစံထွန်းကြည် သမီး မစီစီက ရှင်းပြသည်။

ယင်းနောက် ၂၀၁၁ ခုနှစ်တွင် ဒေါ်သန်းသန်းယဉ်မှ တရားပြန်စွဲခဲ့သည်။ ယင်းအမှုကို ၂၀၁၂ ခုနှစ် ဇွန်လက မြေပုံမြို့တရားသူကြီး အပြီးသတ် အမိန့်ချမှတ်ကာ ဒေါ်သန်းသန်းယဉ်ကို အမှုအနိုင်ပေးခဲ့သည်။

အမှုအနိုင်ပေးပြီသည်နှင့် တစ်ပြိုင်နက် ဒေါ်သန်းသန်းယဉ်မှ ဦးစံထွန်းကြည် ဆိုင်ခန်းများကို စခန်းမှုးနှင့် နယ်ထိန်းရဲများကို ခေါ်ယူကာ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

‘‘တရားသူကြီး အမှုချတဲ့အချိန်တုန်းက ရခိုင်မှာ အရေးခင်းဖြစ်နေတဲ့ကာလမှာပါ။ အဲဒီအချိန် သူတို့ကို အနိုင်ပေးပြီး အမိန့်ချခဲ့တာပါ။ အဲဒီအချိန်တုန်းက စစ်တွေမြို့ကိုလည်း မထွက်ရဘူး။ ၁၄၄ ထုတ်ထားတဲ့ အချိန်ဆိုတော့ ရဲတွေကို ကြောက်နေရတယ်။ ဒါကို သူတို့က အခွင့်ကောင်းယူပြီး ရဲတွေကို ငွေပေးပြီး ကျွန်မတို့ ဆိုင်ခန်းကိုဖျက်ခိုင်းတယ်။ ပြီးတော့ အထဲက ပစ္စည်း သိန်းတစ်ရာကျော်ဖိုးကိုလည်း ရဲတွေက ယူဆောင်သွားပါတယ်” ဟု ဦးစံထွန်းကြည်၏ သမီး မစီစီက ဇူလိုင်လ ၃၀ ရက်နေ့က ဧရာဝတီကို ပြောသည်။

မြေပုံမြို့ စခန်းမှုးနှင့် နယ်ထိန်းအပေါင်းပါ များက ဆိုင်ခန်းသော့များကို တူများနှင့် ဖျက်ဆီးခြင်း၊ အ၀တ်ထည် များကို ထုပ်ပိုးခြင်း၊ ဗီရိုများကို ကားလမ်းအပြင်ဘက် ထုတ်ခြင်းများကို ဆောင်ရွက်နေသည့် ဗီဒီယိုဖိုင်ကို မစီစီမှ ရိုက်ကူးကာ မြေပုံမြို့မှ မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

‘‘ကျွန်မကို ဒီဗီဒီ ဖိုင်ပေးဖို့ စခန်းမှုးက ခြိမ်းခြောက်တောင်းဆိုနေတာပါ။ ဒီ ဗီဒီယိုဖိုင်ကို မပေးဘူးဆိုရင် ကျွန်မ တစ်မိသားစုလုံးကို အချုပ်ထဲချမယ်ဆိုပြီး ပြောပါတယ်။ အဲဒါကြောင့် ကျွန်မ အမေ့ကို ခေါ်ပြီး ရန်ကုန်ကို တိမ်းရှောင်လာတာ ၁ လလောက်ရှိပါပြီ။ အဲဒီကနေမှ အသိရှိတဲ့ မန္တလေးဘက်ခြမ်းကို ကူးလာခဲ့တာပါ” ဟု မစီစီကပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်း ၈နာရီခွဲတွင် မြေပုံမြို့ စခန်းမှုး၊ နယ်ထိန်းနှင့် ရဲများ၊ ရဲများ၏ မိန်းမများနှင့် အလုပ်သမား ၃၀ ကျော်တို့သည် လုံခြုံရေးအပြည့်ဝနှင့် ၄င်းဆိုင်အတွင်းရှိ ပစ္စည်းများကို ဖျက်သိမ်း ကြခြင်း ဖြစ်သည်။ ရဲမိန်းမများက ဆိုင်ပိုင်ရှင် အမျိုးသမီးများ ထွက်ခွာမှုမပြုလျှင် ဆွဲထုတ်ရန်အတွက် ခေါ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း မစီစီက ပြောသေးသည်။

‘‘ဒီကိစ္စ တရားမမှုဖြစ်တယ်လို့ ဆိုတယ်ဗျ. တရားမမှုဟာ ရှည်လျားပြီး ရှုပ်ထွေးပါတယ်။ အမှုရှုံးတယ်ဆိုရင် ဆိုင်ခန်းကို အပ်ဝရန်း ရှေ့နေက ထုတ်ရပါမယ်။ အဲလိုထုတ်ပြီးတာနဲ့ ဆိုင်ရှင်တွေက မထွက်ဘူးဆိုရင်တော့ ဥပဒေနဲ့အညီလုပ်ပိုင်ခွင့်ရှိတယ်။ တရားရုံးအမိန့်နဲ့ ရဲတို့ အုပ်ချုပ်ရေးမှုးတွေကိုခေါ်ပြီး ၀င်သိမ်းလို့တော့ ရတယ်။ ဒါပေမဲ့ တရားမမှုဖြစ်နေတဲ့အတွက် ပြန်ပြီးလည်း လျှောက်ထားနိုင်တယ်။ အဓိက ကာယကံရှင် တရား ဥပဒေ နဲ့ ပြန်ပြီး ကုစားရပါမယ်”ဟု မန္တလေးမြို့နေ့ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ရိုက်ကူးထားသည့် ဗီဒီယို ဖိုင်ကို ရဲလက်အပ်နှံခြင်းမရှိပါက ၀တ္တရားနှောင့်ယှက်မှုဖြင့် လက်ထိပ်ခတ်ပြီး ဖမ်းမည် ဟု မြေပုံစခန်းမှုးက ခြိမ်းခြောက်နေသည့်အတွက် အဆိုပါမိသားစုမှာ ၄င်းတို့ လုံခြုံရေးအတွက် သမ္မတနှင့် တာဝန် ရှိသူများထံသို့ စာရေးတိုင်ကြားပြီး ILO ကိုလည်း အကူညီတောင်းထားကြောင်း သိရသည်။


2 comments :

  1. Anonymous said... :

    ကမ်းထောင့်ကြီး မြို့ ၊ မြေပုံမြို့နယ်။
    လမ်းထောင့်ကြီးမဟုတ်ပါ ။

  1. Anonymous said... :

    ဘီလိတ်စရေးမ ထင်တယ် ဘိလပ်မဟုတ်ပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved