မင်းကိုနိုင်ပြောပြတဲ့ သံဖြူဇရပ်-ရေး ကားလမ်း

Tuesday, November 13, 2012


~



၈၈ နဲ့ မွန်ပြည်နယ်ခရီး

 

(ဓာတ်ပုံ - အလင်းတန်း/ရေး)
မင်းသိုက်ချမ်း ~

အခုရက်ပိုင်းအတွင်း စတင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး မွန်ပြည်နယ် ခရီးစဉ်ဟာ မနက်ဖြန်မှာ အဆုံးသတ်ပါတော့မယ်။

ရန်ကုန်ကနေ ပဲခူး၊ အဲဒီကနေ စစ်တောင်းတံတားကို ဖြတ်၊ မွန်ပြည်နယ် ရောက်ပါတယ်။ သံလွင်မြစ် မြောက်ဘက်က မြို့နယ် ၄ မြို့နယ် ဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊
ပေါင်မြို့နယ်တွေကို အခက်အခဲ မရှိဘဲ နိုဝင်ဘာ ၉ တရက်တည်းနဲ့ ပြတ်သွားပါတယ်။

ခရီးစဉ်မှာ ၂၂ ဦးပါ အဖွဲ့ကို ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်နှင့် ကိုဂျင်မီတို့ ဦးဆောင်ခဲ့တာပါ။

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာတို့ နှစ်ဦးကတော့ မုဒုံမှာ ရှိတဲ့ သူတို့ရဲ့ ဆွေမျိုး၊ မောင်နှမတွေနဲ့ တွေ့ရမှာမို့ ဒီခရီးစဉ်မှာ အပျော်ဆုံးသူတွေလို့ ပြောရင် မှားမယ် မထင်ပါဘူး။

ကိုမင်းကိုနိုင်က "သားတို့ မိဘရင်ခွင်ဆီကို နောက်ဆုံးမှာတော့ ပြန်လာခဲ့ပါပြီ။ နွေးထွေးလွန်းတဲ့ ထွေးပွေ့ကြိုဆိုမှုတွေကို မခံစားနိုင်ဘူးဗျာ" လို့ မော်လမြိုင် ရောက်တဲ့ညမှာပဲ ပြောခဲ့ပါတယ်။

မွန်ပြည်နယ်သားတွေဟာ ဇာတ်ပွဲသဘင်တွေမှာ ဝါသနာထုံမှန်း ကိုမင်းကိုနိုင် ကောင်းကောင်းသိပါတယ်။

ကျိုက်မရော လူထုတွေ့ဆုံပွဲမှာ သူက “မွန်တွေဟာ ဇာတ်ပွဲတွေလောက်ပဲ ကြည့်ပြီး ပျော်နေရင် တော်လှန်ရေး ဆိုတာ ရှိလာမှာ မဟုတ်ဘူး” လို့ ဆိုပြန်ပါတယ်။

သံဖြူဇရပ် ခရီးစဉ် လူထုတွေ့ဆုံပွဲမှာတော့ ပြည်သူတွေက သူတို့ရဲ့ မြေယာသိမ်းဆည်းခံရတဲ့ အကြောင်းတွေကို တင်ပြကြပါတယ်။

ခရီးစဉ်တလျှောက် ဖြောင့်ဖြူးလာခဲ့တဲ့ ၈၈ မျိုးဆက်တွေကို သံဖြူဇရပ်နဲ့ ရေးမြို့ကြား တနင်္သာရီလမ်းမကြီးက ပညာပြပါလေရော။

မိုင် ၅၀ ကျော် ဝေးတဲ့ သံဖြူဇရပ်ကနေ မွန်းလွဲပိုင်းလောက်က ထွက်လာလိုက်တာ ရေးကို ည ၁၀ ကျော်မှ ရောက်ပါသတဲ့။
 

(ဓာတ်ပုံ - မျိုးဝင်း/ရေး)
ညစာ မစားခင်မှာပဲ လူထုနဲ့ တွေ့ဆုံပွဲမှာ ကိုမင်းကိုနိုင်က ချီးမွမ်းခန်း ဖွင့်ပါတယ်။
 

“ကျနော် ၁၅ နှစ်၊ အနှစ် ၂၀ လောက် ထောင်ထဲမှာ နေခဲ့ဘူးတယ်။ ဘယ်သူနဲ့မှ မတွေ့ရဘဲ သော့ပိတ်ထားတဲ့ အခန်းလေးတခန်းမှာ တယောက်တည်းလည်း အကြာကြီး နေခဲ့ဘူးတယ်။ ဒီတော့ ကျနော် ကျနော့်ကို ကျနော် တော်တော်စိတ်ဓါတ် ခိုင်မာပြီလို့ ယူဆထားခဲ့တယ်”

“ကျနော် တိုင်းနဲ့ ပြည်နယ်၊ အနောက်ဘက်ဆို ဟိုး ရခိုင်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားထိ၊ ရှမ်းပြည်နယ် တရုတ်ပြည်ဘက်ဆို ဟိုဘက်အခြမ်း ခဲနဲ့ ပေါက်လို့ ရ (ရတဲ့အထိ နီးအောင် ရောက်ခဲ့)တယ်။ အရှေ့ဘက်ဆို တာချီလိတ် ယိုးဒယားနယ်စပ်နားထိ ရောက်ခဲ့ပါတယ်။ ဟောဒီ သံဖြူဇရပ်-ရေး လမ်းလောက် ဆိုးတဲ့လမ်း တခါမှ မတွေ့သေးဘူး။ ဒီနေ့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် လမ်းတဝက်က လှည့်ပြန်ချင်စိတ် ဖြစ်တာ အကြိမ်ပေါင်း မနည်းဘူး။ တနာရီလောက် လာရမယ့် ခရီးကို ကျနော်တို့ နေ့လည်စာ စားပြီးကတည်းက ထွက်လာတာ၊ စဉ်းစားသာ ကြည့်တော့” 
ဟု လမ်းကောင်းကြောင်းကို ချီးမွမ်းပါလေရော။

ရေးသားတွေကလည်း သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မျှော်ပြီး သူတို့လမ်း ကောင်းကြောင်းကို ခဏခဏ အမွှမ်းတင်ပါလေတယ်။

“ကျနော်တို့ လမ်းဟာ ကျောက်ခဲ စားထားရင်တောင် အစာကျေပါတယ်” တဲ့ဗျာ။



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved