ကိုမင်းကိုနိုင်နှင့် အဖွဲ့ ယနေ့ တာချီလိတ်မြို့ကို ရောက်

Monday, June 4, 2012 0 comments


မင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ တာချီလိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံများက ကြိုဆိုစဉ် - ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် နယ်လှည့်ခရီးစဉ်များ သွားလျှက်ရှိရာ ယနေ့ ဇွန်လ ၄ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၃၀ တွင် ရန်ကုန်မှ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။




ဒေသခံများနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် အပြန်အလှန်ဆွေးနွေးကြ
မှာဖြစ်ကြောင်း လည်း သိရပါတယ်။

ပဋိပက္ခကျယ်ပြန့်စေမယ့် ရေးသားမှု

5 comments


ရဲထွဋ်/Facebook


ရခိုင်ပြည်နယ်မှ ကြေကွဲဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့်ပတ်သက်ပြီး အွန်လိုင်းသတင်းတွေ အများကြီး တင်ထားပါတယ်။ အစိုးရဘက်ကလည်း သတင်း အပြည့်အစုံ ထုတ်ပြန်ဖို့ရှိပါတယ်။ ပြည်တွင်း ဂျာနယ်များကလည်း ရေးကြဦးမှာ ဖြစ်ပါတယ်။

အဲဒီလိုရေးသားကြတဲ့အခါမှာ မိမိတို့ရဲ့ ရေးသားချက်များက ပြည်သူများကို သတင်းအချက်အလက်များ ပေးဖို့ အတွက်သာဖြစ်ပြီး ဖြစ်ပွားနေတဲ့ပဋိပက္ခကို ပိုမို ကြီးထွားအောင် လှုံ့ဆော်သလို မဖြစ်ဖို့လိုပါတယ်။ ဒီလို သတင်း ရေးသားမှုများနဲ့ပတ်သက်ပြီး အစ္စလမ် ဘာသာဝင်များနဲ့ ဟိန္ဒူ ဘာသာဝင်များကြား၊ ဇာတ်နိမ့်နဲ့ ဇာတ်မြင့်များအကြား ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်များ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ စာနယ်ဇင်းကောင်စီက တိကျတဲ့ လမ်းညွှန်မှုများချမှတ်ထားတာကို လေ့လာတွေ့ရှိရပါတယ်။

အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/ မြင့်များကို ရည်ညွှန်း ရေးသားခြင်း မပြုဖို့သတိပြုရန်။
၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။
၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။


ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်း လမ်းညွှန်ထားတာတွေ့ရပါတယ်-

၁။ ပဋိပက္ခများနှင့်ပတ်သက်ပြီးရေးသားရာတွင် သတင်းအချက်အလက်များကို ခိုင်မာအောင်အတည်ပြုပြီးမှ ရေးသားရန်။ ရေးသားရာတွင် ငြိမ်းချမ်းမှုကိုရှေ့ရှုသော အသုံးအနှုန်းများသာ သုံးစွဲရန်၊ ဖြစ်ပြီး၊ဖြစ်ဆဲပဋိပက္ခကို ပိုမို ကျယ်ပြန့်အောင် လှုံ့ဆော်သည့်သဘော မဖြစ်စေရန်။
၂။ ဥပဒေစိုးမိုးရေးကို သံသယဖြစ်စေပြီး ပဋိပက္ခကို မိမိဘာသာဖြေရှင်းမှရမည်ဟု ထင်မြင်စေမည့်ရေးသားမှုမျိုး မပြုလုပ်ရန်။
၃။ စာနယ်ဇင်းများသည် ငြိမ်းချမ်းရေးတည်ဆောက်သူဖြစ်စေရန်၊ လှုံ့ဆော်သူ၊ ပြဿနာကို မီးမွှေးပေးသူမဖြစ်စေရန်။
၎။ စာနယ်ဇင်းများသည် လူမျိုးရေး၊ ဘာသာရေးကွဲပြားခြားနားမှုများပပျောက်ပြီး သဟဇာတဖြစ်မှု၊ အပြန်အလှန် နားလည်မှုများကို တည်ဆောက်ပေးရန်ဖြစ်သည်။
ထိုကဲ့သို့ တာဝန်ရှိမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန်ချက် ညီညီကျင့်သုံးရန်။


ဒီအချက်များဟာ ပုံနှိပ်မီဒီယာရော၊ အွန်လိုင်းမီဒီယာပေါ်ကရော သတင်းဖြန့်ချိသူများအတွက် သတိပြုစရာဖြစ်ပါတယ်။
သတင်းလွတ်လပ်ခွင့်ကို အင်မတန်အလေးထားတဲ့ အနောက်ဥရောပနိုင်ငံတွေမှာတောင် Hate Speech လို့ ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုကို လှုံ့ဆော်တဲ့ရေးသားဟောပြောမှုများကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထား ပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်းက အမျိုးသမီးငယ်များကို အနိုင်အထက်ပြုကျင့်၊ သတ်ဖြတ်၊ ပစ္စည်းလုယူမှု နှစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ခုက ရခိုင်ပြည်နယ်မှာဖြစ်ပြီး တစ်ခုက ရန်ကုန်မှာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းများကို ရေးသားတင်ဆက်ပုံက ကွာခြားခဲ့ပါတယ်။ ဒီကနေ့ ပြဿနာများဖြစ်နေရခြင်းမှာ အွန်လိုင်းသတင်း ရေးသား တင်ဆက်သူများအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ အားနည်းမှုများရှိတယ်ဆိုတဲ့ အကြောင်း တစ်ချက်လည်း ပါတယ် ဆိုရင် မှားမယ်မထင်ပါဘူး။
ဒီအဖြစ်အပျက်များဟာ သတင်းမီဒီယာများအတွက် သင်ခန်းစာပါပဲ။ ဒါ့ကြောင့် အခြေအနေတွေပြန်လည်တည်ငြိမ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့နဲ့ ပဋိပက္ခကျယ်ပြန့်စေ မယ့်ေ ရးသားမှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်။

ညွှန်း - ဦးရဲထွဋ် Facebook စာမျက်နှာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေ ၄ ရက် ခရီးစဉ်

0 comments

.

ဒီလ ၁၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို ရောက်ပါမယ်။

နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကို လူကိုယ်တိုင် လာနိုင်မယ် ဆိုတဲ့အတွက် ၀မ်းသာမိတယ် လို့ နော်ဝေ ၀န်ကြီးချုပ် Mr Stoltenberg က ပြောလိုက်ပါတယ်။

လတ်တလော ထုတ်ပြန်ထားသမျှ ခရီးစဉ် အချက်အလက်က ဒီလိုပါ။

ဇွန် ၁၅၊ သောကြာ - သတင်းစာ ရှင်းလင်းပွဲ (TBC) (ညနေ ၆း၃၀)
ဇွန် ၁၆၊ စနေ - အော်စလိုမြို့တော်ခန်းမ ဟောပြောပွဲ (နေ့ခင်း ၁း၀၀)
ဇွန် ၁၇၊ တနင်္ဂနွေ - ရတ်ဖ်တိုဖောင်ဒေးရှင်းနဲ့ တွေ့ဆုံပွဲ ဘာဂန်၊ (The Rafto House in Bergen)
ဇွန် ၁၈၊ တနင်္လာ - အော်စလို ဖိုရမ် ဖွင့်ပွဲ (Losby Gods)



Aung San Suu Kyi in Norway

At the invitation of Prime Minister Jens Stoltenberg, Aung San Suu Kyi will visit Norway from 15 to 18 June. During her visit, she will give her Nobel Lecture and take part in the annual Oslo Forum Mediators’ Retreat, amongst other things.

“I am delighted that Aung San Suu Kyi can at last be here in person to be celebrated as Nobel Peace Prize Laureate. Norway has long supported democratic forces in Myanmar and welcomes the political reforms. We are honoured that Aung San Suu Kyi has accepted our invitation and that Norway will be one of the first countries she visits now that she is able to leave Myanmar,” said Mr Stoltenberg.

Aung San Suu Kyi will meet Mr Stoltenberg during her visit. She will give her Nobel Lecture in Oslo City Hall on 16 June. On Sunday 17 June she will visit Bergen and the Rafto Foundation, Aung San Suu Kyi was awarded the Rafto Prize in 1990.

In 2010, Aung San Suu Kyi was released from house arrest in Myanmar after many years’ struggle for democracy and human rights. As leader of the opposition party National League for Democracy, she was elected to the lower chamber of Myanmar’s parliament in April this year. She was awarded the Nobel Peace Prize in 1991, but was under house arrest at the time. Her husband and two sons received the prize on her behalf.

DRAFT PROGRAM
Friday 15 June at 18:30

PRESS CONFERENCE

Location: tbc


Saturday 16 June at 13:00

THE NOBEL LECTURE

Location: Oslo City Hall


Sunday 17 June

MEETING WITH THE RAFTO-FOUNDATION

Location: The Rafto House in Bergen


Monday 18 June

Attending the opening session of the Oslo Forum

Location: Losby Gods

More details will follow.


ညွှန်း - http://tsforum.event123.no/UD/MediaAccreditationAungSanSuuKyi/hjem.cfm


လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ၈၈ တို့ မလိုလားဟု ထုတ်ပြန်

0 comments


စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့ အစည်း လည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်း များ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှ လည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင် ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “ ၈၈ မျိုးဆက်ကျောင်းသားများ ” မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။





၈၈ မျိုးဆက်ကျောင်းသားများ

အစိုးရ၊ အတိုက်အခံ၊ ပညာရှင်စသဖြင့် လူစုံပါတဲ့ ရန်ကုန်မြို့က ထူးခြားတဲ့ ဆွေးနွေးပွဲ

2 comments

ဆွေးနွေးပွဲ သဘာပတိဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်
မြန်မာအစိုးရ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်၊ ဓာတ်ပုံ - Messenger News Journal

မြန်မာအထည်ချုပ်လုပ်ငန်း (CMP လုပ်ငန်း) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် စတင် ကျင်းပသည်။ ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော စက်မှုတစ်ဝန်ကြီး ဦးစိုးသိန်း၊ မီးရထားဝန်ကြီး၊ အလုပ်သမားဝန်ကြီး နှင့် စီးပွားကူးသန်းဝန်ကြီး ၊ နိုင်ငံရေးပါတီများမှ NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားများမှ ကိုကိုကြီး၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ အထည်ချုပ်လုပ်ငန်းရှင်များ ၊အလုပ်သမားကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ကြကြောင်း သတင်းကို The Messenger သတင်းတွင်ဖော်ပြထားပါတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် က“ ကျွန်တော်တို့ အမြဲခေါက်ရိုးကျိုးနေတဲ့ အစည်းအဝေးတွေ အများကြီးလုပ်ဖူးပါတယ်။ အစည်းအဝေးတွေမှာ သဘာပတိကစကားပြောတယ် လာတက်တဲ့သူတွေကလည်း နားထောင်ချင်တာတွေ နားထောင်တယ်။ ပြီးတော့လည်း ဘာရလဒ်မှ မထွက်ဘဲ ပြီးသွားတာတွေကြီးပဲ ၊ ဒါပေမယ့် အခုပြည်ထောင်စုဝန်ကြီးတွေလာတက်တယ်။ လုပ်ငန်းရှင်တွေလာတယ်။ အလုပ်သမား ကိုယ်စားလှယ်တွေပါတယ်။ အားလုံးဆွေးနွေးဖို့ အချိန်ပေးထားတယ်။ အားလုံး(အားလုံး) ဆွေးနွေးမှ အဖြေရမှာ ပြဿနာတွေကြီးပဲ ပြောနေရင် အချိန်သာကုန်သွားမယ်၊ ဘာရလဒ်မှ ရမှာ မဟုတ်ဘူး။ ဒီအလုပ်သမား ကိစ္စကို အဖြေတစ်ခု ရအောင် ၀ိုင်း စဉ်းစားရမယ် ၊ စဉ်းစားတဲ့နေရာမှာလည်း ငါ့အမြင် သူ့အမြင် အဲဒီလိုမစဉ်းစားပဲ ....ငါတို့...ဆိုတဲ့ စိတ်ကိုထားပြီးစဉ်းစားဖြေရှာ ဖို့တိုက်တွန်းလိုပါတယ်” ဟု ဆွေးနွေးပွဲအဖွင့် တွင်ပြောကြားသွားခဲ့သည်။


အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်


“ကျွန်တော့ဘ၀မှာ ဒီလိုဆွေးနွေးပွဲမျိုး ပထမဆုံးကြုံဖူးတာပါ၊အရမ်းဝမ်းသာပါတယ်။ ပြီးတော့ နယ်ပယ် အသီးသီးက ပညာရှင်တွေပါလာတာတွေ့ရတော့ ပိုအားတက်မိပါတယ်။ ဒီဆွေးနွေးပွဲမှာ အလုပ်သမား ကိစ္စတွေနဲ့ပတ်သက်လို့ အဖြေတစ်ခုကို အတူတူ၇ှာကြည့်စေချင်ပါတယ်။ အမြင်မတူလဲကိစ္စမရှိပါဘူး ပန်းတိုင်တူရင် လမ်းကြောင်း မတူလဲ အတူတူသွားလို့ ရပါတယ်။

အလုပ်ရှင်တွေဘက်ကရော အလုပ်သမားတွေဘက်ကပါ စဉ်းစားပုံပြောင်းဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်သမားဘက်ကလည်း တောင်းဆိုခွင့် ရှိသလို အလုပ်ရှင်ဘက်ကလည်း သူ့လုပ်ပိုင်ခွင့်တွေ ရှိပြီးသားပါ။ တရား ဥပဒေလမ်းကြောင်းအတိုင်း လုပ်ကြဖို့ပဲ လိုပါတယ်။ ဒါပေမယ့်စိတ်မကောင်းစရာက တစ်ချို့ အလုပ်ရှင်တွေက အလုပ်သမားတွေကို ပြန်မခန့်ချင်ကြဘူး။ ရိုက်တာနှက်တာတွေအထိ လုပ်တယ်လို့ ကြားရ တယ်။ ဒါတွေက လုံးဝကို မဖြစ်သင့်တော့တဲ့ ကိစ္စပါ။ ဒီဆွေးနွေးပွဲမှာ အဖြေတစ်ခုရဖို့ လိုပါတယ် ” ဟု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

၈၈ ခေါင်းဆောင် ကိုကိုကြီးနှင့် ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးတဦးတို့ကို ဆွေးနွေးပွဲတွင် အတူ တွေ့ရစဉ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အခုဖြစ်ပျက်နေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာများကို ဖြေရှင်းရာတွင် မိတ်ဖက်၊ စီးပွားဖက် ပုံစံမျိုးဖြင့် ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံတော် အပိုင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အပိုင်းဟူ၍ သုံးဦးသုံးဖလှယ် စုပေါင်း အဖြေရှာတဲ့ စနစ်နဲ့ သွားသင့်ကြောင်း၊ အဓိက ပြဿနာ ရှိနေသည်ဆိုသည်ကို ပထမအဆင့် အသိအမှတ်ပြုဖို့လိုကြောင်း၊ သို့မှသာ ပြဿနာကို အဖြေရှာနိုင်မည့် နည်းလမ်းမှန်ကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်ဟု သိရသည်။

စစ်တွေ အဓိကရုဏ်း ဒဏ်ရာ ပြင်းထန်သူများ ရှိ

0 comments

အခင်းဖြစ်ပွားရာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း ဓာတ်ပုံ - Ko San Lwin's facebook

ရခိုင်ပြည်နယ် စစ်တွေမြို့  အမှတ် (၁) ရဲစခန်းရှေ့မှာ ဆန္ဒပြသူများကို ရဲက သေနတ်ဖြင့် ပစ်ခတ်မှု ဇွန်လ ၃ရက်နေ့ ည နှင့် ဇွန်လ ၄ ရက်နေ့ နံနက်စောစောပိုင်းတို့က ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ထိခိုက်ပြင်းထန်စွာ ရသူများ ရှိကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ ၅ ပတ်လောက်က ဈေးဆိုင်တွေအတ်ွက ဈေးခွန်နှုန်း ( ဈေးကောက်နှုန်း) ကြီးမားမှုကို ဦးဆောင် ဆန္ဒပြခဲ့သူ တဦး ဟာ တန်ပြန်အုပ်စုတွေက ရိုက်သတ်လို့ သေဆုံးတယ်ဆိုတဲ့ မှားယွင်း သတင်းကြောင့် အမှတ် ၁ ရဲစခန်းရှေ့မှာ မကျေနပ် သူတွေက စုရုံး ဆန္ဒပြကြတာပါ။


ဆန္ဒပြမှု အရှိန်မြင့်လာမှုကြောင့် ရဲက ပထမ သေနတ်မိုးပေါ် ထောင်ဖောက်ရာကနေ လူအုပ်ထဲကိုပါ ပစ်ခတ်မှုဖြစ်ပွားလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကြပြီး ဖေ့စ်ဘုတ်အင်တာနက် လူမှု ကွန်ရက်မှာလည်း ဓာတ်ပုံတွေ မြင်မကောင်းအောင်လည်း တက်လာနေပါတယ်။

အခင်းဖြစ်ပွားချိန်မှာလည်း ရခိုင်ပြည်နယ်က လွှတ်တော်အမတ် ဒေါက်တာအေးမောင် အပါအ၀င် အမတ်တချို့ဖြစ်လည်း ရဲစခန်းဝင်းထဲမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ဆိုထားပါတယ်။

နောက်ဆုံးရတဲ့ သတင်းများ အရတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေလည်း အခင်းဖြစ်ပွားမှုကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာ ကြိုက်တဲ့ သန္တာလှိုင်

3 comments



ဒီတပတ်အတွက် ဧရာဝတီရဲ တပတ်တာရွေးချယ်မှု ကဏ္ဍမှာ 8 Days Journal ရဲ့

ကိုယ်နဲ့ အဆင်ပြေတဲ့ သူငယ်ချင်း သုံးလေးယောက်နဲ့ အချိန်ဖြုန်းရတာ ပိုကြိုက်တယ် (သန္တာလှိုင်) ကို တင်ပြပေးလိုက်ပါတယ်။

–တစ်ခေတ်တစ်ခါက မော်ဒယ်လောက ခေတ်ဦးမှာ လှုပ်ရှားခဲ့ပြီး စူပါကော်ဖီမစ် ကြော်ငြာနဲ့ လူသိများခဲ့တဲ့ သန္တာလှိုင်ဟာ တိုင်းတစ်ပါးကို ထွက်ခွာသွားခဲ့ရာ မြန်မာ ပရိသတ်နဲ့ အဆက်ပြတ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီး အနုပညာလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေပါတယ်။ သူ့ကိုချစ်တဲ့သူက ချစ်တဲ့ ပရိသတ်ကြီးအတွက် သူ့ရဲ့ ပုံရိပ်တချို့ကို 8 DAYS စာမျက်နှာပေါ် တင်ပြီး မျက်နှာချင်းဆိုင် ထိုင်စကားပြောကြည့်မိလိုက်တော့..

အနုပညာလောကထဲကို ဘယ်အချိန်က စတင်ဝင်ရောက်ဖြစ်ခဲ့ပြီး လက်ဦးဆရာက ဘယ်သူပါလဲ။

ကြာလှပါပြီ။ ပြောရင် အခုခေတ်ကလေးတွေ သိတော့မှာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ Modelling လောကကို သန္တာလှိုင်တို့၊ မြတ်ရွှေဝါတို့၊ မတင်မိုးလွင်တို့ ပပဝင်းတို့နဲ့ စခဲ့တာ Mr.Brian က ဒီလူတွေ အားလုံးရဲ့ လက်ဦး ဆရာလို့ပြောရင် လုံလောက်ပါပြီ။

ဇာတ်ကား မရိုက်ဘဲနဲ့ ကြော်ငြာ၊ Photo Model အဖြစ် ရပ်တည်ဖြစ်ခဲ့ပုံ . .

.မြန်မာနိုင်ငံမှာ က မင်းသမီးတွေက Model ဆိုတာ မင်းသမီးတွေထက် အမြဲ တစ်ဆင့်နိမ့်နေမှာပဲ လို့ မြင်ကြပါတယ်။

မင်းသမီးတစ်လက် ကိုယ်တိုင်က အစ်မကို ရှင်းပြခဲ့တာမို့လို့ အခုလို တပ်အပ်ပြောနိုင်တာပါ။ သူက စိတ်ရင်းစေတနာရင်းနဲ့ ကိုယ့်ကို တတ်စေချင်တဲ့ သဘောနဲ့ သူမြင်တယ်လို့ မြင်တဲ့နေရာတစ်ခုကို ဆွဲခေါ်တဲ့ သဘောပါ။

အစ်မကတော့ ဘယ်နေရာကိုမှ အမြင့်အနိမ့်ဆိုပြီး ယှဉ်ပြီး မကြည့်ဖူးတော့ အဲလိုမမြင်ပါဘူး။ ဘာအလုပ်ပဲ လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်သာ အကောင်းဆုံးဖြစ်ရင် ကိုယ့်နေရာနဲ့ကိုယ် ရပ်တည်လို့ ရနေမှာပဲလို့ ယုံကြည်တဲ့အတွက် ကိုယ်ဝါသနာပါတာပဲ ကိုယ်လုပ်ပါတယ်။

မိသားစု ဘဝလေး သိချင်ပါတယ်။ ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရပါတယ်။ အစ်မရဲ့ ဖခင်ဖြစ်သူ က နိုင်ငံရေး လုပ်ပြီး စီးပွားရေး ပြိုပျက်ကာ အိမ်ထောင်ရေး မသာယာဘူးလို့ ကြားရလို့ပါ။

အစ်မရဲ့ အဖေက ၁၉၉၆ ကနေ ၂၀၀၂ အကုန်အထိ နိုင်ငံရေးပုဒ်မနဲ့ ထောင်ထဲမှာ နေခဲ့ရတာပါ။ အစ်မတို့ တစ်မိသားစုလုံးက ဂုဏ်ယူစွာနဲ့ သူယုံကြည်ရာ သူလုပ်တာကို မဟန့်တားပါဘူး။ အမြဲတမ်း သူ့အတွက်ဆို အဆင်သင့်ရှိပေးခဲ့တာ။

အဖေနဲ့ အမေက ချစ်လွန်းတော့ အရမ်းရန်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ဘာမှ မဆိုင်ဘူး ထင်တယ်။ လင်မယား ရန်ဖြစ်တိုင်း အိမ်ထောင်ရေး အဆင်မပြေဘူးလို့ ပြောရရင်တော့ လင်မယားတိုင်း အဆင်မပြေဘဲ နေမှာပါ။ အစ်မငယ်ငယ်တုန်းက သူတို့ အချစ်လွန်ပြီး ရန်ဖြစ်ရင်းနဲ့ ကွဲတောင် ကွဲကြဖူးသေး တယ်။

ဒါပေမယ့်လည်း မနေနိုင်ကြဘူး ပြန်ပေါင်းကြတာပဲ။ အခုချိန်ထိ စီးပွားရေး ကို အမေက သူဌေးသမီးပေ မယ့် စီးပွားရှာတာ တော်တယ်။ ထမင်းသာ မချက်တတ်ရင် နေမယ်။ မြန်မာပြည်ရဲ့ ပုစွန်တွေ ငါးတွေ Export market ကို စထွင်ခဲ့တာ အမေပါ။

အဖေ ထောင်ထဲဝင်လို့ အဖေ့စီးပွား ရပ်လိုက်လည်း အမေရဲ့ စီးပွားက တိုးတက်ဆဲဆိုတော့ မိသားစုတွေ ဘာမှန်း သိတောင်မသိလိုက်ရဘူး။ ဒီလိုနဲ့ အစ်မတို့က မိဘရဲ့ နွေးထွေး တဲ့ မေတ္တာကိုတော့ ရခဲ့တယ်။ လူချင်းသာ နေ့တိုင်းမတွေ့ရရင် နေမယ်။ မိဘမေတ္တာတော့ အပြည့်ရခဲ့တယ်။

Super Coffee Mix ကြော်ငြာက ပရိသတ် တော်တော်များများ သတိထားမိခဲ့တဲ့ ကြော်ငြာလေး တစ်ခုပါ။ အဲဒီနောက်ပိုင်း ဘာကြောင့် ပျက်သွားပါသလဲ။

Super Coffeemix က 99 တုန်းက ရိုက်ထားတာဆိုရင်တော့ ဘာကြောင့် ပျောက်သွားတာလဲ ရှင်းနေတာပဲ ဒီမှာ မနေတော့လို့ပေါ့။ အခု March လကမှ ပြန်ပြီး စတင်နေပါပြီ။ Laser Shower Cream TV ပေါ် မှာ ပြနေ ပါပြီ။ Enavose Skin Care ကလည်း Billboard May လထဲမှာ ဆူးလေနားမှာ တပ်မယ်။ The Rich Gem Bill-boards နှစ်ခုက ပြည်လမ်းမပေါ်မှာ မမြင်ချင်မှ အဆုံးဘဲဆိုတော့ 99 တုန်းက ပျောက်သွားတာ ကို မေး တာထင်တယ်နော်။

Photo Model ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ လိုအပ်မယ်လို့ ထင်ပါလဲ။

အသေးစိတ် ကို သေချာ စနစ်တကျရေးပြီး သေချာ သင်ကြားထားတာ MRTV 4 မှာ လာပါလိမ့် မယ်။ မြန်မာပြည်ရဲ့ Super Model ရွေးပွဲမှာ အစ်မက အဓိကဆရာ – ဒိုင် အနေနဲ့ တင်ဆက်ထားတာ အဲဒီမှာ ကြည့်ပါလို့ တိုက်တွန်းချင် ပါတယ်။ စာမျက်နှာပေါ်မှာ ရှင်းပြရင် စာရွက် မဆံ့မှာ စိုးလို့ပါ။

အစ်မရဲ့ Role Model က ဘယ်သူဖြစ်မှာပါလဲ။ ဘာကြောင့်ပါလဲ။

Role Model ဆိုတာ တစ်ယောက်တည်း အလုံးစုံ Role Model လုပ်လို့ရတဲ့လူ မရှိပါဘူး။ သင်ဆရာ မြင် ဆရာ တွေကတော့ အများကြီးပါ။

အစ်မက Popular ဖြစ်ချင်တာလား။ Famous ဖြစ်ချင်တာပါလား။ အဲဒါလေး ခွဲခြားပြပါ။

အစ်မက Popular လည်း မဖြစ်ချင်ဘူး။ အစ်မရဲ့ Personality က Introvert လို့ခေါ်တယ်။ တိတ်တိတ် ဆိတ်ဆိတ် နေတတ်တဲ့လူ။ လူအများကြားရောက်ရင် Popular ဖြစ်တဲ့ လူတွေလိုမျိုး စကားသံကျယ်ကျယ်နဲ့ ဟိုနေရာ ကူးဒီနေရာ ကူးမနေတတ်တဲ့ လူပါ။ ရွေးစရာရှိရင် မိတ်ဆွေတွေ အများကြီးဖိတ်ပြီး လုပ်ရတဲ့ပွဲထက် ကိုယ်နဲ့ အဆင်ပြေတဲ့ သူငယ်ချင်း သုံးလေးယောက်နဲ့ အချိန်ဖြုန်းရတာကို ပိုကြိုက်ပါတယ်။ Famous ဖြစ်ချင် လို့ Modelling ကို လုပ်တာလည်း မဟုတ်ဘူး။




ကိုယ်ကြိုက်တဲ့ အလုပ် ဝါသနာပါလွန်းလို့ လုပ်ရင်းနဲ့ ဒီလုပ်ငန်း မှာ အောင်မြင်ချင်ရင်တော့ Well Known ဖြစ်မှ ကိုယ်လိုချင်တဲ့နေရာကို ယူလို့ရမှာ ဖြစ်တဲ့အတွက် Famous ဖြစ်ရတာကိုတော့ စိတ်ထဲမှာ မငြိုငြင်ပါ ဘူး။ ဖြစ်ချင်လွန်းလို့လို့ ပြောလို့မရပေမယ့်လည်း Famous ဖြစ်ရတာကိုလည်း မငြိုငြင်ပါဘူး လို့ ပြောလို့ရပါ တယ်။ Privacy တော့ လျော့သွားတာပေါ့။

အစ်မအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖြစ်တဲ့ ရည်ရွယ်ချက်။ ဘယ်နှနှစ် ထွက်ခွာသွားပြီး ဘယ်နိုင်ငံကို ထွက်သွားပြီး ဘာလုပ်ဖြစ်တာပါလဲ။

99 အကုန် Dec 21 က ထွက်သွားတာ။ Australia မှာပဲ အခြေချခဲ့တာ 2009 ကျမှ ပြန်လာဖြစ်တာ ပါ။ မေးချင်တာက Brunei ရောက်သေးလားလို့ မေးချင်တာ မဟုတ်လား။ တစ်ခါတည်း ဖြေပေးလိုက်ပါမယ် မရောက်ဖူးသေးပါဘူး။ ရောက်တော့ရောက်ဖူးချင်ပါတယ်။

ကိုယ့်နာမည် အခုချိန်အထိ လူတွေ စိတ်ဝင် တစားရှိနေတာ Brunei ကြောင့် အများကြီးပါတယ်လို့လည်းထင်ပါတယ်။ ကျေးဇူးတင်သင့် တယ်လေနော်။ ပြန် လာဖြစ်တာကတော့ အလည်လာရင်းနဲ့ ဒီမှာလုပ်စရာတွေက များပြီးရင်း များရင်းနဲ့ ပျော်ပြီးရင်း ပျော်လာလို့ မပြန်တော့ဘဲ အပြီးပြောင်းဖို့ စဉ်းစားလိုက်တာပါ။

အခုလက်ရှိ မြန်မာနိုင်ငံမှာ ဘာစီးပွားရေး လုပ်ကိုင်ပြီး ဆက်လက်၍ အနုပညာ အလုပ်တွေကို လုပ်ဖို့ ရှိပါသလား။

ဘာစီးပွားလဲ ဆိုတာကတော့ အကောင်အထည် ဖေါ်ဆဲမို့ စပြီးဖွင့်ပြီဆိုမှ ကြေညာချင်ပါတယ်။ Service Industry လို့ ပြောရင်ရပါတယ်။ အနုပညာ အလုပ်ကတော့ ကြော်ငြာနဲ့ TV Series တွေ ဆက်လုပ်နေပါတယ်။ MRTV 4 မှာ စောင့်ကြည့်ပါ။ Model Show တစ်ခုပေါ့။



ဘာကြောင့် ဗီဒီယို သရုပ်ဆောင် မလုပ်ဖြစ်တာပါလဲ။

သရုပ်ဆောင်ဆိုတာ ပါရမီနဲ့ ဝါသနာပါမှ လုပ်လို့ အောင်မြင်မှာပါ။ အစ်မမှာ နှစ်ခုစလုံး မပါဘူး ထင်ပါတယ်။

အစ်မရဲ့ သားသမီး နှစ်ယောက်ကို မိတ်ဆက်ပေးပါဦး။ သူတို့ရဲ့ အနာဂတ်အတွက် ဘယ်လို စီမံထားပါသလဲ။

သမီးက Zakeza တဲ့ June ဆိုရင် ၉ နှစ်ပြည့်ပြီ။ သားက Rayn လို့ခေါ်တယ်။ ၁ နှစ်ခွဲပဲ ရှိသေးတယ်။ သူတို့လေးတွေအတွက် အကောင်းဆုံး မိဘ အနေနဲ့ ပေးနိုင်တာကတော့ ပညာရေးနဲ့ မိစုံဖစုံ မေတ္တာပါပဲ။


နိုင်ငံခြားမှာ နေထိုင်ခဲ့တဲ့သူဆိုတော့ နိုင်ငံခြားက Fashion Design ဝတ်စားဆင်ယင်မှုနဲ့ အခု လက်ရှိ မြန်မာနိုင်ငံက အမျိုးသမီးလေးတွေရဲ့ ဝတ်စားဆင်ယင်မှုလေးတွေကို နှိုင်းယှဉ်ပြပါဦး။

အစ်မနေခဲ့တဲ့ နိုင်ငံက ကမ္ဘာမှာ Fashion မကျဆုံး Fashion နဲ့ ပတ်သက်လာရင် နောက်အကျဆုံး Australia နိုင်ငံပါ။ ဝတ်စားဆင်ယင်မှုက မြန်မာအမျိုးသမီးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ design တွေ ဝတ်တာပေါ့နော်။ Australia က သက်သောင့်သက်သာရှိဖို့ကို အဓိက ဦးစားပေးတဲ့ နိုင်ငံမို့လို့လား မသိဘူး။

မြန်မာပြည်က Fashion နဲ့ ပတ်သက်လာရင် ပိုပြီး ဦးစားပေးတာကို တွေ့ရတယ်။ 8 DAYS ပရိသတ် ကို အစ်မ ပြောချင်နေတဲ့ စကားလေးတွေရှိရင် ပြောပေးရင်း နှုတ်ဆက်စကားလေး ပြောပါဦး။ TV ပေါ် မှာ ကြော်ငြာတွေ အများကြီး တက်နေပါပြီ။ စောင့်ကြည့် အားပေးကြပါလို့။

သန္တာလှိုင်
8 Days Journal
June 2, 2012







"လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အလိုမရှိ"

6 comments

.
~

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒေသခံတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၉ ဦး သေဆုံးတယ်လို့ အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

မနေ့က Yangon Press International သတင်းတပုဒ်မှာတော့ တိုက်ခိုက်ခံရသူတွေဟာ သံတွဲ - ရန်ကုန် မောင်းတဲ့ အဝေးပြေးယာဉ်မှာ စီးနင်းလိုက်ပါသွားတဲ့ အစ္စလမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ သံတွဲမြို့ခံတဦးက ပြောကြောင်း ရေးထားပါတယ်။

ပြီးခဲ့တဲ့တပတ် တနင်္လာနေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ရခိုင် အမျိုးသမီး မတရားပြုကျင့်၊ သတ်ဖြတ်ခံရမှုကြောင့် ဒေသတွင်း တင်းမာမှုတွေ ကြီးထွားခဲ့တာပါ။ ဒီအကြောင်း တောင်ကုတ်မြို့မှာ ရေးသား ဖြန့်ဝေမှုတွေ ဖြစ်ပေါ်အပြီး မကျေမနပ်ဖြစ်နေကြချိန်မှာ တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အလိုမရှိ ဆိုပြီး ပြောဆိုနေသူတွေလည်း ရှိပါတယ်။

သမ္မတရုံးအရာရှိတဦးကတော့ တောင်ကုတ်မြို့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook မှာ အခုလို ရေးသားထားပါတယ်-
ဖြစ်ခဲ့သောကိစ္စရပ်များမှာ စိတ်မကောင်းစရာ ဖြစ်သလို စတင်ဖြစ်ပွားစေခဲ့သည့် ဖြစ်ရပ်မှာလည်း မဖြစ်သင့်သော အနေအထား ဖြစ်ပါသည်။ ထို့အတူ နောက်ဆက်တွဲ ဆက်လက် ဖြစ်ပေါ်လာသည့် နောက်ဆုံးဖြစ်ရပ်မှာလည်း စိုးရိမ်ပူပန်ဖွယ်ရာ အနေအထား ဖြစ်နေပါသည်။
အထက်တန်းကျသော စိတ်ဓါတ်များကို မွေးမြူခြင်းဖြင့် သွေးဆူလွယ်၊ သွေးကြွလွယ်သော အနေအထား၌ ယမ်းအုံကို မီးနှင့်ရှို့သလို မဖြစ်စေရန်လည်း တိုက်တွန်းလိုပါသည်။ သမိုင်းနှင့်ချီသော ဖြစ်ရပ်ဆိုးများ ကျွန်တော်တို့ ခေတ်တွင် မတွေ့ကြုံလိုသည်မှာ ကျွန်တော်တို့အားလုံး၏ ရင်ထဲမှ ဆန္ဒဟူ၍ လေးလေးနက်နက် ယုံကြည်ထားပါကြောင်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

တချိန်တည်းမှာပဲ ပြည်နယ်မြို့တော်စစ်တွေမှာလည်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ စစ်တွေ အဓိကရုဏ်းကတော့ ကျောက်နီမော် ဖြစ်ရပ်နဲ့ မသက်ဆိုင်ဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခလို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် -
အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို



~.

မစုစုနွေးရဲ့ မင်္ဂလာဧည့်ခံပွဲ

0 comments

~


တာရာဝေယံ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၊ အလုပ်သမားအရေးဆောင်ရွက်နေသူ မစုစုနွေး (ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံ၊ သီရိခန်းမမှာ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက ၇ နာရီအထိ ကျင်းပခဲ့ပါတယ်။
မင်္ဂလာဧည့်ခံပွဲကို အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်များဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဗသက်အောင်တို့နဲ့ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ နှစ်ဖက်ဆွေမျိုး မိတ်သင်္ဂဟများ စည်စည်ကားကား တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ဒေါက်တာတင်မျိုးဝင်းနဲ့ ကိုမင်းဇေယျာ
ကိုမြအေး၊ ကိုသိန်းဆွေ၊ ကိုထွန်းမြင့်အောင်
ပြုံးချို၊ ကိုမာကီး၊ မစုစုနွေး နဲ့ မ၀ါ
ကိုရဲနိုင်အောင်၊ ကိုသိန်းဆွေ
မနှင်းနှေးမွှေး၊ ကိုမင်းသူ၊ ကိုမင်းကိုနိုင်၊ ကိုဇေယျာ၊ ကိုခိုင်ဝင်းအောင်၊ ကိုမြအေး
မဖြူဖြူသင်း၊ ကိုထွန်းမြင့်အောင်၊ ကိုပြုံးချို၊ မ၀ါဝါ၀င်း
ဦးတင်ဦး
ဦးဝင်းတင်



ညွှန်း - မိုးမခ http://moemaka.com/

ဘုရားစူး……..ကျွန်မတို့ဒုက္ခ

0 comments

~


ဘာရာဒွါဂျာ (မြန်မာပြည်)

ဘုရားစူးလို့ဆိုတော့ ကျိန်တွယ်ပြောလိုက်သည်ပဲ။ တကယ်တော့ ကျိန်စရာမလို …. ဒုက္ခက ဒုက္ခဆိုတာ သိကြသည်ချည်း။ သိသည်ထက် ကိုယ်တိုင်ခံစားနေရသည်မို့ ကျိန်စရာမလိုပါ။
ဒုက္ခက ဘယ်က စ… လူဖြစ်ကတည်းက စ ပေါ့။ အိုး …. ဆိုတတ်ကြစတမ်းဆိုရင် သံသရာထဲက ရုန်းထွက်မနိုင်သေးသရွေ့တော့ ခံရဦးမည်လေ။ သံသရာက ရုန်းဖို့ကိစ္စက သိသမျှဆို သီလနဲ့ ဒါနလေး ပါရမည်မို့ …… ဒုက္ခနဲ့ ဆုံနေသမျှ သီလကလည်း တိတ်တိတ်ပုန်း၊ ဒါနကလည်း တူတူပုန်းနေသလား ဖြစ်နေတာ ကျွန်မဘ၀ အမှန်ပါပဲ။ ကျွန်မတင်လား မဟုတ်သေးပါဘူး။ ကျွန်မ အစ်မလည်း ထိုနည်းလည်းကောင်း၊
ကျွန်မ အိမ်နီးချင်းလည်း ထိုနည်းလည်းကောင်း၊ ကျွန်မ လုပ်ဖော်ကိုင်ဖက်လည်း ထိုနည်းလည်းကောင်းပါပဲ လို့ ဆိုရမည်မှာ ဘုရားစူးပင်။

ကျွန်မမှာ ကိုယ်စွမ်း ဥာဏ်စွမ်းလေး ရှိသလောက်ကို အိမ်ကို ထိန်းမတ်ပေးနေရတာလေ။ အစ်ကိုကြီးနဲ့ အစ်ကိုငယ်က စီးပွားရှာ၊ အစ်ကိုကြီးမိန်းမက အိမ်မှုကိစ္စလေးကို ထိန်းသိမ်း၊ ကျွန်မကတော့ ခြေမြန်တော်၊ အ၀ယ်တော်၊ အခွန်အခ အဆောင်တော်၊ သာရေးနာရေး အထောက်တော်၊ အဲဒီအပြင် အိမ်က အဝေးကို သွားပြီး အစ်ကို နှစ်ယောက်က စီးပွားရှာတော့ အိမ့်ပြဿနာ စီမံခန့်ခွဲမှုက ကျွန်မ ခေါင်းပေါ်မှာ။ အမေက မကျန်းမာသူ၊ အဖေကတော့ ကျွန်မတို့ မြန်မာများရဲ့ ယောက်ျားများ သဘာဝ လစာရသမျှ အပ်လိုက်ရင် ကိစ္စက ငြိမ်း။ နံနက်စောစောထရာက စပြီး နားထောင်လိုက်ရတဲ့ သတင်းတွေ၊ ပြီးတော့ ဖတ်လိုက်ရတဲ့ သတင်းစာက အစပြုပြီး အမျိုးမျိုးသော ဂျာနယ်။ ဂျာနယ်ဖိုးကို ကျွန်မက စိစစ်တော့ အမလေး …. အဖေနဲ့ အငြိမ်းစားမင်းကြီးများက ဂျာနယ်ကို ခွဲဝယ်၊ လဲဖတ်နဲ့၊ ဟုတ်သပ။

ကျွန်မက ၀န်ခံပြီးသား။ အိမ်တာဝန်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ထမ်းနေရတာ ဆိုတာကိုလေ။ အကြံပေးတွေကတော့ တစ်ပုံတစ်ပင်။ အခု နိုင်ငံတော် သမတကြီးနဲ့ အပြိုင်အဆိုင်၊ အကြံပေးက သမတကြီး ထက်တောင် များသေး။ ဆွေတော်မျိုးတော် အကြံပေး၊ အိမ်နီးနားချင်း အကြံပေး၊ သူငယ်ချင်း အပေါင်း အသင်း အကြံပေး၊ ဒါတင်ပဲလား …နံနက်ခင်းဈေးဝယ်များသွားရင် ဆိုက်ကားစီးတဲ့အခါ နားထောင်ရတဲ့ ဆိုက်ကားသမား အကြံပေး။ နည်းနည်းလေးများ ပင်ပန်းသွားလို့ တက်စီ စီးမိတဲ့ အခါ တက်စီသမား အကြံပေး။ နောက်ဆို ကားဈေးတွေ ကျပြီးရင်းကျတဲ့ အခါ သိန်း သုံးဆယ်၊ လေးဆယ်နဲ့ ဆို ကားဝယ်စီး နိုင်တဲ့အခါ ကျွန်မမှာ ဒရိုင်ဘာ အကြံပေးနဲ့ပေါ့။ ဒီစကားကလည်း ဒီနေ့ ငှားစီးလာတဲ့ တက်စီသမားက ပေးလိုက်တဲ့ အကြံကောင်းလေး။ သူက ကျွန်မတို့အိမ် မလှမ်းမကမ်းမှာ ဂိတ်ထိုးသူ ဆိုတော့ ခင်မင်လက်စ ရှိသူ။ အိမ်က အစ်ကိုတော် မောင်မင်းကြီးသားတို့နဲ့လည်း ခင်မင် လက်စဆိုတော့
ကားမ၀ယ်သေးနဲ့ဦးအစ်မရေ .. နောက်ဆို ကားဈေးက သုံးလေးဆယ်ဆို ရပြီ။ အဲတော့မှ ၀ယ်စီးတဲ့ ……….

ကျွန်မရင်ထဲ ဒိန်းခနဲ မြည်သွားတာ။

အမလေး ရင်ထဲမှာ ကျပ်တတ်တတ်ကြီး။ အိမ်မှာက ၁ က…… ကားလေး တစ်စီး ပိုက်မိသွားတာ။ သိန်း တစ်ရာ့လေးဆယ်နဲ့။ ဆွေတော်မျိုးတော် တစ်ဦးက ဆရာကြီး အထာနဲ့ ကျွန်မကိုတော့ အကြံပေးသား။ ကျွန်မကတော့လေ ဖြစ်ပြီးသားပစ္စည်းလေး မပျက်စေနဲ့ပေါ့။ ထိုထိုသူကတော့ ကံတရားလေးက သူ့ဖက်မှာရှင့်။ သူကလည်း ဘာကတော်၊ ညာကတော် မဟုတ်ပါဘူး။ ဒါပေမယ့် သူကလှုပ်ရင် လှုပ်ချိန်မှန်တယ်ပဲ ဆိုရမလား။ သူဖြင့် ကားမ၀ယ်လိုက်နဲ့ ကားဈေးကျချိန်။ သူမို့ ကားမရောင်းနဲ့ ကားဈေးတက်ချိန်။ ဟိုဟိုတစ်လော သူ ဘိုင်ပြတ်တယ်လို့ ထင်တာပဲ၊ သူစီးနေတဲ့ တစ်စီးတည်းသော လက်ကျန် ဖင်ထောင်ကားလေး ရောင်းလိုက်ပြီး မှတ်မှတ်ရရ သုံးရက်အကြာ ကားပါမစ်ကိစ္စက ထွက်လာတော့ ကျွန်မက ဟာ …. အစ်မတော့ ရောင်းလိုက်တာမှားသွားပြီဆိုတော့ … သူက အထာနဲ့ စောင့်ကြည့်ပါဦး…. တဲ့လေ။

နောက်တော့ ပါမစ်ဈေးက ကောင်းလာတော့ ကျွန်မကို အကြံပေးက ရောင်းလိုက်တော့ …. ရောင်းလိုက်တော့…. တဲ့။ သူကတော့ ခပ်ပြုံးပြုံးနဲ့ ငါတော့ မ၀ယ်သေးဘူး တဲ့။ နောက်တော့ ပါမစ်ဈေး ဂိန်သွားပြီ။ အရည်ဖျော်မယ့်ကားလည်း ဂိန်သွားပြီ။ အမလေး ..ကျွန်မကားလည်း ဈေးက ထိုးကျလိုက်တာမှ အောက်ကားလို့ ဆိုရမယ့် ကျွန်မကားလေး ငါးဆယ်မက ပြုတ်ကျသွားတာ။ ငွေရှာသူ နောင်တော်ဘုရားတွေနဲ့ ကျွန်မ သတ်ရ ပုတ်ရမတတ်လေ။ ကျွန်မ ဆွေတော်မျိုးတော် အကြံပေးစကားကို အိမ်သယ်သွားပြီး ပြောပါသေးတယ်။ နောင်တော်မဟုတ် ယောင်တော် အစ်ကိုနှစ်ပါးက မဖြစ်နိုင်သေးပါဘူးတဲ့။

ရော် …….. ဖြစ်သွားပြီလေ။ ပါမစ်မလိုတော့ဘူး တဲ့ ……. ဘာတတ်နိုင်သေးလဲ။ ခံလိုက်ဦးပေတော့။ ကားဝယ်စဉ်က လိုတဲ့ ငွေလေး ဆွေတော်မျိုးတော်အကြံပေး မသိအောင် ဆွဲထားတဲ့ကိစ္စများ သိလိုက်ရင် ကျွန်မကို ငါမပြောဘူးလား ဆိုတဲ့ အကြည့်နဲ့သူကတော့ စင်ပေါ်ကပေါ့လေ။

ခုလည်း တက်စီသမား အကြံပေးက အခြေအနေကို မရိပ်စားဘဲ ကျွန်မကို အကြံဥာဏ်တွေကို ပေးလိုက်တာ အကောင်းကြီးပါ။ နှလုံးရောဂါသာ ရှိလို့ကတော့ ကျွန်မသူ့ကား ပေါ်တင် ကြွပြီမှတ်။ သူ့ကိုလည်း တက်စီသမား ဆိုပြီး အထင်မသေးလေနဲ့။ ဘေးမှာ ဂျာနယ် သုံးလေးစောင်ကို ချထားတာလေ။

မီးတွေကလည်း နောက် တစ်ရက်နှစ်ရက် ဆိုမှန်ပြီ၊ အမေရိကန်က စက်ကြီးရောက် လာပြီလေ ……..

ကယ်ပါသခင်။ ကျွန်မရင်ထဲ ဒုန်းခနဲ ဆောင့်သွားတာ။

မနေ့ကတင် အင်ဗာတာလေးနဲ့ ဘက်ထရီဝယ်လိုက်တာ တစ်သိန်းခွဲကျော် ပြုတ်သွားလိုက်တာ။ အခု မီးပြန်ပေးတော့မယ် ဟုတ်လား။ ၀မ်းသာရမလား… ၀မ်းနည်းရမလား ….။

ဘုရားစူး…. ကျွန်မဒုက္ခ။


~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved