အားကစားသမားဘဝ.. အမှတ်တရများ..

Thursday, August 2, 2012

ဓာတ်ပုံ- http://appadvice.com

လန်ဒန် အိုလံပစ် ဘောလီဘော ပွဲ သွားကြည့်တဲ့ ဓာတ်ပုံတွေကို အဒေါ်ဖြစ်သူက အားကစား ဝါသနာကြီးတဲ့ တူဖြစ်သူ ကျနော့်ကို တကူးတက ပို့ပေးရှာတယ်..။ သူမသိတော့တာက ငယ်ငယ်တုန်းက အစွဲအလမ်းသိပ်ကြီးတဲ့ အားကစားဟာ ခု ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တော့သလို ခံစားနေရတာကိုပဲ..။ စိတ်ခံစားမှုက ထူးတော့ ထူးဆန်းတယ်..။



အားကစား ရဲ့ အနှစ်သာရ ကို အပြည့်အဝ ပုံဖော်ပေးနိုင်တဲ့ အိုလံပစ် လို ပွဲကြီးမျိုးတောင် ခုအချိန်မှာ ကြည့်ဖို့ မကြိုးစားမိဘူး..။ ဟိုတနေ့က အွန်လိုင်း မိတ်ဆွေ တယောက် တင်တဲ့ အိုလံပစ် သမိုင်းမှာ ဆုတံဆိပ် အများဆုံး ယူထားတဲ့ အမေရိကန် ရေကူး ချန်ပီယံ မိုက်ကယ် ဖယ့်လ်ပ် (စ်) တယောက် အဖွင့်နေ့မှာ ဆုတံဆိပ် လွတ်သွားတဲ့ အကြောင်း တွေ့မိတော့မှ သူ့သတင်းတခုကိုပဲ ရှာဖတ်မိတယ်..။ သူ့ကို အရင်တုန်းက တစိုက်မတ်မတ် အားပေးခဲ့ဖူးတော့ ခုလို ဖြစ်ရတာ စိတ်မကောင်းဖြစ်မိပေမယ့် အရင်ကလို အူလှိုက်သည်းလှိုက် မဖြစ်တော့ဘူး..။



အားကစားဟာ မဟာလူသားတွေကို မွေးထုတ်ပေးလေ့ရှိတယ်..။ ဒါပေမယ့် ဒီ မဟာလူသားတွေဟာ အမြဲတမ်းတော့ မဟာလူသားအနေနဲ့ မရပ်တည်နိုင်ဘူးပေါ့..။ ကျချိန် ဆိုတာလည်း ရှိစမြဲပါပဲ..။ တခြား တက်သစ်လူငယ်တွေအတွက်လည်း အခွင့်အရေး ရ သလို သံဝေဂတရားလည်း ယူနိုင်တာပေါ့..။



ခု အိုလံပစ် စတော့ ဗမာပြည် နဲ့ အိုလံပစ် အကြောင်းလေးတွေ ခေါင်းထဲရှိတာ စာတပုဒ် ရေးဖို့ စိတ်ကူးမိပေမယ့်လည်း တကယ် အကောင်အထည်ဖော် ချရေးနိုင်ဖို့ မကြိုးစားမိဘူး..။ လူ့ရဲ့ စိတ် က အဲ့လောက် ပြောင်းလဲ နိုင်သလားဆိုတာ သိရတော့ အံ့သြ ရတယ်..။ စိတ်ကျ ရောဂါ တမျိုးလည်း ဖြစ်နိုင်ပါတယ်..။



ငယ်ငယ်တုန်းကတော့ အားကစားဟာ ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတယ်..။ ကိုယ်တိုင် စနစ်တကျ လေ့ကျင့် ကစားခဲ့သလို အားကစားပွဲပေါင်းစုံကို အားပေးရတာလည်း အင်မတန် ဝါသနာ ကြီးခဲ့တယ်..။



ငယ်ဘဝမှာတော့ အောင်ဆန်းကွင်း နဲ့ သုဝဏ္ဏကွင်းဟာ အိမ်လို ဖြစ်ခဲ့ရတယ်..။ စခန်းသွင်းလေ့ကျင့်ချိန်၊ ပြိုင်ပွဲဝင်ချိန် မဟုတ်လည်း အိမ်နဲ့ နီးတဲ့ အောင်ဆန်းကွင်းဆို အားကစားပွဲ မျိုးစုံ ကြည့်ဖို့ အမြဲရောက် ဖြစ်ခဲ့တယ်..။



အားကစားသမား ဘဝ ပီပီပြင်ပြင် မရောက်သေးခင် ကလေးတုန်းက ကြည့်ခဲ့တဲ့ အောင်ဆန်းကွင်း ဘော်လီဘောပွဲတွေကို ခု ပြန်လွမ်းမိတယ်..။ ဘောလီဘောပွဲ ရှိတဲ့ အချိန်ဆို မနက် စောစော မနက်စာ စားပြီးတာနဲ့ အောင်ဆန်းကွင်းထဲ ရောက်နေတော့ တာပဲ..။ ညနေစောင်း ပွဲစဉ်အားလုံးပြီး အိမ်ကလည်း ထမင်းမစားရသေးလို့ လိုက်ခေါ်တော့မှ ပြန်တာပဲ..။ အဲ့တုန်းက ဘောလီဘော်ပွဲတွေမှာလည်း ဟိုးအရင်ကလို မဟုတ်ပေမယ့် ပွဲကောင်းဆိုရင်..၊ အထူးသဖြင့် ကာကွယ်ရေး နဲ့ လဝက တွေ့တဲ့ ပွဲဆို ပရိသတ်က ရုံပြည့်ပါပဲ..။



ကာကွယ်ရေး ဘက်ကလည်း သူတို့ တပ်မိသားစုဝင်တွေ အမြဲလာအားပေလေ့ရှိတဲ့ အပြင် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ လို နေ့မျိုးဆိုရင် ပုခုံးမှာဘားတွေ အပြည့်နဲ့ ပုဂ္ဂိုလ်တွေပါ လာကြည့်လေ့ရှိတယ်..။ ကျန်တဲ့ သာမန် ပရိသတ်ကတော့ ထုံးစံအတိုင်း ကာကွယ်ရေး နဲ့ ဆန့်ကျင်ဘက် ဘယ်အသင်းကိုမဆို အင်တိုက်အားတိုက် အားပေးလေ့ရှိတာပေါ့..။



ကာကွယ်ရေး နဲ့ လဝက က အဲ့ခေတ် ဘောလီဘော ပထမတန်းပွဲတွေမှာ အကောင်းဆုံးဆိုတော့ သူတို့ နှစ်သင်းပဲ နောက်ဆုံး ဗိုလ်လုပွဲ မှာ အမြဲ တွေ့လေ့ရှိတယ်..။ နှစ်သင်းစလုံးက ကစားသမားတွေက ကျနော့်ရဲ့ ဘောလီဘော ဘုရားတွေ ဖြစ်ပေမယ့် ကိုယ်လည်း ဗမာပြည် လူသာမန်ထဲက လူပဲ ဖြစ်တော့ လဝက ပဲ အားပေးတာပေါ့..။



ဘောလီဘောပွဲ အားပေးရတာ ကျနော့်အတွက်တော့ ဘောလုံးပွဲထက် စိတ်လှုပ်ရှားစရာကောင်းတယ်..။ စက္ကန့်တိုင်း ရင်ခုန် လှိုက်မောမှု ပေးနိုင်တယ်လို့ ထင်တယ်..။ ဘောလီဘောကွင်းက ဘောလုံးကွင်းလောက် မကျယ်တော့ ကြည့်ရတာ ပိုအသက်ဝင်သလို ကစားနေတဲ့ ကစားသမားတွေနဲ့ ပိုနီးစပ်တယ်လို့ ခံစားရတယ်..။ ကိုယ်တိုင် ကွင်းထဲ ကစားသမား အနေနဲ့ ရောက်တဲ့ အချိန် ကျတော့လည်း အဲ့လို ထပ်တူ ခံစားရတယ်..။ မအေ၊ နှမ ကုန်အောင် နောက်ကျောနားကပ် ဆဲနေတဲ့ ပရိသတ် ရှေ့မှာ အမှားအယွင်း နည်းအောင် ကစားရတာ တော်တော်တော့ မလွယ်တဲ့ ကိစ္စပဲ..။



ကျနော်က ရွာပွဲတွေလည်း ကြေးစားသဘော လိုက်ကစားဖူးတော့ ရွာက လူတွေ အားပေးတာက ပိုသဲကြီးမဲကြီး နိုင်တာ သိခဲ့ရတယ်..။ ဆဲနည်း လည်း ပိုစုံကြတယ်..။ ကျနော်ကတော့ ယောင်္ကျားချင်း ဘေးက နောက်က ဘယ်လောက် ဆဲဆဲ ထူးထူးခြားခြား မခံစားမိပါဘူး..။ ဒါပေမယ့် အမျိုးသမီးတွေ က ပါ ညစ်တီးညစ်ပတ် ဆဲနည်းမျိုးစုံ နဲ့ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်ကို ဆဲနေပြီဆိုရင်တော့ သိသိသာသာ မျက်နှာတွေ ထူပူလာပြီး ဟန်ပျက်လေ့ရှိတယ်..။ ရပ်ကွက်ပွဲ..၊ ရွာပွဲတွေမှာဆို အဲ့လိုမျိုး တကယ်လည်း ကြုံဖူးခဲ့တယ်..။ ရွာတွေမှာ ကစားရင် အပြေးလည်း သန်၊ မျက်စိလည်း ရှင်ဖို့ လိုတယ်..။ ပွဲထိန်းဖို့အနေနဲ့ တခါတခါ ရွာဦးကျောင်း ဘုန်းကြီး ကိုယ်တော် ကိုယ်တိုင် ကွင်းဘေးလာထိုင်ပေးတာတွေလည်း ရှိတယ်..။ ကြုံဖူးတဲ့ ကိုယ်တော် တပါးက တော့ မိန့်ရှာပါတယ်.. “မြို့ကလာ တဲ့ ဒါကာကိုရင်လေး ရန်ဖြစ်လို့ ဝင်ရိုက်ကြရင် ကိုယ်တော့် ကျောင်းသာ အရောက် ပြေးကွယ့်..” တဲ့..။ တကယ် ပြေးဖူးတာတွေလည်း ရှိခဲ့ပါတယ်..။



စောနက အောင်ဆန်းကွင်းက ကာကွယ်ရေး၊ လဝက ပွဲတွေအကြောင်း ပြန်ဆက်ရရင် တခါ သူတို့ဆုံတဲ့ ပွဲကြီးပွဲကောင်း တပွဲမှာ ထုံးစံအတိုင်း အများစု ပရိသတ်က လဝက ကို နင်းကန် အားပေးပြီး ကာကွယ်ရေးကို ဖိဆဲနေတာပေါ့..။ ကျနော်လည်း ကလေးဆိုတော့ သိပ်အားမနာတတ်ပဲ ကစားသမားတွေအားလုံးနဲ့ မျက်မှန်းတမ်းမိနေတဲ့ အနေအထားပေမယ့် ရှေ့မျက်နှာ နောက်ထားပြီး ကာကွယ်ရေးကို ဆဲတဲ့ အထဲ ဝင်ပါမိတာပါပဲ..။



ကာကွယ်ရေးက ကစားတဲ့ အဓိက ကစားသမား ပင့်ထောင်သူ (ကစားကွက် ဖန်တီးသူ) က ကစားတာ ကောင်း သလောက် ကစားပုံက ဆောင့်ကြွားကြွားနိုင်၊ အင်မတန် လူအမြင်ကတ်စရာကောင်းလို့.. သူ့ကို ဖိဆဲနေကြတာပေါ့..။ “ဟေ့ ခွေးပစ်တဲ့ ဒုတ်လောက်ကောင်..၊ မင်းပထွေးတွေ (စစ်တပ် ကို ဆိုလိုတာပါ) ကြီးစိုးနေလို့ မင်း ဘားမား (နိုင်ငံ့လက်ရွေးစင် အသင်းမှာ ပါဝင်ရတာ) ဖြစ်နေတာ..၊ ဘာဖြစ်တယ်..၊ ညာဖြစ်တယ်..” အစရှိလို့ အမျိုးစုံ ဆဲကြတာပေါ့..။ ဘောလီဘောအသင်းမှာ အများအားဖြင့် ပင့်ထောင်သူ တွေက အရပ်နိမ့်လေ့ရှိတော့ အရပ် (၆) ပေ ကျော်တွေကြား ကွင်းထဲမှာ သူက တကယ် ခွေးပစ်တဲ့ ဒုတ်လောက်ပဲ ဖြစ်နေတာ မှန်ပေမယ့် တကယ်တော့ သူဟာ သူကစားတဲ့ နေရာ သူ့ခေတ်မှာ ပြိုင်ဘက်မရှိတဲ့ နံပါတ်တစ် ကစားသမားကောင်းတယောက်ပါ..။ ဒါပေမယ့် သူက ကာကွယ်ရေး က ဖြစ်တဲ့ အပြင် လူပုံကပါ ဒေါင့်မကျိုးတော့ ပို ဆဲခံထိတာပေါ့..။ ပွဲရှိန်၊ ဆဲရှိန် တအားမြင့်လာတဲ့ အချိန်..၊ ကာကွယ်ရေးလည်း ရှုံးမလို ဖြစ်နေတဲ့ အချိန်ကျ ဧည့်သည် လူကြီး ခုံမှာ ထိုင်နေတဲ့ ပုခုံး အပွင့်တွေ အပြည့်နဲ့ ပုဂ္ဂိုလ်ကြီးက သူ့ဘေးက ပါလာတဲ့ ဘက်စ်မင်း စစ်ဗိုလ်ကို “ဟေ့ ခု ‘---’ ကို ဆဲနေတဲ့ ကောင်တွေ အကုန် တက်ဖမ်းကွာ..” လို့ ဆိုတော့တာပဲ..။



အဲ့တော့ အဲ့စစ်ဗိုလ် နဲ့ တခြား လုံထိန်း တွေလည်း မနေသာပဲ ကွင်းဘေးပတ် ပရိသတ်ကို လှည့်ကြည့်ရတော့တာပေါ့..။ ဒါမျိုး အတွေ့အကြုံများ လူပါးဝနေပြီဖြစ်တဲ့ ရန်ကုန်သား ပရိသိတ်တွေကလည်း ဘယ်ခေမလဲ..။ သူတို့ အနီးလာ တဲ့ အချိန် အဆဲ ရပ်..။ အဝေးရောက်တဲ့ အချိန်ပြန်ဆဲ နဲ့..။ လေးဘက်..၊ လေးတန် အလှည့်ကျ လုပ်ကြတော့ နောက်ဆုံး ဖမ်းဖို့ အမိန့်ပေးတဲ့ ပုဂ္ဂိုလ်ကြီးလည်း ရှက်ပြီး ပြန်သွားရတော့ တာပဲ..။ သူတို့ အသင်းလည်း ရှုံးတာပါပဲ..။ တကယ်လည်း နှစ်သင်းလုံး နိုင်ငံ့လက်ရွေးစင် တွေ ချည်းပဲ ဆိုပေမယ့် လူအင်အား နဲ့ စီနီယာ ဖြစ် အတွေ့အကြုံများတာက လဝက ပါ..။ အဲ့တုန်းကတော့ လဝက ပဲ အမြဲနိုင်လေ့ရှိတာပါပဲ..။ ခုတော့ မဟုတ်တော့ဘူးပေါ့..။



ခု ရေးရင်းနဲ့ ဂျူးရဲ့ “ဆဲတတ်သူများနဲ့ တညနေ” ကိုလည်း သတိရမိပါတယ်..။



လူတွေဟာ ကိုယ်အားကိုးရမယ့် တရား ဥပဒေ တွေက ကိုယ့်ကို ပြန် မတရား ချုပ်နှောင်လာရင်..၊ ကိုယ့်က အစေအပါး နဲ့ ခိုင်း ကိုယ့်ကို အလုပ်ကျွေးပြုရမယ့် သူတွေက ကိုယ့်ကိုပြန် နိုင့်ထက်စီးနင်း လုပ်.. ခိုင်း ခံရရင် စတဲ့ ပိတ်ဆို့၊ ဖိနှိပ်၊ အနိုင်ကျင့်ခံရမှုတွေအတွက် သွယ်ဝိုက်တဲ့ ထွက်ပေါက်တွေ ရှာကြရလေ့ရှိပါတယ်။ ကျနော့်တို့ တိုင်းပြည်အတွက်တော့ အထိုက်အလျာက် အန္တရာယ်ကင်း၊ လွတ်လပ်တယ်လို့ ဆိုနိုင်တဲ့ အားကစားပွဲတွေ..၊ ဘောလုံးကွင်းတွေလိုနေရာပေါ့..။ ကွမ်းလေး တပြစ်ပြစ်ဝါးရင်း ကိုယ့်ရဲ့ အစာအိမ်ထဲက အချဉ်ပေါက်မှုတွေကို ကွမ်းတံတွေး နဲ့ အထူ ထွေးထုတ် ပြစ်ပြစ်နှစ်နှစ် ဆဲရင်း ဖြေလျှော့ ကြရတာကို လူတိုင်းလည်း လုပ်ဖူးကြမှာပါ..။ ကိုယ်တိုင် မလုပ်ဖူးဘူးဆိုတောင် ခံစား နားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်..။



ပရိသတ်က ဒေါင့်မကျိုးတဲ့ ကစားသမားဆို ပိုဆဲချင်တတ်တာ သဘာဝ ပေမယ့် ကစားတဲ့ အသင်းနဲ့လည်း ဆိုင်ပါသေးတယ်..။ ဘောလုံးသမား ဝင်းအောင်ကြီးဆို အပြင်မှာ မြင်ဖူးတွေ့ဖူး တဲ့ သူဆိုရင် သိပါလိမ့်မယ်..။ ရိုက်ကွက် (၁၂) ကွက် တကွက်မှ မလွတ်ဘူးဆိုတဲ့ ပုံစံ၊ အပေါက်မျိုး..၊ ဒါပေမယ့် ကျနော် အပါအဝင် ပရိသတ်အများစု သူ့ကို သဲသဲလှုပ် ချစ်ကြတာပါပဲ..။



ပြောရင်း နဲ့ ဝင်းအောင်ကြီး (ပထမ ဆောက်လုပ်ရေး ၊ နောက် ဘဏ္ဍာ/အခွန်) ကာကွယ်ရေး ဘက် ကို ဂိုးတွေသွင်းတိုင်း အောင်ပွဲခံတဲ့ ပုံရိပ်တွေကို မျက်စိ ထဲ ပြန်မြင်လာနေတယ်..။ အဖွဲ့ချုပ် လူကြီးတွေ ရဲ့ အနှိမ်ခံ..အဖိနှိပ်ခံရတဲ့ကြားထဲက တိုင်းပြည် အတွက် ဂိုးတွေ အများကြီး သွင်းပေးခဲ့တာလည်း သတိရမိပါတယ်..။ ၉၃ ဆီးဂိမ်း အကြိုဗိုလ်လုပွဲ စင်္ကာပူ နောက်တန်းတွေ တယောက်ပြီး တယောက် တပိုင်းပိုင်း လှဲချ ခြေထိုးခံ ဖျက်ထုတ်ခံရတဲ့ကြားက ဟတ်ထိုး ဟတ်ထိုး နဲ့ ရှေ့ဆက်ပြေးရင်း သွင်းခဲ့တဲ့ သူ့ရဲ့ ဂန္တဝင် ဂိုးကိုလည်း မမေ့သေးပါဘူး..။ ဖန်ဒီအာမက် တို့ ငိုရတဲ့ ပွဲပေါ့..။



တခါက အောင်ထွန်းထွန်း (ပြင်သစ်အထိ သွား ကြေးစား ဘောလုံးကစားဖူးတဲ့) သူ့ ကစားဖော် မိတ်ဆွေကြီး ဝင်းအောင် နဲ့ ပတ်သက်လို့ ပြောဖူးတဲ့ “ပရိတ်သတ် လက်ခုပ်သံက ထမင်းစားလို့ မရဘူး..။ ဝင်းအောင် ကြီး ခေါင်းပြဲ..၊ ဒူးကွဲ ခံ ကစားပြီး အိမ်အပြန် ဘတ်စ်ကား တိုးစီးရတာ မကြည့်ရက်ဘူး..” ဆိုတဲ့ စကားလည်း နာနာကျင်ကျင်နဲ့ပဲ ရင်ထဲ စွဲလျက်ပါပဲ..။ စင်္ကာပူမှာ နိုင်ငံသား ခံ၊ ငွေကြေး၊ ခံစားခွင့် အပြည့်အစုံနဲ့ ဘောလုံးကစားခွင့်ရတဲ့ အခွင့်အရေးကို ခေါင်းခါပြီး နိုင်ငံ့အသင်းအတွက် ကစားပေးချင်လွန်းလို့ ပြန်လာတဲ့ သူ့ရဲ့ (ဝင်းအောင် ရဲ့) အဖြစ်ကို မျိုးချစ်စိတ်ပဲ ဆို မလား..၊ မိုက်မဲမှုလို့ပဲ ဆိုမလား..၊ မဝေခွဲတတ်တော့ပါဘူး..။



ခုခေတ် ခရိုနီတွေရဲ့ ဖြုန်းအားနဲ့ အဆင့်မြင့်တန်းက ဘောလုံးသမား တချို့ အထိုက်အလျောက် ငွေကြေး ခံစားခွင့်ရနေတာ ဝမ်းသာပေမယ့် အရင်တပုဒ်မှာ ဆိုခဲ့ဖူးသလို မှန်ကန်တဲ့ စနစ်..၊ ထောက်ပံ့..၊ မြေထောင်မြှောက်ပေးမှု ပုံစံမျိုး မဟုတ်တဲ့ အတွက် ရေရှည် မှာ ဗမာ့ အားကစား အတွက် အကျိုးကျေးဇူး ရနိုင်ဖို့ မလွယ်သလို ဗမာ့ အားကစားသမား တွေ ဘဝလည်း နိုင်ငံတကာ နဲ့ ယှဉ် လူတန်းစေ့ တိုးတက် လာစရာလမ်း မမြင်မိပါ..။



ပြည်သူချစ်တဲ့ ဝင်းအောင်ကြီးလို ပညာအခြေခံ အားနည်း..၊ လူကြီးနဲ့ကလည်း အဆင်မပြေ တဲ့ တိုင်းပြည် ဂုဏ်ဆောင် ကစားသမားဟောင်းကြီးတွေ ဘဝ ခု ဘယ်လို ရှေ့ဆက်နေကြသလဲဆိုတာလည်း သိချင်မိပါတယ်..။ အဆင်ပြေကြပါစေလို့လည်း ဆုတောင်းရပါတယ်..။ ကစားသမားဘဝ အနားယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ သာမန် ဝန်ထမ်းအဖြစ် ဆက်လုပ်နေကြတဲ့ သူတွေလည်း အလုပ်မှာ လုပ်ထုံး၊ လုပ်နည်း နဲ့ လုပ်ငန်းခွင် အထာက မကျွမ်းကျင်ကြတော့ သိပ်အဆင်ပြေကြမယ် မထင်ပါ..။ ဟိုး လွန်ခဲ့တဲ့ နှစ်တွေက ဘဏ္ဍာ/အခွန် ဖြုတ်/ထုတ်/ရှင်း ပွဲမှာ ကစားသမားဟောင်းကြီးတွေ တော်တော်များများ ထောင်ထဲဝင်ခဲ့ရတာလည်း သတိပြုမိလိုက်ပါတယ်..။



“လုပ်စားတော့ မိုးခေါင်..၊ ခိုးစားတော့ ခွေးဟောင်” ခေတ်ဆိုးကြီး မကုန်မချင်းတော့ ဗမာပြည်က ကစားသမားတွေရဲ့ ဘဝတွေလည်း သာမန် ဝန်ထမ်း နဲ့ အများပြည်သူဘဝတွေလိုပဲ ဓါးမနောက်ပိတ်ခွေ ဘဝ နင်းပြား က တက်နိုင်မယ် မဟုတ်ပါ..။



အထက်မှာ ဆိုသလို ငယ်ငယ်တုန်းကတော့ ကိုယ်တိုင်လည်း ကစားသလို အားကစားနည်း ပေါင်းစုံ နဲ့ ကစားသမားတွေကို ထက်ထက်သန်သန် စိတ်ဝင်းတစား အားပေးလေ့ရှိတယ်..။ လူတွေ သိပ်မကြည့်၊ ပြင်းစရာကောင်းတယ်လို့ ထင်ကြတဲ့ ပြေးခုန်ပစ်လည်း အားပေးတာပဲ။ ဗမာ့ဂုဏ်ဆောင် နိုင်ငံတကာ ရွှေတံဆပ်များ ဆုရှင် ခင်ခင်ထွေး အောင်ဆန်းကွင်းပတ် အပြေးလေ့ကျင့်တာဆို အမြဲ စိတ်ဝင်တစား ထိုင်ကြည့်လေ့ရှိတယ်..။ ပပ ပြေးတာလည်း အလားတူပဲ အားပေးဖူးခဲ့တယ်..။ သုဝဏ္ဏကွင်းမှာ ဝမ်ချိုင်း စခန်းသွင်းတုန်း သူ့ထရိန်နာ (ဆရာ) နဲ့ လေ့ကျင့်တာ စောင့်ကြည့်တော့မှ သူ့ ခြေထောက်ကန်ချက်တွေ ဘယ်လောက်ပြင်းတယ်ဆိုတာ နားလည်မိခဲ့တယ်..။ သန်းတိုးအောင် တို့ ကြည်လွင် တို့ ဘောလုံးလေ့ကျင့်ကြတာတော့ ဘယ်ပြောကောင်းမလဲ အားတာနဲ့ (ကိုယ်ကစားဖို့ မရှိတာနဲ့) ကွင်းဘေးသွားထိုင် မော့နေတော့တာပဲ..။



ခုတော့ အဲ့လို စိတ်တွေ မရှိတော့ပေမယ့် အဲ့လို နေခဲ့၊ ဖြတ်သန်းခဲ့ဖူးတာတွေ တွေးမိရင် အတိတ်ကို သတိရမိပါတယ်..။ ငယ်စဉ် ဘဝ ရဲ့ အချိန်၊ အရွယ် နဲ့ စိတ်ခံစားမှုကိုသာ လွမ်းမိတာပါ..။ ခု စိတ်နဲ့တော့ ငယ်တုန်းကလိုမျိုး အားကစားကို မထက်သန်တော့ပါဘူး။ ဒါပေမယ့် ငယ်ဘဝ အားကစား က ပေးခဲ့တဲ့ ဘဝတန်ဖိုး၊ အမြင် နဲ့ အရည်အသွေး တွေကိုတော့ အမြဲဦးညွှတ် အလေးပြုမိပါတယ်..။ ကျနော့်အတွက်တော့ အသင်းအဖွဲ့ စိတ်ဓာတ်..၊ နောက်ဆုံး အချိန်ထိ အရှုံးမပေးတဲ့ ဇွဲ..၊ ပြိုင်ဘက် (ရန်သူ) အပေါ် လေးစား အသိအမှတ်ပြုမှု..၊ အရှုံးကို ရင်ဆိုင်နိုင်မှု..၊ အနိုင်ကို မဝံ့ကြွားတတ်မှု၊ တရားမျှတ စွာ ပြုမူတတ်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်း လူဝန်ဆံ့မှု..၊ ဒေသန္တရ ဗဟုသုတ စတဲ့ လူငယ်တွေမှာ ရှိသင့်တင့် တန်ဖိုးတွေ နဲ့ သူတို့ရဲ့ သဘော နဲ့ အသုံးဝင်မှုတွေကို စာအုပ်၊ စာပေ၊ ကျောင်းပညာ တွေ ကို လေ့လာသင်ယူခဲ့လို့ နားလည်ခဲ့ရတယ် ဆိုထာထက် အားကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးလို့ ဆိုတာက ပိုမှန်ပါမယ်..။



ငြိမ်းချမ်းအေး

၀၂ ၊ သြဂုတ် ၊ ၂၀၁၂


http://www.facebook.com/nyeinchanaye81

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved