တရုတ်ရွာတည်ဖို့ ကြိုးစားနေပြီလား??????

Monday, May 28, 2012 6 comments


ကိုင်းတိုင်း အထက်ပိုင်းမှာ ဒုတိယမောင်းကုန်း (တရုတ်ရွာတည်ဖို့) လုပ်ဖို့
ကြိုးစားနေကြပြန်ပြီ.....

ပြီးခဲ့တဲ့နှစ်က အင်တာနက်တွေထဲမှာ ထီးချိုင့်မြို့နယ်မောင်းကုန်းကျေးရွာမှာ ပြည်ပက တယုတ်တွေ
ကြီးစိုးလာမှုအကြောင်းလေး ဖတ်မိလိုက်ပါတယ်၊ဒီဆောင်းပါးလေး
ဖတ်ရတဲ့(အမျိုးချစ်တဲ့သူတိုင်း)တက်တခေါက်ခေါက်နဲ့ ခံပြင်းကြတယ်၊ မကျေမနပ်ဖြစ်ကြရပါတယ်။

အဲဒီတရုတ်တွေ ဘယ်လိုရောက်လာတာပါလဲ၊ ကျွန်တော်တို့သိချင်တယ်၊ ဒါပေမယ့် ဘဲဥအစရှာမရသလို ပါပဲ၊ ဘယ်လိုလုပ်ပြီးအုံနဲ့ကျင်းနဲ့ရောက်လာတာလဲ မသိ၊ ဒါနဲ့ ဒေသခံတွေကိုစုံစမ်းကြည့်တော့
တရုတ်တွေ မရောက်လာခင်မှာ မန္တလေးက လုပ်ငန်းရှင်ကြီးတစ်ဦး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ သကြားစက်စတည်တယ်၊ အဲဒီလုပ်ငန်းရှင်က စစ်ကိုင်းတိုင်းဒေသကြီးတိုင်းမှူး (ယခုစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်) ကို သူကအတော်ပိုင်ပါတယ်။

ပိုင်အောင်ကလည်း ရက်ရက်စက်စက် ပေးကမ်းထားတာကိုဗျ၊ သူ့ရဲ့ကုမ္မဏီမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရဲ့သားကို ငွေထည့်စရာ မလိုပဲ ရှယ်ယာ ၀င် လုပ်ပေးထားလိုက်တယ်၊ နောက် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သမီးကိုလည်း မန္တလေး ရတနာပုံဈေးအနားမှာရှိတဲ့ ၃ထပ် တိုက်တစ်လုံး အလကားပေးထားလိုက်သေးတယ်။

တိုက်နံပါတ်(C3)ပါ၊ ကပ်လျှက်(C2)ကတော့ အဲဒီအချိန် မန္တလေးမြို့တော်ဝန်လုပ်နေတဲ့ ဗိုလ်မှူးချုပ် ရန်သိမ်းကိုပေးထားတာပါ၊ သူအလကားပေးတဲ့ တိုက်တစ်လုံးရဲ့ တန်ဘိုးဟာ သိန်း ၃,၀၀၀ လောက် တန်ပါတယ်။

အဲဒီလောက်ပေးထားတော့ မန္တလေးက လုပ်ငန်းရှင်ကြီးကလည်း တန်အောင်
ဆိုပြီး စစ်ကိုင်းတိုင်းထဲမှာ ဒေသခံတွေအပေါ် နည်းအမျိုးမျိုးနဲ့ခေါင်းပုံဖြတ်တော့တာပါပဲ။

အဲဒီလိုခေါင်းပုံဖြတ်တာကို မခံနိုင်တဲ့ ဒေသခံတွေကတော့ တုတ်နဲ့ ဓါးနဲ့ဖြေရှင်းကြပါတယ်၊သူ့ရဲ့ လူယုံ ဗိုလ်မှူးတစ်ယောက်ကို မောင်းကုန်းရွာနားက ဒေသခံ တယောက်က ဓါးနဲ့ခုတ်ခဲ့သလို ကျောက်ထုံးကြီးကျေးရွာနားက ရွာသားတစ်ယောက်ကလည်း အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို ဓါးနဲ့ခုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ယောက်ဖကို နိုင်ငံခြားပို့ပြီး ကုပေမယ့် အခုအချိန်အထိ လူစဉ်မမှီတော့ပါဘူး၊
ဒါတွေကို စစ်ကိုင်းတိုင်းက လူတွေအကုန်သိကြပေမယ့် မပြောဝံ့ကြပါဘူး။

လုပ်ငန်းရှင်ကြီးကိုကြောက်ကြတာကိုး၊ အဲဒီလုပ်ငန်းရှင်ကြီးလုပ်ငန်းရှင်ကြီးကလည်း
ဘယ်လောက်များ လက်စောင်းထက်သလဲ ဆိုရင် ထီးချိုင့်မြို့မှာနေတဲ့ စာပေဗိမာန်(၄)ဆု ရဖူးပြီး
ပြန်ဆက်က ခရိုင်ဦးစီးမှူးအနေနဲ့ ပစ်စင်ယူထားတဲ့ အသက်(၆၀)အရွယ် မောင်ချစ်ထွေး(မဟာဝိဇ္စာ)
ဆိုတဲ့ စာရေးဆရာကြီးကိုတောင် လိမ်လည်မှုနဲ့မနှစ်က ထီးချိုင့်မြို့နယ် တရားရုံးက ထောင်ချပစ်လိုက်ဖူးပါတယ်။

နောက်ဆုံး အယူခံတွေ အဆင့်ဆင့်တက်တော့ မှ (ကသာခရိုင်တရားရုံးကနေ ဦးချစ်ထွေးမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီးတရားသေလွှတ်လိုက်ပါတယ်) ဆရာမောင်ချစ်ထွေး ကသာထောင်ကနေပြန်လွှတ်လာပါတယ်။

ဒါပေမယ့်ဆရာ မောင်ချစ်ထွေး(မဟာဝိဇာ) ထောင်ထဲမှာ (၃)လနေလိုက်ရပါတယ်၊အဲဒါ
မနှစ်ကမှ ဖြစ်ထားတာ၊ဒီလိုလူမျိုးကိုတောင် အပြစ်မရှိ အပြစ်ရှာပြီး
ထောင်ချနိုင်တဲ့ လူကြီးသူကြီးပိုင် လုပ်ငန်းရှင်ကြီးဆိုတော့ ကြောက်ကြရတာပေါ့၊ ထားပါတော့၊အရင်က ကိစ္စတွေကို၊ပြောချင်တာကအခုကိစ္စ၊ ကသာမြို့နယ်အပိုင်ကျောက်ထုံးကြီးကျေးရွာမှာ မြေယာပေါင်းများစွာကို
အပြောင်ရှင်းနေပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်လာကြည့်ပြီး မြေနေရာပေးတာတဲ့၊ကျောက်ထုံးကြီးကျေးရွာမှာ အပိုင်မှာလည်း စက်ရုံထောင်မယ်တဲ့။

ကျောက်ထုံးကြီးကျေးရွာကိုလည်း မီးလင်းအောင် လုပ်ပေးမယ် ဆိုတဲ့ မြူဆွယ်ချက်တွေနဲ့ ဆိုတော့ ကျောက်ထုံးကြီးကျေးရွာက လူတွေကလည်း သူတို့ရွာကို
တရုတ်တွေ လွှမ်းမိုးတော့မယ် ဆိုတာ ဘာသိမှာတဲ့လဲပျော်နေကြတာပေါ့။

သူတို့ရွာလေး ဒုတိယမောင်းကုန်းဖြစ်တော့မယ်ဆိုတာ မသိကြရှာသေးဘူး၊ ဒီတော့ သူတို့ရွာကလေး
မြန်မာရနံ့နဲ့ ဝေးတော့မယ့် ကိစ္စကို သိတဲ့ ဧရာဝတီဝက်ဆိုက်ကပဲ ပညာတွေပေးပေးပါဦး၊ ကူညီပေးပါဦး။

နောက်ပြီး နိုင်ငံတော်သမ္မတဆီက တားပေးဆီးပေးဖို့ ကိုလည်း လူထုလိုလားနေကြပါတယ်.ခင်ဗျား...
(ခရီးသွား ဧရာဝတီ)




မီးကင်း .... ရေကင်း.....

0 comments

~


အထပ်မြင့်တိုက်ခန်းတွေမှာ နေရတဲ့ ရန်ကုန်သူ ရန်ကုန်သားတို့ရဲ့ အခြေအနေကို ကာတွန်းဆရာက သရုပ်ဖော်ထားတာပါ။

ရေပိုက်ကနေ သောက်သုံးရေက အချိန်ပိုင်းပဲ လာပါတယ်။ ရေလာချိန် အပေါ်ထပ်တွေ ရေတက်ဖို့ စက်နဲ့ တင်ရပါတယ်။ ရေတင်ဖို့ မီးလာချိန်ကို ချောင်းနေကြရတာပါ။ ကင်းစောင့်ပြီး ချောင်းရတယ်လို့ ကာတွန်းဆရာက ဆိုပါတယ်။

~

ကျုံပျော်က လယ်သမားတဦးရဲ့ ရုပ်သံ

0 comments



ကျုံပျော်က လယ်သမားတဦးရဲ့ ရင်ဖွင့်ချက် ဖြစ်ပါတယ်။


ရုပ်သံမှာ ကြည့်ရှု နားဆင်နိုင်ပါပြီ။

မြန်မာပြည်ရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမားတွေ ကြုံနေရတဲ့အခြေအနေကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။



ဘန်ကောက်ရောက် ဒေါ်အောင်ဆန်းစုကြည်

1 comments

~





Stephff ရဲ့ ကာတွန်း
http://www.facebook.com/stephff.tribalart

ကာတွန်းထဲမှာ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံကနေ ကြိုပါတယ်ရှင်။ Rolex နာရီအတုတော့ မ၀ယ်နဲ့နော် လို့ ပြောနေပြီး
လူအုပ်နဲ့ ဆန္ဒပြတတ်တဲ့ အနီ၊ အ၀ါ အင်အားစုတွေက လေဒီဂါဂါ ထွက်သွား လို့ တညီတညွတ်တည်း တောင်းဆိုနေပုံကို တွေ့ရမှာပါ။ (အနီနဲ့အ၀ါ ကမ္ဘာ့ရန်တွေက ဒီကာတွန်းထဲမှာတော့ လက်တွဲထားကြတယ်း)

ကာတွန်းထဲမှာ ထိုင်းဝန်ကြီးချုပ်က တွစ်နေပါတယ်။
တွစ်တာ သုံးချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် အားကျအောင် လုပ်ပြနေတာတော့ ဟုတ်ဟန် မတူပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘန်ကောက်မှာ စင်တင်ဂီတပွဲ လာလုပ်တဲ့ အဆိုတော် လေဒီဂါဂါက ထိုင်းရောက်တုန်း ပစ္စည်းအတုတွေ ၀ယ်မယ်လို့
တွစ်တာကနေ ရေးခဲ့ပါတယ်။ တွစ်တာဆိုတာ Facebook လိုပါပဲ၊ အင်မတန် လူသုံးများတဲ့ သတင်းကွန်ရက်အွန်လိုင်းစာမျက်နှာပါ။

လေဒီဂါဂါရဲ့ ထိုင်းမှာ ပစ္စည်းအတုတွေ ၀ယ်မယ်ဆိုတဲ့ တွစ်ချက်၊ ပြောဆိုချက်ကို ထိုင်းနိုင်ငံမှာ ဒေါသထွက်၊ ကန့်ကွက်သူတွေ အများအပြားပါပဲ။

တွစ်တာကနေ သူ့ကို ပြန်လည် ဝေဖန်တဲ့ ထိုင်းတွေလည်း မနည်းမနောပါပဲ တဲ့။

ဒီအကြောင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ သတင်း ဖော်ပြခဲ့ပါတယ်။

http://www.irrawaddy.org/archives/5016 မှာ ဖတ်နိုင်ပါပြီ။

~

NLD ရဲ့ တောင်းပန်စာ

1 comments

NLD က ထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်မှာ တောင်းပန်စာတစောင် ဖော်ပြထားပါတယ် တဲ့။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ သာကေတမြို့ NLD ရုံးဖွင့်ပွဲ အခမ်းအနားမှာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့လို့ပါ တဲ့။

ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6nLCle16SbTVsYTBTHrXTKKnGejPWuzQvWXsRv8EeWl_QKEjN6vKJZYzz5_YmkVHw9nj2a6j-LFWI1x98pyTdp3lerEKp7eD81pXEdUIz6VEpsT9eezhJZjCEgOww3gYGbVJ874ppIAel/s1600/1q+%25281%2529.JPG ဖတ်နိုင်ပါပြီ။

(ဓာတ်ပုံကတော့ ပဲခူးမှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်)


မူပြောင်းပေမယ့် လူမပြောင်းတဲ့ အကြောင်းတရား

0 comments



ခေတ်မှီတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့...................



နိုင်ငံတော်သမ္မတကြီးရှင့်...

ခေတ်မှီတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကြီှးဆီသို့အမှန်တကယ်လျှောက်လှမ်းတော့မယ်ဆိုရင်...
ပိုးထိုးချစားအကျင့်ပျက်နေတဲ့ဝန်ထမ်းများကိုအရင်ဆုံးစုံစမ်းမှုတွေလုပ်ဖို့တော့များများလိုမယ်ထင်ပါတယ်ရှင်။

ယခင်အရှေ့မြှောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခု ပြည်ထောင်စုလယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် လက်ထက်တွင် မှုဆယ်မြို့နယ် ပြည်သူ့ဆေးရုံ နေရာအဖြစ် သတ် မှတ်ပေးထားခဲ့သော မြို့ကွက် သစ် မြေနေရာအား တစ်မိုင်ကျော်ခန့်သာရှိတဲ့မြို့ပတ်လမ်းတည်ဆောက်ရေး သိန်းသန်းချီကုမ္မဏီ မန်းနေဂျင်း ဒါရိုက်တာ ဦးကျော်ဝင်းနှင့် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေ သူမူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းတို့မှ ပူးပေါင်းကြံစည်ပြီး ကုမ္မဏီရုံးခန်း မြေနေရာအဖြစ် ရှမ်းပြည်နယ်အစိုးရတွင် တင်လျှောက်သဖြင့် ပြည်နယ် အစိုးရမှ ထိုမြေ နေရာအား သိန်းသန်းချီ ကုမ္မဏီအား ချပေးလိုက်ကြောင်းသိရှိရပါသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးကတော့ မြေရာဇ၀င် အမှန်ကို တကယ်မသိလို့ မြေပေးမိန့် ချပေးတယ်လို့
ထင်ရပေမယ့် ဒေသအာဏာပိုင်နှင့် မြေစာရင်းဌာနမှ သိကြီးနဲ့ မသိသလို လုပ်ထောက်ခံမှုတွေ ပေးပြီး အများပြည်သူပိုင် မြေနေရာတွေကို ပေါင်းပြီး ရောင်းစားနေကြသောကြောင့် ဒီနေ့ဒီအချိန်ထိ ကြိုးနီစနစ် ၀န်ထမ်းတွေ ရှိနေကြသေးတယ်ဆိုတာထင်ရှားနေပါသေးတယ်။

ထိုမြေနေရာနှင့်ကပ်လျှက်ရှိသောယခင်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးဦးခင်ညွန့်ပိုင်မြေအားလည်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းမှအကွက်ချပြီး (၆၀x၈၀) ပေတစ်ကွက်ကို ကျပ်သိန်း(၅၀၀)နဲ့ မြေပွဲစား
လင်မယားကို တိတ်တစိတ် လက်သိပ်ရောင်းချခိုင်းခဲ့ကြောင်းသိရှိရပါတယ်ရှင်.........


မူဆယ်မြို့တွင်ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်ရှိစဉ်တွင် လှူဒါန်း တည်ဆောက်ခွင့်ပြုခဲ့သော မူဆယ် ပြည်သူ့ ဆေးရုံရှေ့ဈေးရပ်ကွက်တွင် ရှိသော (အ.ထ.က- ခွဲ)ကျောင်းအား ကျပ်သိန်း (၄၀၀၀) ကျော် ဖြင့် တည်ဆောက်မည့် တည်ဆောက်ရေး လုပ်ငန်းတွင် ဗိသုကာမလေး ကန်ထရိုက် အင်ဂျင်နီရာမလေး နန်းကြည်အေးကို အမည်ခံ ခိုင်းစေခဲ့ပြီး နောက်ကွယ်တွင်လည်း ပါဝင်ပတ်သတ်နေကြောင်း လည်း သိရှိရပါတယ်ရှင်....


ထို့အပြင် မူဆယ်မြို့နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံနယ်စပ်ရှိ မြန်မာပိုင် ဆင်ဖြူဈေးအတွင်းတွင် ဖွင့်လှစ် ထားသော လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖိုင်ကြူး၊ မာကျန်ဝိုင်းတွေ ဖွင့်ထားတဲ့ လောင်းကစား ဒိုင်တွေရဲ့ဆက်သပေးနေတဲ့လိုင်းကြေးကိုလည်း လက်ခံယူပြီး အများပြည်သူ ဒုက္ခရောက်စေမည့် လုပ်ငန်းများ ကို မသိကျိုးကျွံနေထိုင်နေသလို မသာမာသောနည်းလမ်းဖြင့် နည်းမျိုးစုံစီးပွားရှာနေသော လုပ်ငန်းရှင်တွေ ရဲ့ဆက်သနေတဲ့ငွေ လက်ခံယူနေတာ အားမရတဲ့ အပြင် နှစ်စဉ်နှစ်တိုင်း စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ တရားဝင်တဲ့နည်းနဲ့မွေးနေ့ဗန်းပြလုပ်ပြီး ငွေတောင်းခံနေတာကို နိုင်ငံတော်သမ္မတကြီး သိရှိအောင် အနည်းငယ် တင်ပြခြင်းဖြစ်ပါတယ်ရှင်.....

ဒါကြောင့် မူပြောင်းပေမယ့် လူမပြောင်းတဲ့အကြောင်း တရားတွေကို ပြည်သူလူထုက လက်မခံနိုင်ရခြင်းဟာ ဒီလိုအကျင့်ပျက် တာဝန်ရှိ ၀န်ထမ်းတွေကြောင့်ပါလို့ပြောပါရစေရှင်.........


ဥပဒေများနှင့် ညိစွန်းတဲ့ အဖွဲ့

2 comments



မရမ်းကုန်းမြို့နယ်လွတ်တော်အမတ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်ထံ အိတ်ဖွင့်ပေးစာ

အံတီဒေါက်တာရှင့်

သမီးက မရမ်းကုန်း(၂)ရပ်ကွက်မှာ နေထိုင်နေသူ တက္ကသိုလ်တက်နေဆဲဖြစ်ပါတယ်။ အံတီက ကျွန်မတို့မြို့နယ်လုံးဆိုင်ရာ လွှတ်တော် အမတ်ဆိုတော့ ဒီကိစ္စကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးပြီး မတရားဖြစ်နေတာတွေကို နည်းလမ်းတကျဖြစ်သွားစေဖို့ ကြိုစားစေချင် ပါတယ်။ တော်တော့်ကို အရုပ်ဆိုးတဲ့ကိစ္စပါပဲရှင့်။

သမီးတို့ မမွေးခင်ကတဲက ဖြစ်လာခဲ့တဲ့ကိစ္စတွေမှာ စတင်အခြေပြုပါတယ်။ အဲဒီအချိန်တုံးက မြို့နယ်က ဘာလုပ်ဖို့၊ ညာလုပ်ဖို့ဆိုလာ တိုင်း အောက်က ရပ်ကွက်(ရ၀တ)တွေက အောက်ခြေသိမ်းအထိ လိုက်-လိုက်လုပ်ကြရတော့….သူတို့မှာ ငွေကုန်ကြေးကျတွေရှိလာပါ တယ်။
ဒါတွေကို ရပ်ကွက်ပိုင် လူမနေတဲ့နေရာတွေကို အငှားချပြီး လစဉ်ကြေးကောက်ခံယူတဲ့ နည်းလမ်းတစ်ရပ်လဲ ရှိပါတယ်။ အခြား နည်းလမ်းတွေ ရှိပါသေးတယ်…ဒါပေမဲ့ ဒီကိစ္စမှာတော့ အမှူတစ်ခုဖြစ်ပြီဆို နားလည်မှူဆိုတဲ့ (နလမ)ကို ညှိနှိုင်းယူတဲ့ နည်းလမ်းတွေကို မဆိုင်လို့မဖေါ်ပြတော့ပဲ…အခုကိစ္စ လိုရင်းကိုပဲ သမီး ပြောသွားပါ့မယ်။

(၁) သမီးတို့ (၂)ရပ်ကွက်ထဲမှာ အဲသလို အများနဲ့ဆိုင်တဲ့….လမ်းနဲ့ဆိုင်တဲ့ အရင် ရ၀တခေတ်ကတဲက လစဉ်ကြေးကောက်ခံခဲ့တဲ့ နေရာ ၅- နေရာရှိပါတယ်။

တိတိကျကျပြောရရင် (၁)အောင်တော်မူဓမ္မာရုံအပိုင် မြေကွက်ထဲမှာ လ္ဘက်ရည်ဆိုင်ဖွင့်တာ၊ (၂) အောင်သိပ္ပံလမ်း (အောက်လမ်း)ထဲက အရင်..ရေတွင်းကွက်လပ် (၂၀’ x ၄၀’)မှာ တာယာကွန်ပေါင်းတင်တာ၊ (၃) ပေါ်ဝါထွန်းဓမ္မာရုံအပိုင်ကွက်လပ်မှာ ဈေးဆိုင်ခန်းလေးတွေ ငှားစားတာ၊ (၄) ကျောက်ပြားစက်လမ်းနဲ့ အောင်မြေသာလမ်းအကြားက အရင် ကလေးများကစားကွင်း … နောက်တော့ အဲဒီနေရာက ရပ်ကွက်စာကြည့်တိုက်ဖြစ်၊…နောက်ဆုံးတော့ ကြံ့ခိုင်ရေးတွေပေါ်လာတော့ သူတို့ရုံးဖွင့်ထားတဲ့နေရာ၊ (၅) နောက်ဆုံး အနောက်အောင်မေတ္တာနဲ့ ဗဟိုလမ်း ဆုံတဲ့တ၀ိုက်အနားက လမ်းမြေလွတ်လေးကို အရက်ဆိုင်ဖွင့်ခွင့်ပြုထားတာ။

ဒါတွေက သမီးသိသလောက်ပဲဖြစ်ပါတယ်။ နောက်လဲ … ကျန်ပါသေးတယ်။ အဲ….ငှားတဲ့ဈေးနှုန်းတွေက ပေါ်ပေါ်တင်တင်ကိစ္စတွေမဟုတ်လေ တော့လက်သိပ်ထိုးညှိနှိုင်းဈေးလို့ပြောပါတယ်။
ဆိုပါတော့…..အောက်ဈေးဆိုပါတော့။ ဒါပေမဲ့ အဲ့ဒါက ရုံးကိုတရားဝင်ပြန်ပေးတဲ့ … တင်ပြတဲ့ ဈေးဖြစ်ပြီး တကယ်လက်တွေ့မှာကတော့ အများပေါက်ဈေးကို ပေးကြရတာပါ။

ဒီတော့ အောက်ဈေးနဲ့ တကယ်ဈေး .. ကွာ တဲ့ပမာဏတွေဟာ ဘယ်သူ့အိတ်ထဲရောက်သွားသလဲဆိုတာ…. အဲဒါကလဲ နလမတွေကို ဖေါ်ထုတ်ရောင်းဝယ်ဖေါက်ကားနေတဲ့ဈေး ကွက်တစ်ခုရဲ့ (ငါသိပါတယ်ဆိုရင် သူ့ကိုပါ မျှကျွေးရတဲ့ နလမဈေးကွက်) ဖြစ်စဉ်ပါပဲ။

(၂) အဲဒီလိုကြီးနဲ့ စစ်ဖက်အုပ်ချုပ်ရေးခေတ်မှာ နလမတွေဟာ အရောင်းအ၀ယ်သိပ်ကောင်းခဲ့တာ ဘယ်နေရာမှာမှ နလမနဲ့လွတ်ပြီး အ လုပ်ဖြစ်ခဲ့တယ်ဆိုတာ မရှိလောက်အောင် လက်ညှိုးထိုးမလွဲ…ခြေချစရာမလွတ်အောင်ဗွက်ထ၊အကျင့်ပျက်လာဘ်ပေးလာဘ်ယူတွေ
ခေတ်စားခဲ့ကြတာလေ။

ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုဟာ အများနဲ့ကိုက်-မကိုက်၊ လိုက်နာနိုင်-မနိုင်ဆိုတာထက်ကို ရေပါတာပဲ လိုချင်တယ်… ရေဗူးပေါက်တာ မလိုချင်တဲ့သူတွေရဲ့ မျက်စိတစ်ဆုံး ရမ်းကုထုံးတွေရဲ့အုပ်ချုပ်မှူကြောင့်လို့ လူကြီးတွေ ပြောပြောနေတာ နားထောင်ရင်း သမီးတို့ ကြီးပြင်းလာခဲ့ကြပါတယ်။

အခုလဲ အဲဒီတုံးကခေတ်လိုပဲ ဒီလူတွေ.. ဒီစရိုက်တွေနဲ့ ဒီကနေ့ခေတ်၊ သမီးတို့ ရဲ့ခေတ်ကို မရှက်မကြောက်၊ မျက်နှာပြောင်တိုက်ပြီးလုပ်နေကြတယ်လေ။

သမီးကတော့ ပြောမှာပဲ။ အခုကိစ္စပဲကြည့်လေ…. အဲဒီ(၅) နေရာထဲမှာ…ကလေးကစားကွင်းနေရာ ရပ်ကွက် စာကြည့်တိုက်နေရာကို ကြံ့ခိုင်ရေးက ရုံးခန်းဖွင့်ထားပြီး၊ စာကြည့်တိုက်နဲ့က ပူးတွဲ လုပ်ထားတယ်။
ဒီတော့ ဘယ်သူမှလဲ ဘာမှ လာမဖတ် ကြဖူး။ စာကြည့်တိုက်ဆိုတာ ပြယုဂ်တစ်ခုအနေနဲ့သာလုပ်ထားတာ တကယ်က တော့ ကြံ့ခိုင်ရေးရဲ့လှုပ်ရှားမှူတွေချည်းလုပ်နေတာပါပဲ။

ငွေတွေထုတ် ချေးတော့လဲ လူတရုံးရုံးနဲ့ ဒီနေရာပါပဲ။ စည်းရုံးရေးဆင်းဖို့ လူစု တာ၊ စည်းဝေးပွဲလုပ်တာ….. ဒါတွေအားလုံး လူတရုံးရုံးနဲ့ ဒီနေရာမှာပဲ သူတို့ချည်းပါပဲ။

အရင်က အဲဒီကွက်လပ်မှာ ရုံးနောက်ကကွက်လပ် အလွတ်မှာ လ္ဘက်ရည်ဆိုင်တွေ အငှားချထားခဲ့တာလဲ ရပ်ကွက်ရုံးကလား …ကြံ့ခိုင်ရေးကလားတောင် မခွဲခြားနိုင်တော့ပါဖူး။ (ခေါင်းတွေ မျက်စိတွေကို မူးနောက်လွန်းလို့။) NLD တို့၊ အခြားပါတီတွေဆိုရင် သမီး သိသလောက် သူတို့အခန်းနဲ့သူတို့ ရုံးခန်းဖွင့်ကြတာလေ။

အခု ကလေးကစားကွင်းနဲ့ ရပ်ကွက်စာကြည့်တိုက်ကို မောင်ပိုင်စီးပြီး ခပ်တည် တည်-ခပ်ပြောင်ပြောင် လုပ်နေကြတာကို သမီးတို့ လက်မခံနိုင် တော့ပါဖူး။ ကလေးဗိုလ်လုပ်ပြီး ပါတီအတွက်လုပ်စားနေကြတာကို ဖြစ်သင့်တယ်လို့ သမီးမထင်ဖူး။ သူတို့ပါတီကိစ္စကို အများနဲ့မဆိုင်တဲ့ နေရာမှာ လွတ်လွတ်လပ်လပ်ကြီး မျှမျှတတလုပ်ကြပါတော့လား။

(၃) နောက်ပြီး အောင်သိပ္ပံလမ်းထဲက အရင်ကရေတွင်းပျက်ကွက်လပ်ကို အငှားချပြီး ရလာတဲ့လစဉ်ကြေးကိုလဲ ကြံ့ခိုင်ရေးကပဲ သိမ်းပါ တယ်။

သမီးတို့က အစတုံးက ရ၀တ-ကယူတယ်ပေါ့။ နောက်တော့ ဘယ်အချိန်က ရ၀တ-က သူတို့ကို လက်လွဲပြောင်းပေးလိုက်သလဲ မသိပါဖူး သူတို့တွေ လက်ထဲရောက်တော့ ပိုတောင်ဈေးတိုးတောင်းလာတယ်လို့ ကြားတယ်။

အရင်က ရ၀တကို ပေးရတာက ၃၀၀၀/-တဲ့။ အခု သူတို့လက်ထဲ မှာ ၅၀၀၀၀/-တဲ့။ သူတို့ပါတီ သူတို့ ရံပုံငွေရှာတာကို သမီးမပြောပါဖူး။

အများနဲ့သက်ဆိုင်တဲ့နေရာတွေကို သူတို့ ပဲ ပိုင်သလိုလိုနဲ့၊ လက်ထဲမှာလဲ ဘာပိုင်ဆိုင်ခွင့်စာရွက်စာတမ်းမှလဲ ရှိတာလဲမဟုတ်ပဲနဲ့၊ ပါတီစီးပွားရေးကြီးပွားတိုးတက်ရေးကို ပက်ပက် စက်စက် မျက်နှာပြောင်ကြီးတိုက်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေး-ခေါက်ထား၊ လမ်းရာအိမ်မှူးဆိုတာ ဟိုးအဝေးကြီးမှာ လက်ပိုက်ရပ်နေ လိုက်၊ ခေါ်ရင်လာ… ခိုင်းရင်လုပ်၊ မြို့နယ်အုပ်ချုပ်ရေးဆို- ဟာ..အစ်ကိုကြီး နေကောင်းလား၊ ဘာလိုလဲ၊ ဘာလုပ်ပေးရမလဲ လုပ်နေကြ တာပါ။

သမီးတို့ ရင်ခံတာက ရပ်ကွက်အုပ်ချုပ်ရေးရုံးက အခုနောက်ပိုင်းမှာ ပါတီနဲ့ အုပ်ချုပ်ရေးအဖွဲ့ကွဲပြားသွားပြီး…လိုင်း တစ်လိုင်းစီဖြစ် သွားတာကို သိရက်နဲ့ ဘာလုပ်နေကြတာလဲ ဆိုတာကိုပဲ။

ဒီကိစ္စကိုလဲ သူတို့လဲ အသိကြီး၊ ညောင်မြစ်တူးရင်…ပုတ်သင်ဥတွေပါ ပေါ်လာ မှာကို ကြောက်လို့လား မသိဖူး။ သူတို့အချင်းချင်းကို လက်တို့ သတိမပေးကြဖူး၊ မတားကြဖူး။ ကြံ့ခိုင်ရေးကလဲ ဘာတွေလုပ်နေမှန်းကို နားတောင်မလည်တော့ပါဖူး။ သမီးသိတာကတော့ တော်တော် အကြောပြောင်ပြီး အရှက်ခမ်းတာပါပဲ။

(၄) အဲဒီတော့ အံတီရှင့်… ဒီလိုမျိုး ဒီခေတ်-ဒီအချိန်ကာလမှာ လုပ်စားနေကြတာကို သမီးတို့ ရပ်ကွက်ပြည်သူလူထုကိုယ်စား တရားမျှတ၊ လမ်းကျကျဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါလို့ သမီး တင်ပြချင်ပါတယ်။

သ္မီး အခုပြောခဲ့သမျှဟာ ကြံ့ခိုင်ရေးအကြောင်းအပုပ်ချနေတာ မဟုတ်ပါဖူးရှင့်။ ပါတီတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့ရဲ့ မဆီလျှော်တဲ့ အပေးအယူတွေကို ပြောချင်တာပါ။

သူတို့တွေရဲ့ လူမသိသူမသိ အပေးအယူ အဆက်အဆံကြားမှာ သ္မီးတို့လို နလပိန်းတုံးပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ တာတွေကို အံတီ့ကို တင်ပြပြီး ပြုပြင်ပြောင်းလဲပေးဖို့ ပြောချင်တာပါ။

အံတီ့ဆီကို စာရွက်စာတမ်းနဲ့ မတင်ပြတာကို ရိုင်းတယ်မထင်ပါနဲ့ ရှင့်၊ သမီးတို့နိုင်ငံမှာ အရင်က အဲဒီလိုမျိုးလုပ်ခဲ့တာ အများမသိခဲ့ကြလို့ အများပြည်သူတွေ နားလှည့်-ပါးအရိုက်ခံခဲ့ကြတာတွေဟာ အခု အချိန်မှာ မဖြစ်သင့်တော့ပါဖူးထင်လို့ ဒီလိုမျိုး မီဒီယာကနေတင်ပြတာကို နားလည်လက်ခံပေးဖို့ တောင်းပန်ပါတယ်ရှင့်။

အံတီ့ရဲ့ ကြိုး စားမှုလုပ်ရပ်တွေနဲ့ အဖြေတွေဟာ သမီးတို့ ရပ်ကွက်ထဲ၊ လမ်းထဲ၊ မီဒီယာထဲမှာ ပြန်ကြားမှာဆိုတော့ သမီးတို့ မျှော်လင့်နေပါ့မယ်ရှင့်။

ရိုသေလေးစားစွာဖြင့်

မထက်ဧရာ
နည်းပညာတက္ကိုလ်၊ ပ-နှစ်


လယ်ယာမြေပြန်ရရေး မေမြို့ လှုပ်ရှားမှု

0 comments

(ဓာတ်ပုံများ - နွေနိုင်)

အသိမ်းခံရတဲ့ လယ်မြေတွေ ပြန်ရရေး လှုပ်ရှားမှု တခုကို မနေ့က မေမြို့အ၀င် လွတ်လပ်ရေးကျောက်တောင်စေတီ ရင်ပြင်မှာ တွေ့ရပါတယ်။

မေမြို့၊ နောင်ချိုမြို့နယ်တွေမှာ ရှိတဲ့ လယ်ယာမြေအသိမ်းခံ လယ်ပိုင်ရှင်များ ပြုလုပ်တဲ့ လယ်ယာမြေများပြန်လည်ရရှိရေး ဆုတောင်းပွဲပါ။

အာဏာပိုင်တို့က စေတီ ၀င်ပေါက်တံခါးတွေ သော့ခတ်လိုက်တဲ့အတွက် ဆုတောင်းပွဲလာသူ ၅၀ ၀န်းကျင် ယာယီ ပိတ်မိသွားတယ် လို့ CJ Myanmar Facebook မှာ ရေးထားပါတယ်။ သူတို့ထဲက ၄ ဦးကို စစ်ဆေးမေးမြန်းတယ်လို့လည်း အဲဒီသတင်းမှာ ရေးထားပါတယ်။

ပုံမှာ တွေ့ရတဲ့အတိုင်း မေမြို့ သို့မဟုတ် ပြင်ဦးလွင် မြို့နယ်က လှုပ်ရှားမှုမှာ ဆုတောင်းသူများက သိမ်းဆည်းလယ်ယာ ပြန်ပေးပါ ဆိုတဲ့ စာတန်းပါ တီရှပ်တွေ ၀တ်ဆင်ထားကြပါတယ်။

အရပ်သားအစိုးရသစ်လက်ထက် ဆုတောင်းပွဲ၊ တောင်းဆိုပွဲ၊ ဆန္ဒဖော်ထုတ်ပွဲ ဆိုတဲ့ ပုံစံမျိုးစုံ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာမှပဲ လယ်မြေသိမ်းဆည်းမှုတွေ မြန်မာပြည်တလွှားမှာ ဖြစ်ခဲ့ကြောင်း ပိုမို သိရှိလာကြတာ ဖြစ်ပါတယ်။



တာချီလိတ်တဘက်ကမ်းမှာ လက်နက်များ ဖမ်းမိ

0 comments


မြန်မာသူပုန်တွေကို လက်နက်ရောင်းဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရတဲ့ ထိုင်းအမျိုးသား ၂ ဦးကို စနေနေ့က ဖမ်းလိုက်တယ်၊ သူတို့ဆီက လက်နက်ငယ်မျိုးစုံ ၂၄ လက်၊ ကျည်အတောင့် ၁,၀၀၀ မိတယ် တဲ့။

မယ်ဆိုင်မြို့ စစ်ဆေးရေး ဂိတ်တခုမှာ မိတယ်လို့ ဆိုတယ်။ (မယ်ဆိုင် ဆိုတာ တာချီလိတ်မြို့တဘက်ကမ်းမှာ ရှိပါတယ်)



ဖမ်းဆီးတဲ့ရဲတွေ၊ အဖမ်းခံရသူ ၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ

ညွှန်း - http://www.dailynews.co.th/thailand/116590

စစ်ကုန်သည်ကြီးများအကြောင်း တစေ့တစောင်း အပိုင်း (၂)

2 comments


စစ်တပ်ထဲမှာ အနိုင်ကျင့်တာ၊ တပ်ပိုင် မော်တော်ယာဉ်တွေ ဘယ်လို အလွဲသုံးစားလုပ်တာတွေကို ရေးသား ဖော်ပြထားပါတယ်။

လားရှိုး အမှတ် ၇ လျှပ်စစ် နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်းက ဒုဗိုလ်မှူးကြီးထွန်းထွန်းအကြောင်း ဖြစ်ပါတယ်။

စာမျက်နှာ ၁

စာမျက်နှာ ၂


ဆက်စပ်ဖတ်ရှုရန် - စစ်ကုန်သည်ကြီးများ အကြောင်း တစေ့တစောင်း ( ၁ )
www.irrawaddyblog.com/2012/05/blog-post_9228.html

နေပြည်တော်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့

0 comments

ဘစောတင်


ဒက္ခိဏသီရိ မြို့နယ် ရဲတိရွာကို အခြေပြုပြီး လယ်ယာစိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ တခု မေ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ၇ ဦးကို ရွေးချယ် တင်မြှောက်ကြကြောင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦရီမောင်က ဧရာဝတီသို့ပြောသည်။

´ သမဂ္ဂဖွဲ့စည်းတဲ့နေ့က အဖွဲ့ဝင် ၆၀ တက်ရောက်ပါတယ်။ အများဆန္ဒ အရ ဦးလှမြင့်ကို ဥက္ကဌ တင်ကြပြီးတော့ အတွင်းရေးမှူးက ဦးကျော်ရွှေ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမှူးကတော့ ဦးကျော်စိုးပါ။ မေလ ၂၄ ရက်နေ့မှာ ရန်ကုန်က အလုပ်သမားအရေး နားလည်ကျွမ်းကျင်တဲ့ လူကြီးတွေက ကမကထပြု အကူအညီ ပေးပြီး ကျနော်တို့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်´ ဟု ဆိုသည်။

ကျန် အမှုဆောင်အဖွဲ့ဝင်များမှာ ဦးကျော်ဝင်း ဦးရီးမောင် ဦးမောင်မောင်နှင့် ဦးမင်းစိုးတို့ ဖြစ်ကြသည်။

နေပြည်တော်တွင် သမဂ္ဂ လိုအပ်ပုံကိုလည်း ဦးမောင်ရီက ရှင်းပြသည်။ နေပြည်တော် တည်ဆောက်ရေးလုပ်ငန်း စတင်စဉ်ကတည်းက ဒေသခံများ၏ ဘိုးဘွားပိုင် လယ်မြေ ဥယျာဉ်နှင့် ရွာအများအပြားကို သိမ်းပိုက်ခြင်း ခံခဲ့ရသည်ဟု သူက ဆိုသည်။

´ကျနော်တို့ မိရိုးဖလာ လယ်သမားတွေပါ။ လယ်ကလွဲပြီး ဘာမှ မလုပ်စားတတ်ပါဘူး။ ဒီလယ် ဒီမြေကို ထွန်ယက်ပြီးမှ ကျနော်တို့ဘ၀ ရှင်သန်ရတာပါ။ စစ်တပ်က ကျနော်တို့ လယ်တွေသိမ်းတုန်းက တဧက ၃ သိန်းခွဲ ပေးတယ်ဗျာ။ ကျနော့မှာ သားထောက် သမီးခံလည်း ရှိတာ မဟုတ်တော့ ဒီ ပိုက်ဆံကုန်သွားရင် ဘာဆက်လုပ်ရမလဲ။ တောင်းဘဲ စားရမလား။ အသက်တွေကလည်း ကြီးပြီ။ ဒါကြောင့် ကျနော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ဆိုရင် သမဂ္ဂ လိုတယ်။ နောင်ကို ကိစ္စတခုပေါ်လာရင် အများအတွက် သမဂ္ဂအားနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ ဒီသမဂ္ဂမှာ ၀င်ပါ လုပ်ဆောင်တာ ဖြစ်ပါတယ်´ဟု ဆိုသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမဂ္ဂများကို တရားဝင် ဖွဲ့စည်းခွင့် ပြုထားသဖြင့် မိမိတို့ အဖွဲ့ကို မှတ်ပုံတင်ရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

သမဂ္ဂ စနစ်တကျ ဖွဲ့စည်းနိုင်ရေးအတွက် ရန်ကုန်မှ လာရောက် အကူအညီပေးသောအဖွဲ့မှာ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ ဖြစ်ကြောင်း သိရသည်။

သမဂ္ဂဖွဲ့ရေးအစီအစဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြဿနာရှာခြင်းမရှိဟု ကော်မတီဝင် ဒေါ်အိရွှေစင်ညွန့်က ပြောသည်။

´ကျမတို့ ကော်မတီက အကြံပေးခြင်း လမ်းညွှန်ကူညီခြင်း စတဲ့ ကမကထပြုမှုတွေနဲ့ ဖွဲ့ဖြစ်တာ ဒီအဖွဲ့နဲ့ဆိုရင် သမဂ္ဂ ရှစ်ခုကို ဖွဲ့စည်းပြီးသွားပါပြီ။ တချို့ကလည်း တရားဝင် မှတ်ပုံတင်ကျပြီးသွားပြီ။ တချို့လည်း ကြိုးစားတုန်းပေါ့။ ကျမတို့ ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုကတော့ ပြည်သူတွေဟာ အကြောက်တရား လွှမ်းမိုးခံနေရဆဲနဲ့ သမဂ္ဂဘာကြောင့် ဖွဲ့ရတယ်။ သူတို့အတွက် သမဂ္ဂ ဘာကြောင့်လိုအပ်တယ်ဆိုတာကို မသိကြသေးတဲ့ စိန်ခေါ်ချက်ပါဘဲ။ သမဂ္ဂကို ဖွဲ့စည်းဖို့အတွက် အစက ဆောက်လုပ်ရေးဘက်ကရော လယ်ယာစိုက်ပျိုးရေးဘက်ကပါ လူ ၂၀၀ လောက် တက်ဖို့ ရှိပေမဲ့ ခုနပြောတဲ့ အချက်တွေကြောင့် လူ ၆၀ လောက်ဘဲ တက်ဖြစ်ကြတယ်။ ဒီတက်တဲ့လူအားလုံးကတော့ ဒီရဲ့ အဖွဲ့ ၀င်တွေ ဖြစ်ပါတယ်။ ဒီမှာ မှတ်သားစရာ ထူးခြားချက်က ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် လယ်မြေ အသိမ်းခံထားရသူ ဖြစ်နေတယ်။ ဒါကြောင့် သူက ဘာမှ ကျမတို့ကို ဟန့်တား တာ နှောက်ယှက်တာ မလုပ်ပါဘူး´ ဟု သူက အကျယ်တ၀င့် ရှင်းပြသည်။

ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် "လဖိုင်နော်မိန်း"

0 comments


ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် တတိယ အကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ကချင်ပြည်နယ်မှာ သတင်းမီဒီယာ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့ အဓိက ဦးဆောင် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လဖိုင်နော်မိန်း (Kachin Land News) က ဆုမဲပေါင်း ၅၁၃,၉၂၂ ပေးခဲ့တဲ့အထဲက ၅၁.၂၅ ရာခိုင်နှုန်းနဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ သူ့ဘ၀ တစေ့တစောင်းလေးကတော့ အောက်မှာ အကျဉ်းဖော်ပြထားပါတယ်။

“၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လု ပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့် ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူ ရိုက်ကူး ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင် တည်ထောင် ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ် အတွင်း ပြန်လည် စတင်ခဲ့သော ပြည်တွင်းစစ် ကာလအတွင်း ကချင် လူငယ် တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာ ပါဝင် ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွား ရောက် သတင်းယူနေစဉ် မြန်မာ အစိုးရ စစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံ ထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ် တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစု စောင့်ရှောက် ပေးနေရသည်။

လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှု အပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက် ရှင်သန် ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတဦးလည်းဖြစ်သည်။” လို့ သိရပါတယ်။


ဂင်းနစ် စံချိန်သစ်များနှင့် မြန်မာ

6 comments

ဒီတပတ်မှာတော့ ဧရာဝတီရဲ့ တပတ်တာ ရွေးချယ်မှုအဖြစ် ဖော်ပြလိုက်တာကတော့ ဂင်းနစ်စံချိန်သစ်များ နဲ့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။


ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာ စံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာ မြင်တွေ့နိုင်သော တစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲ တွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာ မြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၂ ) ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ၀န်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ ၀င်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်း ယူစရာမလိုသော ကြောင့် ဤလိုအလုပ်မျိုး တခြားနိုင်ငံများတွင် မရှိသောကြောင့် ယခုနှစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၃ ) ပြဿများအား အလွန်လျှင်မြန်စွာဖြင့် အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။လျှပ်စစ်ဓာတ်အား လွန်စွာနည်းပါးစွာရရှိမှုကြောင့် ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီး အစိုးရ မင်းများသတိပြုမိစေရန် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မိမိတို့၏ ဆန္ဒများအားဖော်ထုတ်ခဲ့သောကြောင့် လျှပ်စစ်ဓာတ်အားပေးရေးဌာနသည် အလွန်လျှင်မြန်စွာဖြင့် သတင်းစာ ရှင်းလင်းပွဲအားပြုလုပ်ပြီး တာဝန်ရှိသူ အရာရှိတစ်ဦးမှ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား တကယ်မရှိ၍ မပေးနိုင်ခြင်း သာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိလိုပါက ( မိုးနတ်မင်း ) ထံတွင်သာ ဆုတောင်းကြရန် ဟု ပြောကြားရှင်းလင်း၍ ပြဿနာ ထိရောက်လျှင်မြန်စွာဖြေရှင်းပေးလိုက်ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင် အားကိုးစရာ အစိုးရအရာရှိ မင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူ အစိုးရမင်းများ၏ အထက် တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍ အားတက်သွားပြီး ( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊ ပြည်သူများ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာ မနေသာတော့လောက်အောင် မိမိထိုင် ရာ ကျောက်ဖျာတင်းမာလာ၍ မိမိ၏ခုံနေရာလေးပျောက်မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာ
ရှင်းလင်းပွဲ လုပ်မှ ဖြစ်တော်မူတော့မည်ဟု နှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍ မိမိ၏ facebook acconunt အားဖွင့်ရာ internet connection မှာ ကမ္ဘာ့အမြင့်ဆုံး
မျှော်စင် ( ၁၀ ) လုံး၏ foundation များချိတ်ဆွဲထားသည့်အလား ယခင်နေ့များထက်ပင် ပို၍ လွန်စွာလေးလံနေပြီး ( မိုးနတ်မင်း )လည်းလွန်စွာစိတ်ပျက်ပြီး internet connection ကောင်းလာရန်လည်း

မိမိကိုယ်တိုင် ( မိုးနတ်မင်း ) ဖြစ်နေသောကြောင့် ဘယ်သူ့ဆီတိုင်တည်ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘ အလစ်တွင် ချစ်သူနှင့်ခိုးတွေ့ရန်ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်း
ဝုန်းကနဲ ဆိုပြီး အနည်းငယ်လေး မြန်လာတုန်း ( မိုးနတ်မင်း )လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေးအား လုပ်လိုက်ရသည်။သတင်းစာရှင်းလင်းပွဲ အပြည့်အစုံမှာ
" မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။ မင်းတို့ဘာသာမင်းတို့ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံတယ်ဆိုပြီးနိုင်ငံခြားကို စွမ်းအင်တွေ၊ ဓာတ်ငွေ့တွေရောင်းစားခဲ့ပြီးခုမှ ငါ့ဘာလို့လာတောင့် တနေရတာလဲ????? " ဟု internet connection ကိုကြောက်၍ တိုတို တုတ်တုတ် online သတင်းစာ ရှင်းလင်းပွဲ လုပ်၍ ပြည်သူများဖြေရှင်းပေးခဲ့ရသောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၄ ) ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများ အများဆုံးတပ်သင့်သော အဖွဲ့များအဖြစ်သော် လည်းကောင်း၊ မိမိတို့ပြည်သူများပါ် စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံမှ အစိုးရဌာနများ၊ ရဲအရာရှိများ၊ ၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား ရွေးချယ်လိုက်ရသည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ အထက်ပါအဖွဲ့အစည်းများသည် အလုပ်အလွန်လုပ်သောကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊ နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့ အဖွဲ့အစည်း များ၊ ၎င်းတို့အောက်ရှိ အဖွဲ့အစည်းများ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်းပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ဆိုင်များတွင်းသို့ အုပ်စုလိုက်ဝင်ရောက် ရမ်းကား၊ နှောင့်ယှက်ဖျက်ဆီးသည်များကို ပြည်သူများမှ တိုင်ကြားသော်လည်း၊ လူပေါင်းများစွာမှ သိရှိသော် လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊ မကြားပါ ဟုပြောကြားဖြေရှင်းခြင်း၊ သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီး မသိချင်ယောင်ဆောင်နေသည်ကိုတွေ့ရှိရခြင်း။
သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ၊ အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ်ကိုမခံနိုင်၍အဆုံး ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုမူ ဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ ဟူ၍လည်းကောင်း ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ ပေါင်းစုံ တပ်ပြီးသကာလ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍ ဤလောက်နဲ့အားမရသေးပဲ အခြားနိုင်ငံမှ ပုဒ်မများပါငှားရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟု စဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသားမို့ ညှာလိုက်ပါ့မယ့်ဆိုပြီး ကိုယ့်နိုင်ငံတွင်သာရှိသော ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်လောက်ဖြင့် သာ ဖမ်းဆီးသည် ကိုထောက်ချင့်ခြင်းအားဖြင့် အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊ နားကြား ကိရိယာများ အများဆုံးတပ်သင့်သော အဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများအပေါ်
စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ မကြာသေးမီကဖြစ်ပွါးခဲ့သော နာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက် တစ်ယောက်အား လူပုံ အလယ်တွင် ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက် ခဲ့သောဖြစ်စဉ် တွင် လူသက်သေများရှိသော်လည်း တရားစီရင်ရေးအား ပိုမိုတိကျစေရန်ကြိုးပမ်းသည့်အနေဖြင့် ဤလောက်နှင့် လက်မခံနိုင်ပဲ ပိုမိုတိကျစေရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါ
ဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့် ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်းမလား၊ ဒါမှမဟုတ် မိမိပါးကိုရိုက်ခဲ့သော မင်းသမီးကိုပဲ တောင်းတောင်းပန်ပန် နဲ့ဆေးရုံသို့ပင့် ဖိတ်ပြီး ဆေးစာရေးပေး မည့်တာဝန်ရှိသူရှေ့မှောက်တွင်ဆေးစာရအောင် ထပ်ရိုက်ခိုင်းရမလားမသိအောင်ခေါင်းစားသွားစေအောင် အလွန်တရာ စေ့စပ်သေချာသောမှုခင်းစစ်ဆေးပုံကြောင့်သော်လည်းကောင်း၊

ဆေးစာရရှိ၍ တရားရုံး သို့ရောက်ရှိသော အခါတွင်လည်း ဤလိုအမှုကိုပင် တရားရေးမဏ္ဍိုင် လွဲချော်မည် စိုးရိမ်သောကြောင့် တစ်နှစ်ကျော်အောင် အသေးစိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေးပြီး သကာလ
တရားစီရင်ရေးစနစ်၏အလွန်တရာကောင်းမွန်မှု၊ ဥပဒေများ၏ မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည် မည်သို့မျှမငြင်းနိုင်တော့ပဲ ဥပဒေ၏ဆုံးမအရေးယူခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက်
ပေးဆောင်စေကာ နှောင်းလူများ ဤသို့မလုပ်နိုင်စေရန် စံပြစီရင်ထုံးအနေဖြင့် အမိန့်ချမှတ်ခဲ့ပြီး
ဥပဒေ၏ အထက်တွင်ဘယ်သူမှမရှိ ဟူသော ဆောင်ပုဒ်အတိုင်း ဖော်ဆောင် အကောင်အထည်ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ မြန်မာနိုင်ငံတွင် ရောင်းချနေသော phone များ၊ ကားများ၊ ဆက်သွယ်ရေး ၀န်ဆောင်မှုများကို မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချ ပါက ဘယ်သူမှ ၀ယ်ယူနိုင်မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင် မည်သူမျှ မ၀ယ်ယူနိုင်သော ဈေးနှုန်းဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊ အကျွမ်းကျင်ဆုံး စီးပွါးရေးသမားများပေါ်ထွက်ရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍ သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံးအောင် အလကားပေးပြီး မနည်းရုံးကန်ယှဉ်ပြိုင်နေရခြင်းတို့ဖြင့် မိမိတို့လုပ်ငန်းလည်ပတ်အောင် မနည်းလုပ်နေ ရသော်လည်း၊ မြန်မာနိုင်ငံတွင်မူ ထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့် စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည် အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကို မိမိတို့နိုင်ငံ တွင် အဆပေါင်းသောင်းနဲ့ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်း ဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံ တိုးဝှေ့ဝယ်ယူရပြီးရောင်းချသူများ၏ ခြေသလုံး ဖက်ပြီး မ၀ယ်ယူရသည်ကိုပင် ၎င်းတို့မှ သဘောထားကြီးမားလှပေသည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီး ၀ယ်ယူရလေအောင် မိမိတို့၏စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊
အခြား ကမ္ဘာ့နိုင်ငံများမှ မျက်လုံးအပြူးသားနဲ့ အံ့သြ မှင်တက်ပြီး လေးစားသွားရလောက်အောင် ပြသနိုင်သောကြောင့်နိုဘယ်လ်ဆု ပေးရေးအဖွဲ့သည် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု ) ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ်ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင်
ပြုလုပ်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။



( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင် ကမ္ဘာပေါ်တွင် အကောင်းဆုံး စီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။တချို့သော နိုင်ငံများသည် မိမိနိုင်ငံတွင်ထားရှိပါက အန္တရာယ် ရှိသောကြောင့်လည်းကောင်း၊ စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း၊ အမှိုက်အဖြစ် ဖျက်ဆီးလိုက်ပါကလည်းတစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ ၊ ဘယ်နိုင်ငံမှမယူသော ၎င်းတို့နိုင်ငံ၏ အမှိုက်များအား ၊အလကားလည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရ ဆိုပြီးမြန်မာနိုင်ငံသို့တင်ပို့လိုက်ရာ မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လုပ်ငန်းရှင်အချို့သည် ဤ အမှိုက်များအား သိသိကြီးနှင့်သော်လည်းကောင်း၊ မသိလိုက် မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့် မရှိရလေအောင် စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိ ရောင်းချနိုင်သောကြောင့် စွန့်ပစ်အမှိုက် ပစ္စည်းများအားအကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ ဧည့်သည်အများ ဆုံးနေထိုင်ရာနိုင်ငံ အဖြစ်လည်းကောင်း၊ ကမ္ဘာပေါ်တွင် ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်း အခြားပြည်နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေသည်။

ဤသို့ကြောင့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်းဧည့်သည်များဖြစ်နေသောကြောင့် ဧည့်သည်အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ခြင်း ။

ထိုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအား အားကိုး စရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန် ၀င်ငွေအား တိုးပွါးအာင် ပြုလုပ်ပေးနိုင်သောကြောင့် အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန် ဧည့်သည်အများဆုံးနေထိုင်ရာနိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲ အပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေး ပါရန် ဖိတ်ခေါ်သောကြောင့်

ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည် နိုင်ငံပိုင်ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီသော ၀န်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း

စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်း အသိအမှတ်ပြုလိုက်ရပေသည်။မပြု၍ မဖြစ်ပေ။

၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော ( " စရိတ်မျှပေး ကျန်းမာရေး " ) ပေါ်လစီကို အောက်ခြေ၀န်ထမ်းမှစပြီး အထက်ဆုံးပုဂိုလ်အထိ လွန်စွာလိုက်နာကျင့်သုံးသောကြောင့် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့မှာ အပြန်လေယာဉ်ခကိုပင် သံရုံးမှချေးသွားရသောကြောင့်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးပေးခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး " ) ဆိုသော ဆောင်ပုဒ်အတိုင်း ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည် တံခါးပေါက်စောင့် ၀န်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိ မိမိတို့တွင်ပါလာသော ( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ ရသောကြောင့် ဖြစ်သည်။ ဆေးရုံမှ ပြန်ထွက်ခ မတောင်းသည်ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။

ထိုကြောင့်မြန်မာပြည်၏ ကျန်းမာရေး ဌာနများ၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသော ဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊် စံချိန်များ ဒီထက်ပိုမို၍ တိုးတက်စေရန် မြန်မာနိုင်ငံရှိ အထက်ပါ စံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ချီးမြှင့်သော ဆုများအားလုံးကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင် မည်သို့ကြိုးစားအားထုတ်ထားသည်

ကို လေ့လာရအောင် အခြားနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGO များ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

by NaungNaung Phoenix

ဟောဒီလောကီ

1 comments


-



ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။

ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။

ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။

ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။

ဆင်းရဲတုန်း မယားက secretary တာဝန် တွဲယူရတယ်။
ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။

ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်။
ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေ ပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။

ယောက်ျားတွေ မြင့်ချင်တယ်၊ မိန်းမတွေ ပိန်ချင်တယ်။

ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။


-

အမျိုးသမီး ၂ ဦး တိုက်ခန်းတွင်း မီးရှို့ခံရ

0 comments


မိန်းကလေးငယ် ၂ ဦးကို တိုက်ခန်းတွင်း ဓာတ်ဆီလောင်း မီးရှို့တဲ့ဖြစ်စဉ်တခု မေလ ၂၇ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ၃ ရပ်ကွက်၊ လှည်းတန်း ၇ လမ်းက တိုက်ခန်း တခုမှာ ဖြစ်ပွားတယ်လို့ 7 Days သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

မီးရှို့ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ညီအမများဖြစ်ကြပြီး အမဖြစ်သူ မအိမြတ်မွန်ရဲ့ ရည်းစားဖြစ်သူ လွင်ဦး ဆိုသူက အချင်းများကြရာက အခုလို ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တာလို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် မအိမြတ်မွန်ဟာ ဆေးတက္ကသိုလ် ပြီးကာစ ဆရာဝန်တဦး ဖြစ်ပြီး ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး၊ အရေးပေါ်ဌာနမှာ ဒဏ်ရာများပြင်းထန်စွာနဲ့ သတိလစ်မေ့မျောနေပြီး ညီမဖြစ်သူ ကတော့ ခြေထောက်ပိုင်း မှာ မီးလောင်ဒဏ်ရာများ ရရှိထားတယ်လို့ဆိုပါတယ်။
မီးရှို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်မိပြီလို့ သိရပါတယ်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved