နိုင်ငံသားများအသက်ရှည်လာကြခြင်းရဲ့ပြဿနာ

Saturday, September 15, 2012


~



ဖိုးဆွေ (သစ်လုပ်ငန်း) ~

"အသက်ရှည်ခြင်းကို လူအများပင် အလိုရှိကြပေသည်။ သို့သော် လူအများ အသက်ရှည်လာကြခြင်း၏ နောက်ကွယ်တွင် ပြဿနာများစွာရှိနေပါသည်"

စီးပွားရေးအကျပ် အတည်းကဲ့သို့ပင် အရေးကြီးသော၊ စီးပွားရေးအကျပ်အတည်းထက် ကြီးမားသော၊ စီးပွားရေးအကျပ်အတည်းထက်ဖြေရှင်းရခက်သော သို့သော် လူအများ သတိမမူကြသေးသော ပြဿနာတစ်ရပ်ရှိနေပါသည်။ ကမ္ဘာသူ ကမ္ဘာသားများသည် ပို၍အိုမင်းလာနေခြင်းဖြစ်သည်။ တစ်နည်းပြင်ဆင်၍ပြောပါက ကမ္ဘာသူ ကမ္ဘာသားများ အသက် ပို၍ ရှည်လာခြင်းဖြစ်သည်။

အသက်ပိုရှည်လာခြင်းသည် ဝမ်းမြောက်ဖွယ်သတင်းစကားဖြစ်ပါသည်။ သက်ရှိအားလုံးပင် အသက် ရှည်စွာနေထိုင်လိုကြပေသည်။ အသက်ရှည်ခြင်းကို လူအများပင် အလိုရှိကြပေသည်။ သို့သော် လူအများ အသက်ရှည်လာကြခြင်း၏ နောက်ကွယ်တွင် ပြဿနာများစွာရှိနေပါသည်။ နိုင်ငံတော်အနေဖြင့် အငြိမ်းစားလစာများ ထုတ်ပေးရသည်။ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးရသည်။ မိသားစု အနေဖြင့်လည်း အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့ကို ပြုစု စောင့်ရှောက်ကြရသည်။ အငြိမ်းစားလစာဖြင့် လူမှုအသုံးစရိတ် မမျှတသူများကို ထောက်ပံ့ ကူညီကြရပေသည်။

အသက်ရှည်သူများလာသည်နှင့်အမျှ အလုပ်လုပ်နိုင်သူဦးရေ နည်းလာသည်။ အလုပ်မလုပ်နိုင်သူ၊ အငြိမ်းစားသူဦးရေ တိုးပွားလာသည်။ ခရစ်နှစ် ၂ဝ၂ဝတွင် ပြဿနာသည် ပို၍ ထင်သာမြင်သာရှိလာမည်ဖြစ်သည်။ ရှုကြည့်ရာရာတွင် ကလေးများထက် သက်ကြီးဘိုးဘွားများကို ပိုမိုမြင်တွေ့လာရမည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေသည်တစိုက် မတ်မတ် တိုးတက်များပြားလာမည် ဟု ထင်မှတ်ခဲ့သည်။ ကမ္ဘာ့လူဦးရေသည် ၁၉၇ဝခုနှစ်တွင် အများဆုံး နှုန်းဖြစ်သော ၂.ဝ ရာခိုင်နှုန်းဖြင့် တိုးပွားခဲ့ရာမှ ယခု ၁.၃ ရာခိုင်နှုန်းသာ တိုးပွားတော့သည်။ လူဦးရေတိုး နှုန်းသည် ဆက်လက်လျော့ကျလျက် ခရစ်နှစ် ၂ဝ၄ဝတွင် ဝ.၆၄ ရာခိုင် နှုန်းသာ တိုးပွားမည်ဟု ကုလသမဂ္ဂက မျှော်မှန်းထားသည်။ ကမ္ဘာ့လူဦးရေသည် အမြင့်ဆုံး တစ်ဆယ် ဘီလီယံ အထိ ရောက်ရှိပြီး လျော့နည်းလာမည်ဟု တွက်ဆထားသည်။ ကမ္ဘာ့ တိုင်းပြည် ငါးဆယ်ကျော်တွင် လူဦးရေသည် လျော့ပါး၍ပင်လာမည် ဖြစ်သည်။ လူဦးရေသည် တစိုက်မတ်မတ် တိုးများလာသည်ဟူသော ယူဆချက်ကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။

ယနေ့ ကမ္ဘာသူကမ္ဘာသားများ၏ ပျမ်းမျှအသက်သည် ၂၉နှစ်ဖြစ်သည်။ ခရစ်နှစ် ၂ဝ၅ဝတွင် ပျှမ်းမျှ ၃၈နှစ် ဖြစ်လာမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယနေ့ ကမ္ဘာတွင် အသက် ၆ဝ ကျော်သူသည် ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်း၊ ဦးရေ ၆.၉ ဘီလီယံရှိသည်။ ၂ဝ၅ဝတွင် ၂၂ ရာခိုင်နှုန်း၊ ဦးရေ ၉ ဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ၃၃ ရာခိုင်နှုန်း အထိရှိလာပြီး လူသုံးယောက်တွင် တစ်ယောက်သည် အသက် ၆ဝ ကျော်သူ ဖြစ်နေပေမည်။

ဤပြဿနာသည် တဖြည်းဖြည်းနှင့် ကြီးထွားလာနေသည်။ တစုံတရာပြုပြင်ပြောင်းလဲခြင်း မပြုလုပ်နိုင်ပါက အချိန်ကြာသည်နှင့် အမျှ ပို၍ကြီးမားလာမည်ဖြစ်သည်။ စီဲးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရိုက်ခတ်ချက်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့သော် နိုင်ငံအနည်းငယ်သာ ဤပြဿနာ၏ နက်ရှိုင်းမှုကို သတိမူမိကြသေးသည်။ နိုင်ငံအများသည် သတိမမူမိကြသေးပေ။ ကုန်ထုတ်လုပ်မည့် လုပ်သားဦးရေက နည်းပါးလာသည်။ စားသုံးမည့် ဦးရေက တိုးများလာသည်။ ဝန်ထုပ်ဝန်ပိုးကြီးလာပြီး ထမ်းဆောင်သူက နည်းလာပေသည်။

ယနေ့သက်ကြီးရွယ်အို များပြားလာရခြင်းတွင်ရေရှည်အကြောင်း နှစ်ရပ် ရှိသည်။ အခိုက်အတန့် ရိုက်ခတ်ချက်တစ်ချက်ရှိသည်။ ပထမအချက်မှာ စက်မှုထွန်း ကားလာသည့် ကာလနောက်ပိုင်းတွင် လူတို့၏မျှော်မှန်းနိုင်သက်တမ်း ပို၍ရှည်လာခြင်းဖြစ်သည်။ ၁၉ဝဝ ပြည့်နှစ်အခါက လူတို့၏မျှော်မှန်းနိုင် သက်တမ်းသည် ၃ဝ နှစ်သာ ရှိသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ၅ဝ နှစ်သာ ရှိသည်။ ယနေ့တွင်မူ လူသားထုတစ်ရပ်လုံး၏ မျှော်မှန်းနိုင် သက်တမ်းမှာ ၆၇ နှစ်အထိ တိုးတက် လာပြီး ချမ်းသာကြွယ်ဝသောနိုင်ငံတို့ တွင် ၇၈နှစ် အထိ တိုးတက်လာသည်။ ကံကောင်းသည်ဟု ဆိုနိုင်သည့် တစ်ချက်မှာ သက်ကြီးဘိုးဘွားတို့သည် ကျန်းမာလျက်ရှိပြီး အသက် အတော်အတန်ကြီးသည်အထိ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ခြင်းဖြစ်သည်။

သက်ကြီးဘိုးဘွားများ တိုးများ လာရသည့် ဒုတိယအချက်မှာဒေသ အသီးသီးမှ မိသားစုများ၏ ရင်သွေးယူမှု နည်းပါးလာခြင်းဖြစ်သည်။ ဤ ဒုတိယအချက်သည် ပထမပြဿနာ၏ နောက်ပိုင်းတွင်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ပို၍ပို၍ ကြီးမားလာနေပေသည်။ ၁၉၇ဝ ခုနှစ်က အမျိုးသမီးတစ်ဦးတွင် ပျမ်းမျှရင်သွေး ၄.၃ ဦး ရှိခဲ့သည်။ ယနေ့တွင်မူ တစ်ကမ္ဘာလုံး ပျမ်းမျှမှာ ၂.၆ ဦးသာ ရှိပြီး၊ ချမ်းသာသောနိုင်ငံတို့တွင်မူ ၁.၆ ဦးသာ ရှိကြသည်။ ၂ဝ၅ဝ တွင်မူ တစ်ကမ္ဘာလုံး ပျမ်းမျှနှစ်ဦးသာ ရှိတော့မည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ချမ်းသာသော နိုင်ငံတို့တွင်မူ ဤနှုန်းသည် လျော့ကျလာလျက် ရှိပေသည်။ ဤဖြစ်စဉ်သည် ကမ္ဘာကြီးကို ပုံစံသစ်တစ်ခုသို့ ပြောင်း လဲသွားစေမည်ဟု ပညာရှင်အချို့က တွက်ဆနေကြသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အချိန်ကာလ အနည်းငယ်စီကွာခြားလျက် ကမ္ဘာ့အဝန်းတွင်ပင် ကလေးမွေးဖွားမှုပေါက်ကွဲခြင်း (ဝါ) ကလေးများပြားစွာမွေးဖွားခြင်း- Baby Boom ဖြစ်ပေါ်ခဲ့သည်။ မိသားစုတို့သည် ရင်သွေး အများအပြား မွေးဖွားခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှ စတင်ကာ နှစ်၂ဝခန့်ကြာမြင့်ခဲ့သည်။ ဤ ဖြစ်ရပ်သည် သက်ကြီးဘိုးဘွားတိုးများလာမှုကို အခိုက်အတန့်အားဖြင့် ပြေငြိမ်းစေခဲ့သည်။ သို့သော် ထို အချိန်အစပိုင်းကမွေးဖွားခဲ့သူတို့သည် ယခုအခါ အငြိမ်းစားယူကြ ပြီဖြစ်သည်။

"ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေတို့သည် နင့်နင့်နဲနဲ ခံစားနေရသည်။ သက်ကြီးဘိုးဘွားဦးရေသည် သိသာစွာ များပြားလာနေသည်"

လာမည့် နှစ် ၂ဝ တွင် ၎င်းတို့ အားလုံးသည် အငြိမ်းစားယူကြမည် ဖြစ်သည်။ ယင်းကာလ၏နောက်ပိုင်းတွင် အလုပ်လုပ်သူ အင်အားသည် သိသာစွာလျော့နည်းလာမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် ဤ ပြဿနာကို ပုံစံအမျိုးမျိုးကွဲပြားစွာ ရင်ဆိုင်နေကြရသည်။ ချမ်းသာသော နိုင်ငံတို့သည် ဤပြဿနာကို ပို၍ သိသာစွာ ရင်ဆိုင်ကြရသည်။ အာရှတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေတို့သည် နင့်နင့်နဲနဲ ခံစားနေရသည်။ သက်ကြီးဘိုးဘွားဦးရေသည် သိသာစွာ များပြားလာနေသည်။ ဥရောပတွင်မူ ပုံစံအမျိုးမျိုးတွေ့မြင်နေရသည်။ ဂျာမနီ၊ အီတလီ နှင့် စပိန်တို့သည် မိသားစုဦးရေ နည်းပါးလှရာ သက်ကြီးဘိုးဘွားဦးရေ လျင်မြန်စွာ တိုးများလာနေသည်။ ပြင်သစ်၊ အင်္ဂလန်နှင့် မြောက်ပိုင်းနော်ဝေဒေသ တိုင်းပြည်တို့သည် ရင်သွေး ပိုမို များပြားစွာ မွေးမြူခဲ့ကြသဖြင့် ပို၍ ပျိုရွယ်နုငယ်နေကြသည်။ အမေရိကန်ပြည်ထောင်စုသည် ဤအကျပ်အတည်းကို ပို၍ ခံနိုင်ရည်ရှိသော မွေးဖွားနှုန်းဖြင့် လည်းကောင်း၊ ပြည်ပ နိုင်ငံသားများကို နေထိုင် လုပ်ကိုင်ခွင့် ပြုခြင်းဖြင့်လည်းကောင်းပြေလျော့စေခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည်မွေးဖွားနှုန်းများ ကျဆင်းလာခြင်း၊ HIV/AIDSရောဂါတို့ကြောင့်သေဆုံးမှုများပြားခြင်းတို့ကို ရင်ဆိုင်နေကြရသော်လည်း ပျိုရွယ်နုငယ်သူများပြားနေဆဲ ဖြစ်၍ ဆယ်စုနှစ်ခန့်အထိ သက်ကြီးဘိုးဘွား များပြားမှု ပြဿနာကို တွေ့ကြုံရဦး မည်မဟုတ်ပေ။ သို့သော် ရေရှည်တွင်မူ ဤပြဿနာကို ရင်ဆိုင် ကြုံတွေ့ ရမည်သာဖြစ်သည်။ လူအများစုသည် ငယ်ရွယ်နေကြသည့်တိုင် ဤနိုင်ငံ တို့တွင် အသက် ၆ဝ ကျော် ဘိုးဘွား ဦးရေသည် သန်း ၄၉ဝကျော် ရှိနေပြီ ဖြစ်သည်။ ခရစ်နှစ် ၂ဝ၅ဝ တွင် သုံးဆခန့်အထိ တိုးများလာမည်ဖြစ်သည်။ ဤနိုင်ငံများတွင် လူမှုဖူလုံရေး အသုံးစရိတ်ငွေမှာ နည်းပါးလှပေရာ ဤသို့များပြားလာသော သက်ကြီးတို့အား ပြုစုစောင့်ရှောက်ရေးမှာ ခက်ခဲ ပင်ပန်းကြမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်၃ဝခန့်က စ၍ တင်းကြပ်စွာ လူဦးရေထိန်းချုပ် ကန့်သတ်ခဲ့မှုကြောင့် လျင်မြန်စွာပင် အိုမင်းလာလျက်ရှိသည်။ တရုတ်နိုင်ငံ လူဦးရေသည် ၂ဝဝ၈ ခန့်မှန်းခြေအရ ၁,၃၃ဝ သန်း ရှိသည်။မျှော်မှန်းနိုင်သက် တမ်းသည် ၇၃.၂နှစ်ဖြစ်သည်။ ၂ဝ၃ဝ ခုနှစ်တွင် အမြင့်ဆုံးအဖြစ် ၁.၄၆ ဘီလီယံ အထိတိုးများလာပြီး ၄င်းနောက်တွင်မူ တဖြည်းဖြည်းလျော့ ပါးလာမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ စဲီးပွားရေးသည် အံ့မခန်း တိုးတက်ခဲ့သော်လည်း ချမ်းသာသောနိုင်ငံဖြစ်လာရန်မှာမူ များစွာကြိုးပမ်းရဦးမည် ဖြစ်သည်။ တိုးများလာသော သက်ကြီး ဘိုးဘွားများအား ပြုစုစောင့်ရှောက် ရန်တာဝန်မှာ ခက်ခဲ ပင်ပန်းနေဦးမည် ဖြစ်သည်။

သက်ကြီးဘိုးဘွားတို့ တိုးများလာသည်နှင့်အမျှ အလုပ်လုပ်နိုင်သူလျော့နည်းလာမည်ဖြစ်ရာ ကုန်ထုတ်နှုန်းကို လျင်မြန်စွာ မတိုးမြှင့်နိုင်ပါက ကုန်ထုတ်မှုပမာဏသည်လျော့နည်းလာမည်ဖြစ်သည်။ ယခု ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူနှင့် အငြိမ်းစားအသက်ရောက်ရှိနေသူ အချိုးသည် ယုတ်လျော့လာမည်ဖြစ်သည်။ ယခု ဂျပန်နိုင်ငံတွင် အလုပ် လုပ်သူနှင့် အငြိမ်းစား ဘိုးဘွားတို့ အချိုးသည် သုံးအချိုးတစ် ရှိသည်။ ကမ္ဘာတွင် အနိမ့်ဆုံးအချိုးပင်ဖြစ်သည်။ ၂ဝ၅ဝခုနှစ်တွင်မူ ဤအချိုးသည် ထက်ဝက် လျော့ကျသွားမည် ဖြစ်သည်။ သို့သော် ကလေးများကို ပြုစုစောင့်ရှောက်ရသည်မှာ သက်ကြီး ဘိုးဘွားတို့ကို ကျွေးမွေး စောင့်ရှောက်ရသည်ထက် ကုန်ကျမှု သက်သာပေမည်။ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ OECD က သက် ကြီး ဘိုးဘွားဦးရေ တိုးပွားလာမှုကြောင့် လုပ်သားအင်အား လျော့နည်းလာမှုသည် အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုကို လွန်ခဲ့သော နှစ် ၃ဝ က အခြေအနေထက် ၃ဝ ရာခိုင် နှုန်း လျော့နည်းသွားစေနိုင်မည်ဟု ခန့်မှန်းထားသည်။

စီးပွားရေးပါရဂူ ဂျိမ်းစ် ပိုတာဘ James Poterba က အမေရိကန်တွင် အငြိမ်းစားလူတန်းစားသုံးမျိုးရှိသည် ဟုဆိုသည်။ ပထမအတန်းအစားသည် ၂၅ ရာခိုင်နှုန်းရှိသည်။ သူတို့သည် လူမှုရေးထောက်ပံ့ငွေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်များဖြင့် မူလအခြေအနေအတိုင်း ရပ်တည်နေနိုင်သူများဖြစ်သည်။ ဒုတိယ အတန်းအစားမှာ မိမိ၏ပိုင်ဆိုင်မှု များဖြင့် မကြောင့်မကျ နေနိုင်သူများ ဖြစ်သည်။ သူတို့သည် ၁ဝ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း ရှိသည်။ ကျန်အတန်းအစားမှာ မိမိ၏ နည်းပါးလှသော စုဆောင်းငွေနှင့် မလုံမလောက် အငြိမ်းစားလစာအပေါ် ရပ်တည်နေရသူများဖြစ်သည်။ သူတို့သည် အငြိမ်းစားတို့၏ ထက်ဝက်ကျော် အများစုတို့ ဖြစ်သည်။

ဂျာမနီနိုင်ငံသည် ကလေးများကိုချစ်သည်။ ကလေးများကိုကောင်းစွာ ဂရုမစိုက်သည့် မိဘတို့အား ကဲ့ရဲ့ ရှုတ်ချအပြစ်တင်လေ့ရှိသည်။ သို့သော် အသက် ၄ဝကျော်သူ ဂျာမန် အမျိုးသမီးတို့၏လေးပုံတစ်ပုံတွင် ရင်သွေးမရှိကြပေ။ ဂျာမန်အမျိုးသမီး တို့သည် အလုပ်နှင့်ရင်သွေးရှိသော ဘဝကိုပေါင်းစပ်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ဂျာမန်အမျိုးသမီး အချို့သည် ရင်သွေးယူရန်အတွက် အလုပ်ကို စွန့်လွှတ်ခဲ့ကြသကဲ့သို့ အချို့သည် အလုပ်အတွက် ရင်သွေးယူရေးကို စွန့်လွှတ်ခဲ့ကြရပေသည်။ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျယ်လာ မာကယ်လ် Angela Merkel သည် ဂျာမန်အမျိုးသမီးများကို ရင်သွေး ပို၍ ယူကြရန် တိုက်တွန်းလျက်ရှိသည်မှာ ကလေးချစ်စိတ်ကြောင့် မဟုတ်ပေ။ နိုင်ငံအတွက် လူငယ်များပို၍ လိုအပ်သောကြောင်ြ့ဖစ်ပေသည်။

"ဂျာမနီ ဝန်ကြီးချုပ် အင်ဂျယ်လာ မာကယ်လ် Angela Merkel သည် ဂျာမန်အမျိုးသမီးများကို ရင်သွေး ပို၍ ယူကြရန် တိုက်တွန်းလျက်ရှိသည်မှာ ကလေးချစ်စိတ်ကြောင့် မဟုတ်ပေ။ နိုင်ငံအတွက် လူငယ်များပို၍ လိုအပ်သောကြောင်ြ့ဖစ်ပေသည်"

ယနေ့ခေတ် အမျိုးသမီးများသည် စွမ်းဆောင်ရည်မြင့်မားလာသကဲ့သို့ အတွေးအခေါ်လည်းပြောင်းလဲလာကြသည်။ ကမ္ဘာတစ်လွှားတွင် နိုင်ငံခေါင်းဆောင် အမျိုးသမီးများ ထွက်ပေါ်လာခဲ့သည်။ အမျိုးသားနှင့် ရင်ဘောင်တန်း၍ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည်။ ထို့အတူပင် မိမိတို့၏ ပျိုရွယ်လတ်ဆတ်သော ဘဝ ကို မိသားစု တံတိုင်းအတွင်း မကုန် ဆုံးစေဘဲ လုပ်ငန်းခွင်တွင် စွမ်းရည်များပြသ၍လည်းကောင်း၊ ဘဝ အရသာကို ပျော်ရွှင်စွာ ခံစား၍လည်းကောင်း နေထိုင်လိုလာကြပေသည်။ သူတို့သည် ရင်သွေးမွေးမြူလျက် မိသားစုဘဝတွင် နေထိုင်နေရုံမျှဖြင့် မကျေနပ်နိုင်ကြပေ။

ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မိသားစု တို့မှာ ယခင်ကဲ့သို့ ဖခင်တစ်ဦးတည်း၏ ဝင်ငွေဖြင့် မိသားစု ရပ်တည်ရန် မစွမ်းနိုင်ကြသဖြင့် မိခင်များလည်း ဝင်ငွေ ရှာဖွေရန် လုပ်ငန်းခွင်သို့ ဝင်ရောက်ကြရသည်။မောင်နှံစုံ အများစုတို့သည် လက်မထပ်မီကပင် အလုပ်ကိုယ်စီရှိနေကြသည်။ သူတို့မိသားစုသည် အခြေအနေ အမျိုးမျိုးကြောင့်ပင် ကျစ်လျစ်လာရပေသည်။ ရင်သွေးယူရန် တုံ့ဆိုင်းလာရပေသည်။ ရင်သွေး နည်းပါးလာရပေသည်။ မိမိဝင်ငွေသည် ပြည့်စုံ လုံလောက်မှု မရှိသေးသဖြင့် အိမ်ထောင် မပြုနိုင်သေးသော ချစ်သူစုံတွဲများ လည်းရှိကြပေသည်။ ဤလိုတိုင်းပြည်မျိုးတွင် သက်ကြီးဘိုးဘွားများ တိုးပွားလာကြမည်ဖြစ်သည်။

ဘတ်ဂျက်ရေးဆွဲသူတို့ အတွက်မူ သက်ကြီးဘိုးဘွားတိုးများလာမှုသည် ပြဿနာပင်ဖြစ်သည်။ အငြိမ်း စားလစာငွေအပေါ် အဓိက အားပြုရသည့်နိုင်ငံတို့တွင် အငြိမ်းစား လစာငွေသည် ဘတ်ဂျက်၏ အတော်များများကို နုတ်ယူသွားမည်ဖြစ်သည်။ သို့မဟုတ်ပါကလည်း အငြိမ်းစား လစာငွေကို မရက်ရောနိုင်ဘဲ တိုင်းတိုင်းတာတာသာ ထုတ်ပေးနိုင်ပေ မည်။ အငြိမ်းစားတို့သည် ခက်ခက်ခဲခဲ ရုန်းကန်ကြရမည်ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး ပြဿနာများ တိုးပွားလာမည်ဖြစ်သည်။ နိုင်ငံ့တာဝန်ကို အသက် ထက်ဆုံး ထမ်းဆောင် ခဲ့သူတို့သည် လူ့အဆင့်အတန်းမီစွာမူ ရပ်တည် နေထိုင်နိုင်သင့်ပေသည်။

ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတော်က တာဝန်ယူထားသည့် နိုင်ငံတို့တွင် သက်ကြီးရွယ်အိုဘိုးဘွား တိုးများလာသည်နှင့်အမျှ ကျန်းမာရေးဘတ်ဂျက်သည် လျင်မြန်စွာ ပိုမို လိုအပ်လာမည်ဖြစ်သည်။ အသက် ၈ဝ ကျော်သူတို့ တိုးများ လာသည်နှင့်အမျှ ပိုမို၍ ရင့်ရော် ဆုတ်ယုတ်လာကြမည်ဖြစ်ရာ အသက်အရွယ်နှင့် သင့်လျော်သည့်ရေရှည် ကြည့်ရှု စောင့်ရှောက်မှုများ လိုအပ် လာမည်ဖြစ်သည်။ငွေကြေး နှင့် တွေးခေါ် ကြံစည် ဆောင်ရွက်မှု များ ပိုမို လိုအပ်လာမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများသည် အငြိမ်းစားလစာ ဖောဖောသီသီ ထုတ်ပေးနေမှုကို ချင့်ချိန်ကြရမည်ဖြစ်သည်။ လွန်ကဲသော ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း လျှော့ချရမည်ဖြစ်သည်။


သက်ကြီးဘိုးဘွားတို့သည် အသက်ရှည်လာကြသကဲ့သို့ ကျန်းမာရေးလည်းကောင်းမွန်နေကြပေရာ မိမိ စွမ်းဆောင်နိုင်သည်များကို စွမ်းဆောင်လျက် ဝင်ငွေရှာဖွေသင့်ကြောင်း ညွှန်ပြ တိုက်တွန်းသင့်ကြပေသည်။ သင့်လျော်သည့် အလုပ်အကိုင်များကိုလည်း စီစဉ်ပေးရမည်။ စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်ရန် ကြိုးစားရာတွင် မိမိကုမ္ပဏီ ဆက်လက်ရှင်သန် နိုင်ရေးအတွက် လုပ်သားများက သည်းခံလျက် ပူးပေါင်းဆောင်ရွက်မှုများသည် သက်ကြီး ဘိုးဘွားများ တိုးပွားလာမှု ပြဿနာဖြေ ရှင်းရေးအတွက် အထောက်အကူ ဖြစ်နိုင်စရာ ရှိပေသည်။

ပြည်သူအများ စီးပွားရေးကျပ်တည်းလာမှုအတွက် နိုင်ငံတော် အစိုးရတွင် တာဝန်ရှိသည်ဟုလည်း အချို့က ယူဆကြပေသည်။ အခြေအနေတစ်ရပ်သည် ကသောင်းကနင်းဖြစ်လာသောအခါ အပြောင်းအလဲသည် ဖြစ်ပေါ်လာရမည်ဖြစ်သည်။ အိုဘားမား အိမ်ဖြူတော်၏ အဆိုတစ်ရပ်ကားကောင်းသော အကျပ်အတည်း တစ်ရပ်ကို အလဟဿမဖြစ်ပါစေ နှင့်ဟု ဆိုသည်။ အကျပ်အတည်းမှ ကောင်းသော အဖြေ ထုတ်ယူနိုင်မည် ဟု မျှော်လင့်နေကြပေသည်။

"သက်ကြီးဘိုးဘွားများ တိုးများလာမှုပြဿနာသည်လည်း စီးပွားရေးလုပ်ငန်းရှင်တို့၏ အကျိုးစီးပွားကို မထိခိုက်မချင်း ပြေလည်လာနိုင်ဖွယ်မရှိပေ"

သက်ကြီးဘိုးဘွားများ တိုးပွားလာမှုတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဒဿနများရောယှက်နေပေသည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ခွင့်များလည်းရှိနေပေသည်။ စီးပွားရေးပြဿနာများကဲ့သို့ မူ အစိုးရအဖွဲ့၊ စီးပွားရေးအဖွဲ့အစည်းများ သက်သက်ဖြင့် ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပေ။ ရင်သွေးမွေးမြူကြရသည့် မိခင်များကို ရင်သွေးမွေးမြူနိုင်သည့် အခြေအနေကောင်းများ ဖန်တီးပေးလျက် ရင်သွေးမွေးမြူလိုစိတ်၊ မိခင် စိတ်များ တိုးပွားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံအစိုးရတို့သည် စီးပွားရေး ပြဿနာများကို စီးပွားရေး လုပ်ငန်းရှင်များ၏ လွှမ်းမိုးမှု၊ စီးပွားရေး လုပ်ငန်းရှင်များ၏ စွမ်းအားကို ရယူလျက်ဖြေရှင်းခဲ့ကြသည်။ဖြေရှင်းနိုင်ခဲ့ကြသည်။ စီးပွားရေး လုပ်ငန်းရှင်များကလည်း ၄င်းတို့၏ အကျိုးစီးပွားဖြစ်သောကြောင့် နည်းလမ်းပေါင်းစုံဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘာကြီး ပူပြင်း လာနေသည့် ပြဿနာကိုမူ ၄င်းတို့ အကျိုးစီးပွားကို ထိခိုက်မည်စိုး၍ မသိကျိုးကျွန်ပြုခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းရှင်များကို အားပြုကြရသော အစိုးရတို့သည်လည်း စီးပွားရေးလုပ်ငန်းရှင်တို့ကို ဆန့်ကျင်၍ မဆောင်ရွက်နိုင်ခဲ့။ သို့ဖြင့် ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပူပြင်း၍သာလာခဲ့ရသည်။ ယခု သက်ကြီးဘိုးဘွားများ တိုးများလာမှုပြဿနာသည်လည်း စီးပွားရေးလုပ်ငန်းရှင်တို့၏ အကျိုးစီးပွားကို မထိခိုက်မချင်း ပြေလည်လာနိုင်ဖွယ်မရှိပေ။ ပြဿနာကို သိမြင်သူ၊ ကမ္ဘာကြီးကို သာယာဖွံ့ ဖြိုးစေလိုသော စိတ်စေတနာကောင်းရှိသူတို့က ဦးဆောင် ပါဝင်ဆောင်ရွက်ကြမှသာ ပြေလည်နိုင်ဖွယ် ရှိပါကြောင်းဖြင့်။

Ref: The Economist, June 27, July 3, 2009

ဈေးကွက်ဂျာနယ် zaygwet.com




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved