နယ်စပ်ဒေသကလေးတချို့ ကွန်ပြူတာသင်ပုန်း သုံးပြီ

Thursday, November 15, 2012

~~






ပြည်တော်မြင့် ~

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
မူလတန်းကျောင်းသားများ ယခင်က  ကျောက်သင်ပုန်း သုံးကြသည်။
ယခု ကျောက်သင်ပုန်းခေတ် ကုန်လွန်ပြီး ဒေသတချို့တွင် ကွန်ပြူတာသင်ပုန်းခေတ် အစပျိုးနေသည်။

နယ်စပ်မြို့မဲဆောက်ဒေသရှိ မြန်မာမူလတန်းကျောင်းသားတချို့ထံ ကွန်ပြူတာသင်ပုန်းများ ယနေ့ ရောက်ရှိလာသည်ကို တွေ့ရသည်။

မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်း ၇၄ ကျောင်း ရှိသည့်အနက် ထိုင်းကျောင်းများနှင့် School Within School အစီအစဉ်အရ ပူးတွဲလုပ်ဆောင်ခဲ့သည့် မြန်မာကျောင်း ၅ ကျောင်းကို ထိုင်းအစိုးရပညာရေးဝန်ကြီးဌာက အခမဲ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်ပုန်းကွန်ပြူတာ

ကွန်ပြူတာများ အရွယ်အစား တဖြည်းဖြည်း သေးငယ်လာရာ ယခု နောက်ဆုံးပေါ် ကွန်ပြူတာအပါးစားက မြန်မာတို့၏ ကျောက်သင်ပုန်းနှင့် ပုံစံ ဆင်တူမှု ရှိသဖြင့် ကွန်ပြူတာသင်ပုန်း၊ သင်ပုန်းကွန်ပြူတာ စသဖြင့် ခေါ်ကြသည်။

စားပွဲတင်ကွန်ပြူတာများကဲ့သို့ mouse သုံးရန် မလိုအပ်ဘဲ ထိတွေ့မျက်နှာပြင် touch-screen ကို  ပွတ်သပ်ထိတွေ့အသုံးပြုရသော ဤနောက်ဆုံးပေါ် ကွန်ပြူတာပြားက နိုင်ငံတကာတွင် အရောင်းသွက်နေသည်။


ထိုင်းအစိုးရက မူလတန်းကျောင်းသားတယောက် လက်ပ်တော့တလုံး ပေးအပ်ရန် ယခင်က စီစဉ်ခဲ့ပြီး ယခု ကွန်ပြူတာပြားခေတ်ရောက်ချိန်တွင် ၎င်းတို့၏အစီအစဉ်ကို အနည်းငယ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ကလေးတယောက် သင်ပုန်းတချပ်

တာ့ခ်ခရိုင်ပညာရေးဌာနအဖွဲ့ဝင်၊  မဲဆောက်ရှိ ထာ့အာ ထိုင်းကျောင်းမှ ကျောင်းအုပ် နိုင်ဆူထေ့ထာမာ့ကြာက “ထိုင်းအစိုးရရဲ့ပညာရေးဆောင်ပုဒ်ဖြစ်တဲ့ ONE TABLET PER CHILD အရ ပထမတန်း တက်နေတဲ့က လေးငယ်တွေကိုပေးတာပါ” ဟု သတင်းထောက်များကို ပြောသည်။

ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်သည့် ထိုအစီအစဉ်အရ နေ့သစ် အလယ်တန်းကျောင်းသို့ ၆၆ လုံး၊  CDC အထက်တန်းကျောင်းသို့ အလုံး ၃၀ ယနေ့ ရောက်ရှိလာသည်။



ယခုလဆန်းပိုင်းက ဖို့ဖတ်မြို့နယ် ၄၂ ကီလိုမီတာအရပ်ရှိ တို့မိတ်ဆွေမြန်မာမူလတန်းကျောင်းသို့ ကွန်ပြူတာသင်ပုန်းအလုံး ၄၀ သွားရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်မြန်မာရွှေ့ပြောင်းကျောင်း ၂ ကျောင်းကိုလည်း ရက်ပိုင်းအတွင်း သွားရောက် ပေးအပ်မည် ဖြစ်ကြောင်း  ထိုင်းပညာရေးဌာနမှဝန်ထမ်းတဦးက ပြောသည်။

ကျောင်းသားအသံ

နေ့သစ်အလယ်တန်းကျောင်းမှ မောင်မင်းကိုက “ဆရာမပြောတာက ဒီကွန်ပြူတာနဲ့ စာသင်လို့ရှိရင် အရင်လို စာအုပ်တွေ အများကြီး သယ်စရာမလိုဘူးလို့ ပြောတယ်၊ သားတို့သင်ရမဲ့ စာတွေအထဲမှာ အကုန်ပါတယ်လို့ ပြောတယ်၊ ဒီနေ့ကွန်ပြူတာရမယ်ဆိုတော့ ၀မ်းသာပြီး ညက အိပ်လို့တောင်မရဘူး” ဟု ဆိုသည်။


ကွန်ပြူတာသင်ပုန်းထဲတွင် အင်တာနက်အပါအ၀င် ထိုင်းသင်ရိုးညွှန်းတန်းဘာသာရပ် ၈ မျိုးကိုထည့်သွင်း ထားသည့်အတွက် ကလေးငယ်များပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေမည်ဟု CDC အထက်တန်း ကျောင်းအုပ်ကြီး ဦးမန်းရွှေနှင်းက ပြောသည်။

ကျောင်းသားမိဘအသံ


နေ့သစ်ကျောင်းမှကျောင်းသားတဦး၏ မိခင်  ဒေါ်တင်မြင့်က “ကျွန်မသားက အခုမှ ပထမတန်းပဲ ရှိသေးတယ်။  အခုလိုကွန်ပြူတာနဲ့ကျောင်းတက်ရမယ် ဆိုတော့ သားအတွက် တကယ် ပီတိဖြစ်မိတယ်” ဟု ဧရာဝတီ သတင်းဌာနကို ပြောသည်။

“သမီးအကြီး ဆိုရင် ကျိုက်ထိုမှာ ၈ တန်းအထိ ကျောင်းနေခဲ့ဘူးပေမဲ့ ဒီလိုမျိုး အခွင့်အရေးတွေ မရခဲ့ဘူး။ ဒီကကျောင်းတွေက အခမဲ့အပြင် ဒီလိုအနေအထားတွေ ဖြစ်လာတော့ ကလေးတွေကြိုးစားကြဖို့ပဲ လိုတယ်” ဟု ဒေါ်တင်မြင့်က ဆက်ပြောသည်။

ကလေး သုံးပုံတပုံသာ စာသင်ကျောင်းရောက်ရှိ

 ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ်၊ မြို့နယ်များတွင် ထိုင်းပညာရေး ဌာနက အသိအမှတ်ပြုထားသည့် မြန်မာကျောင်း ၇၄ ကျောင်း ရှိသည်။ စုစုပေါင်း  မြန်မာကလေးငယ် ၁၅,၀၀၀ ခန့် ပညာသင်ယူလျက်ရှိသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများပညာ ရေး ကော်မတီ(BMWEC)အဖွဲ့က ပြောသည်။

အရွယ်ရောက်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရရှိသည့် မြန်မာ ကလေးငယ်များ အရေအတွက်မှာ ဒေသတွင်း  ၃ မြို့နယ်တွင် ၃၀,၀၀၀ နီးပါးခန့်ရှိသည်ဟု BMWEC ဥက္ကဋ္ဌ နော်ဖောရေက ပြောသည်။
 
































-

1 comments :

  1. Anonymous said... :

    ကောင်းလိုက်တဲ့ အစီအစဉ်ပါ၊
    မဲဆွယ်စဉ်က ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲအနိုင်ရတဲ့ အစိုးရက ကျောင်းသားလေးတွေကို အမှန်တကယ် သင်ပုန်းကွန်ပျူတာတွေ ရအောင် စီမံပေးတာပါ။
    တိုင်းပြည်ခေါင်းဆောင်တို့မည်သည် ဆိုခဲစေ၊ မြဲစေ ဆိုသည့်အတိုင်း မိမိ ပြောစကားကို အကောင်အထည်ဖော်ရမည် ဖြစ်ပေသည်။
    သေနတ်ကိုင်သော လက်တွေကို လက်ပ်တော့ကိုင်သော လက်တွေ ဖြစ်အောင်လုပ်မည်ဆိုလား မြန်မာပြည်မှာလဲ ကြားလိုက်မိပါသည်။ ခုတော့ လေထဲမှာ ပျောက်ကွယ်ပြီလားမသိ။
    ဒါတော့ မပြောပါနဲ့လေ၊ မဲဆန္ဒပေးမည့်ဆဲဆဲ လမ်းတွေပြင်တော့အံ့၊ ပြည်သူကို အလုပ်အကွေုးပြုအံ့ဆိုတဲ့ လူမှုရေးအသင်းဘ၀မှ နိုင်ငံရေးပါတီဘ၀သို့ အရှင်လတ်လတ်ပြောင်းလာတဲ့ ပါတီကြီးကတော့ မောင်းလာတဲ့ ဘက်ဖိုးကြီးတွေကို မဲရှုံးတာနဲ့ ပြန်မောင်းသွားလို့ ကျေးလက်သားတွေ ချိုင့်တွေနဲ့လမ်းတွေပေါ် ထော်လာဂျီ တဂျုံးဂျုံး လှည်းတွေ တ၀ုန်းဝုန်း မောင်းနေရဆဲပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved