၂၀၁၁ ဧရာဝတီ အတွင်းရေးများ

Monday, January 9, 2012 15 comments






၂၀၁၁ ကို ပြန်ကြည့်တော့ ဧရာဝတီသတင်းဌာနအတွင်း အဖြစ်၊ အပျက် အတော်များများကို သတိထားမိပါတယ်။ အဲဒီထဲက တချို့ အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ။

အောင်မြင်မှု
း) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း) ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။
း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း) မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။
း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။

ဆုံးရှုံးမှု
း( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း( သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်
း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရ
း( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့

ဖြစ်ထွန်းမှု
း) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း) သတင်းထောက် ၁ ယောက် လက်ထပ်
း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း) အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြ
း) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ



ပျက်ကွက်မှု
း( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း( ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်
း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း( ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်
း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်


ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)





ဟာဂျူလီ၏ အဟောင်းများ

1 comments

၁၉၉၅ခု.အမျိုးသားဦးဆောင်မှု
အခန်းကဏ္ဍမှာ တပ်မတော်ကပါဝင်ရေးဆိုပြီး ညီလာခံကြီးကျင်းပနေချိန် ရင်ခွင်သစ် မဂ္ဂဇင်းမှာ ဂုဏ်ပြုရေးဆွဲဖြစ်တဲ့ကာတွန်းပါ..


ကာတွန်းဆရာ
ဟာဂျူလီ (ကသာ) ရဲ့ ကားတွန်းတွေ သူက ဖေ့စ်ဘုတ် တင်လိုက်၊ ကိုယ်က ယူပြီး ဧရာဝတီ ဘလော့ဂ် တင်လိုက်ပေါ့။ တပုဒ်တပုဒ် တင်တိုင်းလည်း မှတ်ထားပါတယ်၊ ဒါက လက်ဖက်ရည်တခွက် ... ဟ ... ဒါကတော့ တပိုင်း ... (အကြွေးတွေ မှတ်ထားတာ)။

ခုလည်း ရွှေဖြစ်တဲ့ ခေတ်ဟောင်းက ကာတွန်းလေးတွေ တွေ့တော့ ကြိုက်တာနဲ့ ယူတင်ပါတယ်။ ဦးဘဂျမ်းဟိုခေတ်က ကာတွန်းတွေ ခေတ်မမှိန်သလို ဟာဂျူလီ ကာတွန်းတွေလည်း ခေတ်ကို ဆွပါတယ်။ (ခေတ်မပြောင်းသေးတော့ မဟောင်းသေးဘူးပေါ့)။

စကားမစပ် သူနဲ့ အင်တာဗျူးဖူးတာလေး ပြန်ဖတ်ချင်ကြလည်း ဒီနေရာမှာပါ ။ အများသိ ဧရာဝတီအရေးတော်ပုံ ကိစ္စပါပဲ။

ကာတွန်းဆရာ ဟာဂျူလီကို ကျေးဇူးတင်လျက် ....


၁၉၉၅ခုနှစ် လှေပြိုင်ပွဲ စလုပ်တော့ ဗိုလ်ချုပ်ခင်ညွှန့်ကပြောပါတယ်၊ ရွက်ကြိုးရင်တက်၊ တက်ကြိုးရင်လက်တဲ့.. အဲဒါနဲ့ ဒီကာတွန်းလေး ရေးဖြစ်ခဲ့ပါတယ်.. ဘယ်မဂ္ဂဇင်းထဲ ပါလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး..


၁၉၉၄ခုနှစ်က ဆွဲဖြစ်ခဲ့တဲ့ မန္တလေးကာတွန်းပါ...

၁၉၉၀ကျော်က ဆရာမောင်စိန်ဝင်းရဲ့ ရွှေသမင်မဂ္ဂဇင်းမှာဆွဲဖူးခဲ့
ကာတွန်းလေးပါ၊ကိုယ်ငါးမျှားနေတဲ့နေရာ ဘယ်နေရာလဲဆိုတာ သိဖို့ဆွဲခဲ့တာပါ၊ခုလည်း သိကြဖို့ ကောင်းပြီထင်လို့အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်..



ကြံ့ဖွံ့ စဖွဲ့တဲ့နေ့က ရေးဖြစ်ခဲ့တဲ့ကာတွန်းပါ.ဘယ်ထဲ ပါခဲ့မှန်းတော့ မမှတ်မိတော့ပါဘူး...



၁၉၉၃လောက်က ရေးဖြစ်တဲ့ကာတွန်းလေးပါ..ခုလည်း ဒီအတိုင်းပါပဲ

တရုတ်မြန်မာနယ်စပ် နဲ့ လက်နက်မှောင်ခို

0 comments

တရုတ်အာဏာပိုင်တို့ရဲ့ အလိုရှိသည် ကြော်ငြာပေါ်က Ceng Kaigui

တရုတ်ပြည်က ရာဇ၀တ်သားတွေ မြန်မာဘက်မှာ ခိုလှုံနေတာတွေ ရှိပါတယ်။ (အထက် ဖော်ပြပါ ပုဂ္ဂိုလ်ကတော့ တရုတ်ပြည်ထဲ ပြေးနေဆဲလို့ ဆိုတယ်)

စက်တင်ဘာလတုန်းက ဓားပြ ၁၀ ယောက်ကို ဖမ်းရာမှာ ၄ ယောက် မိတယ်၊ ကျန်တဲ့ ၆ ယောက် မြန်မာပြည်ကို ထွက်ပြေးသွားတယ်လို့ Guizhou (ယူနန်ဘေးနားက ပြည်နယ်) မှာထုတ်တဲ့ သတင်းစာတစောင်က ဆိုပါတယ်။

ပြေးနေတဲ့ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ Zhang ဆိုတဲ့လူနဲ့ နောက်တယောက်ကို မြန်မာဘက်မှာ ခိုလှုံနေတာ ဖမ်းမိတယ်၊ တရုတ်ဘက်ကို စနေနေ့က အပ်လိုက်တယ်လို့ သတင်းစာက ဆိုတယ်။

ကျန်တဲ့ ၄ ယောက် မြန်မာပြည်ထဲ ရှိနေတုန်းပဲလို့ ယူဆနေကြပါတယ်။

တရုတ်အာဏာပိုင်တွေဟာ နန်ကျင်းပြည်နယ်က Ceng Kaigui ဆိုတဲ့ ပုဂ္ဂိုလ် (အထက်က ကြော်ငြာမှာ ပါတဲ့ ဓာတ်ပုံရှင်) ကို ဖမ်းဖို့ ကြိုးစားနေပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က သူကျူးလွန်ခဲ့တယ် ဆိုတဲ့ ဓားပြမှုတွေမှာ လူ ၇ ဦးသေ၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို ဖမ်းဖို့ ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ချထားတယ်လို့ တရုတ်အမျိုးသားအသံလွှင့်ဌာနက ဒီမနက် ထုတ်လွှင့်သွားပါတယ်။

သူကိုင်တဲ့ ပစ္စတိုက မြန်မာပြည်ဘက်မှာထုတ်တာလို့ သတင်းထဲ ပါတာကြောင့်အသေးစိတ် သိရဖို့ နန်ကျင်းပြည်နယ် ရဲဌာနကို ဧရာဝတီက ဒီနေ့ ဖုန်းဆက်ပေမယ့် အဖြေ မရခဲ့ပါ။

တရုတ်ပြည်မှာ အရပ်သားတွေ သေနတ်ကိုင်ခွင့်ရဖို့ မလွယ်ပါ။ ဒါပေမယ့် ဓားပြတွေ၊ လူဆိုးတွေကတော့ ကိုင်နေတာပါပဲ တဲ့။ သူတို့ကိုင်တဲ့လက်နက်တွေရဲ့ ဇစ်မြစ်ကို လိုက်တဲ့အခါ တရုတ် မြန်မာနယ်စပ်မှာ ခြေရာခံမိတယ်လို့ ဆိုတယ်။

အိန္ဒိယဘက် ၀င်တဲ့ လက်နက်တွေကလည်း တရုတ်မြန်မာနယ်စပ်ကပဲလို့ မကြာသေးခင်က အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၃ လ ၀န်းကျင်ကလည်း တိဘက်ဒေသကို သွားမယ့် ပစ္စတို ၈ လက် ၊ ရိုင်ဖယ် ၁ လက် နဲ့ ကျည်ဆံ ၂၀၀ ကျော်ကို တရုတ်က ဖမ်းမိတယ်၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံဘက်က လက်နက်မှောင်ခို ၁၇ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဆင်ဟွာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

NLD ဆိုင်းဘုတ်တင်ပွဲ

9 comments




(ဓာတ်ပုံ-ဧရာဝတီ)

ဟုတ်ပါတယ်၊ ဒီကနေ့ ကျင်းပတဲ့ NLD ဌာနချုပ် ဆိုင်းဘုတ်တင်ပွဲပါ။
နှစ် ၂၀ ကျော်ကြာ ဌာနချုပ်ရုံး ဖွင့်ထားတဲ့ နေရာဟောင်းမှာပဲ လုပ်တဲ့ပွဲပါ။

ဆိုင်းဘုတ်တင်ပွဲမလုပ်မီပုံနဲ့ လုပ်ပြီး ပုံတို့ကို အောက်ဆုံးမှာ ယှဉ်ပြလိုက်ပါတယ်။

(ဓာတ်ပုံ-ဧရာဝတီ)

(ဓာတ်ပုံ-ဧရာဝတီ)

(ဓာတ်ပုံ-ဧရာဝတီ)

(ဓာတ်ပုံ-ဧရာဝတီ)

(ဓာတ်ပုံ-ကျိုဒို နှင့် ဧရာဝတီ)

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပုံ နဲ့ ဒီနေ့ ဆိုင်းဘုတ်အသစ်တင်ပွဲမှာ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။
ဆိုင်းဘုတ်အသစ်လဲတာကြောင့် ဖွင့်ပွဲလုပ်တာ ဟုတ်ဟန် မတူပါဘူး။
ရွေးကော်မရှင်က ပါတီအဖြစ် အသိအမှတ် ပြုလိုက်လို့ ဆိုင်းဘုတ်တင်ပွဲ လုပ်လိုက်တာ ဖြစ်မယ်လို့ ယူဆပါတယ်။

၃ဆောင်၊ ၆ခန်း (အပိုင်း ၂)

0 comments



မောင်အေးဝင်း

ကြက်ပျောက်မှုနောက်ဆက်တွဲ
ဦးလှရွှေကြက်ပျောက်မှု ပထမတော့ မသိမသာ ကြိတ်စုံစမ်းတယ်။ မနက်စောစော ၀ါဒါလူစစ်တန်းစီ ၀င်လာပုံကိုက မျက်စိဟာ ပုဂံဆေးတဲ့ နေရာဘက်ကို ရောက်နေတယ်။ ဆေးကြောထားလို့ ပြောင်သလင်းခါနေတဲ့ ရေနေရာကို မကြည့်စဖူးတွေ စူးစူးစမ်းစမ်း အကဲခတ်တာ တွေ့ရတော့ ကျနော်တို့ စိတ်ထဲမှ ကြိတ်ပြီး ၀မ်းသာကြတယ်။

သူ့ကြက်တွေ အပေါ်ခန်းတွေကို လှေကားကနေ မတက်နိုင်ဘူးဆိုတာ သိပြီးသား။ အောက် လေးခန်းမှာ အခန်း (၅) က သူတို့ ရုံးခန်းနဲ့ ကပ်လျက် အနီးဆုံး။ ဒါမျိုးလုပ်ဖို့ ဘယ်လိုမှ မလွယ်ဘူး။ (၇) ခန်းမှာက သူတို့ သတင်းပေးတွေလည်းရှိတော့ မဟုတ်တာလုပ်ရင် ချက်ချင်းပေါက်တာမို့ ဘယ်သူမှ မလုပ်ဘူး။ (၈)ခန်းဆိုတာက လုံချည်ပြာတွေက တနေ့လုံး အလုပ်ဆင်းတယ်။ အခန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ဘိုးတော်တင်ဦးရယ်၊ သူ့အမှုတွဲ ဘုန်းကြီးလေးဦးမိုးထိရယ်၊ ကျောက်ကုန်သည် ဦးသန်းဝင်းရယ်၊ ရွှေတိဂုံအရေးအခင်းမှာ ဘုရားပေါ်က ဖမ်းလာတဲ့ ဗိုလ်ကြီးဟောင်း ဘိုးတော် ဦးအောင်သန်းတင်ရယ်၊ လုံချည်ပြာဝတ်ထားတဲ့ ပီဒီပီဇော်ဝင်းရယ်၊ အလုပ်သမားအရေးအခင်း မီးရထားစက်ရုံက သတင်းပေး အောင်ကြည်ရယ် ဒါပဲ။ ဒီတော့ အခန်း (၅)၊ (၇)၊ (၈) မဖြစ်နိုင်ဘူး။

ဒီကိစ္စဟာ (၆)ခန်းက ကောင်တွေပဲ ဆိုတာ မောင်လှရွှေ ကျိန်းသေတွက်တယ်။ ဒီတော့ (၆)ခန်းကို မောင်လှရွှေသွေးတိုးစမ်းတယ်။ သူ့တပည့် လုံချည်ပြာဇော်ဝင်း (ပီဒီပီ)နဲ့ တိန်ရှောက်ပိန်ကို အမေးခိုင်းတယ်။

"အေးကြည်.... ဆရာလှရွှေက သူ့ကြက်တွေ ရောင်းချင်လို့ .. ၀ယ်မလားတဲ့"

"ဘယ်လောက်လဲ..."

"နှစ်ကောင်... ဆယ့်ခြောက်ကျပ်..."

"တဆယ်ရရင် ယူမယ်လို့..... ပြောလိုက်"

မနက်လိုမှာ ဇော်ဝင်းလာမေးတယ်။ နေ့ခင်းမှာ အဖြေပေါ်တာပဲ။


တလာစီ
"ကဲ.. ကဲ.. အားလုံးထွက်ကြမယ်... အခန်းထဲမှာ တယောက်ပဲ နေခဲ့..."

ဒုအဆောင်မှူး ဦးကျော်ရင် ခေါင်းဆောင်တဲ့အဖွဲ့ ကျနော်တို့ အခန်းကို တလာဝင်စီတယ်။ ထောင်ဝေါဟာရ 'တလာစီ' ဆိုတာ ရှာဖွေစစ်ဆေးတာ။ အခန်းထဲက လူတွေ အပြင်ထွက်ပေးရတယ်။ မထွက်ခင်မှာ အခန်းပေါက်ဝမှာ လူတကိုယ်လုံး အနှံ့အရှာခံပြီးမှ ထွက်ရတယ်။ သူတို့ အခန်းထဲမှာ ရှာဖွေနေတာကို စောင့်ကြည့်ဖို့ တယောက် နှစ်ယောက်က အခန်းထဲမှာ ချန်ရစ်ရတယ်။ ကျန်ခဲ့သူကိုလဲ တကိုယ်လုံး ရှာတယ်။ ကျနော်က အခန်းထဲ ကျန်ခဲ့မယ့်လူ။

သူတို့ လာပြီဆိုကတည်းက ကျနော်တို့ အုပ်စုက သွင်းထားတဲ့ ပိုက်ဆံတွေကို ကျနော့် ခြေဖ၀ါးနဲ့ ဖိနပ်ကြား ခြေဖ၀ါးအောက်မှာ ညှပ်ပြီး၊ ဖိနပ်ကို ဖိနင်း စီးထားလိုက်တယ်။ ဒူးကိုဖြောင့် ခြေထောက်ကို တန်းပြီး၊ လမ်းလျှောက်တော့ ခြေမနဲ့ ခြေဖနောင့်ကို ဖိနပ်နဲ့ ဖိကုပ်လျှောက်ရတယ်။

ဝင်လာတဲ့ ၀ါဒါတွေ မိလ္လာချောင်နဲ့ ပန်းကန်ဆေးတဲ့နေရာကို တန်းသွားတာပဲ။ တချို့က ကုတင်တွေမှာ မှို့ယာတွေလှန်၊ စောင်တွေဖွ၊ ခေါင်းအုံးတွေ စမ်းနဲ့ အလုပ်ရှုပ်ကြတယ်။ ၀ါဒါမြင့်လွင်က ကျနော့်ကုတင်မှာ ရှာနေရာတုန်း ကုတင်ခြေရင်းက ကောက်ရတဲ့ ကျပ်တန်လေးတရွက်ကို ကောက် ပြီး၊ တခြား လူတွေမမြင်အောင် ကပ်ပေးတယ်။ ကျနော်လဲ လူကိုယ်မှာဝတ်ပြီး၊ လက်နှိုက်ထားတဲ့ ပင်နီတိုက်ပုံထဲက လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်။

ဗလကြီးတင်မြတ်ရဲ့ မွေ့ယာနှစ်ထပ်ကြားမှာ သိမ်းထားတဲ့ ပလေးဘွိုင်တို့ ဘာတို့က မိန်းမကိုယ် တုံးလုံးပုံတွေ ၀ါဒါတယောက်က ထုတ်လာတာ ဘာယာတန်း အပြင်ကနေ တင်မြတ်ကြီး ဆွေ့ဆွေ့ ခုန်နေတယ်။

"ဟေ့လူတွေ... ဒါတော့ မထိနဲ့ဗျာ၊ ကျုပ်မှာ ဒါတွေနဲ့ အသက်ရှင်နေရတာ...."

ဒင်းတို့တွေ တင်မြတ်ကို ကျီစယ်ပြီး၊ ပုံတွေကို ကုတင်ပေါ်မှာ ပြန်တင်ပေးသွားတယ်။

အဘသောင်းကတော့ ကွမ်းဂျိုးတွေနဲ့ မဲနေတဲ့ သွားကို ဖြဲပြပြီး၊ ပြုံးစစ မျက်နှာပေးနဲ့ အခန်းက မထွက်ခင် ကျနော့်ကို ငါသိပါတယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်သွားတယ်။

လှရွှေက ကြက်ကိစ္စ၊ ပိုက်ဆံကိစ္စ တချက်ခုတ် နှစ်ချက်ပြတ် တလာစီခြင်းဟာ လက်ချည်းပဲ ပြန်သွားရတယ်။ တလာစီဖို့ လာကြသူတွေထဲ ဦးကျော်ရင်ကလွဲရင် ကျန်သူတွေက ကျနော်တို့ (၆)ခန်းနဲ့ ကြည်တဲ့သူတွေချည်းပဲ။


ကြွက်ခြောက်စပ်
ကျနော်တို့ အုပ်စုမှာ ထောင်ဝင်စာရက် မရောက်ခင် ၂ ရက်၊ ၃ ရက် အလိုလောက်မှာ စားစရာပြတ်သွားတာလဲ တခါတလေ ကြုံရတယ်။ အဲဒီလို ပြတ်ပြီဆိုရင် အကောင်ပလောင် ရှာဖွေ ဖမ်းဆီးစားသောက်ရတဲ့အခါ ကြက်မဟုတ်ပဲ သူ့ထက် လွယ်ကူတဲ့ ၀ဆွဲပါတဲ့ ကြွက်ကို ဖမ်းကြတယ်။

ကြွက်က ကြက်လောက် မခဲယဉ်းဘူး။ ထောင်ဝင်စာပြတ်တဲ့ အခါမျိုး စားလေ့ရှိတယ်။ အခန်း (၅)က အောင်ငွေလာ တို့ အုပ်စုဆိုရင် အိမ်မြောင်တောင် ဖမ်းစားတယ်။ မီးဖုတ်စားတယ်လို့ ပြောတာပဲ။

ကင်းမလက်မဲ အကြီးစားကြီးတွေလဲ မီးဖုတ်လိုက်ရင် ပုစွန်ကို မီးဖုတ်သလိုမျိုး အနံ့ထွက်တယ်။ ၅ တိုက်မှာတုန်းက တဖက်ခန်းက မာလာတင်ဝင်း( ၈၈-အရေးအခင်းမှာ နောင်ရိုးတင်ဝင်း) ပြောတယ်။ စားကောင်းတယ်တဲ့။ စားတော့ မကြည့်ဖူးဘူး။ တိုက်မှာတုန်းက မီးဖုတ်ကြည့်တာ တကယ်ကို ပုစွန်မီးဖုတ်နံ့ရတယ်။ တိုက်ခန်းထဲ ၀င်လာတဲ့ ကင်းမလက်မဲကို သတင်းစာစက္ကူနဲ့ အသာလေးကော် လိုက်ပြီး၊ ထွက်မပြေးနိုင်အောင် စက္ကူကို စာအိပ်လိုခေါက်ပြီး၊ မီးရှို့လိုက်တယ်။ အခန်းထဲ ၀င်လာတာကို အပြင်ပစ်ထုတ်လိုက်ရင် ဘယ်အချိန် ကိုယ့်ဆီပြန်လာမလဲ မပြောနိုင်ဘူးလေ။ တွေ့တုန်း တခါတည်း ရန်-ငါ မျဉ်းဖြတ်လိုက်တော့ မပူရတော့ဘူး။

ကြွက်ဖမ်းတာ ပြောပြမယ်။ မြေကြွက် အကြီးစားကြီးတွေ ညဖက်ဆို ကျနော်တို့ ပန်းကန် ဆေးတဲ့နေရာမှ တင်ကျန်တဲ့ စားကြွင်းစားကျန်ကို လာစားတာ။ ကျနော်တို့က ကွန်ကရိပြားကြီးနှစ်ခုကို ပူးချီပြီး ဘိလိုလုပ်ထားတယ်။ ရေနေရာမှာ ဘိထောင်ထားရင် ကြွက်ဟာ အစာရှိတဲ့ ဘိနေရာကို တခါတည်း တန်းမလာဘူး။ သံတိုင်နားက အကဲခတ်နေသေးတာ။ အသံပလံကြားရင် ၀င်လာတဲ့ လမ်းကပဲ နောက်ကြောင်းပြန်လှည့်တယ်။ ဘယ်တော့မှ တခြားလမ်းက လမ်းသစ်ထွင်မပြေးဘူး။

စိတ်ချရပြီးလို့ ဘိနား အစာနားကို ရောက်လာပြီဆိုရင်တောင် တော်တော်နဲ့ စားသေးတာ မဟုတ်ဘူး။ ကြိုးဆွဲဖို့ စောင့်ရတဲ့သူက တခါတလေ စိတ်မရှည်ချင်ဘူး။ '၀င်ပါတော့... ဟေ့ကောင် ၀င်စမ်းပါ' လို့ စိတ်ထဲက ကြိတ်ဆဲနေရတယ်။ 'သြော်.... ဒီ ကြွက်မသားနှယ်.. စားမယ့်အရေး ဟန်လုပ် နေရသေး...' လို့။ တခါတလေ.. ရန်သူ့ အနံ့အသက်များရရင်... မ၀င်တော့ပဲ 'နင့်အကြောင်းကို ငါသိတယ်......' သီချင်းတောင် ဆိုသွားသလားမပြောတတ်ဘူး၊ ပြန်လှည့်သွားတယ်။

ဝင်ပြီဆိုတာနဲ့ ကြိုးကိုဆွဲ၊ ပိနေတာနဲ့ အပြေးသွားပြီး အပြတ်ရှင်းရတယ်။ ပိနေတာပဲ ဆိုပြီး လွှတ်ထားလိုက်လို့ကတော့ မိုးလင်းရင် မရှိတော့ဘူး။ ကယ်ဆယ်ရေးတွေ လာထုတ်သွားသလား မပြောတတ်ဘူး။

အပြတ်ရှင်းပြီးရင်၊ ခြေရာလက်ရာ၊ သွေးစ သွေးန၊ အနံ့အသက်က အစ မကျန်အောင် လုပ်မှ။ ကျန်နေရင် ဒီနေရာကို နောက်ကောင်တွေ မလာကြတော့ဘူး။ ဗလကြီး တင်မြတ်က ဒါမျိုးမှာ စိတ်ချရတယ်။ ကြွက်ကိုင်လဲကျွမ်းတယ်။ အရေခွံဆုပ်ပြီး ကြွက်ကို ၀ါးပြားမှာ ညှပ်ပြီး၊ မီးဖိုနားထောင်ပြီး ကြပ်တင်ထားလိုက်တယ်။ ခြောက်သွားတော့မှ ငရုပ်သီး စပ်စပ်နဲ့ ဆီပြန်ကလေး- ကြွက်ခြောက်စပ် ကလေးပေါ့။


ပုစွန်စာရွက်အော်ပိုရေးရှင်း
ထောင်ဝင်စာပြတ်တဲ့အခါ တိန်ရှောက်ပိန်ရဲ့ ပုစွန်စာရွက် အော်ပိုရေးရှင်းလည်း ရှိတယ်။ ထမင်းစားအဖွဲ့ဝင် အားလုံးပါဝင် ရတယ်။ အဆောင်ဝင်းထဲက မြက်ပင်တွေ၊ အခြားအပင်တွေနဲ့အတူ ပေါက်နေတဲ့ ပုစွန်စာရွက် ဆိုတာတွေရှိတယ်။ ရေမချိုးခင်မှာ ထမင်းစားအုပ်စုဝင်တွေဟာ ရင်ဘောင် တန်းပြီး ပိုက်စိပ်တိုက် ဟင်းရွက်ခူးရတယ်။ လူဆယ်ယောက် ဆယ်နှစ်ယောက်စာ ဟင်းတအိုးရဖို့ ဆိုတာကလဲ အတော်လေး ခါးညောင်းအောင် ခူးရတယ်။ တအိုးစာ ပိုပိုသာသာ (မြက်တွေလည်းပါပေါ့ လေ) ရပြီဆိုရင်၊ ဆရာကြီးအောင်ကိုကို လက်ကိုအပ်။ သူက စိတ်ရှည်လက်ရှည်နဲ့ ရေကန်မှာ စိမ်ပြေနပြေ ဟင်းရွက်ရွေး၊ ရေဆေးတယ်။ ပြီးမှ တိန်ရှောက်ပိန်က ငပိကြော်တို့လို၊ ငါးခြောက်ကြော် တို့လိုမျိုးနဲ့ ရောပြီး ချဉ်ရည်ဟင်း ချက်ပေးတယ်။

တခါတလေ ကိုယ်ထမင်းစားအုပ် အတွက်ချည်းမဟုတ်ပဲ (၇)ခန်းက လူတွေ ပြတ်နေရင်လည်း မျှရသေးတယ်။ (၇)ခန်းမှာ အခြား MC (II) {ဆေးတက္ကသိုလ် (၂)} တွေ ရှိသေးတယ်။ ဘီလူးလို့ ကျနော်တို့ခေါ်တဲ့ ဆေး (၂)က ခရမ်းသုံးခွ မြင့်စိုး၊ ဆရာကြီးသတ္တိလို့ ခေါ်တဲ့ တောင်ငူက သိန်းထွန်း၊ ဘောလောလို့ခေါ်တဲ့ ပုလောက ၀င်းလွင်၊ မာရှယ်လို့ခေါ်တဲ့ ပေါင်းတည်က တင်မြင့်၊ ကိုသက်တင် (စီးပွါးရေးတက္ကသိုလ်) (သဲတော-၀မ်းတွင်း)။ ဧပြီ ၃ဆောင်အရေးအခင်းမှာ တိန်ရှာက်ပိန်တို့နဲ့ အတူ စစ်ခွေးတိုက်က ပြန်လာတဲ့သူတွေ။

ဆောင်းခါဆို မုံညင်းတို့၊ ကိုက်လန်တို့ အရမ်းပေါတာ။ တောင်ယာကထွက်တဲ့ အဲဒီပစ္စည်းတွေကို လုံချည်ပြာတွေက ဆေးပေါ့လိပ်၊ စီးကရက်တို့နဲ့ ၀ယ်ပေးတယ်။ အဆောင်မှူးလှရွှေ ကလည်း (၆)ခန်းက ကောင်တွေ သွားပေးလိုက် ဆိုပြီး သူ့ကျေးဇူးရှင် ကျနော်တို့ ထမင်းစားအုပ်စုကို လက်ဆောင်ပေးတာလဲ ရှိတယ်။ ဒါမျိုးဆို တိန်ရှောက်ပိန်က တခြား အုပ်စုတွေကိုလည်းမျှ ပိုတာလည်း ချဉ်ဖတ်စိမ်ပေါ့။

ကျနော်က ငပိကြိုက်သူဆိုတော့ ထောင်ဝင်စာတိုင်းမှာ အိမ်က ကြိုပြီးသား ငပိရည် ထည့်ပေးတတ်တယ်။ ကျနော့ ငပိကို ဒိုင်ခံအားပေးတာ ဗလကြီးတင်မြတ်နဲ့ ဆေးတက္ကသိုလ်(၂)က သိန်းလွင်လို့ ခေါ်တဲ့ အာနီပဲ။ ငပိကို ကျနော်တို့က ကုန်သွားရင် ဗူးမဆေးဘူး။ အသစ်ရောက် လာတာကို အဟောင်းဗူးထဲ ရောထည့်တော့ ငပိမှာ လောက်တက်ရော။ ဒါပေမယ့် မီးမှာ နွှေးလိုက်ရင် လောက်တွေက သေပြီး ငပိပေါ် ပေါလောမျော နေတာ။ ငပိနွှေးပေးတဲ့ တင်မြတ်ကို ဘာတွေလဲလို ကျနော်က မေးမိတာ

"ဟေ့ကောင်.... ဒီထဲက လာတဲ့ပစ္စည်းပဲ.. စားကောင်းတယ်...ဂျီးမများနဲ့ စား....." တဲ့။

ကြလောက် ငလောက်
ထောင်ထဲမှာတော့ ၀ဲနဲ့ လောက်ဟာ၊ စစ်ကြောရေးနဲ့ သရေပတ်လို လူတိုင်းအဖို့၊ ယဉ်ပါးနေတဲ့ ပစ္စည်းတွေပဲ။

တင်မောင်ဌေး (ပီဒီပီ) (ငှက်ကြီး-ယခု အမေရိက)တို့ အဖွဲ့ရဲ့ လောက်ရာဇ၀င်က-

သူတို့ထမင်းစားရင် အပေါ်ခန်းက ရာကျော်တို့်၊ အောင်သန်းဦး( ဆန်နီအောင်သန်းဦး၊ ယခု-ဂျာမဏီ) တို့က စပ်စုတယ်။ ဘာနဲ့ စားကြသလဲပေါ့။ မောင်ဌေးတို့ အဖြေက "ကြလောက်..." တခါတလေ "ငလောက်"။ အဖြေကို အပေါ်ခန်းကကောင်တွေ နားမလည်ဘူး။ ပထမတော့ ဟင်းအထူးအဆန်း ထင်ပုံရတယ်။ သဘောကတော့ လောက်တက်နေတဲ့ ကြက်သားဟင်း နွှေးလိုက်တော့ လောက် အသေကလေးတွေ၊ ရောနေလို့ ကြက်သားဟင်းထဲက လောက်ဆိုရင် ကြလောက်၊ ငါးဟင်းထဲက လောက်ဆိုရင် ငလောက်။ ရှားပါးတဲ့အချိန်မှာ ဘယ်သူက ပစ်ရက်ပါ့မလဲ။ တတ်နိုင်သလောက်ဖယ်ပေမယ့် ဒီလိုပဲ စားရတာပဲ။ ဗီတာမင်အပြည့် ပါတယ်လို့ ကြွေးကြော်သူတောင် ရှိသေးတာ။

ဒါဆိုရင် မော်ကြီး (ကိုခင်မော်၊ ယခု-အမေရိက)တို့ ကျတော့ "ဘလောက်" ဖြစ်မှာ။ သူတို့ ထောင်ဝင်စာ တနေ့မှာ ထောင်ထဲပြဿနာတွေ ဖြစ်နေတော့ ထောင်ဝင်စာ မပေးတွေ့ဘူး။ အပြင်က လာတွေ့တဲ့ သူ့သူငယ်ချင်း ဆရာဝန်ပေါက်စတွေက ဘဲကင်တွေ လေး ငါးကောင် ၀ယ်ပြီး ထည့်ပေးလိုက်တာ၊ အာဏာပိုင်တွေက ထောင်ဝင်စာထုတ်တွေကို သိမ်းထားလိုက်တယ်။ သုံးလေး ရက်နေမှ အထုတ်တွေ မော်ကြီးတို့ လက်ထဲရတာ။ အဲဒီမှာ ဘဲကင်တွေက လောက်တက်နေပြီ။

လူတွေကလည်း အစာရေစာ ငတ်ပြတ်နေကြတော့ ဘယ်ပစ်ရက်ပါ့မလဲ။ နှမြောတာနဲ့ လောက်တက် ဘဲကင်တွေပဲ နွှေးစားကြတယ်။ ဘဲကင်ထဲက လောက်- ဘလောက် နေမှာပေါ့။

ရေနွေးဂေါက်
အာဏာပိုင်တွေက ထင်းနဲ့ မီးဖိုတာထက် ရေနွေးဂေါက်ကို ပြဿနာပိုရှာတယ်။ သူက အသက်အန္တရယ် ပိုနီးတယ်လေ။ ရေနွေးဂေါက်ဆိုတာကလည်း ကျနော်တို့မှာ ရရာပစ္စည်းနဲ့ လုပ်ရတာ။ အပေါ်ထပ် အခန်းတခန်းက ရေနွေးဂေါက်ပြဿနာကြောင့် (၃) ဆောင်ကို ကျနော်ရောက်ခါစ တခန်းလုံး (၆)တိုက်ထဲ ရောက်သွားတယ်လို့ ကြားလိုက်မိတယ်။

ကျနော်တို့ အခန်းမှာ ထွန်းအောင်ကျော် (ပီဒီပီ)တို့ အမှုက သူတို့လိုပဲ တသက်တကျွန်းကျတဲ့ ကိုထွန်းကျင်ဆိုတာ ရှိတယ်။ သူနဲ့ ဦးဘမင်း(ကျနော်တို့က ဦးစိန်ပေါလို့ခေါ်တယ်) က ရေနွေးဂေါက်တခုကို အကျအန လုပ်တာ။ ရေတံလျောက်က ပြတ်ပြီး ပဲ့ကျလာတဲ့ သွပ်ပြားကို ပါးပါးလှီးပြီး၊ တပင်စီ ပလပ်စတစ်တထပ်၊ အ၀တ်တထပ် စိတ်ရှည်လက်ရှည် ပတ်တယ်။ တပင်စီရတဲ့ အဲဒီ လက်ဖြစ် ၀ိုင်ယာကြိုးကို ဆပ်ပြာခွက်ရယ်၊ နို့ဆီခွက်ရယ်နဲ့ ရေနွေးဂေါက်အဖြစ် ဖန်တီးတယ်။

မျက်နှာကျက်မှာ ကပ်သွယ်ထားတဲ့ လျှပ်စစ်မီးကြိုးကို နေ့လည် မီးမလာတဲ့ အချိန်မှာ တက်ပြီး ဖောက်ထားလိုက်တယ်။ ပြီးတော့ သူ့ဆီက ကြိုးနှစ်စကို နံရံနဲ့ ကပ်နေတဲ့ တိုင်ကွယ်ကနေ မီသလောက်မှာ အောက်ကို တွဲလောင်းချထားတယ်။ ညဖက်မီးလာတဲ့ အချိန် ရေနွေးတည်ဖို့ အဆင်သင့် လုပ်ထားတာ။

လူတွေက မီးမလာခင် ကတည်းက ရန်ကုန်မြို့ပြင်ရပ်ကွက်တွေမှာ ရေဘုံဘိုင် ရေတန်းစီသလို စိန်ကီး(ကိုစိန်လှအောင်- ယခုကွယ်လွန်) နဲ့ ကျနော်အိပ်တဲ့ ခြေရင်းဆိုင် ကုတင်နှစ်ခုကြားမှာ ချိုင့်တွေပုံးတွေ လာချပြီး တန်းစီလို့။ တည်မယ်ဆိုရင် တုတ်ကလေးနဲ့ ရေနွေးဂေါက်ကြိုးကို ချိတ်လိုက်တာပဲ။ ရေနွေးဂေါက်ရဲ့ လျှပ်စစ်ပါဝါ သုံးစွဲမှုက များတော့ ချိတ်လိုက်တယ် ဆိုတာနဲ့ကို အဆောင်မှာ မီးအားက သိသိသာသာ ကျသွားတယ်။ ရုံးခန်းက ရိပ်မိတယ်။ အခန်း တခန်းခန်းမှာတော့ ရေနွေးတည်နေလောက်ပြီပေါ့။

ရေနွေးဂေါက်ကို ပြဿနာ ရှာတယ်သာပြောတာ ရှာချင်တဲ့အခန်းမှ ရှာတာပါ။ အဘသောင်းတို့ ကိုယ်တိုင် တခါတလေ ညကြီးမိုးချုပ် အဘ ဆေးသောက်ချင်လို့ ရေနွေး နည်းနည်းပေးပါ ဆိုပြီး လာတောင်းတာ ရှိသေးတယ်။ ဒီရေနွေးက ဂေါက်နဲ့မတည်၊ ထင်းမီး မဖိုရင် ဘယ်က ရမှာလဲ။ သိသိကြီးနဲ့ လာလုပ်တာ။ တခါတလေ ပြောသွားတယ်၊ သတိထားလုပ်ကြတဲ့။ တခြားဝါဒါ မပြောပါဘူး။ အဘသောင်းကတော့ ကျောင်းသားတွေအပေါ်၊ အားလုံးအပေါ် ကောင်းရှာပါတယ်။ ခွက်ကလေးထဲ ဆီနဲနဲထည့်လာပြီး ဆရာလှရွှေက လက်ဘက်စားချင်လို့ လက်ဘက် ကြက်သွန်ကြော်လေး နည်းနည်းပေး ပါ ဆိုတာ ရှိသေး။

ဒီလိုပဲ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ နေ,စား နေရတော့ တော်ရုံတန်ရုံဆို မသိဟန် ဆောင်နေပေး ပါတယ်။ သိပ်လွန်လာလို့ သတိလာပေးရင် ခဏ ဘရိတ်အုပ်ထားလိုက်၊ သွေးအေးသွားရင် ပြန်လုပ်။

ဟက်ပီဘဒ်ဒေ တူးယူ
ကျနော့ အသက် (၂၅) ဟာ ထောင်ထဲမှာ ပြည့်ရတယ်။ အထွေအထူး ဘာမှ မလုပ်ဖြစ်လိုက် ဘူး။ မှတ်မှတ်ရရက ကိုဌေးဝင်း (ယခု-ဂျာမဏီ) မွေးနေ့လုပ်တယ်။ ဘယ်နှစ်မြောက်လဲတော့ မမှတ်မိဘူး။ သူက ကျနော့ထက် ၃ - ၄ နှစ်လောက်ငယ်တယ်။

ထောင်ဝင်စာမှာ ပြည်သူ့မုံ့တိုက်က ဆိတ်သားမုံ့တွေ၊ လိမ္မော်သီးတွေ မှာလို့။ ကျနော်ထင် တယ်၊ ထောင်ဝင်စာနေ့နဲ့ မွေးနေ့ကလဲ တရက်ပဲ ခြားပုံရပါတယ်။

ထင်းမီးက အလွယ်တကူမရတတ်ဘူး။ မွှေးရတာကြာတယ်။ ရေနွေးဂေါက်ဆိုတော့ ခဏပဲ။ ၀ါဒါ လူလာ မစစ်ခင်၊ လျှပ်စစ်မီး မငြိမ်းခင်မှာ ရေနွေးအိုးတည်ပြီး ကော်ဖီတို့ ရေနွေးကြမ်းတို့ ကြိုလုပ် ထားတယ်။ စားစရာတွေလဲ အဆင်သင့် ပြင်ဆင်ထားပြီး မသိမသာ ပြန်ဖုံးထားလိုက်တယ်။

ဝါဒါလည်း လူစစ် တန်းစီပြီးလို့ ထွက်သွားရော-

"ဟက်ပီဘတ်ဒ်ဒေ တူးယူ" ဆိုကြတော့တာပဲ။

ဟေးလားဝါးလာတွေ လုပ်ပြီး၊ စားပြီးသောက်ပြီးတော့ အိပ်ရေးမ၀တဲ့ လူတွေက တရေးတမော ပြန်နှပ်ကြတယ်။

ဘယ်သူတွေလဲ
အဲဒီတုန်းက အဆောင်မှာ ဘသူတွေ ရှိလဲ။ အပြောင်းအလဲတော့ မကြာခဏ ရှိတယ်။ တိုက်ရောက်သွားသူတွေလဲ ရှိတယ်။ တိုက်က ထုတ်လာသူတွေလဲ ရှိတယ်။

အထူးဘ၀တုန်းမှာ အခန်းတွေကို မှတ်တာ အပေါ်ခန်းတွေက စ,တယ်။ အပေါ် လေးခန်းကို ၁၊ ၂၊ ၃၊ ၄၊ အောက်လေးခန်းကို ၅၊ ၆ (ကိုယ်တို့အခန်း)၊ ၇၊ ၈။

(၁) နဲ့ (၂) ကို သုံးထပ်သားပြားနဲ့ အခန်းငယ် ကန့်ပြီး တခန်းကို သုံးခန်း (က) (ခ) (ဂ) ပိုင်းထားတယ်။ ၁(က) က အဆောင်မှူးလှရွှေ နားနေခန်း၊ ဘိုးတော်တင်ဦး ဘုရားခန်း။ ကျန်တဲ့ အခန်းတွေမှာ အထူးထောင်ကျတွေ နေကြတယ်။

အဲဒီ အခန်းကျဉ်းတွေမှာ ကိုယ်မှတ်မိသလောက် ဆိုရှယ်လစ်ဝန်ကြီး ဦးကျော်ငြိမ်းသား နှစ်ယောက်- ဒေါက်တာထွန်းကျော်ငြိမ်းနဲ့ ဘိုဘိုကျော်ငြိမ်း၊ လူသတ်မှုနဲ့ ထောင်ကျတဲ့ ပထစ အမတ်ဟောင်း ဦးထွန်းမြင့်ကြူ၊ ဒေါက်တာဘမော်သမက် ရှေ့နေဦးရဲထွန်း၊ စိုးရင် (ရင်ဖွင့်သံနိဒါန်း-ခေါင်းဆောင်) (ဆေး-၁)၊ ကိုတင်မောင်ဦး (ယခု ပန်းချီဆရာ၊ မန္တလေး တင်မောင်ဦး)၊ ကိုမိုးမြင့် (မှိုင်းရာပြည့်-ဆေး ၁)၊ ကျော်ဝင်း (ရင်ဖွင့်သံနိဒါန်း- စက်မှုတက္ကသိုလ်)၊ ကိုတင်မြတ် (ရင်ဖွင့်သံနိဒါန်း-စက်မှုတက္ကသိုလ်)၊ သိန်းအောင် (ခ) ရာကျော်၊ စောအင်ဒရူး (ဦးသန့်အရေးအခင်း)၊ ကိုအောင်ကြင် (မီးမောင်း-တပ်မတော်မှတ်တမ်းရုံး)၊ ထွန်းသိန်း (ဦးသန့်အရေးအခင်း)၊ မောင်မောင်အေး (ပီဒီပီ)၊ ကိုတင်လှ (စီးပွါးရေးတက္ကသိုလ်)၊ ဒလ ဦးထွန်းစိန်။

အခန်းကျဉ်းတွေထဲက တခန်းဟာ ကျနော်နဲ့ ဘွန်း အဆောင်ကို ရောက်လို့ တပါတ်-၁၀ ရက် လောက်ပဲ ရှိဦးမယ်၊ ပြဿနာတခုဖြစ်ပြီး တခန်းလုံး တိုက်ထဲ ရောက်သွားတယ်။ အဲဒီအခန်းထဲမှာ ကျနော်မှတ်မိသလောက် မှတ်မိသလောက်- ကိုသန်းမြင့်(မောင်မောင်သာမြတ်-ကွယ်လွန်)၊ မြတ်ကိုကို (ဆဒတ်) (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ တူ)၊ ကိုငြိမ်းဝင်း (John) (အရှေ့လေကဗျာစာအုပ်)၊ ထွန်းအောင်ရွှေ (စက်မှုတက္ကသိုလ်)၊ ......

အခါကြီးရက်ကြီးများ
ကျနော်တို့မှာ ပျော်စရာရွှင်စရာ အခါကြီးရက်ကြီးများရှိသလို၊ နိုင်ငံရေးအရ အထိမ်းအမှတ်နေ့ အခါကြီး ရက်ကြီးတွေလဲ ရှိတယ်။ အဲဒီလို့ နေ့တွေရောက်ရင်၊ အဆောင်တွေမှာ၊ တိုက်တွေမှာ ကိုယ့်အုပ်စုနဲ့ ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ သင့်တော်သလို အထိမ်းအမှတ်ပွဲလေး လုပ်ကြတာပါပဲ။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေကို တိုးတက်တဲ့ အင်အားစုတွေနဲ့ အဲဒီအင်အားစုတွေအပေါ် တိမ်းညွှတ်တဲ့ အဖြူရောင်ကျောင်းသားတွေကသာ ကျင်းပလေ့ရှိကြတယ်။ အာဏာပိုင်တွေနဲ့ ပြဿနာ ဘာညာ မဖြစ်ချင်၊ ကင်းကင်းနေချင်တဲ့ အဖြူရောင်တွေကလဲ ဒီနိုင်ငံရေးပွဲတွေမှာ မပါတ်သက်ပေမယ့် မနှောက်ယှက်ပါဘူး။

၇ ရက် ဂျူလိုင်ဆိုရင် မနက်မှာ အင်တာနေရှင်နယ်သီချင်းဆိုမယ်၊ အလေးပြုမယ်။ ပြီးတော့ တနေ့လုံး တိတ်တိတ်ဆိတ်ဆိတ် နေကြမယ်။ သင်္ကြန်ဆိုရင်တော့ ကဲကြတော့တာပဲ။ ဇာတ်ပိုးထတာ အောင်စောဦး (ယခု- အမေရိက)။ သူက သင်္ကြန်မင်းသား။ သံချပ်လည်း ကောင်းတယ်။ ခု ဒီစာ ရေးနေတုန်းတောင် ဒင်း မျက်နှာလေး မြင်ယောင်နေသေး။ သူ့လို ကောင်းတာ တင်မောင်ဌေး (ပီဒီပီ)။

အစ္စလမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဆိုရင် အမဲသား ကောင်းကောင်းစားရတယ်။ ဒါပေမယ့် တိုက်သစ်မှာနေတုန်း လွတ်လပ်ရေးနေ့နဲ့ ကြုံတာ ဘဲဥပြုတ် တယောက်တလုံး ရတယ်။ လုံးတီးထမင်းမှာ အရည်လေးလဲ ဆမ်းစားလို့ရအောင် အကြံအဖန် ချဉ်ရည်ဟင်းအဖြစ် ပြန်ချက် လိုက်ပြီး ကိုယ့်အစုနဲ့ကိုယ် လွတ်လပ်ရေး ညစာစားပွဲ ကျင်းပလိုက်ကြတယ်။ ယဉ်ကျေးမှု ကဇာတ်တွေ၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတတွေ၊ အဆိုကျော်တွေတော့ မပါဘူးပေါ့လေ။ တကယ်လဲ လွတ်လပ် တာမှ မဟုတ်ပဲ။ ဘဲဥပဲ ရမှာပေါ့။


ညွှန်း - မောင်အေးဝင်း Faceboook

၃ဆောင်၊ ၆ခန်း

0 comments


မောင်အေးဝင်း
[၁]

ကိုနေလင်းရေးတဲ့ 'လူရှင်သင်္ချိုင်းများအကြောင်း' စာအုပ်ကို ဖတ်ပြီး၊ ကိုယ်ထောင်ထဲနေခဲ့တုန်းက အကြောင်းတွေကို ပြန်စဉ်းစားမိတယ်။ ကိုယ့်တုန်းက ခံခဲ့ရတာဟာ သူတို့နဲ့စာလိုက်တော့ ကိုယ်တို့က ညီပုလေး လောက်ပဲ ရှိပါလားလို့ တွေးမိတယ်။ ဒီလိုဆို မင်းတို့က အင်းစိန်ထောင်ထဲ ဇိမ်ကျခဲ့သလားလို့ မေးစရာရှိလိမ့်မယ်။ ထောင်ပါဆိုနေမှာ ဘယ်လိုလုပ် ဇိမ်ကျပါ့မယ်။ ရန်သူ့လက်ထဲ ကျနေတဲ့ဥစ္စာ၊ ဧည့်သည်ထမင်းဖိတ်ကျွေးတာမှ မဟုတ်ပဲ။ စစ်ကြောရေးကာလနဲ့ ပုံစံဆောင် ပြောင်းခါစ နှိပ်ကွပ်မှုတွေ၊ ဘီလူးဆိုင်းတီးခဲ့တာတွေကို ဖယ်လိုက်ရင် ကိုနေလင်း (လူရှင်သင်္ချုံင်း စာအုပ်ရေးသူ) တို့ခေတ် (န၀တ၊ နအဖခေတ်) လောက် မဆိုးဘူး ဆိုတာ၊ '၇၀ ခုနှစ်လွန် အရေးအခင်း မှာ ကျဘူးသူတွေ သိကြပါတယ်။

၃ ဆောင်ဆိုတာ ဘာလဲ
ကျနော်တို့ ထောင်ကျတဲ့ ကာလတုန်း (၁၉၇၆-၁၉၇၈) က၊ အင်းစိန်ထောင်မှာ (၁) ဆောင်၊ (၂) ဆောင်က အချုပ်ဆောင်။ (၃) ဆောင်က အထူးဆောင်၊ (၄) ဆောင်၊ (၅) ဆောင်က ထောင်ကျဆောင်။ (၆) ဆောင်က မိန်းမဆောင်။

(၃) ဆောင်ဟာ အပေါ် လေးခန်း၊ အောက် လေးခန်း ရှိတဲ့ နှစ်ထပ်ဆောင်ကြီး။ အခုတော့ ၈၈ အရေးအခင်းမှာ မီးလောင်သွားလို့ တထပ်ပဲ ကျန်တော့တယ်လို့ ကြားတယ်။

အထူးဆောင်
အထူးဆောင် ((၃)ဆောင်) မှာ ကျောင်းသားအရေးအခင်းတွေ (ဦးသန့်အရေးအခင်း၊ ရွှေတိဂုံအရေးအခင်း၊ မှိုင်းရာပြည်အရေးအခင်း) နဲ့ထောင်ကျတဲ့ ကျောင်းသားတွေကို ထားတယ်။ ကျောင်းသားမဟုတ်တဲ့ အုပ်စုလိုက် ကျတဲ့ မီးမောင်းစာစောင် ထုတ်ဝေဖြန့်ချိသူတွေ၊ ကိုထွန်းအောင်ကျော်(ABSDF ဥက္ကဌဟောင်း-ယခုအမေရိက) တိုဲ့ ပီဒီပီ (ပါလီမန်ဒီမိုကရေစီပါတီ)တွေ၊ အလုပ်သမား အရေးအခင်းက ဂုန်နီစက်ရုံ အလုပ်သမားတွေလည်း ရှိတယ်။

အထူးဆောင်မှာ အုန်းဆံသွပ် မွေ့ယာ၊ အုန်းဆံသွပ်ခေါင်းအုံး ပေးတယ်။ ချည်စောင်တထည် ဂွမ်းစောင် တထည် ပေးတယ်။ တရားဝင် မဟုတ်ပေမယ့် ခြင်ထောင် ထောင်ပြီး အိပ်ကြတယ်။ ခြင်ထောင်သွင်းခွင့်တော့ မရှိဘူး။ ထောင်ကပေးတဲ့ ချည်စောင်နဲ့ ပုံစံ လုံချည်ဟာ ခြင်ထောင်တလုံး ဖြစ်တယ်။ စောင်ကို ခြင်ထောင် ကိုယ်ထည်လုပ်၊ ပုဆိုးကို ဖြတ်ပြီး ခေါင်းရင်း ခြေရင်း အပိတ်ချုပ်၊ ခြင်ထောင်တခု ဖြစ်ရော။ ည ညဆို ခြင်ထောင်ကလေးတွေ ထောင်ထားတာများ သင်းချိုင်းက အုတ်ဂူကလေးတွေလား အောက်မေ့ရတယ်။ ဒါ လူသာမန်တွေရဲ့ ဂူပြောတာနော်။ သေးသေးကုပ်ကုပ် လှောင်လှောင်ပိတ်ပိတ်။ လူချမ်းသာတွေ ဂူကြတော့ လက်ရာကောင်းရင် ကောင်းသလို ခေါင်းရင်းဘက်က အသက်ရှူဝအောင် ဇာတွေဘာတွေ နဲ့ လုပ်ထားတယ်။ အမြင့်ကလည်း လူတထိုင်စာရှိတယ်။ ကျနော်တို့ အခန်းမှာ လူချမ်းသာဂူ ၃ ဂူလောက်တော့ ရှိတယ်။ ကျနော်တို့ ခြင်ထောင်ကျတော့ လူထိုင်လို့မရတဲ့ ရေငုပ်သင်္ဘောလိုမျိုး အသက်ရှူမ၀တဲ့ ခြင်ထောင်။ ဆရာကြီး ကိုအောင်ကိုကို ချုပ်ပေးတာ။

ထောင်ကပေးတဲ့ အထူးတွေအတွက် ပုံစံ လုံချည်အင်္ကျီပေးတယ်။ အစိမ်းနုရောင် အင်းမလုံချည်ဒီဇိုင်း တထည်နဲ့ ချည်ရှပ်အင်္ကျီတထည် ရတယ်။ သူ့တို့ပေးတဲ့ ချည်ရှပ်အင်္ကျီက အသစ်မှာ အသားက ကြမ်းပေမယ့် လျှော်ပါများလေ အင်္ကျီသားက ချောပြီး ညက်လာလေပဲ။ ချည်အစစ်ဆိုတော့ ၀တ်လို့လဲ ကောင်းတယ်။

နှစ်ပါတ်တခါလား၊ တလတခါလား မှတ်မိတော့ဘူး၊ လူတယောက်ကို ခေါင်းလိမ်းဖို့ အုန်းဆီ၊ ဇွန်းကလေးနဲ့ တဇွန်းစာလောက်နဲ့ လက်မလောက် ဆပ်ပြာကြမ်း တတုံး ရတယ်။

တနေ့တာလုပ်ငန်း
ပုံစံထိုင်ရတာ၊ ပုံစံရပ်ရတာ မရှိသေးဘူး။ (နောက်မှ ၃ ဆောင်လဲ ပုံစံဆောင် ဖြစ်သွားတယ်) မနက်လင်း ခါစ၊ ထောင် ဖွင့်လို့ လူလာစစ်ရင် ၀ါဒါက အဆောင်ထဲ မ၀င်ခင် အသံအရင်ပေးတယ်။ အဲဒီလို အသံကြားရင် နိုးတဲ့ တယောက်ယောက်က အခန်းထဲက ကျန်တဲ့လူတွေကို နှိုးလိုက်တယ်။ ဒီတော့မှ ခြင်ထောင်တွေဘာတွေ ဖြုတ်ပြီး လူရေတွက်နိုင်အောင် ကိုယ့်ခုတင်ပေါ် ကိုယ်ထိုင်ပေးလိုက်တာပဲ။ တချို့ဆို ၀ါဒါဝင်လာမှ ကမန်းကတန်း ခြင်ထောင်ဖြုတ်ပြီး၊ အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ထိုင်ပေးလိုက်ပြီး၊ လူရေတွက်ပြီးလို့ ၀ါဒါတောင် အခန်းပြင် မရောက်သေးဘူး စောင်ခြုံထဲ ပြန်ရောက်သွားပြီ။ အိမ်သာ တက်သူကလည်း လူစစ်နေတုန်း အိမ်သာထဲ က လက်ထောင်ပြတာပဲ။

ကိုယ့်အဆောင်မှာ ကိုယ်အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်တဲ့အချိန်ထပဲ။ ထမင်းမစား ဟင်းမစားအိပ် လဲ ဘယ်သူမှ ဘာမှ မပြောဘူး။ ည ကိုးနာရီမှာ ၀ါဒါက အိပ်ချိန်အော်တယ်။ အဘသောင်းတို့လို ၀ါဒါဆို အိပ်ချိန်သည်ကြီး လာပါအုန်းလို့ မုန့်သည်ခေါ်သလို ခေါ်လိုက်သေးတာ။ အဲဒီအချိန်မှာ ရေနွေးတွေ တအိုးပြီး တအိုး တည်ကောင်းတုန်း၊ သောက်ကောင်းတုန်း။ ဆူဆူညံညံသာ မလုပ်နဲ့၊ အိပ်ချိန်မအိပ်လို့ ဘာမှမဖြစ်ဘူး။ တခါတလေ အငြင်းအခုန်များသွားလို့ အသံကကျယ်မှန်းမသိ ကျယ်သွားရင်တော့ လာပြောတယ်။

ရေနွေးဂေါက်က ကိုယ့်ဖာကိုယ် လက်ဖြစ်လုပ်ကြတာ။ ရေနွေးဂေါက်ဇာတ်လမ်းက သပ်သပ်ရေးမှ ဖြစ်မှာ။

၃ ဆောင် ၆ ခန်း
ထောင်ကျဆောင်တွေမှာ တခန်းကို လူတရာကျော် နှစ်ရာနီးပါးထားတဲ့ အခန်းမျိုး၊ အထူးမှာ တခန်းကို နှစ်ဆယ်မကျော်ဘူး။ ကျနော်နဲ့ ကိုဌေးဝင်းကို တိုက်သစ်ကခေါ်လာပြီး (၃)ဆောင်ကို ထည့်တော့ ကိုအေးကြည် (အောင်မိုးသူ-ယခု စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်၊ ရန်ကုန်) က အဆောင်မှူးလှရွှေ ကို တောင်းဆိုလို့ အဆောင်ခေါ်ရတာဆိုတော့ ကျနော်က ကိုအေးကြည်တို့ အခန်းမှာပဲ နေမယ်ပြောတယ်။ အဲဒီအခန်းမှာ ၁၈ ယောက်တောင် ရှိနေပြီ များနေလို့ တခြားခန်းနေဖို့ ပြောတာ။ ကျနော်က မရရင်မနေဘူး တိုက်ထဲပဲ ပြန်သွားမယ်လုပ်လို့ ဒင်းတို့ (လက်ထောက် အဆောင် မှူး ဦးကျော်ရင်) အောင့်သက်သက်နဲ့ (၆)ခန်းမှာပဲ ထည့်လိုက်ရတယ်။

တနေ့ ထမင်းနှစ်နပ်ကျွေးတယ်။ မနက်စာ လုံးတီးထမင်း၊ ပဲဟင်း နဲ့ ပုံစံငပိ။ ညနေစာ လုံးတီး ထမင်း၊ နိုင်လွန်ဟင်းနဲ့ ပုံစံငပိ။ အပြောင်းအလဲမရှိ။ ပဲဟင်းဆိုတာ ပဲစင်းငုံ အခွံချည်းသက်သက်ကို ရေနဲ့ ပြုတ်ထားသလို ပဲဖတ် လုံးဝမပါဘူး။ တခါတလေ နို့စို့ကလေး ၀မ်းပျက်တဲ့ဝမ်းလို ၀ါဝါကျဲကျဲ၊ အနံ့ကအောက် သိုးသိုး။ နိုင်လွန်ဟင်းက ပဲရွက် ဒါမှမဟုတ် ဟင်းနုနွယ်ရွက်ကို မဆေးမကြောပဲ ဓားနဲ့ ကြမ်းကြမ်း စင်းပြီး၊ အစေ့တွေ နိုင်ချင်းပါတဲ့ မကျည်းမှည့်နဲ့ ပြုတ်ထားတာ။ သူ့ထဲမှာ ပါချင်တဲ့ ပစ္စည်း အကုန်ပါတယ်။ ဖိနပ်သဲကြိုး၊ တီကောင်အသေ၊ ပိုးဟပ်အသေ၊ ပိုးဟပ်ဥခွံ စသည်ဖြင့်....။ ဟင်းနုနွယ်ရိုး ကလဲ ကြီးသလားမမေးနဲ့၊ အခြောက်ခံထားရင်၊ နွားရိုက်၊ ထင်းဆိုက်လို့ ရတယ်။ ငပိကတော့ ခွေးချီးရောင်၊ အနံ့ကဆိုးဆိုး။ အဲဒါကို ငရုတ်သီးဆီသတ်ထားတဲ့ဆီကို အပေါ်က ပါလေရုံ ဆမ်းထား တယ်။

တပါတ်တခါ၊ တနင်းလာနေ့ညနေ အသားဟင်းကျွေးတယ်။ အသားကျွေးဘို့ သောကြာနေ့ညနေမှာ စာရင်းကောက်တယ်။ အသားဘယ်နှစ်ယောက်၊ အသားမကြိုက်ရင် ငါး၊ ဒါမှမဟုတ် သက်သတ်လွတ်။ အသားဟင်းဆိုတာက ဟင်းလို့ အမည်တပ်ထားလို့သာ ဟင်းခေါ်ရတာ၊ တကယ်တော့ ဟင်းပုံမပေါက် ဘူး။ အသားပြုတ်လို့ ခေါ်ရင်ရတယ်။ အသားတုံးက သပ်သပ်၊ အသားပြုတ်ရည် သပ်သပ်။ ၀က်သား ဟင်းလို့ခေါ်တဲ့ ဟင်းပုံသဏ္ဌာန်က အဆီများများ၊ အသားနည်းနည်း၊ အခေါက်ထူထူ ၀က်သားပြုတ်ပဲ။ တခါတလေ အတုံးအရွယ်သေးရင် ၀က်သားနှစ်တုံးကို ဂုံနီအိပ်ကြိုးနဲ့ ပူးချည်ထားပေးတယ်။ အခေါက်ပေါ်မှာ ဖြူကောင်ရဲ့ ဆူးတောင်တွေလို မာတောင်တောင် ၀က်မွှေးတွေက ထူလပြစ်။ တဆိပ်ခတ်ထားတဲ့ နေရာဆိုရင် အသားတုံးပေါ် နီနီပြာပြာ ထိုးကွင်းမင်ကြောင်လဲ ပါလိုက်သေး။ အမဲသားဟင်းက ၀က်သားဟင်းထက်ဆိုးသေးတယ်။ အရွတ်များတဲ့ အသားတုံးမို့ ကိုက်ဖဲ့မရလို့ မလွယ်လှဘူး။ တခြားသူတယောက်ကို အကူတောင်းပြီး၊ ကိုက်ထားတဲ့အသားကို လက်နဲ့ ၀ိုင်းဆွဲခိုင်းဖို့မကြံနဲ့။ အသားတုံးမှာ သွားတွေ စိုက်လျက် ပါးစပ်ထဲက ကျွတ်ထွက်လာမယ်။ အသားက ပဲ့မှာမဟုတ်ဘူး။

အမဲသား၊ ၀က်သားမစားရင် ငါးကျော်ရတယ်။ ငါးကြော်ထည့်လာတဲ့ တောင်းတတောင်းလုံး သွန်ပြီး တခုချင်းရှာကြည့်။ အမြီးပိုင်းနဲ့ ခေါင်းပိုင်းပဲ။ ကိုယ်ထည်ပိုင်းပါမလာဘူး။ ကိုယ်ပျောက်ငါးတွေ။ ဒီငါးကြော် အကြောင်း စဉ်းစားတိုင်း န၀တခေတ်မှာ ပုသိမ်ထောင်ထဲ သေသွားတဲ့ ရဲဌေးကို သတိရတယ်။ အဲဒီတုန်းကတော့ ရဲဌေးက အခန်းထဲမှာ အသက်ငယ်ဆုံး၊ ပထမနှစ် သဘာဝသိပ္ပံကောလိပ်တက်တုန်း။ အမြီးပိုင်း အတုံးသေးကို ကြီးတဲ့အတုံးနဲ့ လဲခိုင်းတယ်။ အတုံးတွေက ထူးမခြားနား၊ ခေါင်းနဲ့ အမြီးပဲ။ ခေါင်းဆိုတာကလည်း တကယ့်ကို ခေါင်းစစ်စစ်၊ အသားတစိမှ ပါတာမဟုတ်ဘူး။ ၀ါဒါက လဲပေးရှာပါတယ်။ သုံးလေးခါ လဲပေမဲ့ မထူးတော့ ရဲဌေးက 'မင်းတို့ ငါး -ီး တောင်မစားဘူး' ဆိုပြီး လွှင့်ပစ်လိုက်တယ်။ ကံကောင်းလို တိုက်ပိတ်မခံရတာ။ နောက်တခါလည်း ဒီလိုပဲ။ အပေါ်ခန်းမှာ ရဲဌေးနေတုန်းက။ ဒင်းကလေး အံဆုံးပေါက်ပြီး သွားနာနေလို့ ကိုထွန်းကျင်(ပီဒီပီ) က ဆန်ပြုတ်ပြုတ် ပေးနေတာ အဆောင်မှူးလှရွှေမိသွားလို့ ကိုထွန်းကျင်ကို တိုက်ပိတ်ဖို့ ခေါ်ထုတ်တာ။ သွားနာလို့ အိပ်နေတဲ့ ရဲဌေးဟာ စောင်ခြုံထဲက ၀ုန်းကနဲ ထလာပြီး
"ငါလိုးမ လှရွှေ- ကိုထွန်းကျင်ကို မပိတ်နဲ့ ငါ့ကိုပိတ်ကွ" ဆိုပြီး တခါးပေါက်ကို ပြေးထွက်လာလို့ နှစ်ယောက်စလုံးကို တိုက်ထဲထည့်လိုက်တယ်။ ကိုအေးကြည်၊ ကိုသိန်းလွင် (အာနီ- ဆေးတက္ကသိုလ် နောက်ဆုံးနှစ်)၊ ကိုဝင်းလွင် (ပုလော-ဆေး တက္ကသိုလ် နောက်ဆုံးနှစ်) တို့ သွားပြောလို့ နောက်တနေ့မှာ နှစ်ယောက်စလုံးကို ပြန်ထုတ်ပေးလိုက် တယ်။

သက်သတ်လွတ် ကုလားပဲဟင်းက မဆိုးပါဘူး။ ဂျင်းဖတ် လက်မလောက်ကြီးတွေ ပါတတ်ပြီး မဆလာကလေး ပါလေရုံခပ်ထားတဲ့ ကုလားပဲဆီပြန်ဟင်း။

တနင်းဂနွေနေ့လည်မှာ လက်ဘက်ရည်ကြမ်းတိုက်တယ်။ လက်ဘက်ခြောက်လို့ ပြောတဲ့ အရွက်ကို ပြုတ်ထားတဲ့ ညိုညိုဖန်ဖန် အရည်တွေကို သစ်သားစည်ကြီးထဲ ထည့်ပြီး၊ လုံချည်ပြာတွေက လိုက်ဝေတယ်။ တိုက်ထဲမှာတုန်းကတော့ ဒီ "လက်ဘက်ရည်ကြမ်း"ဟာ အဖိုးတန်ပေါ့။ အရသာရှိတဲ့ စွဲမက်စရာလေး။ အဆောင်မှာက ကိုယ့်ရေနွေး ကိုယ်တည်၊ ကိုယ့်လက်ဖက်ခြောက် ကိုယ်ခတ်သောက်နိုင်မှ၊ ထောင်ကပေးတဲ့ ရေနွေးကြမ်းကို မက်မက်မောမော သိတ်မသောက်ကြတော့ဘူး။

နားတောင်ညည်းသေး။ နေ့လည် တရေးတမော အိပ်လို့ကောင်းတုန်း၊ အခန်းရှေ့မှာ ရေနွေးကြမ်းပုံးကို တတုံးတုံးနဲ့ အသံမြည်အောင် လာချရင်ပဲ အိပ်ရေးပျက်လို့ စိတ်တိုတဲ့လူက ရှိသေးတယ်။

အကြံအဖန်
ထောင်ထဲမှာက ကိုယ့်ဘာသာကိုယ်မှ အကြံအဖန် မလုပ်စားရင် သူတို့ကျွေးတာချည်း ဘယ်လို လုပ် စားနိုင်မှာလဲ။ မည်သူမဆို အနည်းနဲ့အများ အကြံအဖန် ချက်စား၊ လုပ်စား၊ ရှာဖွေစား သောက်ကြ ရပါတယ်။ ကျနော်တို့ ထမင်းစားအုပ်စုဆိုရင် တနင်းလာမှာ ကျွေးတဲ့ အသားကို စီမံကိန်းနဲ့ ယူရတယ်။ ဟင်းချက်ဖို့ ဆီလိုရင် ၀က်ဆီထုတ်ဖို့ ၀က်သားပိုယူတယ်။ အမဲသားနေ့ဆို အမဲသားကို ငါးနဲ့ မျှယူပြီး ငါးကို ချဉ်ဟင်းချက်တယ်။ အမဲသားနဲ့ တွဲပေးတဲ့ အသားပြုတ်ရည်က လိုသလောက်ယူထားလိုက်ပြီး ချဉ်ရည်ဟင်းချက်တယ်။ အမဲသားကို သေးသေးလှီးပြီး ကိုက်လန်တို့ မုန်လာတို့ ၀ယ်လို့ရတဲ့ (တကယ်တော့ နတ်သားဆေးလိပ်နဲ့ လဲတာပေါ့လေ) အရွက်တခုတခုနဲ့ ကြော်လိုက်တယ်။

ဝက်ဆီထုတ်မယ့်နေ့မှာ ကျနော်တို့တတွေ ညနေ ကတည်းက ထမင်းကို အများကြီး ပိုယူထားလိုက်တယ်။ ညမှာ ၀က်ဆီထုတ်ပြီးရင် အိုးကျန် ၀က်ဆီနဲ့ ထမင်းကြော် ကြော်ပြီး ကော်ဖီကြမ်းလေးနဲ့ ညလည်စားကြတယ်။ ထမင်းကြော်မစားတဲ့ လူကလည်း ၀က်ဆီဖတ်ကို ငရုတ်ဆီနဲ့ တို့စားကြတယ်။ အခန်းထဲ မီးဖိုခွင့်က အမြဲတမ်း မီးစိမ်းမပြဘူး။ တခါတလေ မီးဖိုအော်ပရေးရှင်း လုပ်တယ် ဆိုပြီး ဖိုရဲတဲ့ အကောင် ဖိုစမ်း တိုက်ပိတ်ပစ်မယ်လို့ ကြုံးဝါးတဲ့အခါလည်း ရှိတယ်။ ဒါလည်း ကြာကြာတင်း မထားနိုင်ပါဘူး။ အလွန်ဆုံး ဆယ်ရက်ပေါ့။

တခါတော့ မီးမဖိုရ တားမြစ်စည်းကမ်း ဒီရေမြင့်နေတုန်း ကျနော်တို့ အဖွဲ့မှာ ဟင်းချက်စရာဆီ ပြတ်တာနဲ့ ကြုံပါရော။ ၀က်ဆီထုတ်မှ ဖြစ်မယ်။ ဥပဒေက တည်ဆဲ- မီးဖိုရင် တိုက်ထဲတန်းထည့်မယ် ဆိုပဲ။ ကျနော်တို့ရဲ့ စားသုံးဆီ အခက်အခဲကို ကိုသိန်းလွင်(အာနီ-ဆေးတက္ကသိုလ်၂) က တာဝန်ယူ ဖြေရှင်းတယ်။ အဲဒီည ကိုသိန်းလွင် ၀က်ဆီထုတ်နေတုန်း ချောင်းနေတဲ့ တာဝန်းမှူးကျတဲ့ နှစ်ရစ်ဝါဒါ ထွန်းရှိန်က အပိုင်ပဲ ဆိုပြီးလာဖမ်းတယ်။

"ဟေ့- ဟိုမှာ မီးဖိုနေတာ ဘယ်ကောင်လဲ၊ ခွေးမသား...တွေ၊ မင်းတို့ကို မီးမဖိုရဘူးပြောထားတယ် မဟုတ်လား၊ တိုက်ထဲထည့်မယ်...."

ထွန်းရှိန် သော့ယူဖို့ လှည့်အထွက်မှာ အပေါ်က အင်္ကျီပလာ၊ ဂါဝန်လို ဘောင်းဘီပွပွကို ၀တ်ထားတဲ့ ကိုသိန်းလွင်ဟာ ချွေးသံရွှဲရွှဲနဲ့ ထလာပြီး

"ဘကြီး..ကျနော်ပါ"

ထွန်းရှိန် ခြေလှမ်းတုန့်ကနဲ ရပ်သွားတယ်။

"ဟေ့ကောင်..သိန်းလွင်၊ -ီး မှပဲ၊ မင်းတို့ကို မီးမဖိုရဘူး ပြောထားတယ်မဟုတ်လား၊ ငြိမ်းလိုက်စမ်း -မြန်မြန် ငြိမ်းလိုက်စမ်း..."
"ပြီးခါနီးပါပြီ- ဘကြီးရာ ခဏလေးပါ..."
"ခွေးမသား..မလိုချင်ဘူး၊ ခုငြိမ်းလိုက်" လို့ ဆဲပြီး၊ ထွန်းရှိန် ပြောပြောဆိုဆိုနဲ့ ထွက်သွားတာ ပြန်မလာတော့ဘူး။ ကိုသိန်းလွင်က သူ့ တူအရင်းလေ..။ သူ ဘယ်တိုက်ပိတ်ပါ့မလဲ။ ကျနော်တို့မှာ ရီလိုက်ရတာ အူတောင်နာတယ်။

ထောင်ဝင်စာ
အထူးထောင်ကျတွေက နှစ်ပါတ်တခါ၊ တိုက်ကဖြစ်ဖြစ်၊ အဆောင်ကဖြစ်ဖြစ် တနင်္ဂနွေနေ့မှာ ထောင်ဝင်စာ တွေ့ရတယ်။ အထူးထောင်ကျ ဆိုတာ ထောင်နံပါတ်ရှေ့မှာ S/ ပါတယ်။ ကျနော်တို့ ထောင်ဝင်စာက ပစ္စည်းကို အခြားရာဇ၀တ်မှုထောင်ကျတွေလို ၀ါဒါတွေ၊ အကောင်လိုလို ရောင်လိုလို တွေရဲ့ ခေါင်းပုံဖြတ်၊ မတရားလုယက်၊ ခိုးဝှက် သိမ်းပိုက်ယူငင်တာ မခံရဘူး။ သွင်းခွင့်မရတဲ့ ပစ္စည်းဆိုရင် ဗူးဝမှာကတည်းက၊ အိမ်က လူတွေကို တခါတည်း ပြန်ပေးလိုက်ပြီး၊ သွင်းခွင့်ရတာဆို ဘာတခုမှ မလျော့စေရဘူး။

တိုက်သစ်မှာတုန်းက ထောင်ဝင်စာခန်းမှာ တခါတည်း၊ ထောင်ဝင်စာ တာဝန်ကျ ထောင်မှူးက စစ်လိုက်ပြီး ကိုယ့်အထုပ်ကိုယ် ပိုက်လာရုံပဲ။ အဆောင်မှာကျတော့ ထောင်ဝင်စာထုတ်တွေကို သံစည်ပိုင်းပြတ်ကြီးထဲ ထည့်ပြီး လုံချည်ပြတွေက ထမ်းလာပေးတယ်။ အဆောင်ရောက်မှ ပစ္စည်းကို စာရင်းနဲ့တကွအပ်တယ်။ ကျနော်တို့ကလဲ ကိုယ့်ပစ္စည်း စာရင်းနဲ့ ကိုယ်ရတာနဲ့ ကိုက်မှ လက်မှတ်ထိုးတယ်။ တခါတလေ လူကပြန်မရောက်သေးခင် ပစ္စည်းထုတ်က အဆောင်ရုံးခန်း ကို ရောက်နှင့်နေတာလဲ ရှိတယ်။ အဲဒီအခါ ကိုယ်ဝင်လာတာမြင်ရင် လှမ်းခေါ်ပြီး လက်ထဲထည့်ပေး လိုက်တယ်။ ဘယ်သူ့ဆီမှာ ဘာစားစရာပါတယ် ဆိုတာ ဒင်းတို့ သိပြီးသား၊ စားချင်ရင် လာတောင်းစားတယ်။

ဝါဒါ အဘသောင်းဆိုရင် ထောင်ဝင်စာ လာတဲ့နေ့မှာ ခွက်ကလေး၊ ပန်းကန်ကလေးကိုင်ပြီး ရောက်ရောက်လာတယ်။ အဘ ထမင်းစားမကောင်းလို့ ကြက်ဟင်းခါးသီးကြော်ကလေးများ ကျန်ရင် နည်းနည်းပေးစားပါ။ ဒီလိုအပြောလေးတွေနဲ့ တောင်းတတ်တယ်။ အဆောင်မှူးလှရွှေလည်း သူစားချင် ရင် အဘသောင်းဖြစ်ဖြစ် လုံချည်ပြာဇော်ဝင်း(ပီဒီပီ)နဲ့ ဖြစ်ဖြစ် တောင်းခိုင်းတယ်။ ဒါလည်း ခင်လို့ ရင်းနှီးလို့ တောင်းစားတာ။ မရင်းတဲ့သူတွေဆီ တောင်းစားတာ မတွေ့ပါဘူး။ နောက်ပြီး သူ့ဆီမှာက MI တင်ဦး အမှုရှာပြီး ဖမ်းထည့်ထားတဲ့ ကျောက်ကုန်သည် ဦးသန်းဝင်းတို့လို၊ ဘိုးတော်တင်ဦးတို့လို အစာရေစာပေါတဲ့ လူတွေ နံပါတ် (၈)ခန်း (လုံခြည်ပြာခန်း) မှာ ရှိနေတာပဲ။ အစားကောင်း မပြတ်လှဘူး။ တခြားဝါဒါတွေက အထူးတွေဆီမှာ မတောင်းစားရဲဘူး။ ထောင်မှူးဦးဘိုနီဆို လုံးဝ တောင်းမစားတတ်ဘူး။ ကြောက်တတ်တယ်။

ကျနော်တို့ အဆောင်မှာ တင်မြတ်နှစ်ယောက်ရှိတယ်။ အပေါ်ခန်းမှာနေတဲ့ တင်မြတ်က အင်းစိန်မှာနေလို့ အင်းစိန်တင်မြတ်။ ကျနော်တို့ အခန်းက တင်မြတ်က အလေးမသမား၊ ဗလကောင်း လို့ ဗလကြီးတင်မြတ်လို့ ခေါ်တယ်။ ဒင်းက ဗလကြီးသလောက် အသံကလဲကျယ်၊ အဆဲကလဲ သန်။ တနေ့မှာ ထောင်မှူးဦးဘိုနီက ဂျူတီထွက်တော့ ယူနီဖောင်းဘောင်းဘီ၊ အပေါ်က စပို့ရှပ်ကလေးဝတ်ပြီး အဆောင်နဲ့ ဝေးဝေး၊ အုတ်ရိုးဘေးက ကပ်လျှောက်သွားတာ ဗလကြီးတင်မြတ်က လှမ်းမြင်တယ်။ အဲဒါ အခန်းထဲကနေ "ထောင်မှူး- စပို့ရှပ်တွေဘာတွေနဲ့ သားနားနေပါလား၊ ဘယ်က အကြံအဖန်ရလာ တာလဲ" လို့ နှုတ်ဆက်စကား လှမ်းဆိုတာ ထောင်မှူး တချိုးထဲ ပြေးရော။

ထမင်းစားအုပ်စု
အဆောင်မှာ ကိုယ့်ဘာသာကိုယ် တူရာ အုပ်စုဖွဲ့ပြီး ထမင်းစားကြတာကို ကျနော်တို့က ထမင်းစား အုပ်စုလို့ ခေါ်တယ်။ ကျနော်တို့ အုပ်စုက ထောင်ဝင်စာလာသမျှ အားလုံးစုပေါင်းပြီး ဘုံစားကြတယ်။ တချို့ကျတော့လည်း သူ့နည်းသူ့ဟန် စားကြတာ။ ၃ ဆောင် ၆ ခန်းမှာ ထမင်းစား အုပ်စု (၃)စု ရှိတယ်။ ကိုစိန်လှအောင် (မှိုင်းရာပြည့်-ဒဿနိကနောက်ဆုံးနှစ်)၊ တင်ကြိုင် (ပီဒီပီ)၊ ကိုထွန်းကျင် (ပီဒီပီ)၊ မောင်ဝင်း (ရွှေတိဂုံအရေးအခင်းက အထကကျောင်းသား) တို့ လေးယောက်က တစုစားတယ်။ ကိုထွန်းအောင်ကျော် (ပီဒီပီ-ယခု အမေရိက၊ ABSDF ဥက္ကဌဟောင်း)၊ ကိုရဲမြင့်သိန်း (ပီဒီပီ) တို့ (ရန်သူစစ်အစိုးရက သတင်းစာထဲမှာ ဘဲဖြူ-ဘဲမဲလို့ အမည်ကင်ပွန်း တပ်တဲ့) အမှုတွဲနှစ်ယောက်က တစုစားတယ်။ ကျန်တာ ကျနော်တို့ ပဲ။ ကျနော်တို့ အစုမှာ-

၁။ ကိုအေးကြည် (တိန်ရှောက်ပိန်-ဆေးတက္ကသိုလ် ၂) (ယခု-စိတ်တိုင်းကျလက်ဘက်ရည်)
၂။ ကိုသိန်းလွင် (အာနီ-ပဲခူး) (ဆေးတက္ကသိုလ် ၂)

၃။ ကိုတင်မြင့် (မာရှယ်-ပေါင်းတည်) (ဆေးတက္ကသိုလ် ၂)
၎။ ရဲဌေး (ပုသိမ်) (သဘာဝသိပ္ပံကောလိပ်)

၅။ မောင်မောင်စိုး (အရှုပ်-ဟင်္သတ) (သဘာဝသိပ္ပံကောလိပ်)
၆။ ကိုသန်းလင်း (တ-ဥက္ကလာ) (စက်မှုတက္ကသိုလ်)

၇။ ကိုဌေးဝင်း (ယခု-ဂျာမဏီ) (စက်မှုတက္ကသိုလ်)
၈။ ဖေသိန်း (ယခု-ဂျပန်ပြည်) (ဂျီတီအိုင်)

၉။ အောင်ကိုကို (ရေနံချောင်း) ( ပညာရေးတက္ကသိုလ်)
၁၀။ ကိုတင်အောင် (ဘီးလင်း) (ဂျီတီအိုင်)

၁၁။ လှဦး (ဒေါပုံ-ကုလားပို) (အထကကျောင်းသား-ယခုကွယ်လွန်)
၁၂။ ကိုတင်မြတ် (မ-ဥက္ကလာ) (ကျန်းမာရေးမှူး)

၁၃။ စောထွတ်ကျော် (ပြည်) (စက်မှုတက္ကသိုလ်)
၁၄။ ကျနော်

ကျနော်တို့ရဲ့ အိုးသူကြီးက ကိုအေးကြည် (ခ) အောင်မိုးသူ (စိတ်တိုင်းကျ)။ လူပုသလောက် အကြံ အဖန်ကောင်းလို့ သူ့ကို အားလုံးက တိန်ရှောက်ပိန်လို့ ခေါ်ကြတယ်။ သူကိုယ်တိုင်စီမံ၊ အားလုံးအတွက် သူပဲ ဒိုင်ခံချက်တာ။ ကျန်တဲ့သူတွေက ဟင်းရွက်ခူး ဟင်းရွက်သင်၊ ထင်းခွဲ၊ ကင်းစောင့်(တခါတလေ ဟင်းချက်တဲ့အခါ ကင်းစောင့်ရတယ်)၊ အိုးဆေးခွက်ဆေး၊ ၀ိုင်းလုပ်ပေးကြတယ်။

ထောင်ဝင်စာရက်ကိုလည်း သူပဲ စီစဉ်ပေးတယ်။ ကျနော်တို့ အဖွဲ့မှာ နယ်ကထောင်ဝင်စာ လာတွေ့ရတဲ့ လူတွေ၊ ပစ္စည်းနည်းနည်းပဲ လာနိုင်သူတွေ၊ များများ လာနိုင်သူတွေကို နှစ်ပါတ် အလျင်မီ အောင် ကိုအေးကြည်က စီစဉ်ပေးတယ်။ ထောင်ဝင်စာ လာလာ-မလာလာ၊ နည်းနည်း-များများ၊ အားလုံးမျှမျှတတ၊ မရှိအတူ၊ ရှိအတူ ခွဲဝေစားကြတယ်။ စားစရာမရှိတဲ့အခါ ကြက်ဖမ်း၊ ကြွက်ဖမ်း၊ အကောင်ပလောင် ဖမ်းစားရတဲ့အခါ လည်း ရှိတာပေါ့။ ရှာဖွေစားသောက်အကြောင်း နောက်မှ ရေးပါမယ်။

ဝန်ကြီးဌာနခွဲဝေမှု
ကိုအေးကြည်က အိုးသူကြီးဆိုတော့ ကျနော်တို့ ထမင်းစားအုပ်စုမှာ ၀န်ကြီးချုပ်။ ထောင်ဝင်စာ အထုပ်ရောက်ရင် ပိုင်ရှင်က သူ့ပစ္စည်းစုံကြောင်း လက်မှတ်ထိုးပြီးရင် သူ့ကိုယ်ပိုင် ပစ္စည်းက လွဲလို့ ကျန်တာကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက သိမ်းယူသွားတယ်။ အိုးသူကြီး ဝန်ကြီးချုပ်က ထမင်းနဲ့စားတဲ့ စားစရာသမျှ အကုန်သိမ်းတယ်။ သူက ချက်ချင်းစားရမယ့်ဟင်း၊ နွှေးရမယ့်ဟင်း၊ တာရှည်ခံတဲ့ဟင်း၊ အရောအနှောလုပ်ပြီး ပွါးရမယ့်ဟင်း၊ စတာတွေကို နောက်တပါတ်မှာ နောက်တသုတ် ထောင်ဝင်စာ မီအောင် ခန့်ခွဲရတယ်။ ဆရာကြီးအောင်ကိုကို( ပညာရေးတက္ကသိုလ်ကမို့ ကျောင်းအုပ် ဆရာကြီး ရာထူးပေးပြီး ဆရာကြီးလို့ခေါ်ကြတာ) က မုံ့နဲ့ သွားတိုက်ဆေး၊ ဆပ်ပြာလို ကုန်ခြောက်တွေကို သိမ်းတယ်။ မနက်အိပ်ရာထအစာကို သူက တာဝန်ယူရတယ်။ သူ ချပေးတာကို မနက်တိုင် အားလုံးစား ရတယ်။

ကျနော်က မီးခိုးအူရေးနဲ့ အဆုတ်ရောဂါဖြစ်မြောက်ရေးဝန်ကြီး။ ကိုယ့်အုပ်စုထဲ ၀င်လာတဲ့ ဆေးပေါ့လိပ်၊ စီးကရက်တွေကို စီမံခန့်ခွဲရတယ်။ ငွေကြေးအဖြစ်သုံးရမယ့် နတ်သားလို ဆေးလိပ်ပေါ့လိပ် အသေးနဲ့ စီးကရက်တို့ကို ၀န်ကြီးချုပ်တိန်ရှောက်ပိန်ဆီ အပ်ရတယ်။ သူက ဒါနဲ့ အားလုံးအတွက် ဈေးဝယ်ရတယ်။ သောက်တဲ့ ဆေးလိပ်တွေကိုတော့ ကျနော်က ရတဲ့ ဆေးလိပ်အရေအတွက်၊ ဆေးလိပ်သောက် တတ်တဲ့ လူ အရေအတွက်၊ ထောင်ဝင်စာတပါတ် နဲ့ တွက်ချက်ပြီး ခွဲတမ်းချပေးရတယ်။ မနက်မိုးလင်းရင် ကိုယ့်လူတွေရဲ့ ခြင်ထောင် ခေါင်မိုးပေါ်တွေမှာ တင်ထားပေးတယ်။ ၃-၄-၅လိပ် စသဖြင့် နည်းရင်နည်းသလို၊ များရင်များ သလို။

ကျနော်ရယ် ဗိုလင်း(ကိုသန်းလင်း)ရယ်၊ ဘွန်း(ကိုဌေးဝင်း)ရယ်က ခွက်ကလေးတလုံး လုပ်ထားတယ်။ ကိုတာ ရတာကို အဲဒီခွက်ထဲ ထည့်ထားပြီး၊ သောက်ချင်တဲ့အခါ ယူသောက်။ ကိုဌေးဝင်းက ဆေးလိပ်အသောက် နည်းတယ်။ ဗိုလင်းနဲ့ ကျနော်က နှခေါင်း ကြပ်ခိုးစွဲတယ်။ သူ့ဝေစုကို ကျနော်တို့ နှစ်ယောက်ကို မျှတယ်။ ကျနော့် အိမ်က မန္တလေးနဂါးဆေးလိပ် စပါယ်ရှယ် ထည့်ပေးတတ်တော့ အခြား ရဲဘော်တွေနဲ့ ၀ါဒါတွေလည်း တခါတလေ လာတောင်းသောက်တယ်။

ထင်းဖြစ်တဲ့ကုတင်
အခန်းထဲက ကုတင်တွေ ကျနော်တို့ ထင်းစိုက်ပစ်တာ သိသိသာသာကြီး ကုန်သွားတယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် လျော့လာတော့ အာဏာပိုင်တွေက ကုတင်တွေကို အလုံးလိုက် လာရေသွားတယ်။ ကုတင်အလုံးလိုက် မဖျက်နိုင်တော့ ကုတင်တလုံးမှာ ကြမ်း ၅ ချောင်းရှိတဲ့အနက် အစွန်နှစ်ချောင်းနဲ့ အလယ်ခေါင်တချောင်းကို ချန်ပြီး နံပါတ် ၂ အချောင်းနဲ့ နံပါတ် ၄ အချောင်းကို ထင်းလုပ်ပစ်တယ်။ ဘာယာတန်းက ပြူတင်းပေါက်တံခါးဘောင်တွေကို ရှင်းပစ်တယ်။ ၃ ဆောင်တခု လုံးမှာ ကျနော်တို့ ထမင်းစားအုပ်စုက ထင်းသုံးအများဆုံးပဲ။ တခါတလေ အဆောင်ရေကန်နားက သစ်ပင်ကိုလဲ ရေချိုးဆင်းတဲ့အခါ ၀ါဒါလစ်ရင် လစ်ရင်လစ်သလို အကိုင်းတွေ တက်ခုတ်ပြီး ထင်းလုပ်သေးတယ်။ အေးကြည်က ဟင်းချက်ကောင်း သလောက် မောင်ဝင်းနဲ့ ကိုတင်မြတ်ကြီးကလဲ ကုတင်အော်ပိုရေးရှင်းမှာ အားကိုးရတယ်။

တခါတော့ ခုတ်ပြီးခါစ ထင်းတွေ မသိမ်းရသေးခင် ခုတင်တွေအောက်မှာ ပုံထားတာ အဆောင်မှူး လှရွှေတွေ့သွားတယ်။ မသိမသာ ကြည့်သွားပြီး အဘသောင်းကို ပြောတယ်။ ဟိုကောင်တွေ အခန်းမှာ ထင်းပုံဟာ မြွေတောင်ဝင်အောင်းလို့ရတယ်။ သွားသိမ်းစမ်းတဲ့။ ထင်းသိမ်းသွားတော့ကော ကိုအေးကြည်က မမှုဘူး။ ညနေ ဟင်းချက်ချိန်ရောက်ရင် ဟင်းအိုးကို ပြင်ဆင်ပေးလိုက်ပြီး လုံချည်ပြာထဲက တယောက်ယောက်ကို ပေးလိုက်ပြီး သူတို့ ဖိုမှာ သွားချက်ခိုင်းတယ်။ လုံချည်ပြာထဲမှ ကျနော်တို့ကို ကူညီတဲ့ လူတွေရှိတယ်။ လုံချည်ပြာထဲမှာ ဇော်ဝင်းဆိုတဲ့ ပီဒီပီ ငနဲတယောက်လည်း ရှိတယ်။ သူလည်း ကျနော်တို့ကို အကူအညီပေးတယ်။

စာမဖတ်ပါနဲ့ ဟင်းပဲချက်ပါ
လူတွေက သူ့ကို လူပုသလောက် အကြံအဖန်ကောင်းလို့ တိန်ရှောက်ပိန်လို့ ခေါ်ကြတယ်။ သူ့ခေါင်းထဲမှာ ကိုယ့်လူတွေ အစားအသောက်အဆင်ပြေဖို့ပဲ အမြဲစဉ်းစားတယ်။ ဘာလုပ်စားရင် ကောင်းမလဲ အမြဲ အကြံထုတ်နေတယ်။ ဆေးလိပ်နဲ့တမျိုး၊ ခိုးသွင်းထားတဲ့ ပိုက်ဆံနဲ့တမျိုး ပေးပြီး ဖိုကြီး၊ ဆေးရုံဖို၊ တောင်ယာတို့က သူလိုချင်တာကို ၀ယ်ခိုင်းတယ်။ ကိုအေးကြည် ကြံဖန်တဲ့ အထဲမှာ ဆေးရုံဖိုက ပေါင်မုန့်လုပ်တဲ့ ဂျုံကို ဆေးလိပ်နဲပ ဝယ်တယ်။ ပြီးတော့ ကျနော်တို့ကို ပလာတာလုပ်ကျွေးတယ်။ ဖရဲသီးပေါ်ချိန် အဆောင်တောင်ယာက ဖရဲသီးကို ဝယ်ခိုင်းပြီး ဖရဲသီးဖျော်ရည်လုပ်တိုက်တိုက်။ ကိုသိန်းလွင်(အာနီ)တို့ ကျနော်တို့က "အေးကြည် မင်းချက်ရေး ပြုတ်ရေးပဲစဉ်းစားနေ၊ စာတော့မဖတ်ဘူး၊ စာလေးဘာလေးလဲ ဖတ်ဦးကိုယ့်လူ" လို့ ပြောတယ်။ ခဏခဏ သူ့ကို စာဖတ်ခိုင်းတော့၊ နားညည်းပြီး "အေးဖတ်မယ်၊ အစားအသောက်ကို အာနီတို့ပဲ ကြည့်စီစဉ်လိုက်" ပြောတယ်။ ကျနော်တို့ကလဲ "အေး ... စာဖတ်ရင်ပြီးရော၊ ကျန်တာ ငါတို့ တာဝန်ထား" လို့ ပြောလိုက်တယ်။

ပီကင်းရီဗြူးတွေ ဘေးချပြီး တခေါခေါနဲ့ ဟောက်နေပါလေရော။ စာအုပ်က သူ့ အိပ်ဆေးလို ဖြစ်နေတယ်။ စာအုပ်ပေးလိုက်တာနဲ့ အိပ်တာပဲ။ ကျန်တဲ့လူတွေက "တော်ပါပြီ အေးကြည်ရာ ဟင်းပဲ ပြန်ချက်ပါတော့ စာမဖတ်ပါနဲ့တော့" လို့ ပြောယူရတယ်။

ငွေနဲ့ကြေးနဲ့
ကျနော်တို့ အုပ်စုမှာ ထောင်ပိုက်ဆံဆေးပေါ့လိပ်၊ စီးကရက်တို့အပြင်၊ တကယ့်ငွေကြေးလည်း ကိုးဆယ်မျိုးတရာမျိုး ရှိတယ်။ ကျနော်က အိမ်ကို ထောင်ဝင်စာမှာရင် ပိုက်ဆံလည်းမှာတယ်။ အိမ်သာသုံး စက္ကူလိပ်ကို ပိုက်ဆံထည့်လိပ်လို့ ရအောင်၊ အစပိုင်းက နဲနဲဖြည်၊ ပိုက်ဆံကို စက္ကူနဲ့အတူ သပ်သပ်ရပ်ရပ် ပြန်လိပ်တယ်။ ၀က်သားသုံးထပ်သားကို ၀ါဒါတွေနဲ့ ပိုက်ဆံပေးမှာပြီး သရက်သီး သနပ်နဲ့ ၀က်သားဟင်းလေးချက်စားတယ်။

ကြက်သူခိုး
အဆောင်မှူးလှရွှေက အဆောင်မှာ ကြက်တွေ မွေးတယ်။ သူ့ကြက်တွေကို နယ်စပ်က တိုက်ပွဲမှာ မိလာတဲ့ လုံချည်ပြာဝတ် ဗကပတရုတ် နေ၀င်းစိန်က စောင့်ရှောက်ပေးတယ်။ နေ့ခင်းဆို ဒီကြက်တွေကို အဆောင်ဝင်းထဲမှာ ဒီအတိုင်း လွှတ်ထားတာ။ ကျနော်တို့က အောက်ထပ်ဆိုတော့ နေခင်းနေ့လည် ကျနော်တို့ တရေးတမောအိပ်တဲ့အချိန်မှာ ကြက်တွေဟာ ကျနော်တော်တို့ ပန်းကန်တွေဘာတွေ ဆေးတဲ့ ရေနေရာမှာ ကျနေတဲ့ ထမင်းလုံးတွေကို အခန်းထဲ ၀င်လာပြီး ကောက်စားလေ့ရှိတယ်။ တနေ့မှာ ကျနော်တို့ ကြက်ဖမ်းပွဲ လုပ်ကြတယ်။

ပန်းကန်ဆေးတဲ့နေရာမှာ ထမင်းလုံးတွေကို ကြဲဖြန့်ထားလိုက်ပြီး လူတွေက ကိုယ့်ကုတင်မှာကို ငြိမ်ငြိမ်လေးနေလိုက်တယ်။ ကြက်နှစ်ကောင်ဟာ သံတိုင်ပေါက်ကနေ ၀င်လာတယ်။ ပိုင်လောက်ပြီဆို တဲ့အချိန်မှာ လူတွေဟာ ဗြုန်းဆို ကုတင်ပေါ်တွေကဆင်းပြီး အပေါက်တွေမှာ ကာရပ်လိုက်တော့ အခန်းထဲမှာ ကြက်နှစ်ကောင် အလန့်တကြားခုန်ပေါက်နေတုန်း အသံများများမထွက်ခင် အဆုံးစီရင် လိုက် ကြတယ်။

ရဲမြင့်သိန်းက ကြက်ကို ဟာလာလုပ်၊ အမွှေးနှုတ်၊ အရေခွံဆုတ်၊ တင်မြတ်ကြီးက ဗိုက်ခွဲအူထုတ်၊ ဆေးကြောသန့်စင်၊ တုံးတစ်ပေးတယ်။ အားလုံးတက်ညီလက်ညီ၊ သဲလွန်စမကျန်အောင်လုပ်ကြတယ်။ ပြီးတော့ ၀ါဒါတွေကို ပိုက်ဆံပေးပြီး ၀ယ်ခိုင်းလို့ ရထားတဲ့ မဆလာနဲ့ ချက်တယ်။ ညနေထမင်းစားတော့ ရဲမြင့်သိန်းက ဒိုင်လူကြီးလုပ်ပြီး အားလုံးကို အညီအမျှ ခွဲပေးတာ အဲဒီညနေ အားလုံးထမင်းမြိန်ကြ တယ်။

နေ၀င်းစိန် ကြက်တွေကို အိပ်တန်းသွင်းဖို့ လုပ်တော့ ရှာမတွေ့လို့ ဗျာများနေတာ ကျနော်တို့တတွေ အခန်းထဲကနေ ကြိတ်ပြီး သဘောကျနေကြတယ်။ ဒီမှာတော့ ကြက်နှစ်ကောင်ဟာ စားပြီးလို့ ဗိုက်ထဲ ရောက်သွားပြီ။

တကယ်လို့ ဒီနေရာမှာ ကြက်ပျောက်တာ မဟုတ်ပဲ လူပျောက်တာ ဆိုရင်တော့ သံချောင်းတွေ ခေါက်၊ မီးမောင်းတွေထိုး၊ စစ်ခွေးတွေလွှတ်နဲ့ အာဏာပိုင်တွေ ခေါင်းမီးတောက်လို့ ဗျာများနေပြီ။ ကြက်ဆိုတော့လည်း လုံချည်ပြာ နေ၀င်းစိန်ခမျာ မနက်မှ ဆက်ရှာတော့မယ့် သဘောနဲ့ ကြက်စာရင်း မကိုက်ပဲ ကြက်ထောင်ပိတ်လိုက်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။

[2001 August 15 မာယာထဲက ၃ဆောင်၊ ၆ ခန်းကို ပြုပြင်မွမ်းမံ ဖြည့်စွက်ပြီး၊ ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။]

ညွှန်း - မောင်အေးဝင်း Faceboook

ပေးစာ - တရားပျက်ပြီ ...

7 comments


(တနင်္သာရီတိုင်းက ပေးစာဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ရဲ့ လာဘ်စားမှုတွေ ပေးစာတွေကတဆင့် မီဒီယာတွေပေါ်မှ တောက်လျှောက် ပါလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ တပတ်ကပဲ ဦးခင်ဇော်ကို ကျန်းမာရေး အကြောင်းပြ အနားပေးလိုက်ပါတယ်။ အခု တရားစီရင်ရေးလောက သပွတ်အူတွေကို ရေးသားထားတာ တွေ့ရပါတယ်။)

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ် တရားရုံးများမှ တရားသူကြီးများသည် ပြင်ပရှေ့နေများနှင့် အပေးအယူလုပ်ပြီး နှစ်ဖက်အမှုသည်များထံမှ နှစ်ဖက်စလုံးကို ခွစားကာ စီးပွားရှာ လျှက်ရှိပါသည်။

ပြင်ပရှေ့နေများဖြစ်သော အထက်တန်းရှေ့နေဦးအေးလွင် နှင့် တရားလွှတ်တော်ရှေ့နေများ ဖြစ်သော ဦးတင်ရှိန်၊ ဦးအောင်ဌေးတို့သည် ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ် တရားရုံးများမှ အထူးသဖြင့် အမျိုးသမီး တရားသူကြီးများ၊ ၀န်ထမ်းများနှင့် ပူးပေါင်းကာ နှစ်ဖက်အမှုသည်များထံမှ တံစိုးလက်ဆောင် ငွေကြေးများယူပြီး ဥပဒေကို လက်တလုံးခြားလှည့်စားကာ တရားသူကြီး၏ လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု တရားစီရင်ကြသည့်အတွက် -

(၁) ငွေကြေးမတတ်နိုင်သူများ
(၂) မသိနားမလည်သူများ
(၃) ရှေ့နေများ၏ နည်းပရိယာယ်များ၊ ခြိမ်းခြောက် ဟန့်တားမှုများကြောင့်သော်၎င်း
(၄) နှစ်ဖက်ရှေ့နေများနှင့် တရားသူကြီးတို့ ညှိနိုင်းအကွက်ချ စီရင်ဆောင်ရွက်မှုများကြောင့် နိုင်သင့်သောအမှုများ ရှုံးရခြင်း၊ ရှုံးသင့်သောအမှုများ အနိုင်ရရှိခြင်း၊ နိုင်သင့်သောအမှုများသည်ပင်လျှင် ကုန်သင့်သည်ထက် များစွာ ကုန်ကျခဲ့ပြီးမှ အမှုအနိုင်ရရှိကာ နာမည်တစ်လုံးအတွက် ငွေကြေးရော၊ သိက္ခာပါ ဆုံးရှံးရသည့်အမှူသည် အများအပြားရှိပါသည်။

ငွေများတရားနိုင် ဆိုသည့်စကားရပ်သည် အဆိုပါတရားရုံးများတွင် သွေးထွက်အောင်မှန်နေပြီ ဖြစ်ပါသည်။ မကြာမီက ပြီးစီးသွားသော အမှုတစ်ခုသည် နှစ်ဖက်စလုံးကို ဒဏ်ငွေ ၁၀၀၀ ကျပ်စီ ချမှတ်ခံရသည်။ ရှေ့နေခ၊ တရားသူကြီး ကန်တော့ရငွေ၊ ၀န်ထမ်းများအား ပေးကမ်းရငွေများကြောင့် တစ်ဖက်က စရိတ် ၃၈ သိန်းကျပ်နှင့် ကျန်တစ်ဖက်က ၃၅ သိန်းကျပ်စီ ကုန်ကျခဲ့ကြပါသည်။ နောက်အမှုတစ်ခုတွင်မူ ငွေသိန်းလေးဆယ်ရလိုမှုဖြင့် စွဲဆိုရာ သိန်း ၁၂၀ ကုန်ပြီးမှ အနိုင်ရသည့်အမှုလည်း ရှိပါသည်။ တချို့အမှုသည်များသည် စိတ်ပျက်လွန်းလှသဖြင့် အယူခံအဆင့်ဆင့်ပင် မတက်နိုင်တော့ပါ။ အချို့အမှုသည်များမှာ အမှုလည်းပြီး၊ ရှိတာလည်းကုန်၊ ဘ၀လည်းပျက်ရသည်အထိ ရင်နင့်ဖွယ် ခံစားနေကြရပါသည်။

၎င်းတရားရုံးများတွင် သြဇာအရှိဆုံးရှေ့နေမှာ ဦးအေးလွင်ဖြစ်ပါသည်။ ၀န်ထမ်းအားလုံးက ပါပါး (အဖေ) ဟု ခေါ်ကြသည်။ ၀န်ထမ်းများအား ရက်ရက်ရောရောပေးကမ်းပြီး အထူးသဖြင့် အမျိုးသမီးတရားသူကြီးများကို စီးပွားဖြစ် ရှာကျွေးနေသူ ဖြစ်ပါသည်။

ဦးအေးလွင်လိုက်သော အမှုများကို တရားသူကြီးများက ကိုးကားရမည့် စီရင်ထုံးများကိုပင် ပြောပြပြီး အနိုင်ရအောင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ တရားသူကြီးများကလည်း အမှုသည်များအား ဦးအေးလွင်အား ငှားလျှင် အမှုနိုင်ခြေရှိပါတယ် ဟု ခေါ်ယူပြောဆိုပြီး ရှေ့နေပြောင်းခိုင်းခြင်းများပင် ရှိပါသည်။

ဦးအေးလွင်ကလည်း ငွေကြေးမတတ်နိုင်သည့် ၎င်း၏အမှုသည်များကို သစ္စာဖောက်ပြီး၊ တစ်ဖက်ရှေ.နေနှင့် တိုင်ပင်ကာ အမှုအနိုင်ရအောင်လုပ်ပေးမည် ဟုဆိုကာ တရားသူကြီးများကိုပါ ငွေပေးစေပြီး မိမိ၏အမှုသည်ကိုပင် အမှုရှုံးအောင် အကွက်ချ ဆောင်ရွက်သည်များလည်း ရှိပါသည်။ ငွေတတ်နိုင်သည့် အမှုသည်များမှာ ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်ဖြစ်နေပါသည်။ ငွေမနိုင်သည့် အမှုသည်များမှာ အရှုံးနှင့်သာ ရင်ဆိုင်ရလျှက်ရှိပါသည်။

ထိုသို့ ဖြစ်ချင်တိုင်းဖြစ်နေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်တိုင်ပင် ခွဲတမ်းရနေ၍ မသိချင်ယောင်ဆောင်နေသလား ဟုထင်မြင်ယူဆနေကြပါသည်။ တရားရုံးဝန်ထမ်းများကလည်း အမှုသည်များ မသိနားမလည်၍ မေးမြန်းသောအခါတွင်လည်း ပိုက်ဆံရမှ ဖြေချင်ကြပါသည်။ အမှုတွဲကူးခပင်လျှင် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးကြရပါသည်။

၎င်းတရားသူကြီးများအနက် အချို့တရားသူကြီးများလည်း ယခင်ကအပြစ်ရှိ၍ တရားစီရင်သော တာဝန်မှ ရုံးဖက်သို့ ပြောင်းရွှေ့အပြစ်ပေး တာဝန်ချထားခံရသူများရှိပြီး ယ္ခုတရားသူကြီးချုပ်မှ တရားသူကြီးတာဝန် ပြန်ပေးထားသည့်အတွက် တရားသူကြီးချုပ်ကိုပင်လျှင် သံသယပွား လျက်ရှိပါသည်။







အန်ဝါမှာ အပြစ်မရှိပါ

3 comments


ဒီမနက် တရားရုံးက ထွက်လာတဲ့ အန်ဝါနဲ့ ကြိုဆိုသူများ (ဓာတ်ပုံ - AP)

လိင်တူဆက်ဆံတယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဗရာဟင်ရဲ့ အမှုကို မလေးရှား တရားရုံးချုပ်က ဒီနေ့ စီရင်ချက် ချလိုက်ပါပြီ။ အန်ဝါမှာ အပြစ်မရှိပါဘူး တဲ့။

ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီအမှုက အင်မတန် အငြင်းပွားစရာအမှုကြီး ဖြစ်ပါတယ်။ အများဆုံး ထောင် အနှစ် ၂၀ အထိ ချလို့ရတဲ့ အမှု ဖြစ်ပါတယ်။

အမှုဆင်ခံရတာဖြစ်တယ်လို့ သုံးသပ်သူများကတော့ ၀န်ကြီးချုပ်မဟာသီယာလက်ထက်မှာ ကတည်းက သူ့ကို နိုင်ငံရေးသတ်တဲ့အနေနဲ့ ဒီအမှုကို ဖန်တီးခဲ့တာလို့ ဆိုကြပါတယ်။

၁၉၉၉ မှာ မဟာသီယာနဲ့ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာ သဘောကွဲပြီးနောက်ပိုင်းမှာ အန်ဝါ တရားစွဲခံရတာပါ။
လိင်တူဆက်ဆံမှု၊ အဂတိလိုက်စားမှု ကျူးလွန်တယ်တဲ့။ တရားရုံးက သူ့ကို ထောင်ချပါတယ်။ ၂၀၀၄ မှာတော့ လိင်တူဆက်ဆံမှု မရှိဘူး လို့ ဆုံးဖြတ်ပြီး ထောင်က လွှတ်ပါတယ်။

၂၀၀၈ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ အရွေးခံရပါတယ်။ လွှတ်တော်ထဲ ပြန်ရောက်ပါတယ်။

၂၀၀၈ မှာပဲ လူထုထောက်ခံမှု ရှိတဲ့သူ့ကို အရင်အမှုဟောင်းနဲ့ တရားပြန်စွဲတာ ခံရပါတယ်။

ဒီအမှု ဒီနေ့ စီရင်ချက် ချလိုက်ပါပြီ။ အန်ဝါမှာ အပြစ်မရှိပါဘူး တဲ့။




ကာချုပ် ဘန်ကောက်သွား

0 comments


အစိုးရရဲ့ မြန်မာ့အလင်းကြေးမုံ စာစောင်များမှာ ဒီနေ့ တွေ့ရတဲ့ သတင်း ဖြစ်ပါတယ်။
ကာချုပ် ဘန်ကောက်သွားတယ် ဆိုတဲ့သတင်းပါ။

မတ်လဆန်း - ရာထူးတက် - ဒုတိယဗိုလ်ချုပ်ကြီးမှ ဗိုလ်ချုပ်ကြီးသို့
မတ်လကုန် - ရာထူးတက် - ကာချုပ်ဖြစ်
မေ - အမျိုးသားထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်
မေ - တပ်ခေါင်းဆောင်ပိုင်း အများအပြားကို ရာထူးပြောင်းရွှေ့
ဇူလိုင် - တိုင်းမှူးတချို့ကို ဒေသပြောင်းရွှေ့

ကာချုပ်ရဲ့ ပြည်ပခရီးတွေကို အခုလို တွေ့ရမှာပါ

နိုဝင်ဘာ ၁၄ - ဗီယက်နမ်
နိုဝင်ဘာ ၂၇ - တရုတ်
ယခု - ထိုင်း

ထိုင်းစစ်ခေါင်းဆောင်တို့ရဲ့ပြီးခဲ့တဲ့နှစ် မြန်မာခရီးစဉ်တွေကိုလည်း အခုလို တွေ့ရပါတယ်

မေ ၃၁ - ရေတပ် ဦးစီးချုပ်
ဇွန် ၈ - ကာချုပ်
စက်တင်ဘာ ၁၅ - ကြည်းတပ် ဦးစီးချုပ်


ချင်းဒေသ ငြိမ်းချမ်းရေး

3 comments

~




ချင်းအမျိုးသားတပ်ဦး နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ အင်မတန် အဆင်ပြေနေဟန် ရှိပါတယ်။
ဆွေးနွေးပွဲတက်တဲ့ ကိုယ်စားလှယ်အဖွဲ့ နှစ်ဘက်ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက် ဓာတ်ပုံအရိုက်ခံနေချိန်မှာ နှစ်ဘက် လူကြီးမင်းများက လက်ချင်းချိတ်ပြီး နောက်ဘက်ကနေ ရံပေးထားတာ အင်မတန် လှပတဲ့ ငြိမ်းချမ်းရေးမြင်ကွင်း ဖြစ်ပါတယ်။
သူတို့လက်ချင်းချိတ်တဲ့စတိုင်က အာဆီယံရဲ့ ကိုးရိုးကားယားစတိုင်ထက် အများကြီး ကြည့်ကောင်းနေပါတယ်။




~

ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း ၅)

5 comments


~




သူပုန်ကြီး (Burma Media Wash)


ပထမ၀ါကျနှစ်ကြောင်းသည် အပိုင်း၎ နှင့် အပိုင်း၅ တို့အတွက် ပေါင်းကူး အချိတ်အဆက်မျှသာဖြစ်သည်။

အပြုတ်တိုက်ရေးပေါ်လစီကို ဆုပ်ကိုင်ထားသည့် အုပ်စုခေါင်းဆောင်က၊ လက်ရှိ ရယူထားသော ပါတီဥက္ကဋ္ဌရာထူးမှ ဆင်းပေးရမည်။

အခြေအနေ ဘယ်ပုံဖန်လာသည်ကို ကိုယ်ဖျောက်ဝိဇ္ဇာက ဆက်သည်။

“လက်ရှိပါတီဥက္ကဋ္ဌကုလားထိုင်, ထိုင်ထားသူက၊ ကုလားထိုင်ပေါ်က ပြန်မဆင်းချင်ဘူး။ ဒီတော့, ’လိုင်း’ချင်းတူတဲ့ ’ဟိုကပြန်’ သွေးဆာအုပ်စုနဲ့ပေါင်းပြီး လူသတ်ပွဲကြီး ဆင်နွှဲခဲ့တယ်.။ လည်ချောင်းသွေးနဲ့ ခြေဆေးသတဲ့.။ အဖေကို သားက သတ်သတဲ့.။ ကိုင်း. ကောင်းကြသေးရဲ့လားဗျာ .. .။ ’ဟိုကပြန်’တွေ ယူလာတဲ့ ’ရုတ်, ရုတ်, ရုတ်, ရုတ်’ပယောဂ, က .. ၊ ကောင်းကျိုး မပေးဘူးဗျ .. ။ အစဉ်ထာဝရ တရံမလပ် အလေးထား သတိပြုနေရမယ်ဗျ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက ထိုထို သတိစကားဖြင့် ၊ ’ဟိုကမပြန်’ တရားသေ၀ါဒီ ပစ္စည်းမဲ့ အာဏာရှင် တချို့၏ လေကြီးမိုးကြီး မှိုင်းလုံးကြီးကို ’ဒဲ့’ ထောက်ပြလေတော့သည်။

“လက်ဝါးကြီးအုပ်, ပါတီကြီးဝါဒီ…’ဗိုလ်ချဉ်ပေါင်’…ရယ်၊ လူထုချစ်တဲ့ မိဘနှစ်ပါးကို မျက်နှာ အိုးမဲသုတ်နေတဲ့ ’ဖိုးရွှံ့ချောင်း’ရယ် .. ဟဲ .. ဟဲ .. အဲဒီ မကျွတ်မလွတ်သေးတဲ့ အမွေးရှည်ရှည် ခြေသဲလက်သဲရှည်ရှည် တစ္ဆေနှစ်ကောင်က၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ မျက်မှောက် နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ဇာတ်ရည် မလည်ပါပဲ၊ မဖြစ်ညစ်ကျယ်သင်္ကြန်အမြှောက်ဖေါက် .. ။ ၀င်ရှုပ် .. ။ ဒါတွေကို သတိမလစ်အငိုက်မမိကြပါနဲ့လို့ .. ဟဲ .. ဟဲ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက သက်သေသက္ကာယ အထောက်အထားတွေကို ဆွဲထုတ်ဖို့ရာ သမိုင်းနောက်ကြောင်းပြန်လိုက်၏။

“ဟိုးတလောက ဖိုးရွှံ့ချောင်းက မျက်နှာပြောင်, အသံပြောင်တိုက်ပြီး သူတို့အုပ်စု နီပါလျက် ဖြူရောင်သမ်း ပါတီရဲ့ အကျိုးစီးပွါးအတွက် ဗိုလ်ချုပ်အောင်ဆန်းကို ခုတုံးအဖြစ် ခြေထောက်နဲ့ တက်နင်းပြီး၊ အသုံးချခဲ့တာက ဒီလိုပါခင်ဗျာ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက ဘလိုင်းမပြော။ အထောက်အထားနဲ့ ပြောပါပြီ။

“ဖိုးရွှံ့ချောင်းက ရေဒီယိုကနေပြီး ‘လေပုတ်ထုတ်’သွားတာက ဒီလိုဗျ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ‘နီပါလျက်ဖြူရောင်သမ်းပါတီ’ ကို စတင် တည်ထောင်သူပါ တဲ့.။ အဲဒါဟာ ကြောင်တောင်နှိုက်တဲ့ နိုင်ငံရေးတေလေဂျပိုးလုပ်ရပ် စစ်လိုက်တာမှစစ်စစ်, စစ်စစ် လို့ မြည်နေပါတယ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာကတော့ ဖိုးရွှံ့ချောင်းရဲ့ လူထုချစ်တဲ့မိဘနှစ်ပါးကို မျက်နှာထောက်ထားဖို့ မေ့လျော့နေလေသည်လား .. ။

“ဗိုလ်ချုပ်အောင်ဆန်းဟာ၊ ဖြူရောင်သမ်းပါတီကို စတင်တည်ထောင်သူပါ လို့၊ ဖိုးရွှံ့ချောင်းပြောတာ မှန်ပါတယ်။ ခက်တာက ဒီကြောင်တောင်နှိုက်က သူဖေါ်ချင်တာလေးကိုသာ ကွက်ကွက်ကလေး ဆွဲထုတ်ပြီး ဖေါ်တာ။ ဖုံးချင်တာကျတော့ ဗြောင်ဖုံးတယ်။ ဒါဟာ မရိုးသားတာပဲ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာကတော့ စွဲချက်တင်လေပြီ။ တဆက်တည်းပင် ဖိုးရွှံ့ချောင်း ဖုံးထားတာကို ဖေါ်ပြီ။

“ဖိုးရွှံ့ချောင်းကို မေးချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖြူရောင်သမ်း ပါတီကို ဖက်ထားရင်းနဲ့ လုပ်ကြံခံရတာလား…။ ကီးမကိုက်လို့ ဖြူရောင်သမ်းပါတီကို စွန့်ခဲ့တယ် မဟုတ်လား .. ။ နောက်ဆုံး ဖြူရောင်သမ်း ပါတီကို ဖဆပလထဲက ထုတ်ပစ်ခဲ့တယ် မဟုတ်လား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက နောက်ထပ်တရစ် တင်လိုက်ပြန်သည်။

“ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးယူဖို့ အဓိကခေါင်းဆောင် လှုပ်ရှားခဲ့သူဖြစ်လို့၊ နိုင်ငံရေးဂွင်ထဲမှာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးလျှင် ဗြိတိသျှ ဓနသဟာယထဲမှာပဲ ဆက်နေချင်တယ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက သမိုင်းဖြစ်ရပ်မှန်ကို တည်လိုက်ပြီး၊ မေးခွန်းတွေ ထုတ်လေပြီ။

“ဒီဓနသဟာယထဲမှာ ဆက်နေမယ့် ကိစ္စ .. ဖြူရောင်သမ်းတို့က အမြင်မကျယ်လို့ ကဖျက်ယဖျက် လုပ်ကြတယ် မဟုတ်လား။ ဗိုလ်ချုပ်က လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ၀ါးအစည်း မပြေချင်လို့၊ လိုက်လျော အလျှော့ပေးခဲ့တယ် မဟုတ်လား။ ဒါကြောင့် လွတ်လပ်ရေး ရပြီး ကာလမှာ၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အခွင့်အလမ်းတွေ ရှိပြီးသားဖြစ်ပါလျက် ဆုံးရှုံးခဲ့ရတယ် မဟုတ်လား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာ၏ ဆွေးနွေးချက်များမှာ၊ ကျနော် သူပုန်ကြီးအတွက်မူ စိတ်ဝင်စားဘွယ် ကောင်းလှသည်။

“နိဂုံးချုပ်အနေနဲ့မေးမယ် .. ။ လွတ်လပ်ရေးရလို့ အခမ်းအနား ကျင်းပရာမှာ.၊ ဖြူရောင်သမ်း ဥက္ကဋ္ဌ ကိုယ်တိုင် တက်ခဲ့တယ်မဟုတ်လား။ နောက်မှ ရွှေရည်စိမ် လွတ်လပ်ရေးပါလို့ အပုတ်ချ, ရမယ်ရှာခဲ့တာ မဟုတ်လား .. ။ လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်ပြီ .. ။ ရွှေရည်စိမ်ဟုတ်သလား၊ မဟုတ်ဘူးလား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာခမျာ၊ စကားကိုဗရိတ်အုပ်မရသေးသဖြင့် ၊ ဆက်၍မေးခွန်းထုတ်လိုက်သေးသည်။

“နီပါလျက်ဖြူရောင်သမ်းပါတီဟာ၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆရှိရဲ့လား။ ပထမပိုင်းမှာ၊ ကုလားနောက်လိုက် လုပ်တယ် .. ။ နောက်တော့ တရုတ်နောက်လိုက် လုပ်ပြန်တယ် .. ။ ကိုယ်စွမ်းကိုယ်စ မရှိလေတော့၊ ဆွေမျိုးပေါက်ဖေါ် အတုကြီးက၊ တသက်လုံး ကျွေးမွေးလာခဲ့တဲ့ နီပါလျက်ဖြူရောင်သမ်း တွန်ကြက်ကြီးကို၊ ရိုက်ပြီး ချက်စားတော့တာပဲ မဟုတ်လား။ ကဲ .. ဒီလောက်ဆို ဘယ်သူဘယ်ဝါ ဘာညာ ဆိုတာ ရှင်းလောက်ပါပြီဗျား .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက နားသွားပါပြီ။ သို့ပါသောကြောင့် ကျနော်သူပုန်ကြီးက “အာစရိ, ဦးခြံသူကြီးခင်ဗျား .. .။ ဖြည့်စွက် ဆွေးနွေးစရာများကို ဖြည့်စွက် ဆွေးနွေးပေးပါ .. .အာစရိ .. .” ဟု လေးမြတ်စွာ ပန်ကြားသမှု ပြုလိုက်ပါ၏။

(ဇာတ်သိမ်းပိုင်း အပိုင်း ၆ သို့) ---

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)



~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved